အပိုင်းအစများ ( နှစ် )

toyoJuly 3, 20101min450

ကိုယ့်ခြံလုံဘို့အရေးကြီးတယ်

တစ်ယောက်က ပြောတယ်၊ ခင်ဗျားနွား ကျုပ်ခြံထဲဝင်လာတယ်တဲ့၊ တစ်ယောက်က ပြန်ပြောတယ် ကျုပ်နွားခြံထဲက ညကထွက်သွားတယ်တဲ့၊ ဘာကြောင့်တုန်း…

ကိုယ့်ခြံထဲ တခြားနွားဝင်တာပဲဖြစ်ဖြစ်၊ ကိုယ့်နွားက သူများခြံထဲ ဝင်တာပဲပဲဖြစ် အကြောင်းရင်းက ကိုယ့်ခြံက မလုံလို့ပဲ၊ ဒီတော့ သူများမဝင်စေချင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်နွား သူများခြံထဲ မရောက်စေချင်ရင်ပဲဖြစ်ဖြစ် ကိုယ့်ခြံကို လုံအောင်လုပ်ရပါ့မယ်၊ စကားလုံးကတော့ ရိုင်းပေတယ်ပေါ့၊ ဒါပေမယ့် ဒါဟာ အမှန်တရားပါပဲ…

အတ္တာဟိ အတ္တနော နာထော

ဒီစကားကိုတော့ မြန်မာလူမျိုးအတော်များများ အသုံးပြုကြတဲ့ ဓမ္မပဒက ဗုဒ္ဓစကားပါ၊ မိမိကိုယ်သာ ကိုးကွယ်ရာတဲ့၊ ကိုယ်ကောင်းဘို့ပဲ အရေးကြီးတယ်၊ ကိုယ်လုပ်သမျှ ကိုယ်ဖြစ်သမျှ ကိုယ့်ဘဝဟာ ကိုယ်ရဲ့ဖန်တီးမှုအောက်ကပါပေါ့၊ မကောင်းတာပဲဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ် ကိုယ်ဖြစ် ကိုယ်ခံပေါ့၊ မှန်ပါတယ်၊ ဒါပေမယ့်….

ဒို့က တစ်ဦးတည်းနေကြတာမဟုတ်ဘူးဆိုတာကိုတော့ ထည့်တွက်ရမယ်ပေါ့၊ အဖွဲ့အစည်း ဆိုရှယ်ထဲမှာနေကြတယ်ဆိုတာကို နှလုံးသွင်းရမယ်၊ မိသားစုတစ်ခုလေးကိုပဲ ကြည့်ပေါ့၊ မိဘနှစ်ဦး ဟာ အဲဒီမိသားစုမှာတော့ ခေါင်းဆောင်တွေပေ့ါ၊ အဖေနဲ့ အမေကိုအရင်ကြည့်၊ အဖေကလည်း ငါ့ဟာ ငါကောင်းရင်ပြီးတာပဲ၊ သားသမီး ဇနီးမယားတို့ ကြိုက်သလိုသာနေ၊ ကြိုက်သလိုသာ လုပ်ကြ၊ ငါ ဘာမှ ပြောမှာမဟုတ်ဘူး၊ ဘသူကောင်းကောင်း မကောင်းကောင်း ငါကောင်းရင်ပြီးရော၊ ဒီလိုပါပဲ အမေက လည်း ကိုယ့်ဟာကိုပဲ ကောင်းအောင်နေမယ်၊ သားသမီး လင်သား ကောင်းကောင်းဆိုးဆိုး၊ ငါနဲ့မဆိုင် ကိုယ်ဖြစ်ကိုယ်ခံကြ၊ အဲဒီလိုနေမယ်ဆိုရင် ဒီမိသားစုဆိုတဲ့အဖွဲ့စည်းလေးဟာ ဘယ်တော့မှ တိုးတက်မှာ ကောင်းလာမှာ မဟုတ်ပါဘူး၊ မိဘဆိုတာ သားသမီးကို သွင်သင်ပြသ ဆိုဆုံးမရပါမယ်၊ လမ်းကောင်းကို ညွှန်တတ်ရပါမယ်၊ ဒါမှ ဒီမိသားစု တိုးတက်မှာပါ။

