ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းနှင့် စည်းကမ်းလိုက်နာမှု

U Thein BoJuly 29, 20121min814

ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ မေ(၈)ရက်က စတင်ခွင့်ပြုခဲ့သည့် လူတိုင်းမော်တော်ယာဉ် တင် သွင်းခွင့်အစီအစဉ်အရ ခွင့်ပြုချက်ရရှိမှုနှင့်အတူ မြန်မာနိုင်ငံ သို့ဂျပန်နိုင်ငံမှ ခရီးသည်တင် ဘတ်(စ်)ကား အသစ်များဝင်ရောက်လာတော့မည်ဟု ကြားသိရသည့်အတွက် လွန်စွာပင် မင်္ဂလာရှိလှသည့် သတင်းဖြစ် ပေသည်။

သည်သတင်းက မြန်မာနိုင်ငံသားများအားလုံးအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်။ အဘယ်ကြောင့်ဆိုသော ကျွန်တော်တို့သာမန်အခြေခံ လူတန်းစား ခရီးသွားပြည် သူတွေ အနေနဲ့ ဘတ်(စ်)ကားတွေကိုသာ အားကိုးနေရခြင်းဖြစ်သည့်အတွက် အများပြည်သူ နေ့စဉ် သွားလာနေကြ ရသော မော်တော်ယာဉ်လိုင်းများမှာလည်း အဆင့်မီ သင့်သည်မှာ ကြာပါပြီ။

အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာ သည်ဟုဆိုသော်လည်း ခရီးသည်တင်ကားများအနေဖြင့် ကားကောင်းများအဖြစ်သို့ ပြောင်းလဲမလာ။ ဟိုင်းလတ်၊ ဒိုင်နာစသော လုပ်ငန်းခွင်သုံး မော်တော်ယာဉ်များကိုပင်ခရီးသည်တင်လိုင်းကားအဖြစ် မြင်တွေ့နေရသည်မှာ ခေတ်မှီတိုးတက်နေသည့်ဒီမိုကရေစီဆိုသော နိုင်ငံတော်ကြီးကို   လှောင်ပြောင် နေသလိုခံစားမိပါသည်။

  • ဒီလို ကားတွေနေရာမှာ ဘတ်(စ်)ကားအသစ်ကြီးတွေ ဝင်ရောက်လာမည်ဆိုလေ တော့ ပြည်သူတစ်ယောက်အနေဖြင့် ပီတိဖြစ်မိသည်မှာအံ့ဩဖွယ်ရာ မရှိ။ နေ့စဉ်ခရီး သွားပြီး ဝမ်းစာအတွက်လှုပ်ရှားနေကြရသော ပြည်သူများအတွက် အန္တရာယ်ကင်းရှင်းရေးသည် မော်တော်ယာဉ်ကောင်းမွန်ရန် အဓိကကျသကဲ့သို့ယာဉ်မောင်းများ အနေဖြင့်လည်း အဓိက အရေးပါသော အခန်းကဏ္ဍပင်ဖြစ်သည်။

သို့သော် ကျနော်တို့နိုင်ငံမှ လိုင်းကားမောင်းသူများ၏ စည်းကမ်း မဲ့မှုများမှာများပြားလှသဖြင့် စာဖြင့်ရေးပြ၍မကုန်။ ကျန်နေရာမဆိုထားနှင့် ရန်ကုန်မြို့ကြီး၏အဓိက ကျသော မီးပွိုင့်နေရာများတွင်ပင် မောင်းချင်တိုင်းမောင်းနေကြတုန်း။ လှည်းတန်းမီးပွိုင့်တွင် တက္ကသိုလ် ရိပ်သာလမ်းဘက်မှ ပြည်လမ်းကြီးသို့ကွေ့မည့်ကားများ တန်းစီစောင့်ဆိုင်းနေလျင် လိုင်းကား ဟိုင်းလတ် များက သူများတွေစည်းကမ်းတကျတန်းစီထားသည်ကို အလေးမထား တစ်ဖက်ယာဉ်ကြောမှ လမ်းပြောင်း ပြန်မောင်း ကာ မီးပွိုင့်၏အနီးဆုံးရောက်အောင် မောင်းကြသည်။ ကိုယ်ပိုင်ကားငယ်များကလည်း အားကျမခံ ထိုနည်းတူစွာ လမ်းပြောင်းပြန်မောင်းကြသည်။

