” အရှက်တရားကို အောင်နိုင်ခဲ့တဲ့ မေတ္တာ ” ဖတ်စေချင်လို.ကူးတင်ပေးလိုက်ပါတယ်

Knowledge SeekerJuly 29, 20121min1229

ဆုရဘို.မရည်ရွယ်ပါဘူး ဖတ်စေချင်လို.ကူးတင်ပေးလိုက်ပါတယ်

င်္facebook ကပါ

Credit to Green Moon on FB

” အရှက်တရားကို အောင်နိုင်ခဲ့တဲ့ မေတ္တာ ”

အီတလီမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ သတင်းတစ်ပုဒ်လို့ ဖတ်ရပါတယ်။

အီတလီရှိ မြို့နာမည်နဲ့ လူနာမည်ကို တရုတ်ကနေ မြန်မာ(အင်္ဂလိပ်) ပြန်ဆိုတဲ့အတွက် အသံထွက်နဲ့ စာလုံးပေါင်းတွေ

မှားကောင်းမှားနိုင်ပါတယ်။ နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ မှုရင်းတရုတ်လို ရေးထားတဲ့စာကိုက တော်

တော်ရှည်ပါတယ်။ မြန်မာစာကို ကျစ်လစ်အောင် မသုံးတတ်တဲ့ ကျွန်မရဲ့ ဝါကျတွေကြောင့် မြန်မာပြန်က ပိုရှည်နေပါ

တယ်။ ရင်ထဲမှာ တစ်ခုခု ကျန်နေခဲ့ရင် ဘယ်လောက်ပဲရှည်ရှည် ဘာသာပြန်ရကျိုးနပ်ကြောင်း.. အားလုံး ကျေးဇူး း)

“အရှက်တရားကို အောင်နိုင်ခဲ့တဲ့ မေတ္တာ”

၂၀၀၂ နှစ်ကုန်ပိုင်းလောက်က အီတလီရှိ သတင်းစာအချို့မှာ ထူးဆန်းတဲ့ လူပျောက်ကြော်ငြာ သတင်းတစ်ခုပါလာ

ခဲ့တယ်။ သတင်းက “၁၉၉၂ ခုနှစ် ၅လပိုင်း ၁ရရက်နေ့က Voillery City Road commercial section 5 က ကား

ပတ်တစ်ခုမှာ လူဖြူအမျိုးသမီးတစ်ဦးကို လူမည်းတစ်ဦးက မုဒိန်းကျင့်ခဲ့တယ်။ အဲဒီနောက် အမျိုးသမီးဟာ လူမည်း

သမီးလေးတစ်ဦး ဖွားမြင်ခဲ့တယ်။ သူ့ခင်ပွန်းလည်း အမျိုးသမီးနဲ့အတူ လူမည်းကလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်

ယူခဲ့တယ်။ ဒါပေမဲ့ ဒီကလေးငယ် ကံမကောင်းခဲ့ရှာဘူး။ အခုအချိန်မှာ သူဟာ သွေးကင်ဆာရောဂါကို ခံစားနေရ

တယ်။ သူ့အတွက် ရိုးတွင်းချဉ်ဆီ ကုသဖို့ အရေးတကြီးလိုအပ်လာတယ်။ သူ့အသက်ကို ကယ်တင်ဖို့ တစ်ခုတည်း

သော မျှော်လင့်ချက်က သူ့ဖခင်ပဲဖြစ်တယ်။ ဒါကြောင့် ဒီကြော်ငြာကို ဖတ်မိတဲ့ ကာယာကံရှင်ကိုယ်တိုင် အယ်လီ

ဇဘက်ဆေးရုံ ဒေါက်တာ Andrea နဲ့ ဆက်သွယ်ပါ” လို့ဖြစ်တယ်။

ဒီလူပျောက်ကြော်ငြာက လူထုတွေကြားမှာ လှိုင်းဂယက်တစ်ခု ထသွားစေခဲ့တယ်။ လူတော်တော်များများ ဝေ

ဖန်ကြတဲ့အကြောင်းက မုဒိန်းကျင့်ခဲ့တဲ့ လူမည်း ထွက်လာပြီး ဝန်ခံပါ့မလား? တကယ်လို့ ထွက်လာပြီး

ဝန်ခံရင် သူ့နာမည်ပျက်မယ်။ သူ့မိသားစု ပြိုကွဲမယ်။ တကယ်လို့ မထွက်လာဘဲ အသံတိတ်နေမယ်ဆိုရင်

သူဟာ လုံးဝခွင့်မလွတ်နိုင်တဲ့ အပြစ်ကြီးတစ်ခုကို ထပ်ကျူးလွန်သူ ဖြစ်သွားလိမ့်မယ်။ ဒီဇာတ်လမ်းရဲ့ နိဂုံး

က ဘယ်လိုအဆုံးသတ်မှာလဲ ဆိုတာကို လူတွေက စိတ်ဝင်စားနေကြတယ်။

အီတလီ Voilleryမြို့ရဲ့ ရပ်ကွက်တစ်ခုက လူမည်းကလေးတစ်ဦးဟာ အရှက်တစ်ခုရဲ့ လျှို့ဝှက်ချက်ကို အစဆွဲထုတ်ခဲ့

တယ်။ အသက် ၃၅နှစ်ရှိတဲ့ ဓားစာခံ Mamita က လူတကာ ဝေဖန်တဲ့ ပစ်မှတ်ဖြစ်ခဲ့တယ်။ သူနဲ့ သူ့ခင်ပွန်း ပီတာက

လူဖြူတွေဖြစ်တယ်။ ဒါပေမဲ့ သူတို့ကလေးတွေက အဖြူတစ်ယောက်၊ အမည်းတစ်ယောက် ဖြစ်နေတယ်။ အဲဒီထူး

ခြားတဲ့ မြင်ကွင်းက ပတ်ဝန်းကျင်ရှိ လူတွေကို ပိုပြီး သံသယဝင်စေခဲ့တယ်။ ဒါကို Mamitaက သူ့အဘွားက လူမည်း

ဖြစ်ပြီး အဘိုးက လူဖြူဖြစ်တဲ့အကြောင့် ဒါကြောင့် သမီးလေး မော်နီကာကျမှ သွေးက လာဆန့်ကျင်တဲ့အကြောင်း

လူတွေကို အပြုံးနဲ့ ပြန်ဖြေခဲ့တယ်။ ၂၀၀၂ ခုနှစ် ဆောင်းဦးပေါက်မှာ လူမည်းလေး မော်နီကာ နာမကျန်းဖြစ်ပြီး ကိုယ်

အပူချိန်တွေ တက်ခဲ့တယ်။ နောက်ဆုံး ဒေါက်တာ Andreaက မော်နီကာမှာ သွေးကင်ဆာ ရှိနေတဲ့အကြောင်း ရိုး

တွင်းချဉ်ဆီ ရွှေ့ပြောင်းကုသနည်းကမှ သူ့အတွက် တစ်ခုတည်းသော အကောင်းဆုံး ကုသနည်းဖြစ်ကြောင်း

ပြောခဲ့တယ်။

ဆရာဝန်က ဆက်ပြီး ” မော်နီကာနဲ့ သွေးသားတော်စပ်တဲ့ လူတွေမှာ လိုအပ်တဲ့ ရိုးတွင်းချဉ်ဆီကို အလွယ်တကူ ရှာ

နိုင်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ ဆွေမျိုးတွေအားလုံး ဆေးရုံလာပြီး စစ်ဆေးပါ” လို့ ပြောခဲ့တယ်။ Mamita က

