ယဉ်ကျေးမှုကို ထိန်းသိမ်းကြရာဝယ်

U Thein BoJuly 28, 20121min895

အခုတစ်လော မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို ကောက်ဖတ်ကြည့်မိတော့ မျက်စိထဲမှာ စိတ်မချမ်းမသာဖြစ်စရာ မြင်ကွင်းတစ်ခု ကိုတွေ့လိုက်မိတယ်။  ပုဂံ ဘုရားကို နောက်ခံ ထားပြီးရိုက်ထားတဲ့ မြန်မာမော်ဒယ်လ်တစ်ယောက်ရဲ့ခေတ်ပုံရိပ်အချို့ကိုတွေ့မိတော့ နည်းနည်း တော့ ရင်မောစွာ  ခေါင်းထဲမှာ အတွေးတစ်ချို့ကို တွေးမိလိုက်တယ်။

  1. ဒီပုံကို ဖန်တီးတဲ့ ပရော်ဖက်ရှင်နယ်(Photographer) တစ်ယောက်အနေနဲ့ အနုပညာကို ဘယ်လို(Idea)မျိုးနဲ့တွေးပြီး မဂ္ဂဇင်းဖတ်ရှုသူ ပရိတ်သတ်ရဲ့ရင်ထဲကို အရောက် ပို့တယ် ဆိုတာ မသိပေမယ့် မြင်ရသူ နလပိန်းတုန်း(ကျွန်တော့်)အမြင်တော့ ဒီပုံဟာ(Background)ရဲ့ မြင်ကွင်းနဲ့ သရုပ်ဆောင် မော်ဒယ်ရဲ့ အမူအယာ ဘယ်လိုမှမအပ်စပ်တဲ့ အနေအထားမျိုး(ပြဒါးတစ်လမ်း သံတစ်လမ်း)လို့ဘဲ မြင်မိတယ်။

ဒီနေရာမှာ ပြောချင်တာက လွတ်လပ်မှုတွေလည်း အထိုက်အလျောက် ပွင့်လင်းမြင်သာမှုရှိလာတာနဲ့အညီ မီဒီယာတွေ အနေနဲ့ ဖန်တီးမှုပေါင်းစုံကိုလည်း ပရိတ်သတ်ကို ချပြခွင့် လွတ်လပ်စွာရလာခဲ့ကြတဲ့အနေအထားမှာ အပြုသဘောေ ဆာင်တဲ့ ဖန်တီးမှုလေးတွေနဲ့ ပရိတ်သတ်ကို ဆွဲဆောင်မယ်၊ ဖမ်းစားမယ်ဆိုရင်ရော မဖြစ်ဘူးလား။ ဒီလိုမျိုးတွေ ရိုက်ပြမှ ပရိတ်သတ်က ကြိုက်ကြမှာမဟုတ်ပါဘူး။ ဓာတ်ပုံသမားတစ်ယောက်အနေနဲ့ စေတနာထားပြီး ဖန်တီးခဲ့တယ်ဆိုရင်လည်း ကိုယ့်စေတနာဟာ မှန်ကန် တဲ့စေတနာဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် စေတနာကနေ ဝေဒနာဖြစ်သွားတဲ့အခါ စေတနာမှား ဖြစ်သွားတတ်ပါတယ်။ လမ်းဟောင်းကိုပစ်ပြီး လမ်းသစ်ကို ထွင်လျှောက် တာဟာ ကောင်းပေမယ့် ကိုယ်ဖန်တီးလိုက်တဲ့အရာဟာ ကိုယ့်လူမျိုးတွေရဲ့အမြင်မှာ သင့်တော်ပါ့မလားဆိုတဲ့ လူမျိုးကိုချစ်တဲ့စိတ်နဲ့ ချင့်ချိန်ကြည့် ကြမယ် ဆိုရင် လူတွေရဲ့အမြင်မှာလည်း တင့်တယ်မှုတွေနဲ့မြင်ရမှာဖြစ်သလို အနုပညာကိုဖန်တီးတဲ့ ဓာတ်ပုံသမားတစ် ယောက်အတွက်လည်း အောင်မြင်မှုဆိုတဲ့အရာဟာအပြစ် တစ်စုံတစ်ရာမပါဘဲ ရရှိလာမှာ ဧကန်မလွဲပါဘဲ။

