ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၃၅ )

alinsettJuly 28, 20122min1535

”ကျုပ်က ဒီတာလီဘန်ကောင် ကို

ကလေးတစ်ယောက်ပေးဖို့ငြင်းရင် သူကဆယ်ယောက်ယူလိမ့်မယ်။ ဒါကြောင့်

တစ်ယောက်ပေးပြီး ကျန်ကလေးတွေကို အလာဟ်အရှင်စီမံတာစောင့်ရတယ်။ ကျုပ်ရဲ့

ဂုဏ်သိက္ခာကိုမျိုချပြီး သူစွန့်ကြဲတဲ့သောက်ပိုက်ဆံကို ယူရတယ်။

ဈေးသွားပြီး ကလေးတွေစားဖို့ ဝယ်ရခြမ်းရတယ်”

ဖာရစ်ဒ် မျက်လွှာချထားသည်။

”သူယူသွားတဲ့ကလေးတွေ ဘာဖြစ်ကုန်လဲ”

………………………

_________________________________
”သူယူသွားတဲ့ကလေးတွေ ဘာဖြစ်ကုန်လဲ” ဟုကျွန်တော်မေးကြည့်သည်။ ဇာမင်သည်

လက်ညှိုးလက်မဖြင့် မျက်လုံးကိုပွတ်ပြီး ”တစ်ခါတလေတော့လည်း

ပြန်ရောက်လာတဲ့ကလေးရှိတယ်”

”ဒီကောင် ဘယ်သူလဲ။ ဒီကောင့်ကို ဘယ်လိုရှာရမလဲ”

”မနက်ဖြန် ဂါဇီအားကစားရုံကိုသွား။ ပထမပိုင်းအားလပ်ချိန်မှာ သူ့ကို

တွေ့လိမ့်မယ်။ နေကာမျက်မှန်အမည်းရောင် တပ်ထားတဲ့တစ်ယောက်” ဟု ဇာမင်

ဖြေပေးပြီး မျက်မှန်အကွဲကောက်ကိုင်ကာ လက်ထဲလှည့်နေသည်။ ”ဆပ်တို့ကို

အခုပြန်စေချင်ပြီ။ ကလေးတွေ သိပ်ကြောက်နေပြီ”

ဇာမင် ကျွန်တော်တို့ကိုလိုက်ပို့သည်။ ကားထွက်လာစဉ် ကားဘေးကြည့်

မှန်မှတဆင့် တံခါးဝတွင်ရပ်ကျန်ခဲ့သော ဇာမင့်ကိုတွေ့ရသည်။ ဇာမင့်ကို ကလေး

တွေဝိုင်းနေကာ ဇာမင့်အကျႌအနားစကို ဆွဲထားကြသည်။ မျက်မှန်အကွဲကိုတပ်

လိုက်သော ဇာမင့်ကို ကျွန်တော်မြင်ပါသည်။

အခန်း(၂၁)

မြစ်ကူး၍လူစည်သော ပက်ရှ်ထန်ကွက်လပ်ကိုဖြတ်ကာ မြောက်ဘက်မောင်းလာ ကြသည်။

ကျွန်တော့်ကို အသားခပတ်ကျွေးရန် ကိုင်ဘာစားသောက်ဆိုင်သို့

ဘာဘာခေါ်လာတတ်မြဲ။ ယခုထိုအဆောက်အဦးရှိသေးသည်။ သို့သော် တံခါး

သော့ခတ်ထားသည်။ ပြတင်းများပျက်ဆီး၍ ဆိုင်အမည် K နှင့် R ပျောက်နေသည်။

စားသောက်ဆိုင်အနီးတွင် လူသေအလောင်းတစ်လောင်း။ အသက်ငယ် ငယ်

အမျိုးသားတစ်ဦး ယက်မတွင်ကြိုးတန်းလန်းနှင့် တွဲလောင်းကြီးဖြစ်နေသည်။

မျက်နှာသည် ဖောင်းအစ်ပြာနှမ်းလျက်။ ဘဝတွင်နောက်ဆုံးဝတ်ခဲ့သော အဝတ်

အစားသည် စုတ်ပြတ်သွေးရွှဲနေသည်။ ထိုလူသေအလောင်းကို ဂရုစိုက်မိသူရှိမှ

ရှိရဲ့လားပင်မသိ။

ကွက်လပ်ကိုဖြတ်ပြီး ဝဇီရာအက္ခဘာခန်ရပ်ကွက်ထဲ ဦးတည်၍တိတ် ဆိတ်စွာ

မောင်းလာကြသည်။ ဘယ်နေရာကြည့်လိုက်ကြည့်လိုက်၊ တမြို့လုံး

ဖုန်တလုံးလုံးထနေသည်။ လူစည်သောလမ်းထောင့်မှ လူနှစ်ဦးကို ဖာရစ်ဒ်ညွှန်

ပြသည်။ တစ်ယောက်သည် ခြေတစ်ဖက်ဒူးအောက်ပိုင်းမှ ဖြတ်ထား၍ ခြေတစ်

ပေါင်ကျိုးရပ်ကာ ခြေတုကိုလွှဲရမ်းပြနေသည်။

”သူတို့ဘာလုပ်နေလဲ သိလား။ ခြေထောက်ကိုဈေးဆစ်နေတာ”

”သူ့ခြေထောက်ကိုရောင်းမလို့လား”

ဖာရစ်ဒ် ခေါင်းညိတ်ပြသည်။ ”မှောင်ခိုဈေးမှာ အဲဒါငွေကောင်းကောင်း

ရတာပေါ့။ သူ့ကလေးတွေကို တော်တော်ကြာအောင် ကျွေးထားနိုင်တယ်”

———————————

ဝဇီရာအက္ခဘာခန်ရပ်ကွက်မှ တိုက်တာအိမ်ယာများ ခေါင်မိုးနှင့်ဘေးနံ ရံများ

မပျက်ဆီးဘဲ ကြည့်ပျော်ရှူပျော်ရှိနေ၍ ကျွန်တော်အံ့ဩရသည်။ ခြံတံတိုင်း

တွင်းမှ ထိုးထွက်နေသောသစ်ပင်များကို မြင်ရသည်။ လမ်းများသည်လည်း

ကာတာရှားရပ်ကွက်မှလမ်းလို လမ်းပျက်များမဟုတ်။ လမ်းညွှန်ဆိုင်းဘုတ်များ

အချို့မှိန်ကျ၊ အချို့ကျည်ပေါက်ရာရှိသော်လည်း လမ်းညွှန်နေဆဲ။

”ဒီမှာသိပ်မဆိုးပါလားဗျ” ဟုကျွန်တော်မှတ်ချက်ချတော့ ”အရေးကြီး

ပုဂ္ဂိုလ်တွေ ဒီမှာနေတာ” ဟု ဖာရစ်ဒ်ဖြေသည်။

”တာလီဘန်တွေလား”

”သူတို့လည်းပါတာပေါ့”

