ဆွမ်းဦးပုညရှင် စေတီတော်သမိုင်းကို နှစ်ခါတောင်မေးတာ တွေ့လို့  မိတ်ဆွေတွေ သိပ်သိချင်နေတယ် ထင်လို့ ကျနော်သိသမျှ ပြောပြလိုက်ပါတယ်။ ကျနော် ရေးခဲ့ဖူးတဲ့ မွန်ဂိုတွေနဲ့ မြန်မာတွေ တိုက်ခိုက်တဲ့ စစ်ပွဲကို ဦးစီးတဲ့ ရှမ်းဗမာမင်းကြီး ပင်းယသီဟသူလက်ထက် မှာတည်ခဲ့တာပါ။ အဆို ၂ ခုဖတ်ဖူးပါတယ်။ အနော်ရထာမင်းကြီး ကွမ်းခွက်တော်မှာ ထည့်ပြီး ကိုးကွယ်ခဲ့တဲ့ ဘုရားရှင်ရဲ့ ဓတ်တော် ၇ဆူအနက် ၅ဆူကို ကောင်းမှုတော် ရွှေစည်းခုံဘုရားတွင် ဌာပနာတော်မူတယ်။ ကျန် ၂ဆူကို ပုညအမတ်ကြီးက စစ်ကိုင်းပုညရှင်ဘုရား တည်ပြီး ဌာပနာပါတယ်။ ဒါက ပထမအဆိုပါ။

နောက်ထပ်တွေ့တဲ့ အဆိုက ပင်းယသီဟသူမင်းကြီး လက်ထက်မှာ သီဟိုဋ္ဌ်ကုလားတို့သည် ပြည်ရွာပျက်ပြားစေခြင်းဌာ ကွမ်းလောင်း ကွမ်းခွက်တွင် မွေတော် ဓတ်တော်တို့ကို ဌာပနာပြီးလျှင် ဆက်သလိုက်၏။ မင်းကြီးလည်း ပညာရှိတို့ကို တိုင်ပင်ပြီး မယုံကြည်သောကြောင့် ကွမ်းလောင်း ကွမ်းခွက်တို့ကို ပန်းထိမ်သည် ငစိန်သင်ကို ဖျက်စီးစေသည်။ ညတွင် ပန်းထိမ်သည် ငစိန်သင်အိမ်တွင် တူတွင်တဆူ ပေတွင်တဆူ ကွမ်းလောင်းမှထွက်၍ ကိန်းဝပ်တော်မူပြီးလျှင် အရောင်ခြောက်ပါးနှင့်တကွ တထိန်ထိန် ပြာဋိဟာကို ပြတော်မူ၍ တအိမ်လုံး လင်းထိန်နေလေသည်။ ပန်းထိမ်သည် ငစိန်သင်လည်း ကြောက်ရွံ့လှသောကြောင့် တူပေတန်ဆာ တို့ကိုယူပြီးလျှင် ညဉ့်ချင်း စစ်ကိုင်းဘက်သို့ကူး၍  အသင်္ခယာစောယွမ်း၏ အမတ်ကြီးပုညအား မွေတော်ဓတ်မြတ်၏ အကြောင်းကို ပြောပြလေသည်။(အသင်္ခယာစောယွမ်းသည် ပင်းယသီဟသူ၏ နောင်တော်ဖြစ်သည်။)

ပုညအမတ်ကြီးနှင့် ပန်းထိမ်သည် ငစိန်သင်တို့လည်း အခြားလူတို့ကို မသိစေရပဲ နာဂဒတ္တတောင် သီရိဓမ္မာသောကမင်းကြီးတည်သော စေတီနားတွင် စေတီတည်ထား ကိုးကွယ်လေသည်။ နတ်တို့ ကူညီသောကြောင့် စေတီလည်း နေ့ချင်းပြီး ပြည့်စုံလျှင် ပုညအမတ်ကြီးနှင့် ပန်းထိမ်ဆရာ ငစိန်သင်တို့လည်း ရေစက်သွန်းချသောကြောင့် ခပ်သိမ်းသော လူနတ်တို့ သာဓုအနုမောဒနာ ပြုကြလေသည်။

ဇေယျာပူရမြို့ ထီးနန်းတည်ဘုရင် အသင်္ခယာစောယွမ်းကြားလျှင် ငါဘုရင် ဖြစ်ပါလျှက် ငါ့အမတ်ကြီးသည် ငါ့ကို မတင်မလျှောက် ငါလည်းမသိရ ငါကုသိုလ်မပါရသလော ဟုစိတ်နှလုံးမသာ အမျက်ထွက်ပြီး ပုညအမတ်ကြီးနဲ့ ပန်းထိမ်ဆရာ ငစိန်သင်ကို ရေတွင်စိမ်စေပါတယ်။(စာထဲမှာ ရေစိမ်တယ်လို့ပဲ ပါပါတယ်။ ရေနှစ်သတ်တာ မဟုတ်ပါဘူး။ ဒဏ်ပေးတဲ့ သဘောဖြစ်ပါလိမ့်မယ်။)

ဘုရားရှင်၏ တန်ခိုးတော်ကြောင့် ရေတွင်စိမ်သောအခါ အမတ်ကြီးနဲ့ ပန်းထိမ်ဆရာကို ရေမစွပ် ရေတို့ဝိုင်းပြီးနေသောကြောင့် ယခုထက်တိုင် ရေဝန်းအရပ်လို့ ခေါ်တယ်လို့ စာထဲမှာ ဖတ်ဖူးပါတယ်။ ထိုအချိန်မှစပြီး ပုညအမတ်ကြီး စေတီတည်ထား ကိုးကွယ်သောကြောင့် ပုညရှင်တောင်နဲ့ ပုညရှင်စေတီလို့ ခေါ်တယ်လို့ သိရပါတယ်။ မြန်မာသက္ကရာဇ် ၆၇၄ မှာပုညရှင်စေတီကို တည်ထားကိုးကွယ်တယ်လို့ သိရပါတယ်။

တေးထပ်တခုထဲမှာ “ဝါဦးပုဏ္ဏိန် ခါသမယ၌ ဇေယျာပူရ ပြည်သားပြည်သူ ဆွမ်းဦးစကပ်လှူ ပုညရှင်ဟု သမိုင်းထူသည် ဘွဲ့တော်မွေးကြူသင်းပြန့် လှပါသလေး” လို့ဖတ်ဖူးတာမို့ စစ်ကိုင်းသူ စစ်ကိုင်းသားတွေက စပြီး ဆွမ်းဦးကပ်လှူရာမှ ဆွမ်းဦးပုညရှင်လို့ အမည်တွင်ခဲ့ပါကြောင်း။

(ကိုပေါက် ဓတ်ပုံလေးတွေကို ကြည့်ပြီး ရေးကြည့်လိုက်တာပါ။ ဒီပို့စ်လေးဟာ ကြည်ညိုစိတ်ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါ။ စာထဲမှာ ဖတ်ဖူးတဲ့အတိုင်း ဘုရားသမိုင်းကို ရေးပေးလိုက်ပါတယ်။ မယုံကြည်သူ အတွေးအခေါ် ပညာရှင်များက မိမိမယုံကြည်လျှင်နေပါ။ မိမိကို မထိခိုက်ပဲ သူများ ကြည်ညိုသဒ္ဓါကို မဝေဖန်ပါနှင့်။ သတိပေးခြင်းပါ။ ဝေဖန်ပါက ကျုပ်ပါးစပ်နဲ့ တွေ့မည် ဟဲ ဟဲ။)

About San Hla Gyi

San Hla Gyi has written 21 post in this Website..