“ဦးဇင်း ဆဋ္ဌသံဂါယနာတင်ပွဲကို ဘယ်လိုမြင်လဲ”

“အရင်သံဂါယနာငါးတန်ထက် လုပ်တာသာတယ် ပြောရမယ်”     “ဘာဖြစ်လို့”

“သံဂါယနာတင်ချိန်လည်း အကြာဆုံး၊ သံဃာအရေအတွက်လည်း အများဆုံးပဲ”

“အချိန်က သုံးနှစ်၊ သံဃာအရေအတွက်ကလည်း နှစ်ထောင့်ငါးရာ မဟုတ်လား” “ဟုတ်တယ်”

“ငွေကြေးကုန်ကျမှုလည်း သာမှာပဲ”        “ဟုတ်တယ်”    “ဘယ်လောက်ကုန်သတဲ့လဲ”

“ငွေနဲ့ပြောရင် တန်ဖိုးအပြောင်းအလဲရှိတော့၊ ပြောလို့ မကောင်းဘူး”

“ရွှေနဲ့ပြောရင်၊ ရွှေပိဿာ တစ်ထောင်လောက် ကုန်တယ်လို့ သိရတယ်”

“ဒီလောက်အကုန်ခံပြီး လုပ်တော့၊ ရလဒ်ကော သာရဲ့လားလို့ စဉ်းစားသင့်တယ်”

“အကျိုးရလဒ်ကတော့ သိပ်ပြီး ထင်သာမြင်သာပြစရာ မတွေ့မိပါဘူး”

“ဘာဖြစ်လို့လဲ”

“စဉ်းစားကြည့်လေ”      “ရှေ့ကသာသနာမှာ ရှိပြီးသားထက် ဘာမှ ပိုမိုမထူးခြားလို့ပဲ”

“ဘယ်လိုမထူးခြားတာလဲ”

“ရှေ့ကသာသနာမှာ မရှိသေးတာကိုလည်း ရှိအောင်နဲ့ ရှိပြီးသားကိုလည်း ဆန်းစစ်ပြီး ရှိသင့်/မသင့် မလုပ်ဘူး။ ရှိပြီးသားကို ရှိပြီးသာအတိုင်းဖြစ်အောင် လုပ်တာပဲ”

“နိုင်ငံခြားက သာသနာတွေ ကောင်းအောင်များ လုပ်တာလား”

“သူတို့ဆီက သာသနာတွေကိုလည်း ရှိပြီးသားကို ရှိပြီးသားအတိုင်းကနေ ဘာမှ ပြင်မပေး ရပါဘူး”

“သည်လိုဆို အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေ အများကြီး ကုန်တာပဲ ရှိတာပေါ့၊ ဘာအကျိုးရှိမှာလဲ”

“တို့သာသနာကြီး သည်လောက် ထည်ဝါခမ်းနားကြီးမား လေးနက်တယ်လို့ ပြတာပေါ့”

“ကြွားကြတာလို့ ပြောရမှာလား”  “သည်လိုတော့ ဖြစ်နေတာပေါ့”

“သံဂါယနာဆိုတာကိုက ဒါမျိုးပဲလား”      “ဘယ်ဟုတ်လိမ့်မလဲ”

“ပဌမသံဂါယနာက ဘာအကျိုးကို လုပ်နိုင်ခဲ့တာလဲ”

“ဘုရားရဲ့ ဟောပြောချက် အပြန့်ပြန့်အကျဲကျဲ ဖြစ်နေတာကို စုနိုင်ခဲ့တယ်လို့ ပြောရမယ်”

“ဒုတိယ သံဂါယနာကကော”

“ဝိနည်း အငြင်းပွားမှုကို ညှိနိုင်ခဲ့တာကို တွေ့ရတယ်”

“တတိယမှာ ဘာတွေလုပ်နိုင်ခဲ့လဲ”

“ဓမ္မကွဲပြားမှုကို ညှိနှိုင်းခဲ့ကြတာ တွေ့ရတယ်”

“စတုတ္ထသံဂါယနာ ကကော”     “နှုတ်ဆောင် ဓမ္မ၊ ဝိနယတွေကို စာပေါ်တင်နိုင်ခဲ့တယ်”

“ပဉ္စမသံဂါယနာ မှာဘာတွေတွေ့လဲ”      “စာတွေအမျိုးမျိုး ပြားနေတာတွေကို အလွယ်ညှိ်နိုင်အောင်၊ အမှန်ဆုံးစာမူဖြစ်အောင်လုပ်ပြီး ကျောက်တိုင်တွေအဖြစ် စိုက်ထူနိုင်ခဲ့တယ်”

“ဆဋ္ဌသံဂါယနာက ဘယ်အကျိုးတွေဖြစ်တာလည်း ကြည့် ကြည့်ပါဦး”

“အဲဒါ အကျိုးကဖြင့် မပြောတတ်အောင်ဘဲ”        “ဟုတ်တယ်နော်”

“စာအုပ်တွေရိုက်နိုင်တာ အကျိုးလို့ပြောရရင်လည်း အရင်ကတည်းက စာအုပ်တွေ ရိုက်ပြီးသား”       “စာမူ ပိုသန့်သလားလို့ ပြောရင်လည်း မသန့်ဘူး အရင် သန့်ပြီးသားအတိုင်းဘဲ”

“ဒါလုပ်လို့ ဘုန်းကြီးတွေ စာပိုတတ်သွားတာလား” “ဒါလည်း မဟုတ်ပါဘူး”

“ဂိုဏ်းတွေ ပေါင်းသွားတာလား”           “နဂို အတိုင်းပါပဲ”

“ဘာသာရေးနိုးကြားမှုတွေ ပိုရှိလာသလား”         “ပကထိထက် မပိုလှပါဘူး”

“နိုင်ငံများ အမြတ်ရမလား”        “ပိုလို့တောင် မဖြစ်နိုင်သေး”       “ဘာဖြစ်လို့လဲ”

“လွတ်လပ်စဖြစ်လို့ ဘာအရင်းအနှီးမှ ကောင်းကောင်းမရှိသေးတဲ့နိုင်ငံက ရွေပိဿာပေါင်း များစွာ အကုန်ခံပြီးလုပ်တော့ ပိုဆိုးတာပေါ့”    “ဘာမှ အကျိုးမရတော့ဘူးလား”

“ဦးနု အစိုးရအဖွဲ့တို့၊ ဦဝိစိတ္တဆရာတော်တို့ မဟာစည် နဲ့ ညောင်ရမ်း ဆရာတော်တို့ ဂုဏ်သိက္ခာကြီး၊ လူသိများတာတွေ ရတာကလွဲလို့ တခြားကတော့ ပြောစရာမရှိလောက်အောင်ကို နဲတယ်လို့ မြင်တာပဲ”

“ဦးဇင်းပဲ သည်သံဂါယနာက အသာဆုံးဆို”        “ဟုတ်တယ်လေ”

“ဘာတွေ သာတာလဲ”   “လုပ်ရတာ သာတာပေါ့”

“ဦးဇင်းကလဲ ထူးခြားအကျိုးရှိတာမဖြစ်ဘဲ သာတယ်လို့ ပြောလို့ကောင်းပါ့မလား”

“သည်လောက် လုပ်ထားရတဲ့ သံဂါယနာကြီးကို မသာဘူး၊ မကောင်းဘူးလို့ ပြောလို့ရော ကောင်းပါ့မလား”

“သည့်တော့ အရင်သံဂါယနာတွေထက် လုပ်တာသာတယ်လို့ ပြောရတာပေါ့”

About uzin

has written 14 post in this Website..