ဒေါ်အောင်ဆန်းစုကြည်၏ ဗုဒ္ဓဘာသာအမြင်များ

ကိုပါႀကီးJuly 23, 20121min57

Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့်
မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘဝဖြင့် ( ၈ ) နှစ်တာ နေထိုင်ခဲ့ဖူးသည့်
မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို
Conversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင်
ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီး တစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။

အလန်ကလီးမင့်ထ်။ ။“ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက်
ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့
တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”

ဒေါ်အောင်ဆန်းစုကြည်။ ။ “ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”

အလန်ကလီးမင့်ထ်။ ။“တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့
ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့
ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင်
ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်။ ။“အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။
ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့ဩလို့ မဆုံးအောင်ပါပဲ။

ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။
တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။
ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။

ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။ (ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။
ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊
ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။

ကျွန်မက စိတ်တိုတတ်တယ်ရှင့်။ ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ဝိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။
ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မဝန်ခံပါတယ်။

မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။
ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊
အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။

အလန်ကလီးမင့်ထ်။ ။လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့ ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။

ဒေါ်အောင်ဆန်းစုကြည်။ ။မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊
ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။

ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။
ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ်
ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။

အလန်ကလီးမင့်ထ်။ ။ခင်ဗျားရဲ့ ဘဝကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ
ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ရိုးရိုးလေးပါပဲ။ ဘဝမှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ
မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘဝအခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။

ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့
အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။

အလန်ကလီးမင့်ထ်။ ။ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။
ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့
တစ်ခါမှ မတွေးမိပါဘူး (———) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊

ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။
ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊
အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အလန်ကလီးမင့်ထ်။ ။ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့်
ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။
ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။

အလန်ကလီးမင့်ထ်။ ။ဗုဒ္ဓဝိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက် မှုရှိသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။

အလန်ကလီးမင့်ထ်။ ။နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို
( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။
ကျွန်မမှာ ဘဝနဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။

အလန်ကလီးမင့်ထ်။ ။ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ဝိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ဝိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ဝိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။
ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ဝိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာ ခွန်အားကို ပေးပါတယ်။

ပြီးတော့ ကျွန်မအတွက် ဝိပဿနာဆိုတာ ဘဝနေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ဝိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘဝထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ဝိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။

အလန်ကလီးမင့်ထ်။ ။ဝိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။
ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။
ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ဝိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘဝဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။

အလန်ကလီးမင့်ထ်။ ။“အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရဝပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”

ဒေါ်အောင်ဆန်းစုကြည်။ ။ “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ဝီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။
အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။

ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။
ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။
ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ်တဲ့။
မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။

အလန်ကလီးမင့်ထ်။ ။“ထေရဝါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ
သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”

ဒေါ်အောင်ဆန်းစုကြည်။ ။“ကျွန်မက ထေရဝါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ဝဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့် ရှိတယ်လို့ မမြင်မိပါဘူး။
ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေး အတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။
ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”

အလန်ကလီးမင့်ထ်။ ။“ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”

ဒေါ်အောင်ဆန်းစုကြည်။ ။ “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရဝါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။
ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။
တကယ်တော့ ကရုဏာတရားဆိုတာ ထေရဝါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊
ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင်
ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။

(အရှင်နာယကာလင်္ကာရ)

For English Version Click Here
………………………………………….
http://www.manatphyan.net/2010/11/burma-project-usa-comversation-with.html
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။