ဥပုသ်နေ့အကြောင်း သိကောင်းစရာများ အပိုင်း(၁)

Mon LayJuly 31, 20121min2215

မေး။ ။ အရှင်ဘုရား တပည့်တော်တစ်ခုလောက်မေးချင်လို့ပါဘုရား။ တပည့်တော်တို့ဆရာက မေးခိုင်းလို့ပါ။ ဥပုသ်နေ့ကို ဘာဖြစ်လို့ (၈)ရက်နေ့နဲ့ (၁၅)ရက်နေ့လို့ သတ်မှတ်ခဲ့တာလဲဆိုတာ သိချင်လို့ မေးခိုင်းလို့ပါဘုရား။ အရှင်ဘုရားအားတဲ့အချိန် ဖြေကြားပေးစေလိုပါတယ်ဘုရား။

ဖြေ။ ။ ဝါတွင်းကာလလည်း နီးလာတာနဲ့ ဥပုသ်အကြောင်း မေးလာတဲ့မေးခွန်းများကို အချိန်မီသိရှိရအောင် ဖြေပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ဝသထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်ကျင့်သီလ မပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့အတွက် နေ့ရက် များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည် ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာ ကို အောက်ပါအတိုင်း တွေ့ရပါတယ်။

တစ်လကို (၁) အဋ္ဌမီ လဆန်း၊ လဆုတ်(ရှစ်ရက်မြောက်နေ့)ဥပုသ်။ (၂) စတုဒ္ဒသီ (ရက်မစုံလအတွက် (၁၄)ရက်မြောက်လကွယ်နေ့) ဥပုသ်။ (၃) ပန္နရသီ (၁၅)ရက်မြောက် လပြည့်၊လကွယ်နေ့)ဥပုသ်။ (၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်ဟု အကျဉ်းအားဖြင့် (၄)မျိုးရှိကြောင်း ကျမ်းဂန်များ တွင် ဖော်ပြထားကြပါတယ်။

ပါဋိဟာရိက-အကြိုဥပုသ်နဲ့ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်မရောက်မီ ကြိုတင်စောင့်ရတဲ့ (၇)ရက်မြောက်၊ (၁၃)ရက်မြောက်၊ (၁၄)ရက်မြောက်ဥပုသ်တို့ ဖြစ်ပါတယ်။ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်နောက်တွင် အပိုဖြည့်စွက်ပြီး စောင့်ရသော (၉)ရက်၊ လပြည့်ကျော်(၁)ရက်၊ လဆန်း(၁)ရက်ဥပုသ်၊ ဝါတွင်းမှာဆိုရင်တော့ (၁၅)ရက်ဖြစ်စေ၊ တစ်ဝါတွင်းလုံးဖြစ်စေ စောင့်ထိန်းကြတဲ့ ဥပုသ်များလည်း ရှိပါတယ်။ အဲဒီလို ဥပုသ်စောင့်ရက်ကို ရှေးရှေးက သတ်မှတ်ထားကြပါတယ်။

ဘာဖြစ်လို့ ဒီလိုရက်ရှည်ကာလများစွာ ဥပုသ်သီလဆောက်တည်ကြတာလဲဆိုတော့ လူများရဲ့ စိတ်အစဉ်မှာ ကိလေသာမြူတွေ နေ့စဉ်တင်နေတဲ့အတွက် ထိုကိလေသာမြူတွေကို ဥပုသ်သီလ စောင့်ထိန်းပြီး ဆေးကြောသုတ်သင်ကြဖို့ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း ဥပုသ်စောင့်ခြင်းကို ဦးခေါင်းလျှော်ခြင်းနဲ့ ဥပမာပြပြီး ဝိသာခါကျောင်းအမကြီး ကို ဒီလိုဟောကြားပေးခဲ့ပါတယ်။ လဆန်း (၁)ရက်နေ့ဆို နေရောင်ရှိလို့ ဆံပင်ခြောက်သွေ့မည်ကိုမြင်တဲ့ အမျိုးသမီးဟာ ရေချိုးခေါင်းလျှော်ကြတယ်။ အဲဒီလို ခေါင်းလျှောက်လိုက်တော့ ဦးခေါင်းမှာ အညစ်အကြေးသန့်ရှင်းလိုက်တဲ့အခါ ဆံပင်လည်း သွေ့ခြောက်သွားလို့ ဦးခေါင်းဟာ သန့်ရှင်းပြီးပေါ့ပါးသွား တယ်။ ဒါပေမဲ့ နောက်ရက်များမှာ ဦးခေါင်းပေါ်ဝယ် မြူမှုန်ကျခြင်း၊ အတွင်းက အညစ်အကြေးများ ဦးခေါင်းပေါ်ထွက်လာတဲ့အခါ (၇)ရက်လောက်ကြာတော့ ဦးခေါင်းဟာ လေးလံလာပြန်တယ်။ အဲဒါနဲ့ တစ်ပါတ်လောက်ကြာတဲ့အခါ နောက်တစ်ကြိမ် ခေါင်းလျှော်ရတယ်။