ဒီထက်ကြီးရင်တော့ ရပ်ကွက်လူကြီး၊ မြို့နယ်လူကြီး၊ တိုင်းနဲ့ပြည်နယ်လူကြီး၊ နိုင်ငံလူကြီး… လူကြီးတွေဟာ ကိုယ်ကောင်းနေရုံနဲ့မပြီးပါဘူး၊ အောက်လက်တွေ အားလုံးကောင်းအောင် ညွှန်ပြရပါမယ်၊ ပြောခဲ့တဲ့ အတ္တာဟိ အတ္တနော နာထော-ဆိုတာက တရားအလုပ်အားထုတ်တဲ့ အခါမှာ ပိုပြီးအသုံးပြုရတာ မှန်ပါတယ်၊ တရားဆိုတာ ဘသူကမှ ကိုယ့်ကိုကူပြီး လုပ်ပေးလို့မရပါဘူး၊ ကိုယ့်အတွက် ကိုယ်တရားရဘို့ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားရပါတယ်၊ သံသရာခရီးအတွက် အလုပ် ကောင်းတွေဟာလည်း ကိုယ်ကိုယ်တိုင်ပဲ အားထုတ်ရပါတယ်၊ အဲဒီကောင်းကံ ဆိုးကံတွေဟာ ကိုယ့်သံသရာခရီးအတွက်တော့ ကိုယ့်ရိက္ခာတွေပါပဲ၊ ဒါပေမယ့် ဆိုရှယ် အဖွဲ့စည်းထဲမှာတော့ အထူးသဖြင့် ခေါင်းဆောင်တွေဟာ ကိုယ်ကောင်းသလို အောက်လက်တွေလည်း ကောင်းအောင် လုပ်ရမှာပါ။

ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့…

ဆရာ၊ လူကြီး၊ ခေါင်းဆောင် အတော်များများ အသုံးပြုတတ်တဲ့စကားတစ်ခုပါ၊ ဟုတ်သလိုလို ရှိပေမယ့် မဟုတ်ပါဘူး၊ မမှန်ပါဘူး၊ မကောင်းပါဘူး၊ ငါပြောသလိုလုပ်စေချင်ရင် ပထမ ကိုယ်ကိုယ်တိုင် က ကိုယ်ပြောသလို လုပ်နေရပါမယ်၊ ဒါမှာ အပြောခံရတဲ့သူက စိတ်ပါလက်ပါ လိုက်လုပ်မှာပါ၊ ကိုယ်က မကောင်းတာတွေလုပ်ပြီး သူများကိုတော့ ဒီလိုလုပ်၊ ဒီလိုနေ၊ ဒီလိုထိုင်ပြောရင်ဖြင့် မြတ်စွာဘုရားပြော တဲ့ ယထာဝါဒီ တထာကာရီ၊ ယထာကာရီ တထာဝါဒီ- ပြောတဲ့တိုင်းလုပ်၊ လုပ်တဲ့တိုင်း ပြော-ဆိုတာနဲ့ ဆန့်ကျင်နေပါလိမ့်မယ်၊ အောင်မြင်မှာလည်း မဟုတ်ပါဘူး၊ အောင်မြင်ချင်ရင် ဘုရားစကားအတိုင်း ပြောသလိုလုပ်ပြီး လုပ်တဲ့တိုင်း ပြောရမှာပါ၊ ဒါဆို အောင်မြင်ကြမှာပါ။

ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး

ငယ်ငယ်တုန်းက ဒီသီချင်းကို အခါခါ ဟစ်ခဲ့ဘူးပါတယ်၊ ကလေးဘဝပေါ့၊ ကိုယ့်ခေတ်က သီချင်းကိုး၊ ဘာပြောမှန်းမသိဘဲနဲ့ကို ဟစ်လို့ကောင်းနေခဲ့တာ၊ ခုတော့ ဆင်ခြင် စဉ်းစား သုံးသပ် တတ်လာခါ… ဒီစကားလေးက လုံးဝမှန်နေတယ်ဆိုတာကိုသိခဲ့ရ၊ သိလာရ၊ သိနေရ၊ ဟုတ်တာပေါ့ ထိုင်နေလို့ကတော့ ဘာမှဖြစ်မလာပါဘူး၊ ထပ်ပြောကြည့်ဦးမယ် အိပ်နေ ငိုက်နေလို့တော့လည်း ဘာမှ ဖြစ်မလာပါဘူး၊ ဖြစ်ချင်လာပြီဆိုရင်တော့ လုပ်ရတော့မယ်ပေါ့၊ အရာရာဟာ ကံပါလို့များ ကံကိုချည်း လွှဲချနေလို့ကတော့ ထိုင်ရင်းသေ၊ ငိုက်ရင်း အိပ်ရင်း သေသွားဘို့သာ ရှိတော့တာပေါ့၊ လျှောက်ရမယ်၊ လှမ်းရမယ်၊ သွားရမယ်၊ ရောက်လိုတဲ့နေရာ ရလိုတဲ့အလုပ်၊ မသွား မလုပ်ဘဲနဲ့ကတော့ ဘာမှဖြစ်လာ မှာမဟုတ်၊ ပြောကြပါတယ် တစ်ချို့များ ဘာမှမလုပ်ဘဲထိုင်နေရင်းနဲ့ကို ငွေတွေက သောက်သောက်လဲ ဝင်နေတယ်တဲ့၊ အဲဒါက သူ့ကို ထိုင်နေတာကိုပဲမြင်ကြလို့ပါ၊ သူလုပ်ခဲ့တာတွေ လုပ်နေတာတွေကို မသိလို့ပါ၊ သူအဲလို ငွေတွေသောက်သောက်လဲရအောင် လုပ်ထားခဲ့လို့ပေါ့၊ လုပ်နေလို့ပေါ့ ဘာမှမလုပ်ဘဲနဲ့ အောင်မြင်မှုတွေဟာ သူ့ဟာသူ ခြေထောက်ပေါက်ပြီး ဘယ်သူ့ဆီမှ ရောက်မလာ တတ်ပါဘူး၊ ဒီတော့ ထိုင်နေလို့ကတော့ ဘာမှဖြစ်မလာပါဘူးပေါ့…

ကံယုံ ဆူးပုံနင်း

ကံကိုယုံပြီး ဆူးပုံနင်းမယ်ဆိုရင်တော့ ဆူးက စူးတတ်တဲ့အမျိုးမို့စူးမှာပဲလေ၊ အသိရှိတဲ့လူ တစ်ယောက်မို့ ဆူးမစူးအောင် ဖိနပ်စီးပြီး နင်းရတယ်၊ ဖိနပ်တောင်မှပဲ တော်ရုံဘိနပ်ဆိုရင် ဆူးက ပေါက်ပြီး စူးနိုင်တယ်၊ ဆူးရှိတဲ့နေရာသွားရင် ဆူးကိုနိုင်တဲ့ဖိနပ်စီးရတယ်၊ ကံဆိုတာက အားလုံးကို မြင်ရတာမှမဟုတ်တာ၊ အတိတ်ကံကို ကိုယ်ကမမြင်နိုင်လေတော့ ပစ္စုပ္ပန်ကံဆိုတဲ့ ဖိနပ်လေးစီးပြီး လျှောက်မှ လိုရာခရီးကို ဘေးကင်းကင်းနဲ့ ရောက်နိုင်တယ်၊ ဒီတော့ ကံကကိုချည်း အပြစ်ပုံမချမိဘို့ အရေးကြီးတယ်၊ ကံကိုတော့ ယုံရမယ်ပေါ့၊ ဒါပေမယ့် ကံယုံပြီး ဆူးပုံတော့ မနင်းကြစေချင်ပါဘူး၊ ဆူးပုံ နင်းချင်ရင် ဖိနပ်စီးပါ။