မျက်စိမျက်နှာ ပျက်လို့ပေါ့။ ဒါပေမဲ့ ဆွေမျိုးတွေအားလုံးကို ခေါ်ပြီး စစ်ဆေးခဲ့ပါတယ်။ နောက်ဆုံးရတဲ့ အဖြေက မသင့်တော်ပါတဲ့။
မော်နီကာရဲ့ ရောဂါအခြေအနေက သူနဲ့ သင့်တော်မဲ့ ရိုးတွင်းချဉ်ဆီရဖို့နှုန်း အင်မတန် သေးငယ်တဲ့အကြောင်း ဆရာ

ဝန်က ပြောပြန်တယ်။ ဖြစ်နိုင်ဖို့ အခြေအနေတစ်ခုက Mamitaနဲ့ သူ့ခင်ပွန်း နောက်ထပ် ကလေးတစ်ယောက် မွေးပြီး

အဲဒီကလေးရဲ့သွေးတွေ မော်နီကာထဲ သွင်းပေးဖို့ ဆရာဝန်က အကြံပေးပြန်တယ်။ ဒီအကြံကို ကြားတော့ Mamita

တစ်ယောက် တုန်လှုပ်ခဲ့မိတယ်။ “ဘုရားရေ… ဘာဖြစ်လို့ ဒီလို ဖြစ်ရတာလဲ” လို့ သူ့နှုတ်က လွတ်ခနဲ့ အော်လိုက်မိ

တယ်။ ခင်ပွန်းဖြစ်သူကို မျှော်လင့်ချက်မဲ့တဲ့ အကြည့်၊ ချောက်ချားတဲ့ အကြည့်နဲ့ သူကြည့်လိုက်မိတယ်။

ခင်ပွန်းသည် ပီတာလည်း အဲဒီအကြံကြောင့် မျက်မှောင်ကြုတ်လို့။ ဒေါက်တာAndreaက လူအတော်များများလည်း

ဒီလိုသွေးသွင်းနည်းနဲ့ သွေးကင်ဆာကို ကုသကြကြောင်း၊ ဒီလိုကုသလို့လည်း မွေးဖွားလာတဲ့ ရင်သွေးငယ်ရဲ့

ကျန်းမာရေးကို မထိခိုက်နိုင်တဲ့အကြောင်း ထပ်တလဲလဲ ရှင်းပြနေခဲ့တယ်။ ဇနီးမောင်နှံ့နှစ်ဦးက ဘာမှပြန်မပြောဘဲ

တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေခဲ့တယ်။ နောက်မှ “ကျွန်တော်တို့ စဉ်းစားပါရစေဦး” ဆိုတဲ့ စကားတစ်ခွန်းပဲ

ပြောနိုင်ခဲ့တယ်။

နောက်တစ်နေ့ညနေ ဒေါက်တာAndrea ဆေးရုံမှာ တာဝန်ကျနေတုန်း Mamitaတို့ ဇနီးမောင်နှံ့နှစ်ဦး ရောက်လာခဲ့

တယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားတဲ့ Mamitaရဲ့ လက်ကို ခင်ပွန်းသည်က တွဲထားတယ်။ မျက်နှာ မသာမယာနဲ့

ဆရာဝန်ကို ” ဒေါက်တာကို ကျွန်တော်တို့ အဖြစ်အပျက်တစ်ခု ပြောပြချင်ပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကို

ဒေါက်တာလျှို့ဝှက်ပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျွန်တော်တို့ နှစ်ပေါင်းအတော်ကြာ လျှို့ဝှက်လာတဲ့

ကိစ္စမို့ပါ” ဆရာဝန်က တလေးတစား ခေါင်းညိတ်ပြလိုက်တယ်။

“လွန်ခဲ့တဲ့ ၁ဝနှစ် ၁၉၉၂ခုနှစ် မေလမှာ ကျွန်တော့်သမီးလေး Yilianna နှစ်နှစ်ပြည့်တယ်။ ကျွန်တော့်ဇနီး Mamita

က စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တယ်။ သူက ညတိုင်း(၁၀) နာရီမှ အလုပ်ဆင်းတယ်။ အဲဒီည သူအလုပ်

ဆင်းတော့ မိုးအကြီးအကျယ် ရွာနေခဲ့တယ်။ လမ်းပေါ်မှာလည်း လူခြေတိတ်နေတယ်။ စွန့်ပစ်ထားတဲ့ ကားရပ်နား

နေရာ တစ်ခုရောက်တော့ နောက်ဖက်မှာ ခြေသံတစ်ခုကို သူကြားလိုက်မိတယ်။ နောက်လှည့်ကြည့်လိုက်တော့

လူမည်း လူရွယ်တစ်ဦး သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်တယ်။ လူမည်းက လက်ထဲကတုတ်နဲ့ သူ့ကိုရိုက်

လိုက်တယ်။ မူးမေ့သွားတော့ သူ့ကို မဖွယ်မရာ လုပ်တော့တာပဲ။ သတိရလာတော့ အိမ်ကို အမြန်ဆုံး သူပြန်ပြေးခဲ့

တယ်။ အိမ်ရောက်တော့ မနက်(၁)နာရီ ထိုးနေပြီ။ အရူးတစ်ယောက်လို ကျွန်တော်အိမ်ထဲကနေ ကမူးကရူးပြေးထွက်

ပြီး အဲဒီလူမည်းကို လိုက်ရှာခဲ့သေးတယ်။ ဒါပေမဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ဘူး။ အဲဒီည ကျွန်တော်တို့

တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး ငိုခဲ့ကြတယ်။ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျခဲ့သလိုပါပဲ” ပီတာက စကား

ကို ခဏရပ်လိုက်တယ်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝိုင်းနေတယ်။

ပီတာက ဆက်ပြီး ” အဲဒီကိစ္စပြီးတော့ မကြာပါဘူး Mamita မှာ ကိုယ်ဝန်ရှိလာတယ်။ ကိုယ်ဝန်က လူမည်းရဲ့ ကိုယ်ဝန်ပဲ

ဖြစ်မယ်ဆိုပြီး ကျွန်တော်တို့ ကြောက်ရွံ့စိုးရိမ်ခဲ့တယ်။ Mamita က ကိုယ်ဝန်ဖျက်ချမလို့ဘဲ ဒါပေမဲ့ ကျွန်တော်တို့ရဲ့

ကလေးဖြစ်နေမှာလဲ စိုးခဲ့တယ်။ စိုးရိမ်ကြောင့်ကြမှုနဲ့ ကျွန်တော်တို့ လအတော်ကြာ စောင့်နေခဲ့တယ်။ ၁၉၉၃ခုနှစ်

မတ်လမှာ ကလေးတစ်ဦး ဖွားမြင်ခဲ့တယ်။ အဲဒီကလေးက လူမည်းဖြစ်နေတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်

တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ကလေးကို မိဘမဲ့ဂေဟာပို့ဖို့ ကျွန်တော်တို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ကလေး

ရဲ့ငိုသံကြားတော့ မလုပ်ရက်ခဲ့ဘူး။ သူ့ကလည်း ဝမ်းနဲ့ လွယ်ခဲ့ရတဲ့ သက်ရှိတစ်ခုပါပဲလေ။ ကျွန်တော်နဲ့

Mamitaက သစ္စာတရားရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေပါ။ နောက်ဆုံး သူ့ကို ကျွန်တော်တို့မွေးဖို့ ဆုံးဖြတ်ခဲ့တယ်။

သူ့နာမည်ကို မော်နီကာလို့ ပေးလိုက်တယ်။

ဒေါက်တာAndreaရဲ့ မျက်ဝန်းမှာလဲ မျက်ရည်တွေ တွဲခိုနေတယ်။ ဒီဇနီးမောင်နှံ့နှစ်ဦး ဘာဖြစ်လို့ နောက်ကလေး

တစ်ယောက် ထပ်မွေးဖို့ ဒီလောက်တောင် ကြောက်ရွံ့နေရသလဲဆိုတာကို သူအခုမှ သဘောပေါက်တော့တယ်။

ဆရာဝန်က အလေးအနက်စဉ်းစားတဲ့ ပုံစံနဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပြီး “အင်း… ဒီအဖြစ်အပျက်အတိုင်းဆိုရင်

ခင်ဗျားတို့ နောက်ထပ် ကလေး(၁၀)ယောက်မွေးလဲ မော်နီကာနဲ့ သင့်တော်မဲ့ ရိုးတွင်းချဉ်ဆီကို ရမှာမဟုတ်ဘူး”

Mamitaကို သူတစ်ချက်ကြည့်ပြီး ” ဒီပုံအတိုင်းဆိုရင် ခင်ဗျားတို့ မော်နီကာရဲ့ ဖခင်အရင်းကို ရှာရလိမ့်မယ်။ သူ့ရဲ့

ရိုးတွင်းချဉ်ဆီ ဒါမှမဟုတ် သူ့ကလေးရဲ့ ချဉ်ဆီကမှ မော်နီကာအတွက် သင့်တော်လိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့

ဘဝထဲ သူနောက်ထပ်တစ်ကြိမ် ပေါ်လာမှာကို ခင်ဗျားလို့ လိုလားသလား”

“ကလေးအတွက်ဆိုရင် သူ့ကို ကျွန်မခွင့်လွတ်နိုင်ပါတယ်။ တကယ်လို့ ကလေးကို ကယ်တင်ဖို့ သူထွက်လာမယ်ဆိုရင်

သူ့ကို ကျွန်မတို့ တရားမစွဲပါဘူး” မိခင်တစ်ဦးရဲ့ ကြီးမားလေးနက်တဲ့ မေတ္တာစကားက ဒေါက်တာAndreaကို

ကိုင်လှုပ်ခဲ့တယ်။ ရိုးတွင်းချဉ်ဆီ လှူဒါန်းဖို့အတွက် ထူးခြားတဲ့ လူပျောက်ကြော်ငြာနဲ့ လှုပ်ဆော်ခဲ့တယ်။ ဖြစ်ပျက်ခဲ့တာ

လဲ နှစ်နဲ့ချီကြာခဲ့ပြီ။ လူ့ပင်လယ်မှာ တရားခံကို ဘယ်လိုရှာကြမလဲ? Mamitaနဲ့ ခင်ပွန်းက သေချာစဉ်းစားပြီး

နာမည်အမှန်ကို မထုတ်ဖော်ဘဲ သတင်းစာမှာ လူပျောက်ကြော်ငြာထည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

၂၀၀၂ခုနှစ် ၁၁လပိုင်း Voilleryမြို့ရဲ့ သတင်းစာတိုင်းမှာ အထက်က ဖော်ပြခဲ့တဲ့အတိုင်း ထူးခြားတဲ့ လူပျောက်

ကြော်ငြာပါလာခဲ့တယ်။ မုဒိန်းကျင့်ခဲ့တဲ့ တရားခံကို မားမားမတ်မတ် ထွက်လာပြီး ကင်ဆာရောဂါ ခံစားနေရတဲ့

ကလေးရဲ့အသက်ကို ကယ်ဖို့ဖြစ်တယ်။ အဲဒီသတင်းက လူထုတွေကြားမှာ တောမီးလို ဟုန်းဟုန်းတောက်ခဲ့တယ်။

ဒေါက်တာ Andreaရဲ့ စာတိုက်ပုံးနဲ့ ဖုန်းက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဓားစာခံအမျိုးသမီးက ဘယ်သူလဲ?

သူ့ကို လူချင်းတွေ့ပြီး အကူအညီ အားပေးစကားတွေ ပေးချင်ကြောင်း လူတွေပြောကြ မေးခဲ့ကြတယ်။

ဒါပေမဲ့ Mamitaက လူတွေရဲ့ အကူအညီကို ငြင်းဆန်ခဲ့သလို သူ့နာမည်အမှန်ကိုလည်း ထုတ်ဖော်မပြောပြခဲ့ဘူး။

မော်နီကာက အဲဒီ မုဒိန်းကောင်ရဲ့ သမီးပါလို့ လူတွေကို ပိုမသိစေချင်ခဲ့ဘူး။ သတင်းထောက်တွေကလည်း

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးကြပြန်တယ်။ ရောမသတင်းစာက “အဲဒီလူမည်း ထွက်လာပြီး ဝန်ခံရဲပါ့မလား?

တကယ်လို့ သူက သတိ္တရှိရှိနဲ့ ထွက်လာရဲတယ်ဆိုရင် လူတွေက သူ့ကို ဘယ်လို ဆက်ဆံကြမလဲ? တရားဥပဒေကရော

သူ့ကိုဘယ်လို စီမံချက်ချမလဲ? ဖြစ်ခဲ့တဲ့ ပြစ်မှုအတွက် အပြစ်ပေးတာကို သူခံရမလား? ဒါမှမဟုတ် မားမားမတ်မတ်

သတိ္တရှိရှိနဲ့ ထွက်ပြီးဝန်ခံတာကို အချီးကျူးခံမလား?” လို့ ဝေဖန်ပြန်တယ်။ တစ်ဖန် Voilleryမြို့ခံ သတင်းစာက ”

တကယ်လို့ ခင်ဗျားဟာ အဲဒီလူမည်းဆိုရင် ခင်ဗျားဘယ်လိုလုပ်မလဲ?” လို့ သတင်းဖတ်သူ အများနဲ့ ရှေ့မတိုးသာ

နောက်မဆုတ်သာတဲ့ ပြဿနာကို ဆွေးနွေးပြန်တယ်။

မြို့ခံ ထောင်တွေကလဲ Mamitaကို ကူညီကြတယ်။ ၁၉၉၂ ခုနှစ်က တရားခံတွေရဲ့ စာရင်းကို ဆေးရုံကို တင်ပြတယ်။

အဲဒီမြို့မှာ လူမည်းတွေက နည်းတော့ ၁ဝနှစ်အတွင်း ပြစ်မှုကျူးလွန်တဲ့ လူမည်းတရားခံတွေကလည်း နည်းခဲ့တယ်။

သူတို့က Mamitaကို “အဲဒီနှစ်တုန်းက မုဒိန်းမှုမဟုတ်တဲ့ ပြစ်မှုနဲ့ ထောင်ကျတဲ့ လူတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့

မလုပ်ခဲ့ဖူးဘူးလို့လဲ မပြောနိုင်ဘူးလေ” လို့ အားပေးခဲ့တယ်။ တစ်ချို့က ထောင်ကလွတ်သွားခဲ့ပြီး တစ်ချို့က

ထောင်ကျနေတုန်းပဲ။ Mamitaနဲ့ ခင်ပွန်းက သူတို့ရဲ့ အကူအညီနဲ့ သဲလွန်စကို လိုက်ရှာခဲ့တယ်။ ထောင်သား

တွေက ရိုးသား ဂရုစိုက်တဲ့ပုံစံနဲ့ သဲလွန်စရဖို့ ကူညီပေးကြပါတယ်။ ဒါပေမဲ့ သူတို့တွေက Mamitaကို အနိုင်ကျင့်ခဲ့တဲ့