အဲဒီလိုပဲ လူတို့ရဲ့စိတ်မှာ နေ့စဉ် စီးပွားရှာတဲ့အခါဖြစ်စေ၊ ပျော်ပါးတဲ့အခါဖြစ်စေ၊ ပုံစံမျိုးစုံနဲ့နေထိုင်သွားလာလှုပ်ရှားနေရင်း ရာဂ၊ ဒေါသစတဲ့ ကိလေသာမြူမှုန်တွေဟာ ကပ်ငြိနေတယ်။ သံသရာတစ်လျှောက်လုံးကလည်း ဘဝမျိုးစုံနဲ့ ကပ်ငြိလာခဲ့ကြတယ်။ အဲဒါကြောင့် မိမိတို့သန္တာန်မှာ ကိလေသာတွေဟာ မရေတွက်နိုင်အောင် များနေတယ်။ တစ်ဦးနဲ့တစ်ဦး တရားထူးရတာချင်း မတူတာ၊ တရားအသိမတူတာ၊ အကျိုးပေးမတူတာတွေဟာ မိမိတို့ရဲ့ ကျင်လည်ခဲ့ရတဲ့ဘဝတွေမှာ ကိလေသာတွေ ဘယ်လောက်ညစ်ကြေးလာအောင် ပြုလုပ်ခဲ့သလဲဆိုတာ မသိရတဲ့အတွက် မတူကြတာပါ။

တချို့က သူများလို ခဏလေးနဲ့တရားမှတ်ရင် တရားသိမယ်ထင်တယ်။ သူများလို ကောင်းတာလေး တစ်ခုလောက်လုပ်ရင် အကျိုးပေးမယ်ထင်နေတာလေ။ မိမိမှာ ဘဝများစွာက ကောင်းမှု၊ မကောင်းမှုကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့မိုက်ခဲ့လို့ဖြစ်စေ ပြုလုပ်ခဲ့တဲ့ ကိလေသာအညစ်ကြေးတွေက ဘယ်လောက်များသလဲဆိုတာ မသိရဘူးလေ။ ဒါကြောင့် မိမိတို့က မိမိတို့သန္တာန်မှာရှိတဲ့ ကိလေသာ အညစ်ကြေးတွေကို များများပယ်သတ်နိုင်အောင် ကြိုးစားမှ ကိလေသာကင်းရာကိုရောက်မှာဖြစ်သလို မရောက်ခင်မှာလည်း ကိလေသာနည်းတဲ့ အကျိုးပေးကောင်းမှုတွေကို ခံစားရမှာပါ။

