ကိုယ့်တာဝန် ..

ကိုယ့်ဆိုတာ မိမိကို နာမ်စားအဖြစ်သုံးတာပါ ။ တာဆိုတာအပိုင်းအခြား တစ်ခုပါ စာနည်း ပြောရရင်မိမိနှင့်သူတစ်ပါးကြားက အတားအဆီးတစ်ခု (သို့မဟုတ်) စည်း တစ်ခုပါ – ဥပမာ ဆိုရရင် မြစ်ရေတွေကုန်းပေါ်လျှံတက်မလာအောင်ရေကာတာကြီးက စည်းခြားထားခြင်းပဲ ဖြစ်ပါတယ် ။ ဝန်ဆိုတာကတော့ အလေးအပင်တစ်ခု(သို့)အထုပ်အပိုးတစ်ခု(သို့) အားတစ်ခုခုနဲ့ မ ရမည့် ပစ္စည်း လို့ ဆိုချင်ပါတယ် ။

ဒီတော့ကာ ကိုယ့်တာဝန် ဆိုခြင်းဟာ သူများဘက်ကို မကျော်သွားပဲ ကိုယ့်ဘက်ကထမ်းဆောင်ရမယ့် အလုပ်လို့ဆိုလိုပါတယ် ။ ဒါဆို .. သူများကကိုယ့်ဘက်ကျော်ဝင်လာရင်ကော ……..

.. ပုံပြင်လေးတစ်ခုပါ ..
တစ်ခါတုန်းက ရွာတစ်ရွာမှာ လယ်သမားကြီး တစ်ယောက်ရှိလေရဲ့ .. သူ့မှာ တုတ်ပေါ ဆိုတဲ့ခွေးဆိုးကြီး တစ်ကောင်ရယ် ဂျက်ကီ ဆိုတဲ့ မြင်းသိုးကြီး တစ်ကောင်ရယ် လည်းရှိကြတယ် ။

ခွေးဆိုးကြီး တုတ်ပေါ ကသခင့်ခြံကို လူဆိုးသူခိုးမဝင်နိုင်အောင် ကာကွယ်ပေးလို့ လယ်သမားကြီးခမျာ သူပိုင်တဲ့ ပစ္စည်းဥစ္စာများကိုသူခိုးရန်အတွက် စိုးရိမ်ကြောင့်ကြစရာ မလိုသလို .. မြင်းသိုးကြီး ဂျက်ကီ ကလည်းသခင့်အလိုကြ သွားလိုရာပို့ဆောင်ပေးဖို့ တာဝန်ကျေ ပါတယ်။

အဲ.. တစ်နေ့မှာတော့ အိပ်ပျက်များတဲ့ တုတ်ပေါ ဟာအိပ်မောကျ နေပါလေရော.. ဒီအဖြစ်ကိုကြည့်ပြီးတော့ ဂျက်ကီ စိတ်မကောင်းဘူး .. တုတ်ပေါ တော့ တာဝန်ပျက်ကွက်နေပြီ ငါကူပြီး သတိနဲ့နေမှတော်ရော့မယ် –

သူခိုးဆိုတဲ့သူမျိုးကအလစ်ချောင်းနေတာကိုး သတိတစ်ချက်လွတ်တာနဲ့ အခွင့်အလမ်းကို အသုံးချပြီးသား ..
လယ်သမားကြီးအိမ်ကို သူခိုး ကပ်ပါလေရော.. တုတ်ပေါ ခင်မျာ ဘာမှ မသိရှာ ဂျက်ကီ ကတော့သူခိုးဝင်တာ သခင်သိအောင်အကြံဉာဏ်ထုတ်နေလေရဲ့ သူသာဒီ အဖြစ်အပျက်ကို ဖော်ထုတ်နိုင်ရင် မိမိတာဝန်သာမက သူတစ်ပါးတာဝန်ကိုပါ ကျေပွန်သူအဖြစ်သခင့်ဆုလာဘ်ကို ရလိမ့်ရဲ့ဆိုပြီး ..