လူမည်း မဟုတ်ခဲ့ပါဘူး။ Mamitaရဲ့ အဖြစ်အပျက်က ထောင်ထဲမှာ ပြန့်လို့နေတယ်။ မိခင်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာက

ထောင်သားအများကို ထိခိုက်ခံစားစေခဲ့တယ်။ လူဖြူပဲဖြစ်ဖြစ်၊ လူမည်းပဲဖြစ်ဖြစ် မော်နီကာအတွက် ချဉ်ဆီလှူဒါန်းဖို့

သူတို့သဘောတူ အစစ်ဆေးခံခဲ့ကြတယ်။ ဒါပေမဲ့ သင့်လျှော်တဲ့လူ တစ်ယောက်မှ မတွေ့ခဲ့ဘူး။ ဒီအဖြစ်အပျက်က

လူအတော်များများကို စိတ်ထိခိုက်စေခဲ့တယ်။ သင့်တော်တဲ့ ချဉ်ဆီရဖို့ ပါဝင်စစ်ဆေးကြတဲ့ စေတနာရှင်တွေက

လည်း မနည်းခဲ့ဘူး။ စေတနာရှင်တွေ တစ်နေ့တစ်ခြား ပိုပိုများလာခဲ့တယ်။ မြို့မှာ ချဉ်ဆီလှူဒါန်းတဲ့ ဂယက်လှိုင်း

တစ်ခု ထသွားခဲ့တယ်။ သွေးကင်ဆာ ခံစားနေရတဲ့ ဝေဒနာရှင် တော်တော်များများက ဒီစေတနာရှင်တွေကြောင့်

ကယ်တင်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ မော်နီကာလေးက အဲဒီကံကောင်းခြင်းထဲမှာ မပါခဲ့ပါဘူး။

Mamitaတို့ ဇနီးမောင်နှံ့နှစ်ဦးက အဲဒီလူမည်း ထွက်ပေါ်အလာကို စိုးတထိတ်ထိတ်နဲ့ စောင့်စားခဲ့ကြတယ်။ (၂)လကြာ

တဲ့အထိ လူမည်းရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ဘူး။ ဒီလူမည်း လူ့ပြည်မှာ ရှိပါသေးသလားလို့ သူတို့စိတ်တွေ မတင်

မကျဖြစ်ခဲ့ရတယ်။ ဒါမှမဟုတ် ဒီမြို့နယ်က ခွာသွားပြီလား? အီတလီမှာကော ရှိသေးရဲ့လား? ဒါမှမဟုတ် သူ့မိသားစု

ပြိုကွဲမှာစိုးလို့ ထွက်မလာရဲတာလား? ဘယ်လိုပဲဖြစ်ဖြစ် မော်နီကာ တစ်ရက် အသက်ရှင်နေသေးရင်

လူမည်းကိုရှာဖို့ မျှော်လင့်ချက်တစ်ရက် ရှိတယ်ဆိုတဲ့စိတ်နဲ့ သူတို့ လက်မလျှော့ခဲ့ကြဘူး။

အသက်ဝိညာဉ်တစ်ခုက နာကျင်တဲ့ ဝေဒနာကြားမှာ အလူးအလှိမ့် ခံစားလို့နေတယ်။ မမျှော်လင့်တဲ့ အဖြစ်

တစ်ခုက မျှော်လင့်ချက်မဲ့နေချိန်မှာ ရောက်လာခဲ့တယ်။ ထူးခြားတဲ့ လူပျောက်ကြော်ငြာက အသက်(၃၀)ရှိ လူမည်း

ဟိုတယ်ပိုင်ရှင် “အာချီလီ” ကို တုန်လှုပ်ချောက်ချားစေခဲ့တယ်။ ၁၉၉၂ ခုနှစ် မေလ ၁ရ ရက်နေ့ မိုးညတစ်ညမှာ အဲဒီ

လို အိပ်မက်ဆိုးတစ်ခု သူမက်ခဲ့ဖူးတယ်။ သူဟာ ဒီဇာတ်လမ်းရဲ့ ကာယာကံရှင်ပါပဲ။ လူကြီးလူကောင်း သူဌေးအာချီလီ

ကို တစ်ချိန်တစ်ခါက ပန်းကန်ဆေးသမားလို့ ဘယ်သူထင်ရက်ခဲ့မလဲ? သူငယ်ငယ်ကတည်းက မိဘတွေ ကွယ်လွန်

သွားခဲ့ပြီး စာလည်း သေချာမသင်ခဲ့ရဘဲ အလုပ်ထွက်လုပ်ခဲ့ရတယ်။ အလုပ်ကြိုးစားပြီး ထက်မြက်တဲ့ အာချီလီဟာ

ကိုယ်ပိုင်လုပ်အားငွေနဲ့ လူတွေရဲ့ လေးစားမှုကို ခံယူချင်ခဲ့တယ်။ ဒါပေမဲ့ သူ့အလုပ်ရှင်က လူတန်းစားခွဲခြားတဲ့ လူဖြစ်ပြီး

သူဘယ်လောက်ပဲ အလုပ်ကို ကြိုးစားလုပ်လဲ အဆူအဆဲပဲ ခံခဲ့ရတယ်။

၁၉၉၂ ခုနှစ် မေလ ၁ရရက်နေ့က အာချီလီ အသက် ၂ဝပြည့်တဲ့နေ့ဖြစ်တယ်။ အလုပ်စောစောဆင်းပြီး ကိုယ့်မွေးနေ့ပွဲ

ကို ကျင်းပမလို့ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ အလျှင်လိုမှုကြောင့် ပန်းကန်တစ်ချပ် ကျကွဲသွားခဲ့တယ်။ သူဌေးက သူ့ခေါင်း

ကို အတင်းဖိနှိပ်ပြီး ပန်းကန်ကွဲတွေကို မြိုချခိုင်းတယ်။ အာချီလီက သူဌေးကို မုန်းမုန်းတီးတီးနဲ့ ဆွဲထိုးပြီး

ဆိုင်ထဲကနေ ထွက်ပြေးလာခဲ့တယ်။ ဒေါသစိတ်ကြောင့် လူဖြူတွေကို ကလဲ့စားချေဖို့ သူဆုံးဖြတ်လိုက်တယ်။ မိုးညက

လမ်းပေါ်မှာ တိတ်ဆိတ်နေခဲ့တယ်။ ကားပတ်တစ်ခုမှာ Mamitaကို တွေ့တော့ လူဖြူတွေကို မုန်းတီးတဲ့

စိတ်နဲ့ အပြစ်မဲ့သူ အမျိုးသမီးတစ်ဦးကို သူအနိုင်ကျင့်ခဲ့မိတယ်။

အနိုင်ကျင့်ပြီး အာချီလီ ကြောက်ရွံ့တုန်လှုပ်မိခဲ့တယ်။ အဲဒီညမှာပဲ မွေးနေ့အတွက် စုထားတဲ့ငွေနဲ့ Naples မြို့ကိုသွားမဲ့

ရထားလက်မှတ်ကို ဝယ်ပြီး ဒီမြို့နဲ့ ဝေးရာကို သူထွက်ပြေးခဲ့တယ်။ Naplesမြို့မှာ သူကံကောင်းတယ်လို့ ဆိုရမယ်။

အမေရိကားလူမျိုးတစ်ဦး ဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ သူအလုပ်ရခဲ့တယ်။ ကြိုးစားပြီး အပင်ပန်းခံနိုင်တဲ့