သူတို့အနေဖြင့် တဘက် ယာဉ်ကြောမှ လာနေသော မော်တော်ယာဉ်များကိုလည်း အလေးမထား။ ဂရုလည်းမစိုက်ပေ။ ရွှေဂုံတိုင်မီးပွိုင့်တွင်လည်း သည်အတိုင်း။ ညနေရုံးတက်ရုံးဆင်းချိန်များတွင် ရွှေဂုံတိုင်လမ်းမမှ ကမ္ဘာအေးဘုရားလမ်းသို့ကွေ့မည့် မော်တော်ယာဉ် များက ခွင့်ပြုယာဉ်ကြောမှ တန်းစီနေသော မော်တော် ယာဉ်များအားဂရုမစိုက်ဘဲ ဆန့်ကျင်ဘက်ယာဉ် ကြောမှ ခပ်တည်တည်ခပ်ကြမ်းကြမ်းမောင်းကာ သူ့ထက်ငါအရင်ကွေ့ရေး ကြိုးပမ်းကြပြန်သည်။

ဟွန်းသံ မဲ့ဇုံတွင် ဟွန်းတီးလျှင် မည်သို့မည်ပုံပြင်းပြင်းထန်ထန် အရေးယူမည်ဆိုသည့် သတိပေးချက်များအား စာရွက်ထဲတွင် တွေ့မြင်နေရသော် လည်း မီးပွိုင့် လမ်းပြောင်းပြန်မောင်းယာဉ်များအား အရေးယူမည်ဆို သည့် အချက်ကိုတော့ ယခုထက်တိုင် မတွေ့ရသေး။ ကားအသစ်လေးများစီးပြီး စည်းကမ်းမဲ့မောင်းနှင် သူများကလည်းဒုနှင့်ဒေးပင်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ မော်တော်ယာဉ်အသစ်များဖြစ်ရုံမျှနှင့် ခရီးသည်များအတွက် ပြည့်စုံလုံလောက်မည်မဟုတ်ပေ။ မော်တော်ယာဉ်မောင်းများ စည်းကမ်း ကျန မှုကလည်းအဓိက အခန်း ကဏ္ဍကပါဝင်နေသည့်အတွက် သူတို့၏စည်းစနစ်ကျမှုသည် ခရီးသည်ပြည်သူများ၏အသက်ကို စောင့် ရှောက်ရာလည်း ကျမည်ဖြစ် သည်။  နိုင်ငံတကာရှိ ဘတ်(စ်)ကားမောင်းနှင်သူများကိုကြည့်ပါက အသုံး အနှုန်းကိုပင် ဘတ်(စ်)ကား ကက်ပတိန်ဟု သုံးစွဲသည်။ အိမ်နီးချင်း နိုင်ငံများတွင်ပင် ယာဉ်မောင်းများမှာ အမျိုးသားများသာမက အမျိုးသမီးများပင် မောင်းနှင်နေကြသည်ကိ်ု တွေ့မြင်နေရသည်။ အတုယူစရာ ကောင်းသည်က ယာဉ်မောင်းနှင်ရာတွင် စည်းကမ်းတကျ မောင်းနှင်ခြင်းနှင့် ခရီးသည်များသာမက လမ်းပေါ်တွင်သွားနေသည့် မော်တော်ယာဉ်များအား ငှဲ့ညာကာ ယဉ်ကျေးစွာ မောင်းနှင်ကြသည်ကို တွေ့ရှိ ရမည်ဖြစ်သည်။

အများပြည်သူနှင့်ထိတွေ့ဆက်ဆံနေရသည့် ဘတ်(စ်)ကားယာဉ်မောင်းများသည် ယာဉ်မောင်းနှင်မှု ကျွမ်းကျင်ရန် သာမက စည်းကမ်းသေဝပ်ကျနနေ ရန် လည်း လိုအပ်သည်ဖြစ်ရာ ယာဉ်မတော်တဆ ဖြစ်ပွားမှုကိုများလည်း အလိုအလျောက် လျှော့နည်းသွားမည်ဖြစ်သည်။ ယင်းသို့လိုက်နာမှသာ စည်းကမ်းလိုက်နာမှု၏နောက်ဆက်တွဲ အဖြစ် လမ်းများလည်း သာယာပြီး ခရီးသည်များလည်း စိတ်ချလက်ချ ခရီး သွားနိုင်ကြမည်ဖြစ်သည်။