ဒါနဲ့ မဆိုးမတွ ခွါခုတ်သံ ပေးလိုက်တော့ သူခိုးက အသာလေးငြိမ်နေတုန်း လယ်သမားကြီး ဆင်းလာတော့တာပေါ့ ဂျက်ကီ တော့ညကြီးမင်းကြီး ဗိုက်ဆာပြီ အထင်နဲ့ အစာခွက်ထဲ အစာထည့်ကာ ပြန်အိပ်တော့တယ် ..
လယ်သမားကြီး အိပ်တော့ သူခိုးပြန်ကပ်တာပေါ့ ဒါနဲ့ ဒုတိယ အကြိမ် ဂျက်ကီ ရဲ့ ခွါခုတ်သံကြောင့် လယ်သမားကြီး နိုးလာပြန်ပါတယ် ၊ အစာခွက်ထဲမှာ အစာက အပြည့် ။ ရေများဆာ လို့လား အထင်နဲ့ ရေဖြည့်ကာ ပြန်အိပ်ပြန်တယ် ..
သူခိုးက လှုပ်ရှားပြန်တယ် .. တတိယ အကြိမ် ဂျက်ကီ ရဲ့ ခွါခုတ်သံမှာ လယ်သမားကြီး နိုးလာပြန်တယ်.. မြင်းဇောင်းထဲမှာ အစာကအပြည့် ရေအပြည့်ရှိပါလျှက်နဲ့ခွါခုတ် နေတဲ့ ဂျက်ကီ ကိုစိတ်မထိန်းနိုင်ပဲ အနားရှိတဲ့ ဝါးရင်းတုတ် နဲ့ကျောပေါ်သုံး၊လေး ၊ ချက်လောက် ဆုလာဘ် တွေပေးတော့တာပေါ့ ..

ပုံပြင်လေး ကတော့ဒါပါပဲ ကိုယ့်အလုပ်မဟုတ်ဘဲ သူများအလုပ်ကိုဝင်လုပ်ရင် ဝါးရင်းတုတ်နဲ့ အရိုက်ခံရတတ်တယ် ဆိုတာပါပဲ …

ကျေးဇူးတင်ပါတယ်..
ယောဆရာကြီး

15 comments

  • မောင်ပေ

    July 26, 2012 at 9:53 pm

    ယောဆရာကြီး အာဘော်အရဆိုရင်
    ကျုပ်တို ့ရွာကိုများ ညွှန်းသယောင်ယောင်ပါလား

  • သန်းထွဋ်ဦး

    July 26, 2012 at 10:19 pm

    ယော နယ်ဖက်ဆိုတော့ ထီးလင်း၊ဂန် ့ဂေါ၊ဆော၊ယော၊ကြော နယ်က ့ပါလား ခင်များ။
    ဆရာကြီးပြောသလို““ပုံပြင်လေး ကတော့ဒါပါပဲ ကိုယ့်အလုပ်မဟုတ်ဘဲ သူများအလုပ်ကိုဝင်လုပ်ရင် ဝါးရင်းတုတ်နဲ့ အရိုက်ခံရတတ်တယ် ဆိုတာပါပဲ …””

  • pan pan chit

    July 26, 2012 at 11:36 pm

    အဲ့လာကြောင့် အနော်ဆို ကိုယ့်ဘာသာကိုယ် နေသာသလိုနေတယ် 😆

  • မမ အညာသူ

    July 27, 2012 at 10:40 am

    အော်
    အဲလိုလား
    ဒါဆိုသူခိုးလာတာကိုဒီတိုင်းလေးကြည့်နေရမယ်ပေါ့နော်
    ဟုတ်စ???

  • ကြောင်ဝတုတ်

    July 27, 2012 at 11:02 am

    ဟုတ်ကဲ့ပါ… စာရေးသူကိုယောဆရာကြီးရေ…

    ကျွန်တော် (၃)ခေါက်တိတိဖတ်တယ်ဗျာ…
    ဒါပေမယ့်အစ်ကို့ပုံပြင်လေးနဲ့ အောက်က Tag လေးကိုဖြင့်ဘယ်လိုမှဆက်စပ်လို့မရကြောင်းပါဗျာ…
    အစ်ကိုပေးချင်တဲ့ Message ကိုဖြင့် ကျွန်တော်မမြင်ရိုးအမှန်ပါဗျာ… အမှန်သိနိုင်ဖို့နဲ့ အချိန်မလွန်ခင်ပြင်ဆင်ဖို့…
    အစ်ကို့အမြင်လေးကို ရှင်းပြစေချင်ပါတယ်…

    အမေးရှိသူ-
    ကြောင်ဝတုတ်

  • mamanoyar

    July 27, 2012 at 11:13 am

    ဒါဆိုရင်တော့ နောက်ဆို ကိုယ့်တာဝန်ကိုလုပ်မယ်
    သူများအကူမခိုင်းဘူး သူများအလုပ်လဲ ကူမလုပ်ဘူးးးးးးးး
    ဟီးးးးးးးးးးးး