အာချီလီကို ဆိုင်ပိုင်ရှင် သူဌေးလင်မယားက သဘောကျခဲ့တယ်။ သမီးဖြစ်သူ “လီနာ”ကိုပါ သူနဲ့လက်ဆက်ပေး

တဲ့အပြင် ဆိုင်တစ်ခုလုံးကိုလဲ အာချီလီလက်ထဲ အပ်ခဲ့တယ်။ လာဘ်မြင်တဲ့ အာချီလီက စားသောက်ဆိုင်လေးကို

ဟိုတယ်ကြီးတစ်ခုအဖြစ် တည်ထောင်နိုင်ခဲ့သလို ချစ်စရာကောင်းတဲ့ သားသမီး ၃ဦးဖွားမြင်ခဲ့တယ်။
အလုပ်သမားနဲ့ မိသားစုရဲ့ အမြင်မှာ အာချီလီဟာ သူဌေးကောင်း၊ ခင်ပွန်းကောင်းနဲ့ ဖခင်ကောင်း

တစ်ဦးဖြစ်ခဲ့တယ်။ ပြစ်မှုတစ်ခု ကျူးလွန်ခဲ့ဖူးတယ်ဆိုတာကိုလည်း သူဘယ်တော့မှ မမေ့ခဲ့ဘူး။ သူကျူးလွန်ခဲ့မိတဲ့

အမျိုးသမီးကို ဘုရားသခင် စောင့်ရှောက်ဖို့၊ ဘေးမသီ ရန်မခဖို့ သူအမြဲဆုတောင်းခဲ့ပေမဲ့ ဘယ်သူ့ကိုမှ

အဲဒီလျှို့ဝှက်ချက်ကို သူမပြောပြရဲခဲ့ဘူး။ အဲဒီနေ့မနက်က သတင်းစာထဲက သတင်းကို ဘယ်နှစ်ကြိမ်မြောက်

သူကြည့်မိခဲ့လဲ မသိဘူး။ သူဟာ သူတို့အလိုရှိနေတဲ့ တရားခံပဲဖြစ်ရမယ်လို့ သူ့သိစိတ်ထဲကနေ သိလိုက်မိတယ်။

သနားစရာကောင်းတဲ့ အဲဒီအမျိုးသမီး ကိုယ်ဝန်ရှိသွားမယ်လို့ သူလုံးဝ တွေးမထားမိခဲ့ဘူး။ ကလေးကို မွေးခဲ့မယ်

လို့လဲ မထင်ခဲ့မိဘူး။

ဒီရက်ပိုင်းအတွင်း ဒေါက်တာAndreaဆီ အာချီလီဖုန်းဆက်ချင်ခဲ့တယ်။ ဒါပေမဲ့ ဖုန်းနံပါတ်လှည့်ပြီးတိုင်း ဖုန်းကို

သူချလိုက်မိတယ်။ သူစိတ်တွေ မတင်မကျနဲ့ တကယ်လို့ ဒီကိစ္စကို သူဝန်ခံခဲ့ရင် သူ့ရဲ့ အတိတ်ဆိုးကို လူတွေ

သိကုန်တော့မယ်။ သားသမီးတွေက သူ့ကို မချစ်မနှစ်သက်တော့ဘဲ အေးချမ်းတဲ့ သူ့အိမ်ထောင်ရေး

ပြိုကွဲတော့မယ်။ လှပတဲ့ ဇနီးမယားတစ်ဦးနဲ့ ပတ်ဝန်းကျင်ရဲ့ လေးစားမှုတွေ ဆုံးရှုံးရတော့မယ်။

ဒီလိုချမ်းအေးတဲ့ အခြေအနေတစ်ခုရောက်အောင် သူမနည်း ကြိုးစားခဲ့ရတယ် မဟုတ်လား..?

တစ်ည ညစာစားနေတဲ့အချိန်မှာ မိသားစုအားလုံးက ယခင်ပုံမှန်အတိုင်းပဲ အဲဒီသတင်းကို ဆွေးနွေးနေကြတယ်။ မယား

ဖြစ်သူ လီနာက “Mamitaကို ကျွန်မအရမ်းချီးကျူးမိတယ်။ တကယ်လို့ ကျွန်မသာ သူဖြစ်ခဲ့ရင် သတိ္တရှိရှိနဲ့

ကလေးကို မွေးခဲ့မှာ မဟုတ်ဘူး။ Mamitaရဲ့ ခင်ပွန်းကို ကျွန်မ ပိုချီးကျူးမိတယ်။ သူဟာ ဒီလိုကလေးတစ်ယောက်ကို

လက်ခံပေးနိုင်တဲ့ လေးစားထိုက်တဲ့ လင်ယောက်ျားတစ်ဦးပါပဲ” အာချီလီက နှုတ်ဆိတ်ပြီး မယားရဲ့ စကားကို

နားထောင်နေခဲ့တယ်။

ရုတ်တရက် သူက “အဲဒီ တရားခံကို ဘယ်လိုမြင်သလဲ?” လို့ မေးလိုက်တော့ လီနာက “သူဟာ အမှားတစ်ခု လုပ်ခဲ့

ပြီးပြီ။ အခုလို အချိန်မှာ သူထပ်ပုန်းရှောင်နေသေးရင် အဲဒီလူကို ကျွန်မ လုံးဝခွင့်လွတ်မှာ မဟုတ်ဘူး။ သူဟာ

စက်ဆုပ်ဖို့ကောင်းတဲ့လူ၊ တစ်ကိုယ်ကောင်းဆန်တဲ့လူ၊ သူရဲဘောကြောင်တဲ့လူ၊ သတိ္တနည်းတဲ့လူပဲ”

လို့ပြောတော့ စိတ်ဆိုးမာန်ဆိုးပြောနေတဲ့ ဇနီးသည်ရဲ့စကားကို နားထောင်ပြီး အဖြစ်မှန်ကို ပြောပြဖို့ အာချီလီ

တွန့်ဆုတ်နေခဲ့တယ်။

အဲဒီညက အာချီလီရဲ့ (၅)နှစ်အရွယ်သားတစ်ယောက် အိပ်ချိန်မှာ မအိပ်လို့ အာချီလီ စိတ်မထိန်းနိုင်ဘဲ ရိုက်လိုက်မိ

တယ်။ ကလေးက ငိုပြီး ” ဖေဖေက လူဆိုးကြီး၊ ဖေဖေ့ကို မခေါ်တော့ဘူး။ သားရဲ့ ဖေဖေမလုပ်နဲ့တော့” လို့ ပြော

လိုက်တဲ့ စကားက အာချီလီရဲ့ ရင်ဝကို တိုက်ရိုက်ထိမှန်ခဲ့တယ်။ သားကို ပွေ့ဖက်ပြီး “ဖေဖေမှားပါတယ်။ နောက်ကို

မရိုက်တော့ပါဘူး” လို့ တောင်းပန်ရင်း သူမျက်ရည်ကျနေမိခဲ့တယ်။

အဖေ မျက်ရည်ကျတာကို မြင်တော့ သားဖြစ်သူက အံ့ဩသွားတယ်။ “ဖေဖေ့ကို သားခွင့်လွတ်ပါတယ်။ ဆရာမက

ပြောတယ်။ အမှားကို ပြင်နိုင်တဲ့သူဟာ လူကောင်းတဲ့” လို့ အဖေကို ပြန်ချော့မေ့နေခဲ့တယ်။ အဲဒီညတစ်ညလုံး