”တခြားဘယ်သူရှိလို့လဲ”

”တာလီဘန်တွေနောက်ကလူပေါ့။ ဒီအစိုးရရဲ့ တကယ့်ဦးနှောက်တွေ နေတယ်။

အာရပ်တွေ၊ ချေချင်းတွေ၊ ပါကစ္စတန်တွေ” ဖာရစ်ဒ်သည် မြောက်

ဘက်ကိုညွှန်ပြရင်း ”ဒါ ၁၅ လမ်း၊ ဒီလမ်းက ဧည့်သည်တွေအတွက်တဲ့။ ဧည့်

လမ်းလို့ သူတို့ခေါ်တယ်”

”ဒီလမ်းထင်တယ် … ဟော ဟိုမှာ”

ကျွန်တော် ငယ်ငယ်တုန်းကမှတ်ထားခဲ့သည့် လမ်းအမှတ်အသားကို တွေ့ပါပြီ။

”မင်းလမ်းပျောက်လို့ကတော့ ဘာဘာပြောတာမှတ်ထားစမ်း။ ဘာဘာ

တို့လမ်းရဲ့အဆုံးမှာ ပန်းရောင်အိမ်တစ်လုံးရှိတယ်” ဟု

ဘာဘာပြောပြခဲ့ဖူးသည်။ ခေါင်မိုးစောက်နှင့် ပန်းနုရောင်အိမ်သည်

ရပ်ကွက်အတွင်း တစ်လုံးတည်းသော အိမ်ဖြစ်ပြီး

ယနေ့တိုင်ပန်းနုရောင်ဆေးမပြယ်သေးသည်ကိုတွေ့ရသည်။

ထိုအိမ်နားတွင် ဖာရစ်ဒ်လမ်းချိုးလိုက်ရာ ဘာဘာ့အိမ်ကိုတွေ့ရပါပြီ။

————————————

ခြံထဲနှင်းဆီခြုံတွေနား လိပ်ကလေးတစ်ကောင် ဘယ်ကဘယ်လိုရောက် လာမှန်းမသိ။

ဟက်ဆန့်စိတ်ကူးအတိုင်း လိပ်ကလေးကျောကို အနီရဲရဲဆေးခြယ် ပေးလိုက်တော့

လိပ်ကလေးကို ကျွန်တော်တို့ဘယ်တော့မှမပျောက်တော့ဘူးပေါ့။ လှတော့လှသား။

မိုက်ရူးရဲလူစွန့်စားကြီးနှစ်ယောက် သမိုင်းမတင်မီခေတ်က သတ္တ ဝါကြီးကို

တောနက်ကြီးထဲမှ ရှာဖွေတွေ့ရှိခဲ့ပြီ။ တစ်ကမ္ဘာလုံးကလူတွေမြင်အောင်

သတ္တဝါကြီးကို ယူဆောင်လာကြတော့မည်။ ပြီးခဲ့သောဆောင်းတွင်း ဟက်ဆန့်

မွေးနေ့တုန်းက အလီလုပ်ပေးခဲ့သောတွန်းလှည်းလေးလည်း ခုတော့ ဧရာမစတီး

လှောင်အိမ်ကြီးဖြစ်နေသည်။ လိပ်ကလေးကို တွန်းလှည်းပေါ်တင်ပြီး မြက်ခင်းပေါ်

ဆွဲလာကြတော့ ပန်းသီးပင်တွေ ချယ်ရီပင်တွေက မိုးမျှော်တိုက်တွေဖြစ်ကုန်သည်။

မီးမှုတ်ထုတ်သော ကြောက်စရာ့သတ္တဝါကြီးကို ကြည့်ကြလော့။ မိုးမျှော် တိုက်မှ

ပြတင်းတွေအကုန်ပွင့်ကာ အောက်ဘက်မှသတ္တဝါကြီးကို ခေါင်းပြူကြည့် ကြပြီ။

သဖန်းပင်အုပ်နားမှ ဘာဘာလုပ်ပေးခဲ့သော လခြမ်းပုံတံတားလေးလည်း ခုတော့

မြို့ကြီးနှစ်မြို့ကိုဆက်သွယ်ထားသော ဧရာမကြိုးတံတားကြီးဖြစ်နေသည်။

တံတားအောက်မှ ရေအိုင်လေးလည်း လှိုင်းပွက်ပွက်ဆူသော ပင်လယ်ကြီးဖြစ်နေ သည်။

တံတား၏တာဝါတိုင်ကြီးများအထက်ဆီတွင် မီးရှူးမီးပန်းများပေါက်ကွဲ ကာ

ဘေးနှစ်ချက်မှ လက်နက်အပြည့်အစုံပါသောစစ်သားများ ကျွန်တော်တို့ကို

အလေးပြုနေသည်။ လှည်းထဲမှလိပ်ကလေး ဂျွမ်းထိုးမှောက်ခုံ။ မတ်တတ်ရပ်ဩ

ဘာပေးနေသော ကမ္ဘာ့ခေါင်းဆောင်ကြီးများအား ကျွန်တော်တို့အလေးပြုကာ

စက်ဝိုင်းပုံယာဉ်ဝင်လမ်းအတိုင်း လှည်းကလေးဆွဲကာ သံပန်းဂိတ်တံခါးမှ ပြန်

ဝင်လာကြသည်။ ကျွန်တော်တို့ဆိုတာ ဟက်ဆန်နှင့်အေမား။ နာမည်ကျော်ကြား

လူစွန့်စားများ။ ကမ္ဘာ့အကြီးကျယ်ဆုံး ရှာဖွေလူသားများ …။

ယာဉ်ဝင်လမ်းအတိုင်း ကျွန်တော်မဝံ့မရဲတက်လာခဲ့သည်။ အုတ်ကြားထဲ

တွင်ပေါင်းပင်များ။ အဖေ့အိမ်ဂိတ်ဝမှကျွန်တော် ခုတော့

ပီဘိသူစိမ်းပြင်ပြင်။ ဘာမှအရေးမပါသောကိစ္စလေးများလည်း

အရေးကြီးသယောင်ထင်ရမြဲမို့ သံချေး ကိုက်ဘားတန်းများကိုကိုင်ကာ ငယ်တုန်းက

သည်ဂိတ်တံခါးမှ အခေါက်ပေါင်း ထောင်ချီဝင်ထွက်ခဲ့ပုံကို သတိရနေသည်။

အတွင်းဘက်ကို ကျွန်တော်ချောင်း ကြည့်လိုက်သော် …

