မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ပြောနေပြီ

ကိုထွေး Friday, July 02, 2010 ဧရာဝတီ

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အပတ်စဉ် ဂျာနယ်များတွင် နိုင်ငံရေးပါတီ သတင်းများကို
တင်းကျပ်နေသဖြင့် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရေးကို ပြန်လည် သုံးသပ်မည်ဟု
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ဆိုသည်။
မှတ်ပုံတင်ပြီးသော နိုင်ငံရေး ပါတီများ အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေမည့် စာရွက်
စာတမ်းများ ထုတ်ဝေ ရန် ခွင့်ပြုချက် ရရှိထားသော်လည်း ငွေကြေး အခက်အခဲကြောင့် ပါတီနှင့် ပတ်သက်သော
သတင်းများကို ပြည်သူများ သိရှိရန် အတွက် အပတ်စဉ်ထုတ် ဂျာနယ်များကို အားကိုး နေရကြောင်း သိရသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီက စာပေစိစစ်ရေး၏ ဖြတ်တောက်မှုများအတွက် ပါတီအနေဖြင့် ရှေ့ဆက်
ဆောင်ရွက် ရေးနှင့် ပတ်သက်၍ အိတ်ဖွင့်ပေးစာတစောင်ကို စာပေစိစစ်ရေးသို့ ယမန်နေ့က ပေးပို့လိုက်သည်။
ပါတီ အတွင်းရေးမှူး ဦးနေမျိုးဝေက“သတင်းစာ လွတ်လပ်ခွင့်လေးမှ မရှိရင် ကျနော်တို့က လက်ညှိုးထောင်
ခေါင်းညိတ် ဝင်လုပ် သလို ဖြစ်သွားမယ်၊ ကျနော်တို့ ရှက်လို့ ပါတီအနေနဲ့ ပြန်သုံးသပ်မယ်”ဟု ဆိုသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီက စာပေစိစစ်ရေး၏ မူဝါဒများကို စောင့်ကြည့်၍ လာမည့် ၁၅ ရက်တွင်
ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကို ပြည်လည် စဉ်းစားမည်ဖြစ်ကြောင်း၊ The Voice Weekly ဂျာနယ်မှ
“လွှတ်တော် အမတ် အလိုရှိသည်” ဟူသော ကြော်ငြာကို ထည့်သွင်းခဲ့သော်လည်း စာပေစိစစ်ရေးမှ
ချန်လှပ်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ပြီးခဲ့သည့် မတ်လက နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေမည့် စာရွက်
စာတမ်းများ အတွက် စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနသို့ မှတ်ပုံတင်ရန် ညွှန်ကြားချက်ကို စစ်အစိုးရ ပြန်ကြားရေး
ဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်သူများ၊ ထုတ်ဝေ သူများ၊ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများ
ကြီးကြပ်ဗဟို အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ယင်းညွှန်ကြားချက်တွင် စစ်အစိုးရကို မဆန့်ကျင်ရန်၊ စစ်တပ်ကို မပုတ်ခတ်ရန်၊ ထုတ်ပြန်ထားသော
အမိန့်များအား မဆန့်ကျင်ရန် စသည့် ကန့်သတ်ချက်များအပြင် ပါတီများသည် မှတ်ပုံတင်ကြေး ကျပ် တသိန်းနှင့်
အာမခံကြေး ကျပ် ငါးသိန်းကိုလည်း သွင်းရ မည်ဟု ပါရှိသည်။
မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ တွဲဖက် ညွှန်ကြားရေးမှူး အဖြစ် တပ်မတော်ရေ ဒု ဗိုလ်မှူးကြီး
မျိုးမြင့်မောင် ရောက် လာပြီးနောက်ပိုင်း သတင်းဂျာနယ်များတွင် နိုင်ငံရေး သတင်း ဖော်ပြမှုများ ပိုမို စိစစ်
တင်းကျပ်လာကြောင်း သိရသည်။
ဒု ဗိုလ်မှူးကြီး မျိုးမြင့်မောင်မှာ တွဲဖက် ညွှန်ကြားရေးမှူး တာဝန် ယူထားသော်လည်း ဗိုလ်မှူးတင့်ဆွေနှင့် ရာထူး
အတူတူပင် ဖြစ်ကြောင်း၊ မေလဆန်းမှစတင်၍ ရုံးထိုင် စစ်ဆေးနေသည့် ဒုဗိုလ်မှူးကြီး မျိုးမြင့်မောင်ကို
ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများ၊ နိုင်ငံရေး သတင်းများ၊ ဆောင်းပါးများအား အဓိက
စိစစ်ဖြတ်တောက်ရန် ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန် သတင်းလောကတွင် ပြောဆိုနေကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) သတင်းများကို ဂျာနယ်များတွင်
ထည့်သွင်းခွင့်တားမြစ်ထားပြီး ထည့်သွင်းရန် ကြိုးစားပါက စာပေစိစစ်ရေးက ဖြတ်တောက်ခဲ့သည့် အတွက်
ဂျာနယ်များတွင် ကွက်လပ်များဖြင့် ပုံနှိပ် ထုတ်ဝေ နေရ ကြောင်းလည်း အယ်ဒီတာများက ဆိုသည်။
မဖြစ်မနေထည့်သွင်းရသော အစိုးရ ဝါဒဖြန့်ဆောင်းပါးများကို ရန်ကုန်အခြေစိုက် ဂျာနယ်များတွင် ထည့်သွင်းရန်
မလိုတော့ဟု စာပေစိစစ်ရေးက ယမန်နေ့က အကြောင်းကြားကြောင်း သတင်းဂျာနယ် အသိုင်း အဝိုင်းက
ပြောသည်။

