နယ်နိမိတ်

Ko chogyiJuly 27, 20121min1096

Channel 7 ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်ဆိုတဲ့ အစီစဉ်လေးကို စောင့်ကြည့်ရင်းမေးခွန်းတွေမှာ ကမ်ဗောဒီးယားနိုင်ငံအကျယ်အဝန်း၊ အင်ဒိုနီးရှားနိုင်ငံအကျယ်အဝန်းစသည်ဖြင့် မေးခွန်းတွေမေးတာ တွေ့မိပါတယ်။ အဲဒါနဲ့ ကျွန်တော်တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ရာ အမိမြန်မာနိုင်ငံတော်ကြီးရဲ့ နယ်နိမိတ်အကျယ်အဝန်းအကြောင်း ရေးရရင်ကောင်းမယ်ဆိုပြီး စိတ်ကူးပေါ်လာတာနဲ့ ဟိုစာအုပ်ဆွဲထုတ်၊ ဒီစာအုပ်ဆွဲဖတ်ပြီး စာတစ်ပုဒ်ဖြစ်အောင် ရေးလိုက်မိပါတယ်။

သိပြီးသူများလည်းပြန်သတိရအောင်၊ မသိသေးရင်လဲမှတ်လို့ရအောင်၊ သိသလိုလို မသိသလိုလိုဆိုရင်လဲ သေချာသွားအောင် စေတနာနဲ့ပါ။ လိုအပ်တာ ပြင်ဆင်စရာ ရှိတာ၊ ဖြည့်စွက်ချင်တာရှိရင်း ဝိုင်းဝန်းကူညီကြပါ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ တိုင်းရင်းသားများ စုပေါင်းမှီတင်းနေထိုင်ရာ ကျွန်တော်တို့ နိုင်ငံတော်ကြီးဟာ မြောက်လတ်တီတွဒ် ၉ ဒီဂရီ ၃ဝ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁၀၁ ဒီဂရီ ၁၁ မိနစ်အကြားတွင် တည်ရှိနေပါသည်။ အာရှတိုက်အတွင်းတည်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည်လျှက်ရှိပါသည်။ အရှေ့တောင်အာရှ အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီး၏ အဓိကကုန်းမြေကို ပိုင်ဆိုင်ထားပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည် တရုတ်နိုင်ငံ၊ အိနိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်တည်ရှိနေပါသည်။  နိုင်ငံ၏ကုန်းမြေ တောင်နှင့်မြောက် အရှည် လျားဆုံးနေရာမှာ မိုင် ၁၂၇၅ ကျော်ရှိပြီး အရှေ့နှင့်အနောက် အကျယ်ဝန်းဆုံးနေရာမှာ ၅၂၈ မိုင်ခန့်ရှိသည်။ ဧရိယာစတုရန်းမိုင်အဖြစ် ၂၆၁၂၂၈ မိုင်ခန့်ရှိပါသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းမြေချင်းဆက်စပ်နေသောနေရာများတွင် တရုတ်နိုင်ငံနှင့် ၁၃၇ဝ မိုင်၊ အိနိယနိုင်ငံနှင့် ၈၃၂ မိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၆၈ မိုင်၊ လာအိုင်ငံနှင့် ၁၄၈ မိုင်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ၁၃၀ဝ မိုင်အသီးသီးဆက်စပ်လျှက်ရှိပါသည်။  စုစုပေါင်းကုန်းမြေနယ်နိမိတ်အရှည်မှာ ၃၈၂၈ မိုင်ဖြစ်ပါသည်။ ပင်လယ်ပြင် တွင် မြန်မာကမ်းရိုးတန်းသည်  ရှည်လျားဖြောင့်တန်းစွာ  တည်ရှိနေပြီး၊  နတ်မြစ်ဝမှ  မော်တင်စွန်းအထိ ၄၄၃ မိုင်၊  မော်တင်စွန်းမှ  မုတ်တမကွေ့သို့ ၂၇၂ မိုင်နှင့် မုတ်တမကွေ့မှ ကော့သောင်း ဘုရင့်နောင်အငူစွန်းအထိ ၆၇ဝ မိုင်ဖြစ်ကာ စုစုပေါင်း ကမ်းရိုးတန်းအရှည် ၁၃၈၅ မိုင်ခန့်ရှိပါသည်။ ထို့ကြောင့် အရှေ့တောင်အာရှနိုင်ငံ များတွင် ပင်လယ်ထွက်ပေါက်အကျယ်ဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