အဲဒီလို မိမိတို့ရဲ့စိတ်အစဉ်မှာ ကပ်ငြိမ်နေတဲ့ ကိလေသာမြူမှုန်တွေ သန့်ရှင်းအောင် အိမ်ရာအလုပ်တွေကို အနားပေးပြီး မကောင်းမှုများကိုလည်း ရှောင်ကြဉ်ကာ ဥပုသ်သီလဆောက်တည်ခြင်းနဲ့ ဆေးကြောပေးရပါ တယ်။ တစ်ပါတ်တစ်ခါလောက် မိမိသန္တာန်မှာရှိတဲ့ ကိလေသာညစ်ကြေးတွေ မသန့်ရှင်းနိုင်၊ မလျှော့ပါးနိုင်သေးလို့ အကြိုရက်၊ အပိုရက်များမှာပါ ဥပုသ်သီလ စောင့်ထိန်းပေးရခြင်း ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာဆိုရင်တော့ ရုံးပိတ်ရက်များဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့များကို ဥပုသ်နေ့များလို့ သတ်မှတ်ပေးပြီး စောင့်ထိန်းကြရင် ပိုမိုကောင်းမွန်ပါလိမ့်မယ်။ တစ်ပါတ်ရဲ့ အစဆုံးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ တစ်ခါသန့်ရှင်းထားလိုက်ပြီး တစ်ပါတ်ရဲ့အဆုံးဖြစ်တဲ့ စနေနေ့မှာ ထပ်သန့်ရှင်းလိုက်မယ် ဆိုရင် ကိလေသာတွေဟာ ကပ်လိုက်၊ လျှော့လိုက်နဲ့ဆိုတော့ ခံသာသေးတာပေါ့လေ။ အဲဒီလိုမဟုတ်ဘဲ တစ်ပါတ်တစ်ခါလောက်ဆို ကိလေသာကပ်တာကပိုများပြီး လျှော်တာကနည်းနေရင် ကိလေသာက ဘယ်တော့မှ ကင်းမှာမဟုတ်တော့ဘူး။ ပြောသာ ပြောရတာပါ။ ခုခေတ်က တစ်ပါတ်တစ်ခါမပြောနဲ့ ဝါတွင်းလေး(၃)လကိုတောင်မှ တစ်ပါတ်တစ်ခါ ကိလေသာမလျှော်တဲ့လူတွေက များနေတာပါလေ။

အဓိကကတော့ မိမိစောင့်ထိန်းနိုင်တဲ့ရက်ကို စောင့်ထိန်းရင် အကောင်းဆုံးပါပဲ။ ကောင်းမှုကုသိုလ်ဖြစ်တဲ့ သီလစောင့်ထိန်းမှုကို မြတ်ဗုဒ္ဓက ဘယ်နေ့မှ စောင့်ထိန်းရမယ်လို့ သေချာမပြောခဲ့ဘဲ အနည်းဆုံးတစ်ပါတ်တစ်ခါလောက်တော့ ဦးခေါင်းလျှော်သလို စောင့်ထိန်းသင့်တယ်လို့ပဲ ပြောခဲ့ပါတယ်။ မိမိတို့က နေ့စဉ်စောင့်ထိန်းနိုင်လေ ကောင်းလေပါပဲ။ ငါးပါးသီလကတော့ လူသားတွေ စောင့်ထိန်းရမဲ့ အရာပါ။ ရှစ်ပါးသီလဥပုသ်သီလကတော့ အရိယာသူတော်ကောင်းဖြစ်အောင် စောင့်ထိန်းတဲ့ သီလပါ။ အဲဒီတော့ မိမိက လူသားတစ်ယောက်ဖြစ်ချင်ရင် ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းရမယ်။ အရိယာသူတော်ကောင်းတစ်ယောက်ပါ ဖြစ်ချင်ရင်တော့ ရှစ်ပါးသီလဥပုသ်သီလကို နေ့စဉ် စောင့်ထိန်း ရမယ်။ ဒါမှမဟုတ် မိမိက တစ်ပါတ်တစ်ခါပဲ အရိယာသူတော်ကောင်းဖြစ်ချင်တယ်ဆိုရင်တော့ တစ်ပါတ်တစ်ခါ ဥပုသ်သီလ စောင့်ထိန်းပေါ့။ ဘယ်တော့မှမဖြစ်ချင်ဘူးဆိုရင်တော့ ဘယ်တော့မှဥပုသ် မစောင့်နဲ့ပေါ့လေ။