ဒီတစ်ခါ ရှုံးရင် နောက်တစ်ခါနိုင်အောင် ကြိုးစားပါ

စာမေးပွဲလေး တစ်ခါကျရှုံးတာကို ဘဝတစ်ခုလုံး ဆုံးရှုံးသွားရတဲ့အထိတော့ မခံစားကြစေချင် ဘူး၊ စာမေးပွဲဆိုတာ ကျတာရယ်၊ ရှုံးတာရယ် နှစ်ခုပဲရှိတာကိုး၊ မကြိုးစားရင်တော့ များများရှုံးမယ်၊ ကြိုးစားပါလျက်နဲ့ ရှုံးတယ်ဆိုရင်တော့ နောက်တစ်ခါ အောင်ဘို့သေချာပါတယ်၊ အဲ… ရှုံးလာတဲ့ခါမှာ အဲဒီအရှုံးကြီးကို ရင်ဝယ်မှာပိုက်ပြီး အချိန်ကုန်မခံပါနဲ့၊ အဲဒီအရှုံးကို ရင်ဝယ်ပိုက်ထားတာဟာ ထမင်း သိုး ဟင်းသိုးထုပ်ကြီး ခေါင်းပေါ်ရွက်ပြီး ရွာစဉ်လျှောက်နေတာနဲ့တူတယ်၊ ကိုယ်လည်း စားလို့မရဘူး၊ ခွေးဝက်တိရစ္ဆာန်တွေ စားဘို့လည်း ပစ်မချရက်ဘူး၊ ဒီလိုနေနေလို့ကတော့ အချိန်တွေကို ဖြုန်းတီး တာနဲ့ တူတူပါပဲ၊ တစ်ခါရှုံးရင် နောက်တစ်ခါ နိုင်အောင်ကြိုးစားပါ၊ လုပ်ပါ၊ နိုင်မှာပါ၊ အောင်မှာပါ၊ ဒီလိုပါပဲ၊ ဘဝမှာ အောင်မြင်မှုတွေချည်း ရနေကြတာမဟုတ်ပါဘူး၊ အောင်မြင်မှု ဆိုတာရှိသလို ကျရှုံးခြင်းဆိုတာတွေကလည်း ရှိနေမှာပါ၊ ဒါကြောင့် ဘုရားက ဟောတာပေါ့-

လာဘော, အလာဘော၊ ယသော, အယသော၊ နိန္ဒံ, ပသန္နံ၊ သုခံ, ဒုက္ခံ တဲ့- ဆိုလိုတာက ရခြင်း, မရခြင်း၊ အခြံရံများခြင်း, အခြံရံမများခြင်း၊ ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်း၊ ချမ်းသာခြင်း, ဆင်းရဲခြင်းတဲ့၊ နေရာတိုင်းမှာ အဖြူနဲ့အမဲ နှစ်ခုစီချည်း လောကဓံတရားကို ဟောကြားထားခဲ့တာပေါ့။

ဒီတော့ နိုင်တဲ့အခါရှိသလို ရှုံးတဲ့အခါလည်း ရှိမှာပါ၊ အောင်တဲ့အခါ ရှိသလို ကျတဲ့အခါလည်း ရှိပေမပေါ့၊ အောင်တာကို နိုင်တာကို အပြုံးနဲ့ရင်ဆိုင်နိုင်သလို ကျတာ ရှုံးတာကိုလည်း သည်းခံနိုင်တဲ့ စွမ်းအားရှိရပါမယ်။