ထို့ကြောင့် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတပေါကြွယ်ဝလှသော စိမ်းလန်းဝေဖြာသည့် အမိနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲအောင် ပူးပေါင်း ပါဝင် စောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

6 comments

  • mamanoyar

    July 27, 2012 at 12:18 pm

    ဟုတ် မေ့နေတာလေးအချို့ ပြန်ပေါ်အောင်တင်ပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ရှင်

    • P chogyi

      July 27, 2012 at 12:26 pm

      နှစ်ခါပြန်ဝင်ပြီး အားပေးတဲ့အတွက်ကျေးဇူးပါ။

  • စိန်ဗိုက်ဗိုက်

    July 27, 2012 at 12:51 pm

    ဘာအခုမှ စိမ်းလန်းဝေဖြာသည့် အမိနိုင်ငံတော်ကြီး လာလုပ်ခိုင်းနေတာလဲ
    အကုန်တောင်ဂဒုံး ဖြစ်နေပြီ.ကုန်ပြီလေ
    မုန်တိုင်းကမွှေလိုက် ခရိုနီက ရောင်းလိုက်နဲ ့ နိုင်ငံသားတစ်ယောက်အနေနဲ ့ ဘာအသီးအပွင့်မှ မခံစားရဘူးလေ
    ဘာတွေ ကြွယ်ဝ နေတာတုန်း..
    ကျုပ်ဖြင့် ဆိုက်ကားသမားဘဝက မတက်သေးဘူး..
    သယံဇာတတွေ ကျုပ်တို ့လို ဆိုက်ကားသမားတွေ ခံစားခွင့် မစိဘူးလေ..
    (လိုရာဆွဲပေါသွားသည်..ဂိန်..ဂိန်..)

  • shwe kyi

    July 27, 2012 at 2:22 pm

    မေ့နေပြီ ဧရိယာတို့ အကျယ်အဝန်းတို့ကို အခုတော့ပြန်မှတ်သားသွားပါတယ်။
    လက်ရှိဧရိယာလျှော့မနေပါစေနဲ့လို့ပဲဆုတောင်းရတော့မှာပဲ။
    အူးဗိုက်မှန်တာတွေသိပ်မပြောနဲ့ အူဗိုက်ကမူးလေမှန်လေလားမသိပါဘူး ဟီးးးးးးးးး။

  • etone

    July 27, 2012 at 2:32 pm

    အမှန်တိုင်းပြောရလျှင် …အဲ့ဒီအကြောင်းရာတွေ အထက်တန်းပြီးကတည်းက မေ့ကုန်တာ .. အခုမှ မှတ်မိတယ်ဆိုရုံလေး ရေးတေးတေးနဲ့ ……. ဗဟုသုတအနေနဲ့ အခုလို ပြန်တင်ပေးတာ ကျေးဇူးပါဗျို့ …….. ။ ကော်ပီလုပ်ထားပါတယ် ။အလွတ်ကျက်ထားဖို့ပါ .. ဟီး 😛

  • နွယ်ပင်

    July 27, 2012 at 3:08 pm

    ဒီစာတွေ ကျောင်းသားဘဝ လွတ်ကတည်းက မေ့ထားလိုက်တာ ကြာနေပြီ
    အခုလို ပြန်ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါနော် ….

Leave a Reply