ဪ အချစ်ရဲ့ဒုက္ခ

ဦး ဂ်စ္July 26, 20121min42417

၁။ ကျနော် မမနဲ့ နီးရအောင် ဆိုပြီး နတ်ကန္နားပေးဖို့ ပိုက်ဆံ စုနေပါတယ်မမ။

၂။ အလှည့်ကျရင် မမတို့ လမ်းထိပ်က မီးကင်းမှာ ကျအောင် ဆယ်အိမ်မှုးနဲ့
ရပ်ကွက်လူကြီးကိုလည်း ဖာလူဒါ တစ်ယောက်တစ်ခွက် တိုက်ထားပါတယ်မမ။

၃။ မမနဲ့နီးဖို့ဆိုပြီး ယတြာချေပေးတဲ့ ဗေဒင်ဆရာကိုတော့ ချောင်းရိုက်ဖို့
ဝါးရင်းတုတ် ကောက်ထားပါတယ် မမ။

၄။ အနီးစပ်ဆုံး ဆိုလို့ တမြန်နှစ်
မိုးတွင်းတုန်းက မမစီးတဲ့ကား ကျနော့်နားက ဖြတ်သွားတုန်း ပုဆိုးကို
ဗွက်စင်သွားတာလဲ ရှိပါသေးတယ် မမရယ်။

၅။ နွေညတွေမှာဆို အသုဘ ယပ်တောင်လို အေးချမ်းမှု ပေးနိုင်တဲ့ မမအပြုံးလေးကို သတိရမိတယ်။
ငယ်ငယ်ကတည်းက ကျောင်းဝမှာရောင်းတဲ့ ပြောင်းဖူးပြုတ် ဝယ်စားတိုင်း မမရဲ့
သွားလေးတွေကို မြင်ယောင်တယ်။ ကျောင်းကားဆရာ ဦးလေးကြီး ကွမ်းချိုးတက်နေတဲ့
သွားတွေနဲ့ ပြုံးပြတိုင်း မမရဲ့ သွားလေးတွေ ဒီလိုမဟုတ်ပါလား
လို့မြင်ယောင်ပြန်တယ်။

၆။ မမဟာ ကျနော့်ရင်ထဲ အမြဲရှိပါတယ်။ ဒီနေ့
ကြက်သားအာလူး ချက်တာတောင် မမအတွက်ဆိုပြီး ကျနော် အာလူးတစ်လုံး
ချန်ထားမိတယ်…

၇။ မမနဲ့ နီးဖို့ ကျနော် အဆင့်မြင့်တဲ့ ဘဝကို တက်လှမ်းနိုင်အောင်၊ သူငယ်ချင်းတွေရဲ့ ရွာကို
လိုက်လည်တိုင်း ထန်းပင်တက် သင်နေပါတယ် မမ။ တကယ်တော့ ဟိုး မိုးပေါ်
လေယာဉ်ပျံထဲက ခြေသုတ်ခုံလို မမရဲ့ ဘဝဟာ မဟာအဝီစိ ငရဲ အောက်ဆုံးမှာ ဒေဝဒတ်
ဖင်ခုထိုင်တဲ့ ခွေးခြေခုံလို ကျနော့် ဘဝက လက်လှမ်း မမီနိုင်အောင်
မြင့်မားလှပါတယ်ဗျာ။

၈။ စွဲလန်း တတ်လိုက်ပုံများ မမကို လွမ်းလို့
ကိုရီးယားကား မကြည့်ဖြစ်တာတောင် သုံးရက်ရှိပြီပေါ့။

၉။ အိပ်မက်တွေများ ဆန်းလိုက်တာ။ ညက ကျနော်နဲ့ မမနဲ့ လူတစ်အုပ်နဲ့ ကုလားကားထဲကလို ကကြတယ်တဲ့။ မမ ဆာရီများ
လေထဲ လွင့်နေလိုက်တာ လွှားခနဲ လွှားခနဲပဲ။ မမနဲ့ ကျနော် နှစ်ယောက်တည်း
(လူအုပ်က ဘယ်ပျောက်သွားတယ်မသိ) သစ်ပင် တစ်ပင်ကို ဝိုင်းကြီး ပတ်ပတ်
လုပ်နေတုန်း အိပ်မက်က လန့်နိုးသွားတော့ နံရံမှာ ကပ်ထားတဲ့ ပိုစတာထဲက
သက်မွန်မြင့်က မျက်စေ့မှိုတ်ပြတယ်။ မမကို သတိရရတဲ့အထဲ သက်မွန်မြင့်က
တမှောင့်။ ခက်ပါတယ်။

