We We ခေါ်တော့မယ်ဟဲလေး

littlekaungJuly 3, 20101min710

လတ်တလော အနေအထားမှာ အိမ်ထောင်ဦးစီး ဆိုတဲ့ အသိစိတ်ဓာတ် အပြင်၊ ဖခင်ကောင်း တစ်ယောက်ရဲ့ စိတ်တွေပါ ပြင်းထန် ရောယှက်နေတဲ့ အဆိုတော် ဟဲလေးအတွက် ဇနီးဖြစ်သူ မမြတ်သီရိလင်းက ကိုယ်အလေးချိန် (၅)ပေါင်၊ (၁၂)အောင်စ (2.6kg)ရှိတဲ့ သားဦးလေးကို (၂ဝ၁ဝ)ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ နံနက် (၁ဝ)နာရီ (၅ဝ)မိနစ်က အောင်မြင်စွာ မွေးဖွားသန့်စင် ပေးခဲ့ပါတယ်။ မွေးဖွားမယ့် Due Date ကို ဇွန်လ (၂၃)ရက်နေ့ကို သတ်မှတ် ထားခဲ့ကြပေမဲ့ (3cm)ခန့် သားအိမ် ပွင့်လာတာကြောင့် ပန်းလှိုင် ဆေးရုံကြီးသို့ တက်ရောက်ခဲ့ကြရပြီး (7)cm ပွင့်ချိန်ဖြစ်တဲ့ ဇွန်လ (၁၈)ရက်နေ့ နံနက်ပိုင်းမှာ မွေးဖွားခဲ့ကြတယ်လို့ သိရပါတယ်။
မီးယပ်နှင့်သားဖွား အထူးကု ဆရာဝန်ကြီး ဒေါက်တာ မေသူမျိုးညွန့်ကိုယ်တိုင် မွေးဖွားပေးခဲ့တာ ဖြစ်ပြီး သဘာဝအတိုင်း မွေးဖွားခဲ့ခြင်းကြောင့် မွေးဖွားချိန် (၄)နာရီကျော် ကြာမြင့်တဲ့ အကြောင်း မမြတ်သီရိလင်းက ပြောကြားခဲ့ပါတယ်။ နှစ်ဖက်အဘိုး၊ အဘွားများနဲ့ မိဘနှစ်ပါးက ” We We ”လို့ ချစ်စနိုးနဲ့ ခေါ်နေကြတဲ့ သားလေးရဲ့ နာမည်အရင်း ကိုတော့ အတည်ပြုဖို့ စဉ်းစားကြဦးမယ်လို့ ဆိုပါတယ်။
ပန်းလှိုင်ဆေးရုံကြီး၊ အခန်းအမှတ်(၁၁၁)မှာ ရက်သတ္တပတ်၊ တစ်ပတ်ခန့်နေထိုင်ကာ အနားယူသွားမှာ ဖြစ်ပြီး သားသားလေးရဲ့ ကျန်းမာရေးကိုတော့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာဘိုထွဋ်မှ ကြည့်ရှုစောင့်ရှောက် ပေးနေတယ်လို့ သိရပါတယ်။
အဖေတစ်ယောက်ဖြစ်သွားတဲ့အဆိုတော်ဟဲလေးရဲ့ စိတ်ခံစားချက်ကလည်း
”သားလေးရတော့ စိတ်ချမ်းသာသွားတယ်။ သားက မထင်မှတ်ပဲ စောစောမွေးသွားတယ်။ (၅)ရက် စောမွေးတယ်။ ရိုးရိုးမွေးမယ် ဆိုပြီး စာရင်းပေးတုန်း မိန်းမက ဗိုက်နာပြီး မွေးဖြစ်သွားတာ။ ဆရာမဆီ သွားပြတော့ ဆရာမက ဒီနေ့ဘဲမွေးရမယ် ဆိုပြီးတော့။ ထူးထူးခြားခြား သားလေးမွေးတဲ့ နေ့မှာပဲ ပြည်ပ Show ပွဲစဉ်လေးတွေလည်း လာခေါ်တယ်။ တခြား Show ပွဲစဉ်လေး ပွဲစဉ်လေးတွေလည်း လာငှားကြတယ်။ ခုနပြောသလိုပေါ့ လာဘ်ကောင်းတယ်။ ကျွန်တော့်သားက ကျွန်တော့်အတွက် လာဘ်ကောင်းတယ်ပေါ့။ ပြည်ပပွဲစဉ်က (၉)လပိုင်းမှာ မလေးရှားပွဲစဉ် အတွက် သားမွေးတဲ့နေ့က ဖုန်းဆက်လာတာလေ။ မိဘဖြစ်တော့ မိဘတွေအပေါ် ကိုယ်ချင်းစာ နိုင်လာတယ်။ အဓိက မိခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ အကြင်နာတရားလည်း နားလည်သွားပြီ။ အမေဗိုက်နာတဲ့ အချိန်တုန်းမှာ ကိုယ့်တုန်းက ဘယ်လို ခက်ခက်ခဲခဲ မွေးလိုက်ရသလဲ။ သားကိုမွေးခဲ့ရတာ ကျွန်တော် မြင်တွေ့နေတဲ့ အခါကျတော့ သူ့ရဲ့ နာကျင်တာတွေက မိခင်စိတ်ကြောင့် ပျောက်သွားခဲ့ရတယ် ဆိုတာ နားလည်သွားတယ်” လို့ ဆိုပါတယ်။
အဖေ့အတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာသလို အမေ့အတွက် ချစ်ခြင်းမေတ္တာတွေ တိုးပွားစေခဲ့တဲ့ သားလေးဝီဝီ (We We) ကျန်းမာ၊ ချမ်းသာပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ref;snapshot