လွတ်မြောက်ခြင်းသာ အလိုရှိအပ်ဆုံး Liberation

ဒီလိုရှိတယ် ကိုယ့်ဆရာရဲ့။ လောကမှာ လွတ်မြောက်ခြင်းသည်သာ အလိုရှိအပ်ဆုံး။ ဘယ်လောက်ထိအောင် မှန်သလဲမေးရင် ပြောလိုက်မယ် ဗုဒ္ဓဝါဒရဲ့ ပန်းတိုင်ဟာ လွတ်မြောက်ခြင်းပဲဗျို့။ ဘုရားစကား ခဏထားလို့ လောကီရေးမှာကို ရှာဖွေကြ သင်အံကြတာ နိမ့်ကျမှု ဆင်းရဲမှုက လွတ်ချင်လို့ မဟုတ်လား။ ဒီလောက်ရရင် တော်ပါပြီ ဆိုတဲ့သူလည်း အဲဒီအောက် မကျချင်လို့ ရုန်းကန်ရတာပဲလေ။ ဒါနဲ့ပဲ ကိုယ်ရောက်နေရာဘဝ၊ ဖြစ်နေတဲ့ ရပ်တည်မှု ကန့်သတ် ပြဌာန်းချက်အောက် ပြားပြားဝပ်ကြရတယ်။ အခြေအနေ တခုရောက်သွားလို့ ငါတော့ လွတ်ပြီထင်ပေမဲ့ သူ့ထက်သူ လူစွမ်းကောင်း ဆရာ့ဆရာ သခင့်သခင်ကြီးများ ရှိနေသေးသဗျား။ လွတ်မြောက်ခြင်း စံထားပြောရင် ရထားတာနဲ့ ဘဝကို မဖြုန်းတီးထိုက်ဘူး။ တချို့လည်း ကံလေးကောင်းလို့ ဂျပန်အင်ပို့ ကိုဘေးနွားကင်ကြီး စားရတာနဲ့ ဇိမ်ယစ်နေတယ်၊ အဆုံးမတော့ ကိုဘေးနွားနဲ့သူ တလှည့်စီ စားတမ်းလုပ်နေတာ ဘဝပေါင်းများစွာ ကြာခဲ့ပေါ့။
ဘာသာတရားအကြောင်း ပြောတဲ့အခါ လွတ်မြောက်မှုထက် ငြိမ်းအေးမှု၊ လုံခြုံမှုအဖြစ် တင်စားပြောကြတယ်။ ဖန်ဆင်းရှင်အယူမှာတော့ ဟုတ်သယောင်ရှိတယ်။ သူတို့ အဓိကရည်မှန်းတာ ကောင်းကင်ဘုံ သို့မဟုတ် ဘုရားသခင်နဲ့ ပေါင်းစည်းနိုင်ရေးလေ။ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရေး၊ ဖြစ်ခြင်းပျက်ခြင်းမှ လွတ်မြောက်ရေး ဘယ်လိုပဲသုံးသုံး နောက်ဆုံးအဆင့်သည် ထာဝရတည်မြဲတယ်ဆိုတဲ့ ဖန်ဆင်းရှင်သာဖြစ်တယ်။ အဲဒီနေရာကိုပဲ အငြိမ်းအေး အလုံခြုံဆုံးအဖြစ် ဦးတည်ချက်ထားတယ်။ ဘာသာအယူ အားလုံးလိုလိုသည် ထာဝရဖန်ဆင်းရှင် တည်ရှိမှုကို တနည်းမဟုတ်တနည်း ယုံကြည်ကြတော့ ငြိမ်းအေးခြင်းအရသာ ကောင်းကင်ဘုံခံစားမှုသည် တပြေးညီ လက်ခံနိုင်လောက်တဲ့ အမြင်ဖြစ်လို့နေတယ်။ တခါ ဖန်ဆင်းရှင်အယူ လက်မခံတဲ့ ဗုဒ္ဓဝါဒမှာလည်း နိဗ္ဗာန်အရသာကို သန္တိသုခ ငြိမ်းအေးမှုအဖြစ် ပြဆိုထားတော့ စကားလုံးအားဖြင့် တူသယောင် ရှိနေပြန်တယ်။
