မှတ်သားစရာ ကျန်စေမယ့် ဇာတ်သဘင်..သို့

ဧရာ လႈိင္းJuly 28, 20121min1093

*အမှန်တွေ မြင်ရဖို့အတွက်

သံစဉ်တွေ ချိုပြနေဖို့ မလို။

တကယ်တော့……….

သံစဉ်ချိုချိုဟာ

မြင်လိုသူအတွက် မဟုတ်……..။

*အမှန်တွေ ကြားရဖို့အတွက်လည်း

အက်ရှင်ကားတွေကို ပြနေဖို့မလို။

တကယ်တော့……..

အက်ရှင်ကားဆိုတာ

ကြားလိုသူအတွက် မဟုတ်………။

*အနုအလှစုံလင်တဲ့

လူ့ဘဝ ဇာတ်စင်ပေါ်မှာတော့

မြင်ချင်ပါတယ်ဆိုကာမှ

သံစဉ်ချိုတွေ ဆိုချင်တတ်ကြတယ်၊

ကြားချင်ပါတယ်ဆိုကာမှ

မူအရာတွေပဲ ထွင်ကာ ပြကြတယ်။

*လူ့ဘဝဇာတ်စင် မြေပြင်မှာပေါ်မှာတော့

မြင်ချင်ပါလျက်နဲ့ မမြင်ရ

ကြားချင်ပါလျက်နဲ့ ကြားပိုင်ခွင့်မရကြတဲ့

ရွှေပွဲလာ ပရိတ်သတ်တွေဟာ

ဇာတ်စင်ရဲ့ အပြင်ဘက်

ပြေးထွက်ချင်နေသော်လည်း

ပေးခဲ့ရတဲ့ လက်မှတ်တန်ဖိုး

အတွေးထဲ ဝင်ဝင်တိုးလာတော့

ထွက်ဖို့အတွက် ခက်ရင်း

ဒီလိုနဲ့……. မိုးလင်းခဲ့…..။

*နောင်တစ်ခါ စင်ပေါ်တက်

တင်ဆက်မယ့် ဇာတ်ကတော့

မြင်ချင်တာကို ထင်အောင် ပြမယ်၊

ကြားချင်တာကိုကျတော့

နားဝင်အောင် ဆိုပြမှာပဲ…ဆိုတဲ့

မျှော်လင့်ချက်ကိုယ်စီနဲ့

ဇာတ်ရုံဆီ ချီတက်မိကြပြန်တယ်….။

*ဒီတစ်ခါ စင်ပေါ်တက်

တင်ဆက်တဲ့ ဇာတ်ဟာလည်း

ရှေးက တင်ဆက်ဖူးတဲ့ဇာတ်နဲ့

တစ်ကျောင်းထဲထွက် ဖြစ်ပြန်တော့

အဟောင်းဖြစ်တဲ့ ကကွက်တွေကိုပဲ

ထပ်ခါခါ နွဲပြနေလို့

အမှတ်မရှိတဲ့ ကိုယ့်အသည်းကို

ခွဲပစ်ချင်စိတ်ပေါင်းရင်း

ဒီလိုနဲ့ပဲ…… မိုးလင်းခဲ့ရပြန်တယ်……..။

*တကယ် တွက်ကြည့်ဖြစ်ရင်

ငွေကုန်ကာ အိပ်ရေးပျက်

အလုပ်ချိန်တွေကို ဖဲ့ဖဲ့ပြီး

နွဲခဲ့ရတဲ့ ဇာတ်သဘင်တွေ

ပေးခဲ့ရတဲ့ အင်အားတွေနဲ့

စတေးခဲ့ရတဲ့ ကာလတွေကို

တွက်ရေကာ စစ်ကြည့်တော့

ကိုယ့်အသက်ထက်တောင် ကြီးနေပါပေါ့…..။

*ဇာတ်သမားပြန်ရင်

မှတ်သားစရာ ကျန်စေရမယ်လို့

ဆိုထုံးတစ်ရပ် ရှိခဲ့ပေမယ့်

ကိုယ်ကြည့်ဖူးတဲ့ ဇာတ်သဘင်တွေကတော့

အမှတ်ထင်စရာ စကားအဖြစ်

နှလုံးသားမှာ ထုဆစ်ရိုက်နှိပ်ဖို့

မှတ်သားစရာ  ပုံရိပ်ကို

ခုထိ ဖွေရှာလို့ မရနိုင်ခဲ့ ……..။

*ကိုယ့်ရဲ့ညာဉ်ကို မဖြတ်နိုင်လို့

ဇာတ်သဘင် ဝင်ကြည့်ဖြစ်ခဲ့မယ်ဆိုရင်

အမှတ်ထင်ထင် ဖြစ်စေမယ့်

မှတ်သားတွေ ကျန်ရစ်ခဲ့ပါစေသား…ဟု

နှလုံးသားက ဆုတောင်းရင်း

နောင်လာမယ့် ဇာတ်သတင်းကို

စောင့်စားရင်း………. စောင့်စားရင်းနဲ့ပေါ့……..။

 

3 comments

  • mamanoyar

    July 28, 2012 at 9:08 am

    အားပေးသွားပါတယ်ရှင်

  • မောင်ပေ

    July 28, 2012 at 11:58 am

    ကိုဧရာလှိုင်းကဗျာကို ဖတ်ပြီး ဒီလိုလေးပြောချင်လို ့
    ““ဇါတ်သမားပြန်ရင်တော့
    သူ ့ဇါတ်ရုံဆောက်ခဲ့တဲ့နေရာတွေမှာ
    နေကြာစေ့ခွံ ၊ မက်မန်းသီးစေ့ ၊ ပြောင်းဖူးရိုး ၊ တစ်သျှူးစက္ကူ ၊ ပလက်စတစ်အိတ်ခွံများ ၊ ကွမ်းသွေးများ ၊ အီးပုံများ ကျန်ခဲ့တာ သေချာပေါက်ဖြစ်လို ့
    ပွဲတွေမှာ ဇါတ်ငှားပြီ ဟေ့ဆိုရင်
    အဲဒီပွဲကျင်းပမယ့် ရပ်ကွက်ရှိ
    အိမ်ရှင်များမှာ
    ဘယ်အိမ်ရှေ ့ ဇါတ်ရုံဆောက်မလဲ ဆိုတာကို
    မျက်ခုံးလှုပ်လျှက် ရှိပါကြောင်း””
    🙂

  • padonmar

    August 14, 2012 at 7:41 pm

    ဒေါက်ဒေါက်ဒေါက်
    ဧရာလှိုင်းရေ

    ဖိတ်စာပို့ပါတယ် (စာပို့သမားမအားလို့ နောက်ကျတာခွင့်လွှတ်ပါ)

    http://myanmargazette.net/143974
    http://myanmargazette.net/143981

    နှစ်သက်သူတွေရဲ့ မှတ်ချက်တွေဖတ်ပြီး ပီတိလေး ခံစားရဖို့ရယ်။
    အခြားသူတွေလည်း အလွယ်တကူဖတ်မိကြဖို့ ရည်ရွယ်ပါတယ်။

Leave a Reply