ကတ္တရာခင်းလမ်းသည် လျှပ်စီးကြောင်းပမာကွဲအက်ကာ လမ်းအကွဲ

ကြားမှပေါင်းပင်များ ပွထနေသည်။ သူများအိမ် မှန်ထိုးဖို့ ဟက်ဆန်နှင့်ကျွန်

တော် တက်နေကျပေါ်ပလာပင်များလည်း အတော်များများ ခုတ်ချခံထားရသည်။

လက်ကျန်အပင်နည်းနည်းလေးသည်လည်း ကိုင်းရိုးကြိုးတိုးကြဲတဲနှင့် ဂီလာန

ပြောင်းခင်းနားမှ တံတိုင်းကတော့ရှိသေးသည်။ ပြောင်းပင်သာမရှိ။ မြက်ခင်းကမူ

မြို့ကြီးတစ်မြို့လုံးကို အုပ်လွှမ်းထားသည့် ဖုန်ထုအရောင်အတိုင်း

ညိုမှောင်ကာ မြက်မပေါက်သည့်မြေသားတို့ဖြင့် အကွက်အကွက်ထနေသည်။

အိမ်ရှေ့တွင် ဂျစ်ကားတစ်စီး။ ထိုအချက်က အလုံးစုံမှားယွင်းသွားခြင်း

ဖြစ်သည်။ ထိုနေရာ၏မူလပိုင်ရှင်မှာ ဘာဘာ့မြင်းရိုင်းကား။ မနက်တိုင်း မနက်

တိုင်း မြင်းရိုင်းကားကြီး၏ ဆလင်ဒါရှစ်လုံးမြည်သံနှင့်အတူ

ကျွန်တော်အိပ်ယာ နိုးခဲ့ရသည့်နှစ်ပေါင်းက မနည်း။ ဂျစ်ကား၏အလွန်တွင်

တစ်ဘီးလက်တွန်းလှည်း လေးတစ်စီး။ ယာဉ်ဝင်လမ်း၏ဘယ်ဘက်တွင် ဘာဘာနှင့်အလီ

စိုက်ခဲ့သော နှင်းဆီခြုံများကို အရိပ်အယောင်ပင်မတွေ့ရ။

ကျွန်တော့်နောက်မှ ဖာရစ်ဒ်က ကားဟွန်းကိုနှစ်ချက်ဆင့်တီးသည်။

”ကျွန်တော်တို့သွားသင့်ပြီ။ သူတို့သတိထားမိလိမ့်မယ်”

”ခဏလေးပါကွာ”

ငယ်ဘဝတုန်းက ဘာဘာ့အိမ်ကို အဖြူရောင်အလျားပြန့် အိမ်ကြီးတစ် လုံးအဖြစ်

မှတ်သိထားသည့်ကိစ္စကမူ အဝေးကြီးဝေးနေသည်။ အိမ်သည်သေးနေ သည်။

ခေါင်မိုးညွတ်ပဲ့ကာ အင်္ဂတေသားများအက်ကြောင်းလိုက်နေသည်။ ဧည့် ခန်းမှစ၍

ခန်းမနှင့်အပေါ်ထပ်ဧည့်သည်ရေချိုးခန်းထိ ကွဲနေသောပြတင်းများကို

ပလတ်စတစ်စများ၊ သစ်သားပြားများဖြင့် ကြုံရာကျပန်း ဖြစ်ကတတ်ဆန်းဖာ

ထေးထားသည်။ တခါတုန်းက ဖိတ်တောက်နေသောအဖြူရောင်ဆေးသားလည်း

တစ္ဆေလိုလိုဖြူရော်ရော်နှင့် နေရာကွက်ကြား အတွင်းမှအုတ်သားပေါ်နေသည်။

အိမ်ရှေ့အဝင်လှေကားထစ်များ ကျိုးပဲ့လျက်။ ကဘူးမှအိမ်အများစုအတိုင်း ဘာဘာ့

အိမ်သည် ယခုတော့ ပြိုကျသွားသောထည်ဝါမှု ဖြစ်နေသည်။

”အစ်ကိုအေမား”

”လာနေပါပြီကွ”

ကျွန်တော် သတိမမှန်ဘဲ အိမ်ထဲဝင်သွားချင်လှသည်။ အိမ်ရှေ့အဝင်

လှေကားများကိုတက်သွားချင်သည်။ ထိုနေရာတွင် အလီက ကျွန်တော်နှင့်ဟက်

ဆန့်ကို နှင်းတောစီးဘွတ်ဖိနပ်ချွတ်ခိုင်းနေကျ။ ခန်းမထဲဝင်ကာ မီးလင်းဖိုထဲ

အလီပစ်သွင်းထားသော လိမ္မော်ခွံရနံ့လေး ရှူချင်လှသည်။

မီးဖိုချောင်စားပွဲတွင် ထိုင်ကာ လက်ဖက်ရည်နှင့်နံပြားစားရင်း

ဟက်ဆန်ဆိုပြသော ဟာဇာရာတေး သွားကို နားဆင်ချင်လှသည်။

ကားဟွန်းတီးပြန်ပြီ။ လမ်းဘေးထိုးရပ်ထားသော လင်းခရူဆာကားဆီ

ကျွန်တော်ပြန်လျှောက်လာခဲ့သည်။ ကားရှေ့ခန်းတွင် ဖာရစ်ဒ်ဆေးလိပ်ထိုင်သောက်

နေသည်။

”နောက်ထပ်ကြည့်စရာတစ်ခု ကျန်သေးတယ်” ဟု ကျွန်တော်သူ့ကို ပြောပြသည်။

”မြန်မြန်လေးလုပ်ပေးနိုင်မလား”

”ဆယ်မိနစ်ပေး”

”ဒါဆိုလည်း သွားပါ”

ကျွန်တော်လှည့်ထွက်မလိုအလုပ် ”မေ့လိုက်ပါတော့ ဆပ်။ စိတ်လျှော့

လိုက်ပါ” ဟု ဖာရစ်ဒ်ပြောသည်။

”ဘာကိုလဲ”

”ကျွန်တော်တို့ ခရီးဆက်ကြဖို့ပါ။ ဆပ် အောက်မေ့နေတဲ့အရာတွေ

ဘာမှမရှိတော့ပါဘူး။ မေ့ပစ်လိုက်တာ အကောင်းဆုံးပါပဲ” ဟုဆိုသည်။

”ကျွန်တော်မှ မမေ့ချင်တာ။ ဆယ်မိနစ်ပဲ အချိန်ပေးပါ”