နတ်ပြည်လည်း ဒီလိုပဲ၊ ကုသိုလ်လုပ် စိတ်ကောင်းမွေးရင် ခရစ်ယာန်လည်း အိန်ဂျယ်လ်ဖြစ်၊ မွတ်စလင်လည်း ကောင်းကင်ဘုံရောက်၊ ဗုဒ္ဓဘာသာလည်း နတ်ပြည်သွားဆိုတော့ အားလုံးတူကုန်တာပေါ့။ ငါတို့နတ်ပြည်က ခြောက်ထပ်ရှိတယ်နဲ့ အသေးစိတ်နေလို့ မဖြစ်ဘူးလေ။ လူဆိုတာ ကိုယ်နဲ့နှိုင်းပြု ခံစားတတ်တာ ဓမ္မတာပဲ။ နောက်ပိုင်းတော့ ဘာသာတရား အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ချက်များ ပိုမိုကျယ်ပြန့်လာတယ်၊ ရှေးယခင်လို ဝိညာဉ်၊နာမ်ပိုင်း သာမက ရုပ်ပိုင်းသီးသန့် အတွေးအခေါ်လည်း အယူဝါဒခေါင်းစဉ်အောက် ပါဝင်လာတယ်။ လူမျိုး အယူဝါဒ ယဉ်ကျေးမှုပေါင်းစုံလာတဲ့ ခေတ်သစ်ကမာ္ဘမှာ ဘာသာတရားများဟာ ဆုံချက်တခုဆီသို့ တွန်းပို့ခံလာရတယ်။ ဥပမာ – ဘုရားတွေအားလုံး အတူတူပဲ၊ နိဗ္ဗာန် ကောင်းကင်ဘုံဆိုတာ အေးငြိမ်းမှု..။
ယနေ့ခေတ် ဖီလော်ဆော်ဖီ အတွေးအခေါ် ဘာသာရပ်များဖခင် ပလေတို၊ ဆိုကရေးတီးတို့လည်း ဖန်ဆင်းရှင် အယူအောက် ကြီးပြင်းခဲ့တယ်။ သိပ္ပံပညာတောင် အစပိုင်း သီးခြားမဟုတ်ဘဲ ဖီလော်ဆော်ဖီနဲ့ တွဲဖက်ကြီးပြင်း လာရတယ်။ စတြာဝဠာကို ဘုရားဖန်ဆင်းထားပြီး လျှို့ဝှက်ချက် ဖော်ထုတ်နိုင်ရင် ဘုရားကိုတွေ့မယ်ဆိုတဲ့ မျှော်လင့်ချက်ကနေ ရူပဗေဒ၊ ဓာဓုဗေဒ သိပ္ပံဘာသာရပ်များ ထွန်းကားလာပြီး အပြန်အလှန် အမှီသဟဲပြုနေ၊ အစီအစဉ်တကျ ဖြစ်နေတဲ့ လောကဓာတ်သဘာဝ အသုံးချတတ်လာတယ်၊ ပြုလုပ်ဖန်ဆင်းခြင်း အယူဝါဒမှ ခွဲထွက်ပြီး လူသားဝါဒ၊ ရုပ်ဝါဒ အနောက်ကမာ္ဘမှာ အားကောင်းလာတယ်။ ကိုလိုနီဘဝ လွတ်မြောက်လာတဲ့ အရှေ့တိုင်းမှာလည်း မိရိုးဖလာ အတွေးအခေါ်များ ပစ်ပယ်ကာ ကူမြူနစ်ဇင်၊ ဆိုရှယ်လစ်ဇင် နိုင်ငံရေးစနစ်နဲ့ ပစ္စုပ္ပန်ကမ္မဝါဒလို ဘာသာရေး အယူအဆအသစ်များ ပေါ်ထွက်လာတယ်။ လူ့သမိုင်းကို ပြန်ကြည့်လိုက်ရင် အသစ်အဟောင်း အားပြိုင်မှု ခေတ်တိုင်းမှာရှိတယ်။ ဒါနဲ့ပဲ အင်ပါယာကြီးများ ပြိုလဲကြ၊ အသစ်အသစ်များ အစားထိုး ဝင်ရောက်လာတယ်။
အထက်မှာ ပြောခဲ့တာကိုပဲ ထိန်းချုပ်ခြင်းနဲ့ လွတ်လပ်ခြင်း ဆန့်ကျင်ဖက် ဂုဏ်သတ္တိနှစ်ခု အားပြိုင်ခြင်းလို့ မြင်ကြည့်ပါအုံး။ လူသားအစဘဝမှာ ထိန်းချုပ်ခံရမှု မရှိ လွတ်လွတ်လပ်လပ်ကြီး နေထိုင်ရှင်သန်ခဲ့ကြတယ်၊ တချိန်မှာ စည်းမျဉ်းကလနား ဥပဒေသတွေနဲ့ ဟိုဟာမလုပ်ရ၊ ဒီလိုလုပ်၊ မလိုက်နာရင် အနှိပ်ကွပ်ခံရတယ်။ ဒီလိုနဲ့ တည်မြဲလာလိုက်တာ အထက်မှအောက်ချပေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာတယ်။ သိပ်တင်းကြပ်ပြီး မညီမျှမှု များလွန်းလာတော့ လွတ်လပ်မှုကို ရှာဖွေတယ်။ အပြောသာရှိ လက်တွေ့မပါ သီအိုရီများကို ပစ်ပယ်ပြီး ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရာ တမ်းတလာကြတယ်။ လူတိုင်း စွန့်ရဲတာတော့ မဟုတ်ဘူး၊ အများစုက မလုပ်မရှုပ်မပြုတ်၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိ လက်ခံတယ်။ ပြန်လှန်တွေးခေါ်ဖို့ မကြောက်တဲ့ လစ်ဘရယ် လူတန်းစားက အငြိမ်မနေဘူး။ ခြောက်လို့မကြောက်၊ ချော့လို့မပျော့၊ ပညာတတ်တယ်၊ သတိ္တရှိ(မိုက်ရဲ)တယ်၊ ဆင်ခြင်တုံနဲ့ ပြည့်စုံတယ်။အဟုတ်ထင်တော့ ဖားပြုတ်ဝင်တယ်။
ဗုဒ္ဓဝါဒ လွတ်မြောက်ခြင်းလို့ မြင်ကြည့်ပါ။ ဘယ်ကနေ လွတ်မြောက်ရမှာလဲ။ ဒုက္ခဝဋ်ဆင်းရဲ သံသရာ အဝိဇ္ဇာ မသိမှု ဒါတွေရှုပ်တယ်၊ စာလိုရှင်းတော့ ပညတ်စည်းဘောင် ပိုများလာမယ်။ အထူးသဖြင့် အနောက်တိုင်းမှာ ကန့်သတ်ချက်တွေကို သီးမခံနိုင်လို့ ထွက်ပေါက်ရှာတယ်ဆိုမှ နောက်တက်တဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ နေမှာပေါ့။ ခေါင်ချုပ်တချက်လေးပဲ မှတ်ထားလိုက်၊ တဦးတယောက် တစုံတခု အဟုတ်ထင် ဆုပ်ကိုင်ထားမှုကို စွန့်လွှတ်ပါ။ ၂ဝရာစု ရူပဗေဒပညာရှင်များ ထုတ်ပြန်ခဲ့တဲ့ အမ်စတာဒမ် ကြေငြာစာတမ်းမှာ (Amsterdam Interpretation) မြေပုံသတ်မှတ်ချက်ဆိုတာ တကယ့်ကမာ္ဘကြီးမဟုတ်လို့ အတိအလင်း ချပြခဲ့တယ် (ဝါ) ပညတ်သည် ပရမတ်မဟုတ်၊ ဘွဲ့လက်မှတ်သည် တကယ်တတ်ကျွမ်းမှုကို အာမ မခံဘူး။ ဒါပဲ ညာပဲ စွဲတော့ အနတ္တမှ အတ္တဖြစ်တယ်၊ တခုခုကို အတည်ယူ လက်ခံလိုက်ရင် ဖွင့်ထားတဲ့ တံခါးပေါက် ပိတ်ပစ်လိုက်တာနဲ့ အတူတူပဲ။ ဖြစ်ရမည့် အသိညဏ်ဆုံး၊ ထင်တလုံးနဲ့ နွားခြေရာခွက်ထဲက ဖားသူငယ် ဖြစ်တတ်တယ်။
အတည်ယူ ဆုပ်ကိုင်ခြင်း မပြုတဲ့အခါ လွတ်သလားဆိုရင် ပုထုဇဉ်ပဲဟာ ဒီတခုလွှတ် နောက်တခု ဝင်နေမှာပဲ။ သို့သော် ကိုယ်ရထားလေးနဲ့ ပိတ်လှောင်မနေဘူး၊ သူ့အဆင့်အလိုက် လွတ်မြောက်သွားတယ်။ အစစ်အမှန် လွတ်မြောက်ခြင်းကို တကယ်ကြုံတွေ့သူသာ ခံစားသိနိုင်ပြီး ပညတ်စကားလုံးများနဲ့ ဖော်ပြလို့ရကောင်းတဲ့ အရာမဟုတ်ဘူး။ ကြံဖန်ပြောကြေးဆိုရင်တော့ ပညတ်အသိ သိနေသ၍ အဆုံးစွန် မလွတ်မြောက်သေးဘူး။ နက်နက်ရှိုင်းရှိုင်း သိချင်ရင်တော့ သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ (ဆူနမီဆရာတော်) အသံဖိုင်များ နာကြည့်ပါ။ http://realenlightenment.multiply.com/ နာတဲ့အခါလည်း အစွဲကင်းကင်းနာပါ။ စွဲနေတာ ပြသနာမဟုတ်ဘဲ အစွဲမဖြုတ်နိုင်တာသာ ပြသနာဖြစ်ပါတယ်။
အရှိမှတ်တော့ ဘာဖြစ်သလဲ၊ ကပ်ညိတယ် တွယ်တာတယ် မလွတ်မြောက်ဘူး။ ဒီနေရာမှာ သဘာဝရိပ်သာက ကမ္မဌာန်း ဆရာမလေး မချစ်မြတ်နိုး ဟောတဲ့စကားတခွန်း နာရတဲ့အခါ စိတ်ထဲ လှုပ်လှုပ်ရှားရှား ဖြစ်မိတယ်။ သိပြီးသား ထင်ရပေမဲ့ ပုဂ္ဂိုလ်ခင်မှ တရားမင် ကိုယ်ကြည်ညိုနှစ်သက်တဲ့သူ ဖြစ်တဲ့အခါ နားဝင် လွယ်တယ်။ ဆရာမပြောတာ အခုအချိန်ကို တဆုံးမှတ်ပါ၊ အချိန်အပိုင်းအခြား လုပ်မနေနဲ့။ ပစ္စုပ္ပန်ဆတ်ဆတ် တဆုံးလုပ်။ အဓိဌာန်၊ အားထုတ်မှု၊ ဆင်ခြင်တုံ ပယ်ခိုင်းတယ် အထင်မမှားနဲ့။ ဟိုဟာတွေက မဟာဗျူဟာ၊ အခုပြောတာ ဖီးလ်ဒ်ထဲမှာသုံးတဲ့ နည်းဗျူဟ။ သမာဓိတည်နေစဉ် လက်ရှိတခဏသည် အဆုံးဆိုတာနဲ့ တဒင်္ဂခံစားမှုကို လွှတ်ချလိုက်။ အကျိုးအကြောင်းတိုက်ဆိုင်တဲ့အခါ လွတ်မြောက်ခြင်း အရသာ ကိုယ်တွေ့ကြုံလိမ့်မယ်။ အဲဒါ အစစ်လားဆိုတော့ ဟုတ်သေးဘူး၊ သို့သော် ဆိုလိုရင်းကို ရိပ်စားမိလိမ့်မယ်။
အပြောလွယ်ပေမဲ့ အလုပ်ခက်၊ သိယုံနဲ့မပြီး လက်တွေ့ပါရမယ်၊ နို့မို့ရင် မိုးဗျားပုဂ္ဂိုလ်တွေလို ပါးစပ်မှာတင် ကိလေသာ လမ်းဆုံးမယ်။ ခရီးဝေးပေမဲ့ နည်းမှန်တဲ့အခါ လမ်းဆုံးရင် ရွာတွေ့ဖို့ပဲရှိတယ်။ တရားမှတ်တဲ့အခါ နှလုံးသွင်းမှန်ဖို့ အရေးအကြီးဆုံး။ ဆရာမပြောတာ သိပ်မှန်တယ်။ သုံးနာရီ အဓိဌာန် စွဲလိုက်ရင် ထိုင်ပေတော့ သုံးနာရီ၊ ပြီးသလား ဆိုတော့ မပြီးဘူး၊ နောင်လည်း သုံးနာရီပေါင်းများစွာ…။ ခုနှစ်ရက်ဆိုရင် ဝင်ပေအုံးတော့ ခုနှစ်ရက်ပေါင်းများစွာ…။ ဒီလိုပဲ ပဋိစသမုပ္ပ စက်ဝန်းကို တရားမှတ်ရင်၊ ဝင်လေထွက်လေကို အစစ်မှတ်ရင်၊ ဖြစ်ပျက် အဟုတ်ထင်ရင်၊ ထိုင်တယ် ထတယ် ညောင်းတယ် နာတယ် ပူတယ် အေးတယ်ကို လွတ်ပြီမှတ်ရင် အစွဲ မကျွတ်သ၍ မှတ်ပေအုံးတော့ ဘဝပေါင်း သံသရာပေါင်းများစွာ……….. (ညဏ်နဲ့ဖတ်နော်၊ မျက်လုံးနဲ့ မဖတ်ကြေး။)

