တေးသီငှက် ပြိုင်ပွဲဝင် ဒုတိယဆုရ အချစ်ကဗျာ

အချစ်အစ အလွမ်းနိဂုံး

(၁)

မျက်ဝန်းတွေဖြင့် အစပျိုးခဲ့တဲ့ မျိုးစေ့

ငါ့အသည်းနှလုံး အချစ်ပန်းပင်လေး

မင်းကြောင့်… ဖူးပွင့်ဝေဆာ ရှင်သန်ထမြောက်ခဲ့…

စစ်မှန်သော ချစ်ခြင်းမေတ္တာက ရာနှုန်းပြည့်ပါပဲ

ရင်အုပ်မကွာ သားပိုက်ကောင်လို စောင့်ရှောက်ချင်မိ

`တကယ်… ချစ်ခဲ့တယ်´

(၂)

`စဉ်းစားအုံးမယ်…´

ဒီစကား ငါ့နားပေါ် သစ်ရွက်ကြွေ ခြွေချ

ပထမဆုံး အလံဖြူနဲ့တင် ဒီကောင် လက်ခမောင်းခတ်နေပြီ။

စိတ်ထဲမှာတော့ ကြယ်နက္ခတ်စုံလိုက်တာ…

(၃)

တိုးတိုးရှတတအသံလေး

`ချစ်တယ်´ တဲ့…

မင်းနှုတ်ခမ်းဖျား ဂီတသံစဉ် တုန်ယင်လှုပ်ခတ်

ဟာမိုနီ သိပ်မပြင်းပေမဲ့…

ရင်ထဲမှာ အပျော်ကြိုးတွေ ထ `က´

ငါ့ဂီတာလေး အသက်ဝင်လာတယ်။

(၄)

ငါတို့နှစ်ယောက် စင်ရော်လို လေဆန်ပျံတက်

ငါတို့နှစ်ယောက် လင်းပိုင်လို ရေထဲကူးခတ်

ငါတို့နှစ်ယောက် ခြင်္သေ့လို ကုန်းပေါ်ကျင်လည်

လင်းတလှည့် မှိန်တလှည့် မနက်/ညဆိုတာ

တူနှစ်ကိုယ်အတွက် လျှပ်ပြက်သလို ရက်တိုတယ်။

(၅)

သချာင်္ပါမောက္ခမလေးရဲ့ ဈေးကွက်သီအိုရီအရ

`ကျွန်မဘဝတိုးတက်မှုအတွက် ရှင့်အချစ်က အလကားပဲ´

မှောင်…မှောင်…မှောင်လိုက်တာ

သစ်ပုတ်ပင်အောက် နေဝင်ချိန်က မြန်လွန်းတယ်။

(၆)

မတောင့်တတော့ပါဘူး။

ရေထဲကျသွားတဲ့ ကျောက်ခဲလိုမျိုး

ပြန်ပေါ်လာဖို့ ဆုတောင်းရင် ငါပဲ မောရမယ်။

(ဒါပေမယ့်…)

လမ်းခွဲချိန်ကြောင့် ငြိမ်သက်ဖို့ မလွယ်တဲ့

အလွမ်းဝဲဂယက်ထဲ…

ငါ့နှလုံးသားက ဗဟိုမှာ တွင်းနက်တူးတယ်။

(၇)

ငါ့ကို မခြောက်လှန့်ပါနဲ့…တစ္ဆေမလေးရယ်

မင်းအတွက် အက်ဒွပ်ဘုရင်လို ထီးနန်းစွန့်ခဲ့တယ်

ဗင်းဆင့်ဗန်ဂိုးလို နားရွက်ဖြတ်ခဲ့တယ်

မင်းခြေဖဝါးအောက် ယောက်ျားမာနချခင်း

ရူးခဲ့/မိုက်ခဲ/ရှုံးခဲ့ဖူးတာတောင်

မလုံလောက်သေးဘူးလား။

(၈)

ဒဏ္ဍာရီထဲက ရှင်မွေးလွန်းနဲ့ မင်းနန္ဒာ မဟုတ်ဘူး။

ရှိတ်စပီးယားပြဇာတ်ထဲက ရိုမီယိုနဲ့ ဂျူးလိယက် မဟုတ်ဘူး။

သမိုင်းမတွင်ခဲ့တဲ့ ခပ်ညံ့ညံ့ ဇာတ်ကောင်ပါ။

ချစ်သူအတွက် သေဝံ့/သတ်ဝံ့ပေမဲ့

သူမက အခွင့်အရေးမပေးခဲ့လေတော့…

ငါဟာ ကိုယ့်အမြီး ကိုယ်ပြန်မျိုတဲ့ မြွေပဲဖြစ်တယ်။

(၉)