  • နောက်တစ်ခုက သရုပ်ဆောင်မော်ဒယ်အပိုင်း ဝတ်ထားတဲ့အဝတ်အစားဟာ ကိုယ်ရိုက်တဲ့ပတ်ဝန်းကျင်က အနေအထား သင့်တော်ပါ့ မလားဆိုတဲ့ အချက်ကို မတွေးမိတာလား။ ဒါမှမဟုတ် ဆောင်းဦးလှိုင်သီချင်းထဲကလို (ထူးထူးဆန်းဆန်း လုပ်ပြနိုင်မှ လူရာဝင်ပါသည်)ဆိုသလို အမြင်တစ် မျိုးနဲ့ ဆွဲဆောင်မှုရှိရှိ ပရိသတ်ကို ဖမ်းစားဖို့ကြိုးစားတာ လားဆိုတာတော့ သူမဘဲသိမယ်ထင်ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာ သမိုင်းဝင်နယ်မြေဖြစ်တဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဟု သတ်မှတ်ထားတဲ့ ပုဂံဘုရားမှာ ဒူးပေါ်ပေါင်ပေါ် မလုံမခြုံအဝတ်အစားတွေနဲ့ ဒေါက် ဖိနပ်ကိုစီးပြီး အကျအနဟန်ရေးပြဖို့ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လိုမှမသင့်တော်တဲ့ နေရာ။ ဘုရား ပုထိုး စေတီ ဆိုတာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ကျွန်တော်တို့လို မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာကို ထိန်းပြီး ဘာသာတရားကိုင်းရှိုင်းဖို့၊ ကိုယ်နှုတ်အမူအယာစောင့် ထိန်းဖို့ဆိုတာ လူငယ်တွေမှာရော တာဝန်မရှိဘူးလား။

အဝတ် အစားဆိုတဲ့နေရာမှာ ဖက်ရှင်ဆိုတာ အမြဲတမ်းလက်ဆင့်ကမ်းစီးမျောနေတဲ့အရာဆိုတော့ မော်ဒယ်တွေအနေနဲ့ မဝတ်ရ မစားရဘူးလို့ မဆိုလို ပါဘူး။ ဝတ်ပါ။ ဒီဘက်ခေတ်မှာ နိုင်ငံခြား မင်းသမီးတွေ၊ မော်ဒယ်တွေ စင်ပေါ်မှာဝတ်တဲ့ အဝတ်တွေ လူတွေကြား ကားဂိတ်လို၊ ဘူတာလို၊ဘတ်စ်ကား  ပါ်မှာလို နေရာမျိုးတွေ အထိ မြန်မာမိန်းကလေးတွေ ဝတ်လာတာ တွေ့ရတဲ့အခါ ဒါဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။ လူငယ်ဆိုတာ ဆန်း သစ်တဲ့ အာရုံကို တပ်မက်စွဲလမ်း လေ့ရှိတာ သဘာဝဆိုပေမယ့် ဘယ်သူထွင်မလဲ၊ ထွင်သလောက် လိုက်လုပ်ချင်ကြတယ်။ ကိုရီးယား မင်းသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကလည်း မြန်မာမိန်းကလေးထုရဲ့စိတ်ထဲမှာအတော်ကို ဖမ်းစားထားတဲ့အခါ မြန်မာ့ယဉ်ကျေးမှုအပေါ် ကူးစက်လာ တာကို ဘယ်လို ကျားကန်ထားမလဲ။ ဒါဟာ စဉ်းစားစရာပါ။ သည်နေရာမှာ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ဆိုတဲ့ စကားလောက်နဲ့လူငယ်တွေ နားမဝင်တော့ ပါဘူး။

ဒါပေမယ့် ဒီနေရာမှာ ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်ဆိုလို့ သနပ်ခါး ပါးကွက်ကြားနဲ့ ရင်ဖုံးအကျင်္ီကိုဝတ်၊ ဆံပင်ကိုဆံထုံး ထုံးပြီး ထဘီကို ဝတ်ဆင်ပြီးသွားလာနေရမယ် လို့ မဆိုလိုပါဘူး။ ခေတ်မဆန်ရဘူး မဟုတ်ဘူး ဆန်ပါ၊ ရပါတယ်။ သို့သော် ခေတ်နဲ့လျော်ညီတဲ့ ဝတ်စားဆင်ယင်မှုကို အမြင်မရိုင်းအောင် ဝတ်ဆင်တတ်ဖို့ပါဘဲ။ လန်းလည်း လန်း၊ လုံလဲလုံပါစေပေါ့။