၁ဝ ။မမကို လွမ်းလွန်းလို့ ထမင်းမစားနိုင်တာနဲ့ ဒန်ပေါက်ချည်း ဝယ်စားနေရတာ နှစ်ရက်တောင် ရှိပြီ။
ညဖက်ဆိုလည်း မအိပ်နိုင်လို့ မနက်မိုးလင်းမှပဲ တစ်နေကုန် အိပ်နေရတယ်။
လွမ်းလွန်းလို့ မယ်ဒလင်တီးတော့လည်း ဘေးအိမ်က အလိုက်ကန်းဆိုး မသိတဲ့ လူက၊
သူ့အဖွား နေမကောင်းလို့ မတီးပါနဲ့တဲ့။ ဒီနေ့လည်း လွမ်းလွမ်းရှိတာနဲ့
ခိုတွေကို ဆန်ကျွေးပြီး လေးခွနဲ့ ပစ်နေမိတယ်။မမနဲ့ တွေ့မှ ကြော်စားဖို့
ကြောင်အိမ်ထဲ ထည့်သိမ်းထားတယ်။

၁၁။ မမရယ်၊ ကျနော်ရယ်၊ မုန်လာဥရယ်။ သောင်ပြင်မှာ လွှတ်တဲ့ ရွှေဟင်္သာလို ဖတ်လတ် ဖတ်လတ်နဲ့။ လက်ဆေးရေ
တစ်ပုံးတည်းနဲ့ ရောင်းတဲ့ ဝက်သားတုတ်ထိုး အထမ်းသည်လို အနာဂတ်တွေ
အရသာပိုကောင်းခဲ့ကြ။ ဆီးရောဂါ ဖြစ်နေတဲ့ ဆောင်းတွင်းလို ကျနော်တို့
ကြားမယ် နှင်းတောင် မကျနိုင်ခဲ့ဘူး ဆိုတော့လည်း… နှလုံးသား ဆိုတာများ
ကျောပိုးအိတ်လေးထဲမှာ ရှိခဲ့ရင် ဒီဖက်ကို ကမ်းပေးကြည့်ပါ မမရေ။

၁၂။ ဂျင်ပေါက်သလို တစ်ယောက်ယောက် စည်းဝိုင်းအပြင်ထွက်မှ ပွဲက သိမ်းကြမှာလား မမ။ နှလုံးသားလည်း မောလွန်းလို့
မိုးတွင်းစီး ရာဘာ ဖိနပ်လို ဇွိဇွိ ဇွိဇွိနဲ့။ တရုပ်ပြည်တွင် လုပ်သည်လို့
တံဆိပ်မကပ်ထားပေမဲ့ အစစ်လို့ မကြေညာနိုင်ကြတဲ့ အချစ်တွေ။ ဇာတ်ထဲက မယ်သီတာ့
သမင်တွေလို မမအနားမှာ ယောင်လည်လည် လုပ်နေကြတဲ့ လူလည်ကြီး သားသမီးတွေ
အတွက်၊ ပေါ့လျော့တဲ့ လက္ခဏနဲ့ အတူ၊ ရာမရဲ့ မြားတွေလည်း အပေါင်ဆိုင်
ရောက်ခဲ့ပြန်ပေါ့။

၁၃။ မနေ့က မမကို သတိရနေရင်း ရေခဲချောင်း ဝယ်စားတော့ မမအတွက် ရည်စူးပြီး တစ်ချောင်း ပိုဝယ်လိုက်ပြီးမှ
မမ အနားမရှိနိုင်မှန်း သတိရတယ်။ နှစ်ချောင်းကို တစ်လှည့်စီ လျက်ရင်းနဲ့
မမအတွက် တစ်ချောင်းက အရည်ပျော်ပြီး ပြုတ်ကျသွားတယ်။ မြန်မာကားထဲမယ်
ဓါတ်ပုံပြုတ်ကျပြီး မှန်ကွဲသလိုပဲ နိမိတ် မကောင်းလိုက်တာ။ ကျနော့်ရဲ့
အချစ်အတွက် သက်မဲ့ ရေခဲချောင်းလေးတောင် စတေးရရှာတယ်။ နောက် ကြုံမှ
ကျနော့်ကို တစ်ချောင်း ပြန်ဝယ်ကျွေးပါ မမ။