အဲဒီတော့ ရှစ်ရက်၊ လပြည့်၊ လကွယ်နေ့များကို ဥပုသ်နေ့ဟု သတ်မှတ်ကြတာဟာ လူသားတွေရဲ့ အချိန်အခါအခြေအနေကိုကြည့်ပြီး သတ်မှတ်ကြတာပါ။ ဥပုသ်သီလကို မြတ်ဗုဒ္ဓအလိုကျဆိုရင် အနည်းဆုံးတော့ တစ်ပါတ်တစ်ခါတော့ စောင့်ထိန်းပေးရမှာဖြစ်ပြီး မိမိစောင့်ထိန်းနိုင်ရင် မိမိစောင့်ထိန်းတဲ့နေ့ဟာ ဥပုသ်နေ့ဖြစ်တာမို့ စောင့်ထိန်းနိုင်လေ ကောင်းလေးဆိုတာပဲ မှတ်သားထားကြပြီး နေ့ရက်များစွာ စောင့်ထိန်းနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းရင်း ဥပုသ်နေ့အကြောင်း သိကောင်းစရာကို ဒီမျှနဲ့ မိမိသိရှိသမျှ ဖြေဆိုပေးမှုကို ရပ်နားလိုက်ပါတယ်။ တကယ်လို့ ဦးဇင်းရေးသားသမျှထက် ပိုမိုသိချင်သေးတယ်ဆိုရင်တော့ မဟာဂန္ဓာရုံဆရာတော်၊ အရှင်ဇနကာဘိဝံသရေးသားတဲ့ ရတနာ့ဂုဏ်ရည်စာအုပ်မှာ ဖတ်ကြည့်လိုက်ရင် ဥပုသ်အမျိုးအစားများပါ သိရှိရပါလိမ့်မယ်။

5 comments

  • စိန်ဗိုက်ဗိုက်

    July 29, 2012 at 6:00 pm

    ဆရာသမားရေ
    ဒါနဲ ့ဆို တစ်နေ ့တည်း ငါးပုဒ်ဖြစ်နေပါပကောဗျား..
    တစ်နေ ့ ၂ ပုဒ်ပဲ တင်ရပါတယ်ဗျား..
    စည်းကမ်းလေး ဖတ်ပါဦး..နော..
    ဒီပို ့စ်ကသန်ဘက်ခါမှ တက်လာပါလိမ့်မယ်ခင်ဗျား..

  • ဝေးလွင့်တိမ်

    July 31, 2012 at 8:17 pm

    ဖတ်သွားပါတယ်။ ကျေးဇူးတင်ပါတယ်။ ကိုဗိုက်ပြောသလို တစ်နေ့ကို ပိုစ့်နှစ်ခုထက်ပိုမတင်ရဆိုတဲ့ စည်းကမ်းရှိပါတယ် ခင်ဗျ။

  • သန်းထွဋ်ဦး

    July 31, 2012 at 8:54 pm

    “”အဲဒီတော့ ရှစ်ရက်၊ လပြည့်၊ လကွယ်နေ့များကို ဥပုသ်နေ့ဟု သတ်မှတ်ကြတာဟာ လူသားတွေရဲ့
    အချိန်အခါအခြေအနေကိုကြည့်ပြီး သတ်မှတ်ကြတာပါ။ ဥပုသ်သီလကို မြတ်ဗုဒ္ဓအလိုကျဆိုရင်
    အနည်းဆုံးတော့ တစ်ပါတ်တစ်ခါတော့ စောင့်ထိန်းပေးရမှာဖြစ်ပြီး မိမိစောင့်ထိန်းနိုင်ရင် မိမိစောင့်
    ထိန်းတဲ့နေ့ဟာ ဥပုသ်နေ့ဖြစ်တာမို့ စောင့်ထိန်းနိုင်လေ ကောင်းလေဆိုတာပဲ “””

  • မောင်ပေ

    July 31, 2012 at 9:29 pm

    ရှားသက်မန် ရဲ ့ပို ့စ်ကို ဖတ်ပြီး
    ဒီဝါတွင်းမှာ ဘီယာ/အရက် တတ်နိုင်သမျှ
    ရပ်နားဖို ့စီစဉ်လိုက်ပါသည် ။

  • Shar Thet Man

    August 3, 2012 at 10:02 am

    ဟုတ်ကဲ့ တင်ပေးချင်ဇောလေးကပ်သွားလို့ပါရှင့်..သတိထားပါမယ်..ကိုစိန်ဗိုက်ဗိုက်ရယ်။။

Leave a Reply