ခွေးလိုမကျင့်နဲ့ ဒေါင်းလိုကျင့်…

ငယ်ငယ်က ရွာဦးကျောင်းဆရာတော်က ခဏခဏဆုံးမတယ်၊ ငါတပည့် မင်းခွေးလို မကျင့်နဲ့ကွ ဒေါင်းလိုကျင့်တဲ့၊ ခွေးလေးတွေဟာ ငယ်ငယ်က အလွန်ချစ်စရာကောင်းတယ်ကွ၊ ကြီးလာ တော့ ချစ်စရာမကောင်းတော့ဘူးတဲ့၊ ဒေါင်းကျတော့တစ်မျိုး၊ ငယ်ငယ် အမွှေးအတောင် မစုံခင်မှာ ကြည့်ရအလွန်ဆိုးတယ်၊ အမွှေးလေးတွေက ကွက်တိကွက်ကြား၊ ဟိုတစ်စ ဒီတစ်စ၊ အတောင်ပံ မှာကလည်း မပြည့်မစုံ အမွှေးလေးတွေကြောင့် မလှမပ အတော်အကြည့်ရဆိုးတယ်၊ ဟော ဒေါင်းလေး တွေ အတောင်စုံ အမွှေးစုံလာတဲ့ခါ အတောင်ကို ဖြန့်လိုက်တိုင်း သိပ်လှတာပဲ။

ဒီလိုပါပဲ၊ ဒို့တွေလည်း ကြီးလာတဲ့အခါတိုင်း အသိပညာတွေ တိုးလေ တိုးလာလေ ဘဝဟာ လှသထက်လှလာလေပါပဲ၊ လူသာကြီးပြီး စိတ်ဓာတ်မကြီးလာတဲ့အခါများတော့ ခွေးလိုပါပဲ၊ မလှ လာဘူး၊ ရုပ်ကပိုဆိုးလာတယ်၊ ကြီးလေ ဆိုးလေ ကြီးလေ ဆိုးလေပါပဲ၊ အဲဒီခါ ဆရာတော်က ဆက်ပြောတယ် သံပုရာသီးများ ကြီးလေ ချဉ်လေကွတဲ့။

ဘဝမမေ့နဲ့

ဘဝမေ့တဲ့သူဟာ တက်နေတဲ့အဆင့်ကနေ ခဏလေးနဲ့လျှောကျတတ်တယ်၊ ကြားဘူးကြမှာ ပေါ့၊ ဇီးသီးသည် မဗျိုင်းအကြောင်း… မဗျိုင်းက ဟိုး ငယ်ငယ်က တောသူ၊ ရှင်ဘုရင်နဲ့ညားးပြီး ရှင်ဘုရင် ကတော် မိဖုရားဖြစ်လာတဲ့အခါ တောသားဆွေမျိုးတစ်ယောက် မဗျိုင်းကြိုက်ခဲ့ဘူးတဲ့ ဇီးသီးကို အမြတ်တနိုးလာရောက် ဆက်သ-တယ်၊ ရှင်ဘုရင်ကတော်မဗျိုင်းက အဲဒါ ဘာသီးတုန်းတဲ့၊ ဘဝမေ့တတ်ပုံပေါ့၊ အဲဒီခါ ရှင်ဘုရင်က ဘဝမေ့ရမလားဆိုပြီး နန်းတော်ကနေနှင်ချလိုက်တယ်။

ကိုယ့်မွေးတဲ့အရပ်၊ ကိုယ့် မိဘမောင်ဘွား ဆွေမျိုးသားချင်းတွေကို ကိုယ်ကြီးပွားလာတဲ့အခါ ညာတကာနဉ္စသင်္ဂဟော-ဆွေမျိုးတွေကို ချီးမြောက်ခြင်းဟာ မင်္ဂလာတစ်ပါးဆိုတာနဲ့ ညီအောင်ကျင့်သုံး ကြစေချင်ပါတယ်၊ ဒါမှ မင်္ဂလာညီပြီး ထပ်ခါ ထပ်ခါ မင်္ဂလာတွေ ဆင့်ပွားလာမှာပါ၊ ကြီးပွားသထက် ပိုပို ကြီးပွားလာပါလိမ့်မယ်၊ ကိုယ်ကြီးပွားလာတဲ့အခါ ကိုယ့်ရဲ့မွေးရပ်မြေကို အကျိုးပြုကြစေချင်ပါတယ်၊ မေ့ မနေကြပါနဲ့၊ ဘဝကိုမမေ့ပါနဲ့။

25. 01. 2010