သူ့ကိုယ်သူ ငရဲရောက်နေသလားလို့ အာချီလီ ထင်မှတ်ခဲ့တယ်။ အတိတ်ဆိုးဆိုး မိုးသည်းညနဲ့ အမျို်းသမီးရဲ့

ပုံရိပ်တစ်ခုကို သူမြင်ယောင်နေမိတယ်။ အမျိုးသမီးရဲ့ အကူအညီမဲ့သံနဲ့ ငိုကြွေးသံကို သူကြားယောင်

နေမိတယ်။ “ငါဟာ လူကောင်းလား.. လူဆိုးလား ” လို့ သူ့ကိုယ်သူ မေးမိတိုင်း ဘေးမှာ အိပ်စက်နေတဲ့

ဇနီးရဲ့ စည်းချက်မှန်မှန် အသက်ရှုသံကို နားထောင်ပြီး ထရပ်ဝန်ခံဖို့ အင်အားတွေ ပျောက်ဆုံးခဲ့ရတယ်။

မနက်မိုးလင်းတော့ ခါတိုင်းနဲ့မတူဘဲ မျက်နှာမသာမယာဖြစ်နေတဲ့ သူ့ကို ဇနီးက သတိထားမိလိုက်တယ်။

“ဘာဖြစ်တာလဲ” ဆိုတဲ့အမေးကို “နေမကောင်းလို့ပါ” ဆိုတဲ့အဖြေနဲ့ သူကွေ့ရှောင်ခဲ့မိတယ်။ အလုပ်သမား

တွေရဲ့ နွေးထွေးတဲ့ နှုတ်ဆက်မှုအောက်မှာ သူလိပ်ပြာမလုံဖြစ်ခဲ့တယ်။ စိတ်ထဲမှာ ပြည့်ကျပ်နေတဲ့ ရှက်ရွံ့ထိတ်လန့်

ခြင်းတွေက သူ့ကို ဝါးမြိုမတတ်ပါပဲ။

အရှက်တရားနဲ့ ဖုံးဖိထားတဲ့ သူ့ဘဝကို လွတ်မြောက်ဖို့ အာချီလီ နှုတ်ဆိတ်မနေနိုင်တော့ဘူး။ အများသုံးဖုန်းနဲ့

ဒေါက်တာAndreaဆီ သူဖုန်းဆက်ခဲ့တယ်။ အတတ်နိုင်ဆုံး အသံကို တည်ငြိမ်အောင်ထားပြီး “ကံခေတဲ့ ကလေးရဲ့

ကျန်းမာရေးကို သိချင်လို့ပါ” လို့ မေးတော့ “ကလေးရဲ့ အခြေအနေက တော်တော်ဆိုး နေတယ်။ သူ့ဖခင်ကို သူ

တွေ့ခွင့်ရမှ ရနိုင်ပါ့မလား မသိတော့ဘူး” လို့ ပြန်ဖြေလိုက်တဲ့ ဆရာဝန်ရဲ့ စကားက ရင်ထဲမှာ ကိန်းအောင်းနေတဲ့

ဖခင်တစ်ဦးရဲ့ မေတ္တာကို လှုပ်နိုးခဲ့တယ်။ သူဟာ ငါ့ရဲ့ သွေးသားပါလား..? တစ်ခါမှားခဲ့ဖူးတဲ့ အမှားကို သူထပ်

မကျူးလွန်မိဖို့၊ မော်နီကာအတွက် ထရပ်ဖို့ သူဆုံးဖြတ်ချက်ချလိုက်တယ်။

ညရောက်တော့ အရဲစွန့်ပြီး ဇနီးသည်ကို အကြောင်းစုံ သူပြောပြလိုက်တယ်။ “ငါဟာ မော်နီကာရဲ့အဖေ ဖြစ်ကောင်း

ဖြစ်လိမ့်မယ်။ ငါသူ့ကို ကယ်မှဖြစ်မယ်” သူ့စကားကို ကြားတော့ လီနာတုန်လှုပ်သွားခဲ့တယ်။

ဝမ်းနည်းခြင်းတွေနဲ့အတူ စိတ်ဆိုးဒေါသထွက်ပြီး “ရှင်ဟာ လူလိမ်ပဲ” အော်ပြီး ကလေးတွေနဲ့ မိဘအိမ်ကို ပြန်သွား

ခဲ့တယ်။ အာချီလီရဲ့ အကြောင်းစုံကို မိဘတွေကို ပြောပြလိုက်တယ်။ စစခြင်းမှာ ယောက္ခမတွေက စိတ်ဆိုး

ဒေါသထွက်ကြပေမဲ့ ခဏအတွင်းမှာပဲ စိတ်တွေတည်ငြိမ်သွားပြီး…. “မှန်တယ်။ သူပြုခဲ့တဲ့ အပြုအမှုတွေအတွက်

ငါတို့သူ့ကို ဒေါသထွက်သင့်တယ်။ ဒါပေမဲ့ အဖြစ်မှန်ကိုပြောပြဖို့ သူ့အတွက် သတိ္တတွေ ဘယ်လောက်လိုခဲ့သလဲ

ဆိုတာကို ငါတို့ ပြန်တွေးကြည့်သင့်တယ်။ ဒါဟာ သူ့စိတ်ရင်းအမှန် မမှေးမှိန်သေးဘူးဆိုတာ သက်သေပြနေတာပဲ။

အမှားလုပ်ခဲ့ပြီး အမှန်ကို ပြုပြင်တဲ့ ခင်ပွန်းတစ်ယောက်ကို သမီးအလိုရှိသလား..?

ဒါမှမဟုတ် တစ်သက်လုံး အမှားကို ဖုုံးကွယ်ထားတဲ့ ခင်ပွန်းတစ်ယောက်ကို အလိုရှိသလား?”

မိဘစကားကို နားထောင်ပြီး လီနာ ခဏ နှုတ်ဆိတ်သွားခဲ့မိတယ်။

နောက်တစ်နေ့ မနက်အစောကြီး အိမ်ကို လီနာပြန်ခဲ့တော့ ရီဝေကြေကွဲနေတဲ့ မျက်လုံးနဲ့ အာချီလီကို တွေ့

လိုက်တယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အာချီလီကို “ဒေါက်တာ Andreaကို ရှင်သွားရှာပါ။ ကျွန်မ အဖော်လိုက်ခဲ့မယ်”

ဆိုပြီး ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့မှာ ဒေါက်တာAndreaနဲ့ သူတို့ အဆက်အသွယ်ရခဲ့တယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ အယ်လီဇဘက်ဆေးရုံမှာ အာချီလီကို DNA စစ်ဆေးခဲ့တယ်။ ရလဒ်က မော်နီကာဟာ

အာချီလီရဲ့ သွေးသားပဲဖြစ်တယ်။ မုဒိန်းတရားခံ လူမည်းကြီး သတိ္တရှိရှိနဲ့ လာရောက်ဝန်ခံတယ်ဆိုတဲ့ သတင်းကိုကြား

တော့ Mamita မျက်ရည်ကျမိတယ်။ လူမည်းအပေါ်ထားတဲ့ သူ့ရဲ့ အမုန်းရန်ငြိုးဟာ ၁ဝနှစ်ရှိပြီဆိုပေမဲ့ အခုလို

သတိ္တရှိရှိ ထွက်ပြီး ဝန်ခံလာတာကိုတော့ သူစိတ်လှုပ်ရှားမိတယ်။ ကာယကံရှင်တွေရဲ့ ကိုယ်ရေးကိုယ်

တာ လျှို့ဝှက်ချက်တွေ မပေါက်ကြားစေဖို့ အရာအားလုံးကို လျှို့ဝှက်တင်းကျပ်စွာ စစ်ဆေးခဲ့တယ်။ ဆေးရုံက တာဝန်