အတိတ်မီးခိုးငွေ့များ ပစ္စုပ္ပန်အား ယှက်သမ်းမွှန်ထူစေခဲ့…

ငါ… အောက်စီဂျင်ငတ်တယ်။

အသက်ရှူကျပ်တဲ့ အနာဂတ်ခြေလှမ်းဟာ

အားအင်ကုန်ခမ်းနေမှာပဲ

ဒီအတိုင်းဆို `ငါ´ အသေမဖြောင့်နိုင်ဘူး။

စေပိုင်ထွဋ်(ပုသိမ်)

(ကျွန်တော်ရေးထားတဲ့ တေးသီငှက်ဆိုဒ်မှ ပြိုင်ပွဲဝင်ဖြစ်သော (အချစ်အစအလွမ်းနိဂုံး) ခေါင်းစဉ်အောက်က အချစ်ကဗျာအမျိုးအစားလေးပါ။ အခု ကျွန်တော် အဲ့ဒီမှာ ဒုတိယဆုရသဖြင့် ဒီမှာလည်း မတင်ရသေးသော အသစ်ဖြစ်သောကြာင့် ပြန်လည်ဝေမျှအပ်ပါသည်။)

အားလုံးပျှော်ရွှင်ကြပါစေ….

6 comments

  • စိန်ဗိုက်ဗိုက်

    July 28, 2012 at 4:23 pm

    ဒုတိယ ဆုရ ကဗျာကို
    ပထမဆုံး ဝင်အားပေးလိုက်တယ်..
    ဗဲဒီးဂွတ်

    • စေပိုင်ထွဋ် (ပုသိမ်)

      August 1, 2012 at 4:32 pm

      ဘဲမရော မဂွဒ်ဘူးလား
      😛

  • အလင်းဆက်

    July 28, 2012 at 7:05 pm

    နံပါတ် ရ အပိုဒ်ကို အကြိုက်ဆုူံးပဲ..။

    ပျောက်ချက်သားကောင်းနေတာကနေ…အခုမှ ပြန်တွေ ့ရတော့တယ်..ကိုပိုင် ။
    ကျွန်တော်..က ကိုပိုင့် စာတွေကို လွမ်း..နေတာဗျ .

    • စေပိုင်ထွဋ် (ပုသိမ်)

      August 1, 2012 at 4:34 pm

      ဟုတ်ကဲ့ ကိုအလင်းဆက်ရ…
      ဖေ့ဘုတ်စ်မှာပဲ ကျောက်ချဖြစ်နေလို့ပါ
      ခုပြန်လာပါပြီခင်ဗျ။

  • မဟာရာဇာ အံစာတုံး

    August 1, 2012 at 8:28 pm

    ကဗျာက
    အရမ်းကောင်းတယ်ဗျာ …
    ဒီအပိုဒ်လေးကို အကြိုက်ဆုံးပဲဗျို့ …

    ဒဏ္ဍာရီထဲက ရှင်မွေးလွန်းနဲ့ မင်းနန္ဒာ မဟုတ်ဘူး။
    ရှိတ်စပီးယားပြဇာတ်ထဲက ရိုမီယိုနဲ့ ဂျူးလိယက် မဟုတ်ဘူး။
    သမိုင်းမတွင်ခဲ့တဲ့ ခပ်ညံ့ညံ့ ဇာတ်ကောင်ပါ။
    ချစ်သူအတွက် သေဝံ့/သတ်ဝံ့ပေမဲ့
    သူမက အခွင့်အရေးမပေးခဲ့လေတော့…
    ငါဟာ ကိုယ့်အမြီး ကိုယ်ပြန်မျိုတဲ့ မြွေပဲဖြစ်တယ်။

    အကို့ ကဗျာကို ကြည့်ပြီး ..
    အင်း .. အဲ့ပြိုင်ပွဲမှာသာ ကျနော့် ကဗျာနဲ့ ဝင်ပြိုင်လို့ကတော့ ..
    ဘိတ်ချေးဆု ရမှာ သေချာတယ်လို့ တွေးလိုက်မိသေးရဲ့ .. 😀

    • စေပိုင်ထွဋ် (ပုသိမ်)

      August 5, 2012 at 3:12 pm

      အားပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်

Leave a Reply