—————————————

ဘာဘာ့အိမ်မြောက်ဘက်မှ တောင်ကုန်းလေးပေါ် ကျွန်တော်နှင့်ဟက်ဆန်

သုတ်သုတ်လေးတက်ခဲ့ကြတုန်းက ချွေးတစ်ပေါက်မစို့ခဲ့စဖူး။ ယခုမူ တောင်ကုန်း

ထိပ်ပေါ် ကျွန်တော်ရောက်သောအခါ မောကြီးပန်းကြီးရှူသွင်းသမျှလေအားလုံး

မီးနှယ်ပူထွက်နေသည်။ မျက်နှာပေါ်မှချွေးသီးကြီးများ လိမ့်ဆင်းလာသည်။

နံကြား ထဲလေကျင့်ထိုးနေ၍ တအောင့်ကြာအောင် တရွှီးရွှီးအသက်ရှူပြီးမှ

စွန့်ပစ်သုသာန် လေးကိုလှည့်ပတ်ကြည့်ရသည်။ ကြာကြာမရှာလိုက်ရ။ နဂိုနေရာတွင်

တလည်း ပင်ကြီးကိုတွေ့လိုက်ရပါပြီ။

ဟက်ဆန့်အမေကို မြှုပ်နှံထားရာ သုသာန်လေး၏ဂိတ်ဝကျောက်တိုင်ကို

ကျွန်တော်မှီထားသည်။ ပတ္တာမှတွဲလောင်းကျနေခဲ့သော သံဂိတ်တံခါးကမူ မရှိတော့။

ဤနေရာကို သုသာန်လေးပါဟုဖော်ပြနိုင်သော

သချႋုင်းခေါင်းရင်းမှတ်တိုင်များလည်း အလုံးအရင်းပေါင်းပင်များအောက်

စုပ်စမြုပ်စပျောက်ရှနေကြပြီ။ သုသာန်ကိုပတ်ဝိုင်း ထားသော နံရံပုလေးပေါ်ဝယ်

တောကျီးနှစ်ကောင်။

တလည်းပင်ကြီးမသီးတော့သည်မှာ နှစ်ပေါင်းမနည်းတော့ဟု ဟက်ဆန့် စာထဲဖတ်ရသည်။

ညှိုးရော်နေသောအရွက်မဲ့သစ်ပင်ကိုကြည့်ရင်း ဆက်လက်ရှင် သန်ပါဦးမည်လော

ကျွန်တော်သံသယရှိသည်။ သူ့သစ်ကိုင်းတွေပေါ်တက်ခဲ့ကြသည့် အချိန်များ

ကျွန်တော်လွမ်းဆွတ်နေသည်။ တလည်းသီး၏ရသစူးစူး ကျွန်တော့်လျှာထဲ

တက်လာနေသည်။

ကျွန်တော်ဒူးထောက်ပြီး ပင်စည်ကိုလက်နှင့်ပွတ်ကြည့်သည်။ ရှာနေသည်

ကိုတွေ့ပါပြီ။ ထွင်းရာများမှုန်ဖျော့နေသော ”အေမားနဲ့ဟက်ဆန် … ကဘူးမြို့

ရဲ့ပသီဘုရင်များ” ထွင်းထားသောစာလုံးများအတိုင်း

ကျွန်တော့်လက်ချောင်းဖြင့် ကောက်ကြောင်းလိုက်နေမိသည်။ အက်ကြောင်းလေးထဲမှ

သစ်ခေါက်ဖတ်လေးတွေ ကောက်နေမိသည်။

ပင်စည်ခြေရင်းတွင် ကျွန်တော် တင်ပျင်ခွေထိုင်ချကာ ငယ်ငယ်တုန်းက အတိုင်း

မြို့တောင်ဘက်ကိုမျှော်ငေးနေမိသည်။ ဟိုတုန်းကဆိုလျှင် အိမ်တံတိုင်းအ

တွင်းမှ သစ်ပင်ထိပ်ဖျားများ ထိုးထွက်နေမြဲ။ လျှော်ဖွပ်ပြီးအဝတ်များ

နေရောင်ထဲ ထင်းကြွနေမြဲ။ နားစိုက်ထောင်လျှင် ဝဇီရာအက္ခဘာခန်ရပ်ကွက်ထဲ

မြည်းကလေးဖြင့် သစ်သီးလှည့်ရောင်းသော သစ်သီးသည်၏ဈေးခေါ်သံကို

ကြားရဦးမည်။ ”ချယ်ရီ သီးတွေရမယ် … ဆီးသီးတွေရမယ် …

စပျစ်သီးတွေရမယ်”

ကားဟွန်းသံကြား၍ လှမ်းကြည့်လိုက်ရာ ဖာရစ်ဒ် လက်ဝှေ့ရမ်းပြနေ သည်။ သွားချိန်တန်ပြီ။

မြို့တောင်ဘက် ပက်ရှ်ထန်ကွက်လပ်ထဲ ပြန်မောင်းလာခဲ့ကြရသည်။

အနီရောင်ပစ်ကပ်ကားပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။ ကားပေါ်တွင် လက်နက်