၁၄။ ကျွဲရှေ့ ကန်သင်းရိုးပေါ် တက်ပြီး ဘရိတ်ဒန့်စ် ကပြတဲ့ သာဂိလိုပဲ ကျနော့ အချစ်တွေက အရာ မထင်ခဲ့ပါဘူး။
တခါတလေ မမနဲ့ ကျနော်သာ ရိုးသားတဲ့ တောသူတောင်သားတွေဆို အတော်
ပျော်ဖို့ကောင်းမယ်လို့ တွေးမိတယ်။ မမ ရေခပ်ဆင်းရင် ပြီတီတီ အကြည့်နဲ့
(ရေ) အိုး ပင့်ပေးတာတို့၊ ကောက်ရိုးပုံ ရိုးမန့်စ်တို့။ မမဝယ်စားတဲ့
ပီဇာဆိုတာ မရှိပေမဲ့ မနက်တိုင်း ဘိန်းမုန့်စားနိုင်မယ်။ အနည်းဆုံးတော့
ကျီးမနိုးပွဲမှာ မမထဘီ ခိုးပြီး အမှတ်တရ သိမ်းထားလို့ ရတာပေါ့ဗျာ။

၁၅။ အာခိမိဒိက ပြောတယ်။ သူမတ်တပ် ရပ်စရာ တစ်နေရာသာ ပေးပါ။ ကမာ္ဘကို သူရွှေ့ပြပါ့မယ်တဲ့။ ကျနော့်ကို မမရဲ့
အချစ်တွေသာ ပေးပါ။ အာခိမိဒိကို ကျနော် ရွှေ့ပြပါ့မယ်။ အခုများတော့ဖြင့်
မမရဲ့ စိမ်းကားမှုအပေါင်းနဲ့ချည်း ခညောင်းနေလို့၊ မိုးအေးအေးမယ်
ရေဒီယိုဖွင့်တုန်း၊

မောင့်အချစ် မြားစူး… မောင့်အချစ်မြားစူး…
ရူးရပြီကောလေ… ဆိုတဲ့ စိုးစန္ဒာ…ထွန်း အသံကြီး စည်ကနဲ ထွက်လာတော့
ခံစားရလွန်းလို့ ကျနော့်မယ် မျက်ရည်တောင် ဘူးသီးလုံးလောက် ကျတယ်…………

ပျော်ပါစေဗျား…….
အာလူးဘူးသီး

…………………..

မ ရယ် နိုင် တောင် မှ ပြုံး နိုင် ကြ ပါ စေ
ဟာသအတွေးစာစုများ(ရွှေအိမ်စည်) မှ ဖြစ်ပါကြောင်း ….။

17 comments

  • တေလေ

    July 26, 2012 at 11:31 am

    ဟမ် နာတို့ ယောက်ျားလေးအချစ်တွေကို အထင်သေးအမြင်သေး သမုတ်ခံရမဲ့ဟာကြီး
    သေဟ လုပ်ချလိုက်ပြန်ပြီ

  • P chogyi

    July 26, 2012 at 12:00 pm

    ဟာသဆိုပြီး ရယ်လည်းမရယ်ရဘူး
    ခံစားချက်တွေကူးစက်ပြီး
    မျက်ရည်တွေ မီးပုံးပျံလောက်ကျလာပြီ အဟင့်…ရွှတ်…ဖတ်
    (နောက်ဆုံးအသံက နှပ်ချေးပစ်လိုက်တာ)

  • ခပ်မိုက်မိုက် ကောင်မလေး

    July 26, 2012 at 12:11 pm

    ကြံကြံဖန်ဖန် ရေးလည်းရေးတတ်တယ်…

  • Gipsy

    July 26, 2012 at 12:26 pm

    အမ်.. ကူးချထားတာပါ ဆိုနေမှ…
    အားအားယားယား ဖြစ်နေလို့ …
    လျှောက်ယားကြည့်တာ…

  • Khaing Khaing

    July 26, 2012 at 12:45 pm

    မမရယ် မမကိုလွမ်းလို့ အိပ်မယ်ကြံတိုင်း ပျော်သွားလိုက်ဖြစ်ခဲ့ရတဲ့ ညတွေကမရေမတွက်နိုင်ပါလားကွယ် ……