“ဝါဒဖြန့် ဆောင်းပါးတွေ မထည့်ချင်ဘဲ ထည့်နေရတာ ဝန်ထုပ်ဝန်ပိုးပေါ့ဗျာ၊ မှားမှာလည်း ကြောက်ရသေးတယ်၊
ဘယ်သူမှလည်း ဖတ်တာ မဟုတ်ဘူး၊ မထည့်ရတော့ဘူးဆိုတော့ ကောင်းသွားတာပေါ့”ဟု အယ်ဒီတာ တဦးက
ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတင်း ဂျာနယ်များ အနေနှင့် စာပေစိစစ်ရေးသို့ နောက် ဆက်တွဲအဖြစ် တင်သည့်
သတင်းများကို ဂျာနယ် စာမျက်နှာ ၂ မျက်နှာသာ ပေးတော့မည် ဖြစ်ကြောင်း၊ ထို နောက် ဆက်တွဲ
စာမျက်နှာများတွင် နိုင်ငံရေးသတင်း လုံးဝ ခွင့်ပြုတော့မည် မဟုတ်ကြောင်း ပြည်တွင်း ဂျာနယ်
အယ်ဒီတာတဦးက ပြောသည်။ ယခင်က စာပေစိစစ်ရေးသို့ တင်ပြသည့်အခါ နောက်ဆက်တွဲစာမျက်နှာ ၃
မျက်နှာအထိ တင်သွင်းခွင့် ရှိသည်ဟု ဆိုသည်။
ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရ တက်လာသည့် ၁၉၆၂ ခုနှစ် နှောင်းပိုင်းမှ စ၍
စာပေစိစစ်ရေး ပေါ်ပေါက်လာခဲ့ပြီး အစိုးရ၏ မူဝါဒများကို မထိခိုက်စေရန် တင်းကျပ်စွာ ဖြတ်တောက်
ပိတ်ပင်ခဲ့သည်။
မြန်မာနိုင်ငံတွင် မဂ္ဂဇင်း ၂၅ဝ နီးပါးနှင့် ဂျာနယ် ၂၀ဝ ကျော်ကို ထုတ်ဝေခွင့် ပြုထားသော်လည်း စာနယ်ဇင်း
အားလုံးသည် စာပေစိစစ်ရေးကို ဖြတ်သန်းပြီးမှသာ ရေးသားဖော်ပြခွင့်ရကြသည်။
စာနယ်ဇင်း လွတ်လပ်ခွင့်ကို လေ့လာစောင့်ကြည့်နေသည့် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့
(Reporters without Borders) က မြန်မာနိုင်ငံကို သတင်းလွတ်လပ်မှု အနည်းဆုံးဖြစ်သည့် နိုင်ငံ ၁၇၂
နိုင်ငံတွင် အဆင့် ၁၇ဝ ၌ သတ်မှတ်ဖော်ပြ ခဲ့သည်။