အပြည့်တပ် အသက်ငယ်ငယ် မုတ်ဆိတ်ဗရပျစ်အမျိုးသားများ ကြပ်ခဲနေသည်။

ကားတစ်စီးကျော်လာတိုင်း ဖာရစ်ဒ်သည် လေသံဖြင့်ပျစ်ပျစ်နှစ်နှစ်ဆဲသည်။

ပက်ရှ်ထန်ကွက်လပ်အနီး ဟိုတယ်အသေးစားတစ်လုံးတွင် ကျွန်တော်

အခန်းတစ်ခန်းယူသည်။ ကောင်တာနောက်မှ မျက်မှန်တပ်ထားသော ပိန်ပိန်ပါးပါး

အမျိုးသားတစ်ဦးကို ကလေးမလေးသုံးယောက် တွယ်ကပ်နေကြသည်။ ထိုအမျိုး သားက

ကျွန်တော့်ထံမှ ၇၅ဒေါ်လာတောင်းသည်။ ဤမျှစုတ်ချာသောနေရာအတွက် ကျသင့်ငွေက

မထင်မှတ်လောက်အောင်ဖြစ်သည်။ သို့သော်ကျွန်တော်မမှု။ ဟာဝိုင်

ယီမှအပန်းဖြေအိမ်တစ်လုံးအတွက် အမြတ်ကြီးစားခြင်းကသတ်သတ်။ ကလေးများ

ကျွေးရန် ငွေရှာခြင်းကသတ်သတ်၊ သီးခြားစီဖြစ်သည်။

ဟိုတယ်တွင် ရေပူမရ။ အိမ်သာရေဆွဲ၍မရ။ တစ်ယောက်အိပ်ခုတင် တစ်လုံး၊

မွေ့ယာအစုတ်၊ စောင်အပြဲနှင့် ကုလားထိုင်တစ်လုံးသာဖြစ်၏။ ကွဲနေ

သောပြတင်းကို မပြုပြင်ရသေး။ အိပ်ယာနောက်မှနံရံတွင် ခြောက်သွေ့နေသော

သွေးစများ။

ဖာရစ်ဒ်ကို ငွေနည်းနည်းပေးပြီး အစားအသောက်ဝယ်ခိုင်းရသည်။ ထမင်း

ဖြူတစ်ဇလုံ၊ နံပြားပူပူနွေနွေး၊ သီတံနှင့်သီထားသော အသားခပတ်လေးခုရလာသည်။

အိပ်ယာပေါ်ထိုင်ပြီး နှစ်ယောက်သားလွေးကြသည်။ ကဘူးတွင် မပြောင်းလဲသေး

သောအရာတစ်ခုတော့ရှိသည်။ အသားခပတ်သည် ကျွန်တော်မှတ်မိစဉ်တုန်းက

အရသာအတိုင်းဖြစ်နေသည်။

ထိုညက အိပ်ယာပေါ်ကျွန်တော်အိပ်သည်။ ကြမ်းပေါ်ဖာရစ်ဒ်အိပ်သည်။

ဟိုတယ်ပိုင်ရှင်ကို အပိုကြေးပေး၍ရလာသော စောင်အပိုတစ်ထည်ကို ဖာရစ်ဒ်

ခြုံသည်။ ဟိုတယ်ခန်းထဲဝယ် ပြတင်းကွဲမှဝင်လာသော လရောင်မှလွဲ၍ အခြား

အလင်းရောင်မရှိ။ ကဘူးတမြို့လုံး လျှပ်စစ်မီးပြတ်သွားသည်မှာ

နှစ်ရက်ရှိပြီဖြစ် ကြောင်း ဟိုတယ်ပိုင်ရှင်က ဖာရစ်ဒ်ကိုပြောပြ၍သိရသည်။

ဖာရစ်ဒ်နှင့်ကျွန်တော် နှစ်ယောက်သား ခဏတဖြုတ်စကားပြောကြသေး သည်။

ဂျာလာလာဘက်တွင် ကြီးပြင်းခဲ့ရသောသူ့ဘဝအကြောင်း ဖာရစ်ဒ် စားမြုံ့ ပြန်သည်။

သူတို့သားအဖ ဘာသာရေးစစ်ပွဲထဲဝင်ကာ ပန်ဂျရှာတောင်ကြားတွင်

ရှိုရာဝီတွေကိုတိုက်ခဲ့စဉ် ရိက္ခာပြတ်သောင်တင်နေ၍ ကျိုင်းကောင်များစားပြီး

အသက် ဆက်ခဲ့ရသည်။ ရဟတ်ယာဉ်ပေါ်မှလှမ်းပစ်၍ သူ့အဖေသေဆုံးခဲ့သည်။ အဖေသေ

သည့်နေ့နှင့်တစ်ပြိုင်တည်း သူ့သမီးလေးနှစ်ယောက် မိုင်းထိသေဆုံးခဲ့သည်။

သူက အမေရိကားအကြောင်းမေး၍ ကျွန်တော်ကလည်းတတ်သလောက် ဖြေရသည်။

အမေရိကားတွင် သိုးသားအမြဲလတ်ဆတ်ကြောင်း၊ အသီးအနှံပေါ များကြောင်း၊

ရေသန့်ရှင်းကြောင်း၊ အိမ်တိုင်းတီဗွီရှိကြောင်း၊ တီဗွီတိုင်း အဝေးထိန်း

ကိရိယာပါကြောင်း၊ ဂြိုလ်တုစလောင်းတပ်နိုင်လျှင် ချန်နယ်ပေါင်းငါးရာကျော်

ကြည့်နိုင်ကြောင်း ဖြေပေးလိုက်သည်။

”ငါးရာကျော်တောင်မှလား”

”ဟုတ်တယ်။ ငါးရာကျော်”

နှစ်ယောက်သားတိတ်နေကြပြန်သည်။ သူအိပ်ပျော်သွားပြီဟု ကျွန်တော်

ထင်လိုက်ချိန်တွင် သူတခစ်ခစ်ရယ်သည်။ ”ဆပ်ကြားဖူးသလား။ ဆရာကြီးနာရူဒင်

ရဲ့သမီး အိမ်ပြန်လာပြီး ယောက်ျားရိုက်တဲ့အကြောင်းညည်းတော့ ဆရာကြီးနာရူ

ဒင် ဘာလုပ်သလဲ”

အမှောင်ထဲမှပြုံးနေသော သူ့ပုံကို ကျွန်တော်အာရုံရနေသည်။ ကျွန်တော်

ကိုယ်တိုင်လည်း ပြုံးမိသည်။ မွတ်စလင်ဘာသာရေးဆရာတို့၏

အိုးနင်းခွက်နင်းကိစ္စ တစ်ခုတလေမှမသိသော အာဖဂန်ဟူ၍ ကမ္ဘာပေါ်တွင်

ဘယ်မှာမှမရှိ။

”ဘာလုပ်လဲ”

”သူ့သမီးသူပြန်ရိုက်လွှတ်တယ်လေ။ နင့်ယောက်ျားသွားပြန်ပြော။ ငါ

အရူးမဟုတ်ဘူး။ မင်းငါ့သမီးကိုရိုက်ရင် ငါလည်းငါ့မိန်းမပြန်ရိုက်ပြီး

လက်စား ချေမယ်တဲ့”

ကျွန်တော်ရယ်သည်။ ပြက်လုံးကြောင့်လည်းပါသည်။ ဘယ်တော့မှ မ

ပြောင်းလဲနိုင်သော အာဖဂန်တို့၏ဟာသကြောင့်လည်းပါသည်။ စစ်ပွဲကြီးများ

ဆင်နွှဲခဲ့ကြသည်။ ကွန်ပြူတာကွန်ရက်ကို တီထွင်နိုင်ခဲ့ကြပြီ။

အင်္ဂါဂြိုလ်ပေါ်တွင် စက်ရုပ်လမ်းလျှောက်နေပြီ။ အာဖဂန်နစ္စတန်တွင်မူ

ဆရာကြီးနာရူဒင်ဟာသများ ပြောကောင်းနေကြတုန်း။

”ဆရာကြီးနာရူဒင်က သူ့ပခုံးပေါ်အိတ်ကြီးထမ်းပြီး မြည်းစီးတဲ့အကြောင်း

ဆပ်ကြားဖူးသလား”

”ဟင့်အင်း”

”လမ်းမှာတွေ့တဲ့လူတစ်ယောက်က ဆရာကြီးဘာဖြစ်လို့ အိတ်ကိုမြည်း

ပေါ်မတင်သလဲတဲ့။ ဒီတော့ ဆရာကြီးကပြောတယ်။ ဒီလိုလုပ်ရင် ရက်စက်ရာကျ

တော့မပေါ့။ ငါ့တစ်ယောက်တည်းနဲ့တင် ဒီသတ္တဝါလေး သယ်ရတာလေးလှပါကော တဲ့”

ဆရာကြီးနာရူဒင်ဟာသများ မှတ်မိသရွေ့ အပြန်အလှန်ပြောပြီးကြသော အခါ

ကျွန်တော်တို့စကားစဲနေကြသည်။

”အစ်ကိုအေမား”

”ပြော”

”ဘာဖြစ်လို့ ဒီရောက်နေတာလဲဟင်။ ကျွန်တော်ပြောတာက ဘာဖြစ်လို့

ဒီကိုတကယ်ရောက်နေတာလဲ”

”ပြောပြပြီးပြီလေ”

”ကောင်လေးအတွက်လား”

”ဟုတ်တယ်။ ကောင်လေးအတွက်”

”ယုံရခက်ခက်ကြီးပဲနော်”