  • ko khin kha

    July 27, 2012 at 11:50 am

    ပုံပြင်လေး ကတော့ဒါပါပဲ ကိုယ့်အလုပ်မဟုတ်ဘဲ သူများအလုပ်ကိုဝင်လုပ်ရင် ဝါးရင်းတုတ်နဲ့ အရိုက်ခံရတတ်တယ် ဆိုတာပါပဲ။

    အဲဒီလိုစိတ်တွေနဲ့ ကိုယ်နဲ့မဆိုင်ဝင်မကိုင် ဆိုသလိုနေသာသလိုနှစ်ပေါင်းများစွာ နေခဲ့ကြရတာမို့လည်း ဒို့တိုင်းပြည် အခုဆို အရမ်းကိုတိုးတက်သာယာလျှက်ပါ ဦးယောဆရာကြီးရေ။
    စာကြွင်း- ပုံပြင်ထဲက လယ်သမားကြီးက မြင်းဘာကြောင့်အချိန်အခါမဟုတ် ခါွခုတ်သံခဏခဏပေးတာလဲ ဆိုတာစူးစမ်းဆင်ချင်လိုစိတ်ရှိတဲ့ ဉာဏ်ရှိသူသာဖြစ်ခဲ့မယ်ဆိုရင် ကိုရီးယားဇာတ်လမ်းတွဲတွေလို ပုံပြင်လေးက အခန်းဆက်တွေ ဆက်ရေးခွင့်ရမှာပဲနော်။ အခုတော့အဲလိုဟုတ်ဘူး မဆူနဲ့ ဆူရင်ရိုက်မယ်ဆိုတာကြည်ဘဲ။

  • etone

    July 27, 2012 at 1:10 pm

    ယောဆရာကြီးရေ … category ကို satire လို့ပြောင်းလျှင် ပိုမကောင်းဘူးလားဟင် …. ။
    အဓိပ္ပါယ်ကို နားလည်သလို ၊ နားမလည်သလိုလိုနဲ့ ဖတ်သွားပါတယ် ။

    ပုံပြင်ကို ပုံပြင်အတိုင်း ဝေဖန်ရလျှင်တော့ …… သခင်ဖြစ်သူ မိုက်မဲတယ်လို့ ပြောချင်ပါတယ် ။
    ဂျက်ကီကတတိယအကြိမ်ထိ တာဝန်ကျေဖို့ ကြိုးစားတာတောင် သူ မရိပ်မိခဲ့တာကြောင့်ပါ … ။
    ဂျက်ကီလည်း ကြိုးစားပေမယ့် နည်းနည်း လိုသွားခဲ့သလိုပါပဲ … အ ဲ့ဒါကတော့ … အိပ်နေတဲ့ တုတ်ပေါကို နှိုးပြီးပြိုင်တူဟောင်လျှင် သခင် သိထားမိမယ်ဆိုတာ မစဉ်းစားမိလို့ပါပဲ ……… ။

  • kyeemite

    July 27, 2012 at 7:34 pm

    ကိုယ့်အလုပ်မဟုတ်ဘဲ သူများအလုပ်ကိုဝင်လုပ်ရင် ဝါးရင်းတုတ်နဲ့ အရိုက်ခံရတတ်တယ် ဆိုတာပါပဲ …

    လုပ်သင့်တဲ့အလုပ်ထင်လို့ ကိုယ့်အသိစိတ်နဲ့ကိုယ်ဝင်လုပ် မိလို့..
    ဝါးရင်းတုတ်နဲ့ရိုက်မယ်ဆိုရင်လဲ…ရှိသမျှအင်အားသုံးပြီး တုံ့ပြန်ရမှာပဲ…
    ပီးတော့ ကိုယ်လုပ်သင့်တယ်ထင်တဲ့အလုပ်ကိုဆက်လုပ်မှာပဲ..ကျုပ်ဆိုရင်ပြောတာ..
    ဝါးရင်းတုတ်လောက်မပြောနဲ့ စတင်းဂန်းနဲ့ဆွဲလဲမကြောက်ပါဘူး…

    စာရေးသူအနေနဲ့ ကိုယ်ရေးတဲ့စာကို ဖတ်ရှု့သူလူအများသဘောပေါက်နားလည်အောင်ရေးသင့်တယ်…
    ကိုယ်ရေးတဲ့စာဘာကိုဆိုလိုတယ်ဆိုတာပေါ်လွင်အောင်ရေးသင့်တယ်..