ဒီတော့ မော်ဒယ်တစ်ယောက်အနေနဲ့ သူ့ရဲ့အပြုအမူတွေဟာ လူငယ်ပရိသတ်နဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့အတွက် သူတို့ရဲ့စိတ်ထဲမှာ အတုယူမမှားဖို့ အရေးကြီးပါ တယ်။ အတုမြင် အတတ်သင် ဆိုသလို လူငယ်တွေအနေနဲ့ မင်းသမီးတွေတောင် ဒီလိုဝတ်ကြသေးတာ ငါတို့လဲ ဝတ်ချင်တာဘဲဆိုပြီး အတုယူမှားသွားမှာ စိုးရိမ်ရပါ တယ်။ ဒါကြောင့် ပြည်သူတွေသိနေတဲ့ သရုပ်ဆောင်တွေ၊ မော်ဒယ်တွေအနေနဲ့ မိမိတို့ရဲ့ အပြုအမူတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆင်ခြင်ကြစေချင်ပါတယ်။

နောက်ကဏ္ဍက စာပေစိစစ်။ မီဒီယာလွတ်လပ်ခွင့်တွေ လျှော့ချလာမှုတွေ၊ အထိုက်အလျောက် သတင်းလွတ်လပ်ခွင့်တွေ အပေါ်မှာ မီဒီယာတွေအနေနဲ့ စာပေစိစစ် ဆိုတာကို မရှိစေချင်တော့ပါဘူးဆိုပြီး ပြောနေကြတဲ့အချိန်မှာ ဒီလိုပုံမျိုးတွေ ကျတော့ ခွင့်ပြုတယ်ဆိုတော့ မရှိစေချင်ဘူးဆိုတဲ့ လူတွေအတွက် ဒီအချက်ဟာ ထောက်ပြ သင့်တဲ့အချက်ဖြစ်လာတော့ ခွင့်ပြုလိုက်တဲ့သူတို့မှာ မှန်လားမှားလားဆိုတာ ကိုယ့်ဘာသာသုံးသပ်ပြီး ဆင်ခြင်သင့်တယ်လို့ မြင်ပါတယ်။

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာ ဗီဒီယို ရိုက်တဲ့အခါ ဆေးလိပ်သောက်တာကို တားမြစ်တယ်၊ အရက်၊ ဘီယာ သောက်စားတာကို တားမြစ်တယ်။ ဒူးပေါ်ပေါင်ပေါ်အဝတ်အစားကို ကန့်သတ် တယ်။ ဒါမျိုးတွေအထိ ဆင်ဆာဖြတ်တယ်ဆိုတော့ အခုလိုအဝတ်အစားဟော့ဟော့နဲ့ ဝတ်ထားတဲ့ဓာတ်ပုံတွေကို ခွင့်ပြုတယ်ဆိုတော့ ထောက်ပြကြတဲ့သူတွေ အနေနဲ့ မှားတယ်လို့ ပြောလို့မရပါဘူး။ ဆင်ဆာထိချင်တဲ့ဟာမျိုးကျထိတယ်၊ သူတို့ ခွင့်ပြုချင်တာကျတော့ ခွင့်ပြုတယ်၊ သူတို့ လုပ်ချင်တိုင်း လုပ်နေကြတယ်ဆိုတဲ့ အပြောအဆိုတွေ မပြောစေချင်ဘူးဆိုရင် ရှေ့လျှောက် ဆင်ဆင်ခြင်ခြင်နဲ့ လက်ညှိးထိုးစွပ်စွဲမှုမျိုးတွေနဲ့ ကင်းဝေးပြီး………သတိပြုဆင်ခြင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း

သရုပ်ဆောင်တွေ အနေနဲ့လည်း ပရိသတ်ရဲ့ရင်ထဲကို မှန်ကန်တဲ့စေတနာနဲ့ အနုပညာကို အရောက်ပို့နိုင်ကြပါစေဟုသာ ……….။

ဒီပို့စ်ဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေတဲ့စိတ်မျိုးမပါဘဲ ဓာတ်ပုံတစ်ပုံပေါ်မှာမြင်မိတဲ့ အမြင်ကို သက်သက် ရေးသားထားခြင်း ဖြစ်ပါသည်။