”တစ်ခါတလေ ကျွန်တော်တောင် ကိုယ့်ဟာကိုယ်မယုံနိုင်သေးဘူး”

”မဟုတ်ဘူး၊ ကျွန်တော်မေးတာ ဒါမဟုတ်ဘူး။ ဘာကြောင့်ဒီကောင်လေး မှလဲ။

အမေရိကားကနေ ဒီအထိရောက်လာခဲ့တယ်နော်”

ထိုမေးခွန်းက ကျွန်တော့်အရယ်အပြုံးအားလုံးကို သတ်ပစ်လိုက်သည်။

ကျွန်တော်၏အိပ်စက်ခြင်းကိုပါ သတ်ပစ်လိုက်သည်။ ”မောပြီကွာ။

အိပ်ကြရအောင်” ဟုသာ ကျွန်တော်ပြောလိုက်သည်။

မကြာခင် အခန်းလေးထဲ ဖာရစ်ဒ်၏ဟောက်သံကြီး ဟိန်းထွက်လာသည်။

လူတွေကြိတ်ကြိတ်တိုး ပျားပန်းခတ်နေသော ဂါဇီအားကစားရုံထဲ ကျွန်

တော်နှင့်ဖာရစ်ဒ် လမ်းလျှောက်ဝင်လာကြသည်။ ကျပ်ကျပ်ညပ်ညပ်လှေကားထစ်

ပွဲကြည့်စင်ပေါ်တွင် ထောင်ချီနေသောလူအုပ်ကြီး ြ>ွပတ်ခဲနေသည်။

ခြေကျင်လျှောက်စီး ကရက်ရောင်းသူများ၊ မြေပဲနှင့်ဘီစကွတ်ရောင်းသူများကို

ကျွန်တော်တို့ဖြတ်လာခဲ့ ကြသည်။ မွှေးကြိုင်သောအချဉ်ရည်ရနံ့နှင့်

ပဲရနံ့ချိုချိုလေးသည် ချွေးနံ့၊တိရစ္ဆာန် မစင်နံ့တို့နှင့် ရောစပ်ကာ

လေထုထဲအိတွဲခိုနေသည်။

ပိန်လှီသောကောင်လေးတစ်ယောက် ကျွန်တော့်တံတောင်လာကိုင်ကာ နားဝကပ်၍

ညှို့ဓာတ်ကောင်းသောပုံများ ဝယ်ချင်သလားဟု နှစ်ကိုယ်ကြားမေး သည်။

”ညှို့ဓာတ်သိပ်ကောင်းတယ် ဆပ်”