    ကျုပ်ကတော့ ကိုယ့်အလုပ်ဟုတ်ဟုတ ်မဟုတ်ဟုတ်..ကိုယ်ဝင်လုပ်ပေးသင့်တယ်ထင်ရင် ချက်ချင်းဝင်လုပ်ပေးဖို့ဝန်မလေးတတ်ဘူး…
    ဒုံးဝေးနေမှာစိုးလို့ ..ဥပမာလေးတစ်ခုပြောမယ်…လမ်းဖြတ်ကူးဖို့ ပြင်နေတဲ့
    တုံချိချိအဖွားအိုတစ်ယောက်ကို..မော်တော်ပီကေ တစ်ယောက်မဟုတ်ပေမဲ့
    ကျုပ်လမ်းကူးဖို့ကူညီပေးမှာပဲ…
    နိုင်ငံတော်ကတာဝန်ယူရမဲ့ ကိစ္စတစ်ချို့မှာ…ကျုပ်တို့က အစိုးရတာဝန်ရှိသူတွေမဟုတ်ပေမဲ့
    ကိုယ်တတ်နိုင်သလောက်ဝိုင်းဝန်းကူညီနေကြတာ ဝါးရင်းတုတ်ကိုကြောက်နေရမှာလား…
    မီးလောင်တယ်ဆိုပါစို့…မီးသတ်ဋ္ဌာနမရှိတဲ့ရွာမှာ..ကိုယ့်အလုပ်မဟုတ်ဘူးဆိုပြီး
    ရွာပြာကျသွားတာထိုင်ကြည့်နေရမှာလား….
    ဒီမယ်ယောဆရာကြီး…နာမယ်နဲ့လိုက်အောင် ရောမချစမ်းပါနဲ့ဗျာ..
    ပြောချင်သပဆိုရင် ဒဲ့ပြောစမ်းပါ…ဘာလဲ..ခင်ဗျားလဲ ဝါးရင်းတုတ်ကြောက်တယ်ထင်တယ်…

  • Shwe Ei

    July 27, 2012 at 7:38 pm

    ကိုယ်နဲ့မဆိုင်တိုင်း ထိုင်ကြည့်နေရမယ်ဆိုရင် ပရဟိတ ဆိုတဲ့ စကားလုံးကြီး ဘယ်နားသွားသုံးမတုန်း။

  • ယောဆရာကြီး

    July 27, 2012 at 9:40 pm

    ယောဆရာကြီးက ဖတ်သူတစ်ယောက်ပါ .. ရေးသူမဟုတ်သေးပါဘူး … ပိုစ့်ကို ဝင်ဖတ်ပြီးတော့သဘောထားထင်မြင်ချက်လေးတွေ ပေးတာ ကျေးဇူးတင်ပါတယ် .. ယောဆရာကြီးက တောကနေ မြို့တက်လာပြီးမှ ကွန်ပျူတာရှေ့ထိုင်ရတာမို့ မကြာမကြာ မထိုင်ဖြစ်တာပါ ..
    အိတုန် Comment ပေးသလို ဂျက်ကီဟာ တုတ်ပေါ ကိုနှိုးပြီး ပြိုင်တူဟောင်စေချင်တာ ယောဆရာကြီး ရဲ့ဆန္ဒပါ ..

  • အရီးခင်လတ်

    July 27, 2012 at 10:36 pm

    တကယ်လို့များ သူ့ရဲ့ ရည်ရွယ်ချက်က ကိုယ်ဆုလာဘ် ရဖို့ အတွက် တာဝန် ထမ်း ခဲ့တာ ဆိုရင် ဝါးရင်းဒုတ် နဲ့ ရိုက်ခံရလို့ အသားနာ ရတာ မတန်ဘူးပေါ့။
    ဒီလို မဟုတ်ဘဲ သခင့်အိမ် ကို ကာကွယ်ဖို့၊ သူခိုးမဝင် ဖို့ အဓိက နဲ့ ကိုယ့်သူငယ်ချင်း ကို ကူညီချင် တဲ့ စိတ်ရင်း နဲ့ တာဝန် ထမ်း ခဲ့တာ ဆိုရင်တော့ ဝါးရင်းဒုတ် နဲ့ ရိုက်ခံရလို့ အသားနာ ရတာ တန်မယ် ထင်ပါတယ် ယောဆရာကြီး ရယ်။

    ကျွန်မ တို့ ပါတ်ဝန်းကျင် မှာ လဲ
    ကျွန်မ တို့ သတိမထားမိဘဲ လူသူမသိ ကိုယ့် ကိုယ်ကို အနာခံ ပြီး ကျွန်မ တို့ကို ကာကွယ်ပေး နေ သူ တွေ အများကြီး ရှိနေပါတယ်။
    ကိုယ့်နာမည် ရဖို့၊ ကိုယ့်အကျိုးစီးပွါး ရဖို့ အတွက် ဟန်လုပ် အကာအကွယ် ပေးချင်ဟန် ဆောင် နေသူ တွေ လဲ ရှိပါတယ်။
    ကိုယ့်တာဝန် ကိုယ်မကျေ ဘဲ အိပ် နေသူ တွေ လဲ မရေတွက် နိုင်အောင်ပါဘဲ။