ဘတ်(စ်)ကားယာဉ်မောင်းများအား အရေးယူသော စည်းကမ်းပိုင်း ဆိုင်ရာတွင်လည်း ဒါဏ်ကြေးငွေဆောင်ခိုင်းနေသည့်စနစ်အပြင် စည်းကမ်းမဲ့သော မော်တော် ယာဉ်မောင်းများအား လူမှုရေးတာဝန်ထမ်းဆောင်စေခြင်း(ဥပမာ စည်ပင် ဝန်ထမ်းများနှင့်အတူ သန့်ရှင်းရေး မြို့တော်စိမ်းလန်း သာယာရေးလုပ်ငန်းများတွင် ပါဝင် ဆောင် ရွက်စေခြင်း)ကဲ့သို့သော ပြစ်ဒါဏ်များကို ပူးတွဲပေးအပ်သင့် ပေသည်။

သို့ရာတွင် ပြစ်ဒဏ်ပေးသည့်နေရာတွင် တိတိကျကျဆောင်ရွက်ရန်တော့လိုအပ်ပေမည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်အဖြစ် အနာဂါတ်မြန်မာနိုင်ငံ  တာ်ဝယ် အစစအရာရာ မူဝါဒမှအစပြောင်းလဲပြီး ကျင့်သုံးကြရာတွင် လူ၏အကျင့်စရိုက်ကိုပါ လိုက်ပါပြုပြင်လိုက်မည် ဆိုပါက ခေတ်သစ်၊ နိုင်ငံတော်သစ်ကြီးတွင် စိတ်သစ်၊ လူသစ် များအဖြစ် မော်တော်ယာဉ်သစ်ကြီးများနှင့်အတူ ခရီးသည်များ၏လိုရာခရီးကို စိတ်ချလက်ချဖြင့် ပျော်ရွှင်စွာခရီးဆက်ခွင့်ရမည်ဖြစ်ပါသည်ဟု ယုံကြည်မိပါ သည်။

ဦးသိန်းဗိုလ်

4 comments

  • htoosan

    July 29, 2012 at 9:52 am

    ဦးသိန်းဘိုရေ .. သတင်းစာကိုပါ ပို့ပါ ဗျို့ ။
    လက်မထောင်ခဲ့ပါသည် ။
    ယာဉ်မောင်း တင်မကဘူး .. အဲ့ဒီ့ ဘတ်စကား ကိုမောင်းနှင်ခွင့်ပေးထားတဲ့ တာဝန်ရှိသူများ ၊ ယာဉ်ပိုင်ရှင်များကို ပါ အပြစ်ဒါဏ် ပေးသင့်ပါသည် ။ သို့မှသာ ယာဉ်ပိုင်ရှင်များ တာဝန်ရှိသူများ ကပါ ထိန်းသိမ်းပါလိမ့်မည်။

  • မောင်ပေ

    July 29, 2012 at 12:07 pm

    လိုင်းဝင်ထားတဲ့ ကားပိုင်ရှင်တွေက ကိုယ့်ကားမောင်းမယ့် ဒရိုက်ဘာနဲ ့စပယ်ယာ ကို ဘယ်ရွေ ့ဘယ်လောက် အပ်ရမယ် ဆိုတဲ့ နှုန်းထားကို လဲ ၊ မထသ လို အဖွဲ ့အစည်းမျိုးအနေနဲ ့သတ်မှတ်ပေးပြီးသားလား ၊ မသတ်မှတ်ရသေးဘူးလားလဲ သိချင်မိတယ်
    ဒရိုက်ဘာနဲ ့စပယ်ယာပေါင်းပြီး ခေါက်ရေများလေ ကိုယ့်အတွက် ပိုကျန်လေ ပုံမျိုး မောင်းနေကြတာကို မြင်တွေ ့နေရလို ့ပါ
    ဦးသိန်းဗိုလ် ထပ်ပြောပေးပါဦး

  • P chogyi

    July 29, 2012 at 5:00 pm

    ဘုရား..ဘုရား စားပေါက်တစ်ကွက် သွားထွင်ပေးသလိုဖြစ်နေဦးမယ်။

Leave a Reply