”နေပါစေ၊ ကျေးဇူးပဲ” ဟုပြောပြီး သူ့ကိုတွန်းလွှတ်ကာဆက်လျှောက် လာသည်။

”ဒီကောင်လေး မိလို့ကတော့ ကြိမ်စာအကျွေးခံရပြီမှတ်။ သူ့အဖေတောင်

သချႋုင်းကုန်းထဲက ထလာရတဲ့အထိ ကြိမ်စာကျွေးကြမှာ” ဟုဖာရစ်ဒ်ရေရွတ်သည်။

ထိုင်စရာခွဲဝေမှု မရှိသည်ကသေချာပါသည်။ နေရာလမ်းပြသူ တစ်ယောက် မှမတွေ့ရ။

ရှေးယခင်သက်ဦးဆံပိုင်ဘုရင်ခေတ်တုန်းကတည်းက ထိုစံနစ်မျိုးမရှိခဲ့။

ကွင်းလယ်၏ဘယ်ဘက်အခြမ်းတွင် ကျွန်တော်နှင့်ဖာရစ်ဒ် ထိုင်စရာနေရာရသည်။

၁၉၇ဝ ဝန်းကျင်က ကစားကွင်းမြက်ခင်းများ ဘယ်လောက်တောင်

စိမ်းမြနေပုံကိုအမှတ်ရလာသည်။ ခုတော့ ကစားကွင်းက အမှိုက်ကွင်းဖြစ်နေသည်။

တစ်ကွင်းလုံး ကျင်းတွေချိုင့်တွေ အုတ်ခဲကျိုးတွေ ပြည့်လျက်။

ရုပ်အဆိုးဆုံးကား တောင်ဘက်ဂိုးတိုင်အနီးမှ ကျင်းနက်ကြီးနှစ်ကျင်း။

ထိုနေရာတွင် မြက်အလျင်း မပေါက်။ ဖုန်သာထုတက်နေသည်။

ဘောလုံးသင်းနှစ်သင်း နေရာယူကြပြီ။ ဤမျှပူကျက်နေလျက်က ကစား သမားများ

ဘောင်းဘီရှည်ဝတ်ထားကြသည်။ ဘောလုံးတစ်ချက်ကန်လိုက်တိုင်း ဖုန်လုံးကြီးထလာ၍

ဘောလုံးနောက်လိုက်ဖို့ခက်ခဲလာသည်။ လျှောက်လမ်းပေါ်တွင်

ကြာပွတ်တဆဆလုပ်နေသော အသက်ငယ်ငယ်တာလီဘန်များ။ အသံကျယ်ကျယ်

အော်ဟစ်အားပေးမိသူတိုင်းကို ကြာပွတ်စာကျွေးကြသည်။

ပွဲပထမပိုင်းအပြီး ဝီစီမှုတ်ချိန်တွင် ကစားသမားများထွက်ခွာသွားသည်။

အနီရောင်ပစ်ကပ်ကားနှစ်စီး ဂိတ်ဝကိုဖြတ်၍ အားကစားကွင်းထဲမောင်းဝင်လာ သည်။

ပွဲကြည့်ပရိသတ်များ မတ်တတ်ထရပ်ကြသည်။ ပစ်ကပ်ကားတစ်စီးပေါ် တွင်

အစိမ်းရောင်ဝတ်ထားသော အမျိုးသမီးတစ်ဦးပါလာပြီး နောက်ကားတစ်စီး ပေါ်တွင်

မျက်လုံးစည်းထားသော အမျိုးသားတစ်ဦးပါသည်။ ပရိသတ်ကိုကြာ ကြာကြည့်စေလိုသော

သဘောများလားမသိ၊ ပစ်ကပ်ကားနှစ်စီးစလုံး ကွင်းပတ်လမ်း အတိုင်း

ဖြည်းဖြည်းပတ်မောင်းနေကြသည်။ သူတို့ဆန္ဒအောင်မြင်ပါသည်။ ပရိသတ် သည်

လည်တဆန့်ဆန့်နှင့် ခြေဖျားထောက်ကာ လှုပ်လှုပ်ရွရွဖြစ်လာကြသည်။

ကျွန်တော့်ဘေးနားမှ ဖာရစ်ဒ်သည် လည်ဇလုတ်ကြီးတက်ချည်သက်ချည်လုပ်ကာ

ဘုရားတ’နေသည်။

ပစ်ကပ်ကားနှစ်စီး ကွင်းထဲဝင်လာပါပြီ။ ထောင်းထောင်းထနေသော

ဖုန်လုံးကြီးနှစ်လုံး ကွင်းအစွန်ထိမောင်းသွားပြီး ကွင်းအစွန်တွင်

တတိယကားတစ်စီး လာပူးပေါင်းသည်။ တတိယကားပေါ်တွင် ဘာမှန်းမသိ အပြည့်ပါလာသည်။

ဂိုးတိုင်နောက်မှကျင်းနှစ်ကျင်း၏ ရည်ရွယ်ချက်ကို

ကျွန်တော်ချက်ချင်းရိပ်စားမိ လိုက်သည်။ တတိယကားပေါ်မှပါလာသောအရာများကို

အောက်ချကြသည်။ လူအုပ် သည် သို့လောသို့လောအသံများညံလာသည်။

”ဒီမှာဆက်နေချင်သေးလား” ဟု ဖာရစ်ဒ်အလေးအနက်မေးသည်။

”မနေချင်ဘူး။ ဒါပေမယ့် နေမှဖြစ်မယ်”

ကျွန်တော့်ဘဝတစ်လျှောက်လုံး ဤမျှလောက်ဆိုးရွားသောနေရာကို မကြုံ ခဲ့စဖူး။

ဤမျှလောက်နေရာကို စွန့်ခွာချင်စိတ်မပေါ်ခဲ့စဖူး။

တာလီဘန်နှစ်ယောက်သည် မျက်လုံးစည်းထားသောအမျိုးသားကို ကား ပေါ်မှချသည်။

အခြားတာလီဘန်နှစ်ယောက်က အစိမ်းရောင်အမျိုးသမီးအား ကား

ပေါ်မှဆင်းနိုင်အောင်ကူသည်။ အမျိုးသမီး၏ဒူးများကွေးညွတ်ကာ မြေပြင်ပေါ်ပုံ

ကျသွားလိုက်၊ တာလီဘန်များကဆွဲထူလိုက်နှင့် နောက်တစ်ကြိမ်အမျိုးသမီးအား

ထူသောအခါ အမျိုးသမီးသည် ကန်ကျောက်၍အသံကုန်ညှစ်အော်သည်။ ထိုအော်သံ

မျိုးကို ကျွန်တော်မေ့နိုင်မည်မထင်။ အင်္ဂါမစုံတော့သည့်ခြေထောက်ကို

ထောင်ချောက် ထဲမှဆွဲထုတ်နေသော သားရဲတိရစ္ဆာန်တစ်ကောင်၏ ကျည်ကျည်လောင်လောင်

စူးစူးဝါးဝါးအော်သံ …

နောက်ထပ်တာလီဘန်နှစ်ကောင်ရောက်လာပြီး အမျိုးသမီးကို ရင်စို့ထိ

နက်သောကျင်းထဲ ဝိုင်းချကြသည်။ မျက်လုံးစည်းထားသောအမျိုးသားကမူ မရုန်း

ကန်ဘဲ သူတို့ချပေးသည့်အတိုင်း ကျင်းထဲရောက်သွားသည်။ မြေပြင်ပေါ်တွင်

ရာဇဝတ်သားနှစ်ယောက်၏ ရင်ပိုင်းသာပေါ်ထွက်နေသည်။

ဝဝဖိုင့်ဖိုင့်ဘာသာရေးဆရာသည် ဂိုးတိုင်နား မတ်တတ်ရပ်ကာ မိုက်ခရို

ဖုန်းကိုင်လျက်သား လည်ချောင်းရှင်းသည်။ ကျင်းထဲမှအမျိုးသမီး အသံကုန်ဟစ်

နေဆဲ။ ကိုရန်ကျမ်းထဲမှ ရှည်လျားသောဆုတောင်းခန်းကို ဘာသာရေးဆရာသည်

တက်လိုက်ကျလိုက်နှာသံပါပါရွတ်ဆိုသွားသည်။ ရှေးယခင်က ဘာဘာပြောခဲ့ဖူး

သည့်စကား ကျွန်တော့်မှတ်ဉာဏ်ထဲပြန်ပေါ်လာသည်။ ”ကိုယ့်ဟာကိုယ်မှန်နေကြတဲ့

မျောက်တွေ။ သူတို့မုတ်ဆိတ်ပေါ် ရှူးသာပန်းချ။ သူတို့ကပုတီးစိပ်လိုက်၊

စာအုပ် ကြီးအလွတ်ကျက်လိုက်၊ ဘာရေးထားလဲနားဖြင့်မလည်ဘဲနဲ့၊ အာဖဂန်နစ္စတန်

တစ်နိုင်ငံလုံးသာ သူတို့တွေလက်ထဲကျသွားလို့ကတော့ ဘုရားမ’မှာပေါ့ကွာ”

ဆုတောင်းပြီးလျှင် ဘာသာရေးဆရာလည်ချောင်းရှင်းသည်။ ဖာစီဘာသာ ဖြင့်

”ညီအစ်ကိုတော်တို့ …” ဟုခေါ်လိုက်သောအသံသည် အားကစားရုံထဲ

ဟိန်းထွက်သွားသည်။ ”ဒီကနေ့ တရားမျှတမှုအတွက် ငါတို့ဒီရောက်လာရတယ်။

အလာဟ်အရှင်ရဲ့ဆန္ဒအတိုင်း ငါတို့အားလုံးဒီနေရာရောက်လာခဲ့တယ်။ ဘုရားစကား

ကို မြေဝယ်မကျငါတို့နားထောင်ကြတာ ဘာကြောင့်လဲ။ ငါတို့ဟာ ဘုရားရဲ့ကြီး

ကျယ်မြင့်မြတ်မှုနဲ့စာရင် ဘာမှမပြောပလောက်တဲ့ အနုညာတသတ္တဝါလေးတွေ။ ကဲ …

ဘုရား ဘာတြွေ>ွမက်ကြားခဲ့သလဲ။ ငါမင်းတို့ကိုမေးနေတယ်။ ဘုရား

ဘယ်လိုြ>ွမက်ကြားခဲ့သလဲ။ အပြစ်ရှိသူတိုင်းကို

သူတို့အပြစ်နဲ့ထိုက်လျောက်စွာ စီရင်ရမယ်။ ဒီစကားဟာင့ါစကားမဟုတ်ဘူး။

မင်းတို့ရဲ့စကားလည်း မဟုတ်ဘူး။ ဒီစကားဟာ ဘုရားစကား”