  • htoosan

    July 26, 2012 at 12:59 pm

    Gipsy ရေ ..
    ရွှေအိမ်စည်ဆိုတာ ဂေဇက် ရွာသူ တစ်ဦးနော် .. ကိုGipsy သိမသိ တော့ မသိပါ ။ အရင် ကျွန်တော် မီလိုက်သလောက်ဆို Forum မြင်သာထင်သာ ရှိတုန်းက Forum ထဲမှာဘဲ ပျော်မွေ့ပြီး ပိုစ်တွေထဲ သိပ်ဝင်လေ့ မရှိပါဘူး ။ အခုတော့ တော်တော့်ကို ပျောက်နေတာပေါ့လေ ။
    . သူူ့ရဲ့ မူရင်း လင့် လဲ ပေးထားတာ မတွေ့မိလို့ ပါ ။ သူ့ ရဲ့စာတွေ တစ်ခါ နှစ်ခါ မက ကူးတင်နေတာဆိုတော့ သူ့ဆီက ခွင့်တောင်း သင့်တယ်ထင်လို့ လက်တို့လိုက်ပါတယ်နော်.

  • Gipsy

    July 26, 2012 at 1:10 pm

    ဟုတ်ကဲ့ပါ …ကိုထူးဆန်း.. ကျေးဇူးပါ…
    ခွင့်တောင်းပြီး တင်လိုက်တာပါ …
    ပြီးတော့ (ဤ ဆိုဒ် ရှိစာများ ကို မူရင်းစာရေးသူ ၏ အမည်မဖျက်ဘဲ စိတ်ကြိုက်ယူသုံးနိုင်ပါသည်)
    လို့ ပြောပါတယ် ခင်ဗျ …။

  • မောင်ပေ

    July 26, 2012 at 1:10 pm

    အချစ်လူမိုက်
    ချစ်လို ့မိုက်ပါတယ်….
    ပုံ
    သီချင်းဆိုသော
    မောင်ပေ

  • mamanoyar

    July 26, 2012 at 1:21 pm

    ကျနော် မမနဲ့ နီးရအောင် ဆိုပြီး နတ်ကန္နားပေးဖို့ ပိုက်ဆံ စုနေပါတယ်မမ။
    နတ်ကနားပေးရအောင် လမ်းသွားရင်းကောက်ရတဲ့ ပိုက်ဆံတွေစုနေတာလား
    ဟဲဟဲ

  • shwe kyi

    July 26, 2012 at 1:51 pm

    ဒီလိုဒုက္ခတွေကိုမခံစားချင်လို့ မြန်မာ့ရိုးရာစစ်ရွှေတရော်နဲ့ပဲ လျှော်တယ် 😀

  • lynn lynn

    July 26, 2012 at 2:08 pm

    ဖတ်ပြီးတော့ ပြုံးသွားပါတယ်။

  • YE YINT HLAING

    July 26, 2012 at 3:20 pm

    အားပေးသွားပါတယ် ကိုဂျစ် !

    • မမ အညာသူ

      July 27, 2012 at 10:56 am

      ကိုဂျစ်ရယ်ငိုရမလား ရယ်ရမလားဟင်
      အဟက်အဟက်………အဟင့်အဟင့်
      အားပေးသွားပါဂျောင်း

  • etone

    July 27, 2012 at 3:15 pm

    ဖတ်ရင်းဖတ်ရင်း ရယ်လိုက်ရတာ … မျက်ရည်တောင် ထွက်တော့မယ် …
    ရေးလည်းရေးတတ်ပါပေတယ် …. ။

  • ko win

    July 27, 2012 at 3:37 pm

    ဒါနဲ့ မမဆိုဒါ ဘုဂိုပြောဒါလဲဟင်။ အနော်သိဒဲ့ မမကတော့ ခရီးဒွေချည်းထွက်နေဒါ။ အဲဒိ မမလားဟင်။
    မမ= မြန်မာ့မီးရထား

  • Shwe Ei

    July 27, 2012 at 5:48 pm

    ရီရတယ်။ ရုံးမှာတယောက်ထဲဖြစ်နေတုန်းမို့ အားရပါးရ ရီနေလိုက်တယ်။ 😀

Leave a Reply