ရှိသူများကလည်း ကာယကံရှင်တွေရဲ့ နာမည်အမှန်ကို သတင်းထောက်တွေဆီ မပေါက်ကြားစေဘဲ မော်နီကာ

ရဲ့ ဖခင်ကို ရှာတွေ့ပြီဖြစ်ကြောင်းပဲ သတင်းပေးခဲ့တယ်။

ဒီသတင်းကို ဂရုစိုက် အလေးထားကြားတဲ့ လူထုတွေက ဒေါက်တာ Andreaကို ဖုန်းတွေ၊ စာတွေနဲ့ ဆက်သွယ်ပြီး

တရားခံလူမည်းကို သူတို့ ခွင့်လွတ်လေးစားကြောင်း သတင်းပါးစေတယ်။ “တစ်ချိန်တစ်ခါမှာ သူဟာ ပြစ်မှုကျူး

လွန်သူ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာ သူဟာ သူရဲကောင်းတစ်ဦးဖြစ်တယ်” လို့လည်း အားပေးစကားပြောကြတယ်။

ဖေဖော်ဝါရီ ၁ဝရက်နေ့မှာ အာချီလီကို တွေ့ဆုံခွင့်ပေးဖို့ Mamitaတို့ လင်မယား တောင်းဆိုခဲ့တယ်။ စစခြင်း

မှာတော့ သူတို့နဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ အာချီလီ သတိ္တမရှိခဲ့ဘူး။ ဒါပေမဲ့ Mamitaရဲ့ ထပ်သလဲလဲ

တောင်းဆိုမှုကို သူသဘောတူလိုက်တယ်။

ဖေဖော်ဝါရီလ ၁၈ရက်နေ့ တာဝန်ရှိသူတွေရဲ့ လျှို့ဝှက်စီစဉ်ပေးမှုနဲ့ ဆေးရုံမှာ သူတို့တွေ့ခွင့်ရခဲ့ကြတယ်။ ဆံပင်ညှပ်

ပြီးစ အာချီလီဟာ Mamitaကိုတွေ့တော့ လှမ်းနေတဲ့ ခြေလှမ်းတွေ ရွေ့မရအောင် လေးလံနေသလို မျက်နှာတစ်ခုလုံး

ဖြူရော်လို့နေတယ်။ Mamitaတို့ ဇနီးမောင်နှံ့က ရှေ့တိုးပြီး အာချီလီရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။

သုံးယောက်သားရဲ့ ပါးပြင်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့နေတယ်။ အာချီလီက ဆို့နင့်တဲ့ အသံနဲ့

” ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွတ်ပါဆိုတဲ့ စကားက ကျွန်တော့်ရင်ထဲမှာ ကိန်းအောင်းနေတာ

၁ဝနှစ်ရှိခဲ့ပါပြီ။ ဒီနေ့မှပဲ ကျွန်တော့်နှုတ်နဲ့ တောင်းပန်ဖို့ အခွင့်ရတော့တယ်” ” ရှင်အခုလို ထွက်ပြီး ဝန်ခံ

လာတာကို ကျွန်မတို့ ကျေးဇူးတင်ပါတယ်။ ရှင်ရဲ့ချဉ်ဆီနဲ့ ကျွန်မသမီးလေးကို ကယ်တင်ဖို့ ဘုုရားသခင်က ရှင့်ကို

ကောင်းချီးပေးပါစေ”

ဖေဖော်ဝါရီ ၁၉ရက်မှာ အာချီလီရဲ့ ချဉ်ဆီကို ဆရာဝန်တွေက ခွဲစိတ်စစ်ဆေးခဲ့ကြတယ်။ ကံကောင်းစွာပဲ

သူ့ရဲ့ချဉ်ဆီတွေ မော်နီကာအတွက် လုံးဝသင့်တော်နေခဲ့တယ်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နေ့

လူတွေ မျှော်လင့်စောင့်စားနေတဲ့အချိန် ရောက်ရှိလို့ လာပါပြီ။ အာချီလီရဲ့ ရိုးတွင်းချဉ်ဆီတွေ မော်နီကာ

ကိုယ်ထဲ ရွေ့ပြောင်းပေးလိုက်ကြတယ်။ အသက်အန္တရာယ်ကနေ မော်နီကာ သီသီလေးလွတ်ခဲ့ပြီး (၁) ပတ်

အတွင်းမှာ နေကောင်းကျန်းမာလာခဲ့တယ်။ Mamitaတို့ လင်မယား အာချီလီကို လုံးဝခွင့်လွတ်ပေးပြီး ဒေါက်တာ

Andreaနဲ့ အတူ ထမင်းဖိတ်စားခဲ့တယ်။

ဒါပေမဲ့ ထမင်းစားဖိတ်တဲ့နေ့မှာ အာချီလီကိုယ်စား ဒေါက်တာAndreaက စာတစ်စောင်ယူလာခဲ့တယ်။ စာထဲမှာ

အားနာခယစွာနဲ့ “ခင်ဗျားတို့ရဲ့ တည်ငြိမ်အေးဆေးနေပြီဖြစ်တဲ့ ဘဝကို ကျွန်တော် မနှောင့်ယှက်ပါရစေနဲ့တော့။

မော်နီကာလည်း ပျော်ရွှင်စွာ ခင်ဗျားတို့နဲ့ အတူရှိနေနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ တကယ်လို့ အကူအညီလိုခဲ့ရင်

ကျွန်တော့်ကို ပြောပါ။ အတတ်နိုင်ဆုံး ကျွန်တော်ကူညီပါ့မယ်။ တစ်ဆက်ထဲမှာပဲ မော်နီကာကိုလည်း

ကျွန်တော်အရမ်း ကျေးဇူးတင်မိပါတယ်။ သူ့ကြောင့် အပြစ်တစ်ခုကို ဝန်ချဖို့ ကျွန်တော်အခွင့်ရခဲ့တယ်။ သူ့ကြောင့်

ကျွန်တော်ရဲ့ လက်ကျန်ဘဝလေး ပျော်ရွှင်ခွင့်ရခဲ့တယ်။ ဒါဟာ သူပေးတဲ့ ကျွန်တော့်အတွက် အကောင်းဆုံး

လက်ဆောင်ဖြစ်တယ်”

နိုင်းနိုင်းစနေ

ပြီးပါပြီ

လူတစ်ယောက်ဟာ ကိုယ်ပြုခဲ့တဲ့ အပြုမှုကို တာဝန်ယူဖို့အတွက် သတိ္တတွေ ဘယ်လောက်လိုသလဲ?