ဘာသာရေးဆရာသည် အားနေသောလက်တစ်ဖက်ကို မိုးပေါ်ထောင်ပြ သည်။

ကျွန်တော့်တခေါင်းလုံး တူထုနေပြီ။

”အပြစ်ရှိသူတိုင်းကို သူတို့အပြစ်နဲ့ထိုက်လျောက်စွာ စီရင်ရမယ်” ဟု

ဘာသာရေးဆရာ မိုက်ခွက်ထဲထပ်ပြောသည်။ အသံကိုနှိမ့်ပြီး ပြဇာတ်ဆန်ဆန်

ပြောသွားသောစကားမှာ ”အိမ်ထောင်ရေးဖောက်ပြန်သူတွေဟာ ဘယ်လိုပြစ်ဒဏ်

မျိုးနဲ့သင့်တော်သလဲ။ ထိမ်းမြားမင်္ဂလာရဲ့မွန်မြတ်သန့်စင်မှုကို

သိက္ခာချတဲ့လူ- ဒီလူနှစ်ယောက်ကို ဘယ်လိုအပြစ်စီရင်ရမလဲ။

ဘုရားရဲ့မျက်နှာတော်ကို တံတွေးနဲ့ ထွေးတဲ့ဒီလူတွေကို

ဘယ်လိုကိုင်တွယ်ရမလဲ။ ဘုရားရဲ့အိမ်ကို ခဲနဲ့ပေါက်တဲ့ဒီလူ တွေကို

ဘယ်လိုတုန့်ပြန်ရမလဲ။ သူတို့ကို ခဲနဲ့ပြန်ပေါက်ရုံပဲ”

မိုက်ခွက်ကို ဘာသာရေးဆရာပိတ်လိုက်ပြီ။ ပရိသတ်ကြီးထဲမှ အသံတိုးတိုး

ထွက်လာသည်။ ကျွန်တော့်ဘေးမှ ဖာရစ်ဒ်ခေါင်းရမ်းနေသည်။ ”သူတို့ကိုယ်သူ

တို့များ မွတ်စလင်တဲ့လား”

လူကောင်ထွားထွား ရင်အုပ်ကားကား တာလီဘန်တစ်ကောင် ပစ်ကပ် ကားထဲမှထွက်လာ၍

ပွဲကြည့်ပရိသတ်အချို့ အော်ဟစ်အားပေးသည်။ သည်တစ်ခါ အသံကျယ်ရကောင်းလားဟု

ကြာပွတ်စာအကျွေးမခံရ။ နေရောင်အောက်ဝယ် ထိုတာလီဘန်၏အဖြူဆွတ်ဆွတ်အကျႌ

တလဲ့လဲ့အရောင်ထွက်နေသည်။ ရှပ်အကျႌအ နားစများ တိုက်လေထဲဖျပ်ဖျပ်ခါလျက်။

ကားတိုင်ပေါ်မှ ယေရှူခရစ်တော်လေလား … ထိုတာလီဘန်သည်

လက်နှစ်ဖက်ကိုဆန့်ကားလိုက်ကာ ကိုယ်ကိုတစ်ပတ်ပြည့်

အောင်ဖြည်းဖြည်းချင်းလှည့်၍ လူအုပ်ကြီးကိုနှုတ်ဆက်သည်။ ကျွန်တော်တို့ရှိရာ

ဘက်ကိုလှည့်လာချိန်တွင် ထိုတာလီဘန် နေကာမျက်မှန်ဝိုင်းတပ်ထားသည်ကို

တွေ့လိုက်ရတော့၏။ ဂျွန်လင်နွန်တပ်သည့်နေကာမျက်မှန်နှင့် တစ်ထေရာတည်းတူ

သောမျက်မှန်။

”ဒီလူဖြစ်ရမယ်” ဟု ဖာရစ်ဒ်ဆိုသည်။

………………………

………………………..

………………………….

……………………
……………………..
………………………

_____________________________

ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

……………………………

5 comments

  • အလင်းဆက်

    July 28, 2012 at 6:55 pm

    ဒီအပိုင်းမှာ..အောက်ခြေစားသား ကို

    “သူတို့ကိုယ် သူတို့များ မွတ်စလင်တဲ့လား”

    ဆိုတဲ ့စာသား..ကို ပေးထားမိပါတယ် ။
    ဒီစာသားကို.. ဒီအပိုင်းရဲ ့ ဖာရစ်ဒ်..ဆိုသူ ပြောသွားတဲ ့စကားကို ပြန်ယူ ပြီး.ပေးထားလိုက်တာပါ ။
    ဒီဝတ္ထု ( ဝတ္ထု ) ထဲက စာသားတစ်ခု အဖြစ်ပဲ.. မှတ်ယူကြစေချင်ပါတယ် ။
    အခြား….လူမျိုး..ရေး ထိခိုက်မှု..ရှိစေလိုသော..ဆန္ဒများ…လုံးဝ လုံးဝ မပါရှိပဲ..
    တကယ့် သဘောရိုးဖြင့်..ရေးလိုက်မိခြင်းဖြစ်ပါတယ်…
    ပြိးတော့…. အဲဒီ စကားရဲ ့ အသွားအလာကလည်း..တာလီဘန်တွေ…ရဲ ့လုပ်ရပ်ကို..ပြောခြင်းသာ..ဖြစ်ပါတယ်..လို ့ ။
    ____________

    ရွေကြည်…တို့ ့..ကိုပေ..တို ့..ရေ..
    ဇာတ်အရှိန်က တော့….အသေအလဲ..ကို မြင့်လာပြီ..ဗျာ ့။

    စာချစ်သူများကို..ခင်မင်လေးစားလျက်

  • မောင်ပေ

    July 28, 2012 at 7:57 pm

    ဇါတ်ရှိန်မြင့်လာသလို
    ဖတ်ရတာလဲ
    ရင်တုန်ပန်းတုန် ရှိလှတယ်
    ဖြစ်သေးပါဘူး
    ဝါမဝင်ခင်
    ဘီဘီလေး
    သွားဂလုဦးမှ

  • Nadi Mg

    July 28, 2012 at 8:19 pm

    ဘီဘီနဲ့တင် မဖြစ်ချေဘူး ဘီအီးလေး ကစ်ပြီး စဉ်းစားဦးမှ

  • အလင်းဆက်

    July 29, 2012 at 6:40 pm

    ဦးပေ… တားတားလည်း..လိုက်မယ်..လေ ။ တားတားလည်း.. ညစ်နေတာနဲ ့အတော်ပဲ.။
    တူတူ ကစ်လိုက်ရအောင်လား.. အဟိ ။

    နဒီမောင်…က ဘီအီး..လိုင်း..လား။ တားတားက ဝီ…..ပဲ.။
    ဘာပဲ.ဖြစ်ဖြစ်လေ… အတူတူ တစ်ဝိုင်းထဲ..ထိုင်ပြီး…သောက်ချင်ပါသေးတယ်ခည..။

    ဒါနဲ ့..ဒေါ်ရွှေကြည်..တစ်ယောက် မတွေ့သေးပါလား..။

  • shwe kyi

    July 30, 2012 at 11:46 am

    ဘီဘီသောက်လို့တော့မဖြစ်ဘူး ဒီတော့ ဘုရားပြေးအာရုံပြုလိုက်ဦးမယ်။ 🙁

Leave a Reply