ဦးလွမ်း

5 comments

  • မောင်ပေ

    July 28, 2012 at 8:14 pm

    ဦးသိန်းဘို ရဲ ့စေတနာကောင်းတွေ ပါနေတဲ့ ပို ့စ်ကို ဖတ်အပြီး ကျွန်တော်ငယ်ငယ်တုန်းက
    အထက်တန်းကျောင်းနေတုန်းအရွယ် ၊ အဆိုတော် စည်သူလွင် စပေါ်တော့ ၊ စည်သူလွင် ရဲ ့ဆံပင်အလယ်ခွဲပုံ လိုက်ညှပ်တယ် ။ သူက အနီပါဆိုးထားတာဆိုတော့ အနီပါဆိုးမိလိုက်တော့ အိမ်က ဆော်ပလော်တီးခံခဲ့ရတယ် …
    အဲဒီနောက် စိုးမြတ်နန္ဒာ ပေါ်တော့ ၊ သရီးစတပ်ကေ လို ့ခေါ်တာလား မသိဘူး ဆံပင်အဖြောင့် ဂုတ်ဝဲ လောက် ပုံစံကို မိန်းခလေးတိုင်း လိုက်ထားကြတယ် ။
    အနုပညာရှင်တွေအနေနဲ ့… ကိုယ့်ပုံရိပ်ဟာ ပြည်သူားတွေအပေါ်လွှမ်းမိုးမှု သေချာပေါက်ရှိတာမို ့၊ ကိုယ် နာမည်ကျော်ကြားဖို ့ပေါ်ပြူလာဖြစ်ဖို ့ဖြတ်လမ်းနည်းနဲ ့အဖော်အချွတ်တွေ မပေါ့်တပေါ်တွေ နဲ ့ဆွဲဆောင်ကြတာကို အပြင်းအထန် ကန် ့ကွက်ပါတယ် ။
    နောက်ပြီး sex movie တွေ ရိုက်ပြကြတာကိုလဲ ရွံ ့မုန်းမိပါတယ်
    ီဦးသိန်းဘို ပို ့စ်ကို နှစ်ခြိုက်မိလို ့လက်တစ်ချောင်းထောင်ရင်း အားပေးသွားပါတယ်

  • သန်းထွဋ်ဦး

    July 28, 2012 at 11:06 pm

    အမလေး ကိုပေ —-
    ဘယ်သူတွေ ရိုက်ကုန်ပီတုန်းဗျာ။ကျနော်တို ့က
    ခေတ်မမှီတော့ဘူးဗျာ။

  • မောင်သုည

    July 29, 2012 at 12:53 am

    လူမျိုးရှိလျှင်ရိုးရာရှိမယ်၊ရိုးရာရှိမှယဉ်ကျေးမူရှိမယ်၊လူမျိုးတစ်မျိုး၏အဆင့်အတန်းကို ၎င်းတို့၏ယဉ်ကျေးမူကိုကြည့်၍ဆုံးဖြတ်သတ်မှတ်ကြပါသည်။
    ဒီပိုစ့်ပုံစံမျိုးကို လွန်ခဲ့နေ့က သစ်ထူးလွင်ဆိုဒ်မှာလည်းဖတ်ခဲ့ရပါတယ်။ 7day News Journal မှာ ရေးသူက..
    အေးသူစံ ပါ..။ဓါတ်ပုံလေးပါထည့်တွေ့လိုက်ရတယ်…
    http://www.thithtoolwin.com/2012/07/blog-post_3158.html
    သူကြီးကိုနဲနဲလောက်စ ကြည့်လိုက်မယ်…
    ခေတ်ကြောင့်လား….စနစ်ကြောင့်လား ဟင်င်င်…
    အားပေးပါတယ်၊ထောက်ခံပါ၏ ဦးသိန်းဘို..

  • ဦးဦးပါလေရာ

    July 29, 2012 at 8:54 am

    ပုဂံဘုရားတွေကိုနောက်ခံထားပြီး
    မလုံ့တလုံပုံမျိုး ဓါတ်ပုံရိုက်တယ်၊ ဖြန့်ချီတယ်ဆိုတာ
    ဒါ… မတော်တဆမဟုတ်ဘူး၊
    တမင် ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်တယ်…။
    ဒီနိုင်ငံ ဒီလူမျိုး ဒီယဉ်ကျေးမှု့ကို ပုံပျက်သွားအောင်
    တမင်ရည်ရွယ်လုပ်ဆောင်ချက်တွေထဲက တခုဖြစ်တယ်……… လို့…..

    တချို့ကလဲ ထင်မြင်၊သဘောပေါက်၊ သတိထားမိ သွားနိုင်ပါတယ်။
    မြန်မာစကားပုံရှိတယ်… မပြေးသော်ကန်ရာရှိ.. တဲ့

    လူတိုင်း ငတုံးတွေမဟုတ်ဘူး နော…….

  • U Thein Bo

    July 29, 2012 at 9:11 am

    ဒါကတော့ဗျာ ရည်ရွယ်ချက်ရှိရှိ လုပ်တာလား ဘာလားတော့ သူတို့ဘဲသေချာသိမယ်ထင်တယ်
    ဒါပေမယ့် ကျွန်တော်တို့အမြင်က ဘယ်လိုမှမသင့်တော်လို့ ဒီစာကို ရေးလိုက်ခြင်းပါဘဲ

Leave a Reply