  • MaMa

    July 27, 2012 at 11:36 pm

    အမေစုပြောတဲ့ စကားတစ်ခွန်း (နားလည်သလို ရေးထားတာမို့ အမှားပါရင်လည်း ပြင်ပေးပါ) ကို ပြောပြချင်ပါတယ်။
    မတရားမှုကို တွေ့ပေမယ့် ကိုယ်နဲ့မဆိုင်ဘူး၊ ကိုယ့်ကို မထိခိုက်သေးဘူးထင်ပြီး ရှောင်လွဲနေရင် တာဝန်မကျေရာ ရောက်ပါလိမ့်မယ်တဲ့။
    ယောဆရာကြီး ပြောတာကို ထောက်ချင့်ပြီး ကိုယ့်အနေအထားကို ကိုယ်ပြန်စဉ်းစားမိပါတယ်။
    ကျမအနေနဲ့ ဓာတ်ပုံပညာ၊ စာရေးခြင်း အနုပညာတွေမှာ မူကြိုအဆင့်လောက် (အဆင့်မရှိသူ) သာ ဖြစ်တာမို့ ဝေဖန်နိုင်စွမ်း မရှိပါဘူး။
    ပါဝင်ယှဉ်ပြိုင်ရင်လည်း ဆုရနိုင်ခြေမရှိပါဘူး။
    ဒါပေမယ့် စုစည်းညီညွတ်မှုကို ပြသလိုတဲ့ စိတ်နဲ့ အများနဲ့ စုပေါင်းလုပ်ဆောင်တဲ့အခါတွေမှာ ပါဝင်ခဲ့ပါတယ်။
    ကိုယ်တတ်နိုင်သလောက် ကောင်းကျိုးတစုံတရာကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ ယူဆလို့ပါ။
    ကိုယ်နဲ့မဆိုင် ကိုယ်မတတ်ကျွမ်းပဲ ဝင်ပါလို့ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို အနှောင့်အယှက်ဖြစ်မယ်ဆိုရင်…..
    ဝါးရင်းတုတ်နဲ့ ရိုက်တဲ့အထိ စောင့်မနေပါဘူး။
    ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဘေးထွက်ထိုင်နေပေးလိုက်မိမှာပါ။

  • မှော်ဆရာ

    July 28, 2012 at 1:56 pm

    မိတ်ဆွေတစ်ယောက်က အသိပေးလို့ အခုမှ ဝင်ဖတ်ကြည့်မိပါတယ် ..
    စာရေးသူက ဘာကို ပြောချင်သလဲဆိုတာကို သဘောမပေါက်ဘူး ဖြစ်နေတယ် ..
    ရည်ညွှန်းထားတာက အားမာန်ဓါတ်ပုံပြပွဲ ၃ သို့ ဆိုတော့ အရင်အခေါက် ဓါတ်ပုံပြပွဲတွေတုန်းက ပြသနာ မပေါ်ဘူး …။ အခုမှ ဘာကို ပြောချင်မှန်း မသိတဲ့ ပိုစ့်တက်လာတယ်ဆိုတော့ ယခုတစ်ခေါက် ခေါင်းစဉ်ရှင် မှော်ဆရာကို ရည်ညွှန်းနေတယ်လို့ပဲ ယူဆရမလို ဖြစ်နေပါတယ် ..။
    ဘာကို ပြောချင်တာပါလဲ … ။ ဘာကို မကျေနပ်ပါသလဲ သိချင်တယ် ..။ ပွင့်ပွင့်လင်းလင်းပေါ့ဗျာ ..။
    ဘာကိုရည်ညွှန်းမှန်းမသိ သို့လော သို့လော တွေးယူရတဲ့ အရေးအသားမျိုးတွေနဲ့ ကောင်းရာ ကောင်းကျိုး လုပ်ဆောင်နေတာကို လက်သီးပုန်း မထိုးစေချင်ဘူး …။
    မကျေနပ်တာ ရှိရင်လဲ အကျေအလည် ဆွေးနွေးကြတာပေါ့ ..
    စာမူရှင်ကို မျှော်နေပါတယ် …
    ကိုယ့်အလုပ် ကိုယ်လုပ်နေတဲ့ မှော်ဆရာ

Leave a Reply