လူတိုင်းရဲ့ ရင်ထဲမှာ စံပေတံတစ်ခု ရှိပါလိမ့်မယ်။ ဒီစာကို ဖတ်ပြီး Mamitaတို့ လင်မယားကို အရမ်းလေးစားမိတယ်။

အဖြူတစ်ယောက်၊ အမည်းတစ်ယောက် မွေးထားတဲ့ ကလေးတွေကြောင့် လူတွေရဲ့ အထင်အမြင်လွဲမှားတဲ့ အကြည့်နဲ့

ကြည့်ခံခဲ့ရပေမဲ့ ကလေးလေးကို လူလားမြောက်အောင် သူတို့ ပြုစုခဲ့တယ်။ အာချီလီရဲ့ လုပ်ရဲခံရဲတဲ့ သတိ္တကိုလဲ

ချီးကျူးမိတယ်။ ကျူးလွန်ခဲ့မိတဲ့ အပြစ်ကြောင့် တရားဥပဒေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိလျှက်နဲ့ အသက်တစ်ချောင်း

ကို ကယ်တင်ဖို့ မားမားမတ်မတ် ရပ်တည်ခဲ့တယ်။

လူတိုင်း အမှားနဲ့ မကင်းကြပါဘူး။ အမှား အကြီးအသေးနဲ့ ဘယ်လိုပြုပြင်မလဲဆိုတာပဲ လိုတာပါ။ အမှားလုပ်မိရက်နဲ့

မပြုပြင်၊ ဝန်မခံတဲ့အပြင် ပုန်းလျှိုးနေမယ်ဆိုရင် အဲဒီလူဟာ ခွင့်မလွတ်ထိုက်ပါဘူး။ အခုခေတ်မှာ အမြင်မှားတွေ

များပြားနေပါတယ်။ ပြစ်မှုတစ်ခုခုကို ကျူးလွန်မိသူကို လူဆိုးလို့ စိတ်ထဲစွဲပြီး ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးလည်း

မပေးခဲ့ဘူးဆိုရင် သူဟာ အပြစ်တွေကို ထပ်သလဲလဲ ကျူးလွန်နေမိမှာပဲ။ တစ်ချို့က မွေးရာပါ ဗီဇအတိုင်း ဆိုးမိုက်

နေပေမဲ့ မတော်တဆ စိတ်ထွက်ပေါက်ကြောင့် အပြစ်တွေကို ကျူးလွန်မိသူလဲ ရှိကောင်းရှိပါလိမ့်မယ်။ အဲဒီလူတွေ

ကို ပြုပြင်ဖို့၊ ဝန်ချဖို့၊ လူတွေလက်ခံလာဖို့ အခွင့်အရေးတစ်ခု ပေးလိုက်ပြီး တွဲခေါ်လိုက်တာက တစ်ခြား

အကူအညီထက် ပိုတန်ဖိုးရှိပါတယ်။

“မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” ဆိုသလို အမှားအကြီးကြီးကို ကျူးလွန်မိသူပဲဖြစ်ဖြစ်၊ အသေးကို

ကျူးလွန်မိသူပဲဖြစ်ဖြစ် ပြုပြင်ဖို့ အခွင့်အရေးတစ်ခု ပေးလိုက်တာဟာ ကိုယ့်ကိုယ့်ကို ပြောင်းလဲဖို့ အခွင့်အရေးပေးလိုက်

တာနဲ့ အတူတူပဲ။ တစ်ခြားလူကို ကိုယ်လက်ညှိုးထိုးနေချိန်မှာ ကျန်လက်ချောင်း လေးချောင်းက ကိုယ့်ကိုယ် ပြန်ထိုး

နေတယ်ဆိုတာကို ဘယ်တော့မှ မမေ့လေနဲ့။

9 comments

  • ကိုရင်မောင်

    July 29, 2012 at 3:41 pm

    တော်တော်ကောင်းတဲ့ဆောင်းပါးပါလား…..
    တကယ်တော့ သွေးကစကားပြောလာတာပါ..
    တချိန်ကမှာခဲ့တဲ့အမှားကြောင့် လူ့လောကကိုရောက်ရှိလာတဲ့
    ကိုယ့်ရဲ့သွေးသားအစစ် ကလေးငယ်အတွက် အတိဒုက္ခရောက်နေတာ
    သိရတဲ့အခါ…ဖခင်ကောင်းတို့ရဲ့ အမှားကိုရဲရဲရင်ဆိုင် ကလေးငယ်ရဲ့အသက်ကိုကယ်ခဲ့တဲ့
    စိတ်ဓါတ်ကို အထူးလေးစားမိပါတယ်…….
    ကိုယ့်ရဲ့မှာယွင်းမှု့ကြောင့် မျက်နှာငယ်စွာရောက်ရှိလာမဲ့ ကလေးငယ်တွေရှိနိုင်ပါလား
    ဆိုတဲ့အသိလေး……ပေးခဲ့တဲ့အတွက် Knowledge Seeker..ရေ ကျေးဇူးတင်ပါတယ်….

  • mamanoyar

    July 29, 2012 at 4:12 pm

    အရမ်းကိုကောင်းတာပဲနော်
    သူ့ဇနီးကိုလည်းလေးစားတယ်
    နားလည်ပေးနိုင်လို့

  • သန်းထွဋ်ဦး

    July 29, 2012 at 5:17 pm

    ကျနော့် ချစ်သူ ကောင်မလေးလဲ သွေးကင်ဆာသမားမို ့ပါ
    ထပ်တူခံစားရပါတယ်ဗျာ။

    • ကိုရင်မောင်

      July 29, 2012 at 5:45 pm

      အို….စိတ်မကောင်းစရာပါလား ကို သန်းထွဋ်ဦး ရေ…..
      သွေးကင်ဆာအကြောင်းကိုယ်တွေ့ ပို့စ်တခုအနေနဲ့
      ရေးနိုင်ယင်ဖတ်ချင်ပါတယ်..ကိုသန်းထွဋ်ဦး ကိုတောင်းဆိုချင်ပါတယ်….

    • Foreign Resident

      July 30, 2012 at 9:46 am

      ကို သန်းထွဋ်ဦး ။
      သွေးကင်ဆာက အခုခေတ်မှာ မပျောက်တဲ့ ရောဂါ မဟုတ်တော့ဘူး ထင်တယ် ။
      သွေး မှန်မှန် လဲပေးရင်းနှင့် နောက်ပိုင်း ပျောက်သွားတာတွေ့ဖူးတယ် ။
      ကျနော် သေချာအောင် မေးလိုက်ပါအုန်းမယ် ။

  • မောင်ပေ

    July 29, 2012 at 8:18 pm

    အေးဗျာ
    ဖတ်ရတာ
    ရင်နင့်တယ်ဗျာ
    တောက်တောက်မကျရအောင်
    မနဲထိန်းဖတ်ရတယ်

  • ငပွကြီး

    July 29, 2012 at 9:22 pm

    ဒီဇာတ်လမ်းထဲမှာ ပါတဲ့ သူအားလုံးကိုလေးစားတယ်ဗျာ…တကယ်ကို လူစိတ်ပီသပါပေတယ်…
    အရေးအသားလဲ တကယ်ကိုကောင်းတယ်ဗျာ..
    ခံစားရတယ်…..

  • etone

    July 30, 2012 at 10:47 am

    ဖော်ဝေါ့ဒ်မေးတွေကနေပဲဖြစ်ဖြစ် ၊ ဖေ့စ်ဘွခ်ထဲကနေသူများ ပြန်ရှဲလို့ပဲ ဖြစ်ဖြစ် အကြိမ်ကြိမ်ဖတ်ခဲ့ဖူးပါတယ် .. ။ ပထမဆုံး စဖတ်တုန်းကတော့ ….. တကယ့်ကို ရှားပါး စိတ်ဓါတ်တွေအဖြစ် အသိမှတ်ပြု အားကျမိပါတယ် ။
    ဒါပေမယ့် … အကြိမ်ကြိမ်လည်း ဖတ်ရော ……… တကယ့်အဖြစ်ပျက်မှ ဟုတ်ရဲ့လားလို့ ……… သံသယဝင်မိသလို စိတ်မျိုး ဖြစ်မိတယ် …. ။

  • cherry nwe

    July 30, 2012 at 2:36 pm

    စံနမူနာယူစရာလေးစားအတူယူစရာကောင်းတဲ့စာလေးတပုတ်ပါ

Leave a Reply