11 comments

  • မောင်ပေ

    July 28, 2012 at 9:20 am

    လောလောဆယ်တော့
    နားလည်သလောက် မှတ်သွားပါတယ်
    သာဓု သုံးကြိမ်လဲခေါ်ဆိုပါတယ် ဆြာကြောင်
    +1

  • Gipsy

    July 28, 2012 at 9:52 am

    အဟီး ကျုပ်လဲ ကိုပေ့လိုပါ .. နားလည်သလောက် ဟိုတစ ဒီတစ ရွေးဖတ်သွားပါတယ်..
    ပိုပီး နားလည်အောင် နောက်တစ်ကြိမ်လာ ဖတ်ပါဦးမယ် …။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 28, 2012 at 10:01 am

    ဆယာကြောင်ကြီး
    ကျုပ်လည်း ဘီယာမူးပြီးအိပ်ပျော်သွားတာကို
    ဝိမုတ္တိ လို့ အမှတ်ထားဘူးတာလေး မှားကြောင်း ဝန်ချတောင်းပန်ပါတယ်ဗျာ

  • Wow

    July 28, 2012 at 11:08 am

    ဒီနှစ်သင်္ကြန်တော့ လက်တွေ့တရားစခန်းဝင် သိအောင်အားထုတ်ကြည့်ဦးမယ် ဦးကြောင်ရေ…

  • အလင်းဆက်

    July 28, 2012 at 7:14 pm

    လွတ်လပ်သော..ဘာသားတရား….ကို..ကိုးကားသွားတယ်..ဆိုတော့.ကျေးဇူးပါ ။

    ဦးကြောင်ရဲ ့….အစိုကို… ထောက်ခံပါတယ်…ခညားးးးးးးးးးးးးးးး

  • Moe Z

    July 29, 2012 at 3:54 pm

    လက်မထောင်သွားပါတယ်ဦးကြောင် ..
    သာဓု .. သုံးကြိမ်ပါဗျို့ ..

  • မဟာရာဇာ အံစာတုံး

    July 29, 2012 at 4:54 pm

    ဦးကြောင်ကြီးရေ ..
    လူငယ် စကားနဲ့ ပြောရရင်
    ရေးထားတာ ရေလည် လန်းတယ်ဗျာ …

    ကျနော့် ဆရာကြီးကတော့ဖြင့် အမြဲ ပြောဖူးတယ်ဗျ ..
    Practice more and more, your mistake will be lesser and lesser …
    လေ့ကျင့်မှု များလေလေ၊ အမှား နည်းလေလေပဲတဲ့ ခင်ဗျ ..

    လွတ်မြောက်ဖို့အတွက် အစွဲတွေ ချွတ်ရမယ် ..
    အစွဲတွေ ချွတ်တဲ့အခါ မှန်ကန်တဲ့ အစွဲချွတ်နည်းတွေကို လေ့ကျင့်ရမယ် ..
    တဖြည်းဖြည်း လေ့ကျင့်လာတဲ့အခါ တဖြည်းဖြည်း ကျွတ်သွားလိမ့်မယ်ပေါ့ဗျာ …
    ဒါဘဲ ပြောတတ်တယ် …. 😀

    • အရီးခင်လတ်

      July 29, 2012 at 11:59 pm

      “Remember that I practise what I preach!
      ဗိုလ်ချုပ်အောင်ဆန်း ပြောလေ့ရှိတဲ့ စကားပါတဲ့။
      ဘာမှတော့ မဆိုင်ပါဘူးလေ။
      မောင်အံ က အပေါ်မှာ ဘိုလို တီးထားတော့ လိုက်ပြောကြည့်တာ။
      ဒီနေ့ ခေတ် တရားပြ နေသူ တွေ စဉ်းစားဖို့။

      ကျွန်မ ကတော့ အနီ တွေ စမြင်နေပြီ မို့ နီ တာ ကို နီတာ လို့ဘဲ မြင်ပြီး အစွဲမရှိ ကြောင်းလေး။
      😀

  • ကိုရင်စည်သူ

    July 29, 2012 at 5:28 pm

    ငါးကင်ကိုမရှာ…
    မဂ္ဂင်ကိုရှာနေတဲ့
    ကိုကြောင်ကြီးတော့ တရားမှတ်ပုံလေး ပြောထားတာ သဘောကျသဗျာ… ၁ကယ်ပါ.. အTပါဗျာ..
    (သူဒါလေးလည်းရပါ့…)
    ကိုရင်အစွဲကလည်း လူကိုခင်မှ တရားကို မင်တတ်တာမို့…
    လက်မထောင်ပြီး သာဓုသုံးကြိမ်ခေါ်သွားသူလေးများ
    မိုးတွင်းကြီးမှာ တရားချလိုက်ရင် ကိုရင်စည် တခါတည်းများ
    ကိလေသာတွေကုန်သွားမလားမတိဖူး… 😳 😳

Leave a Reply