အွန်လိုင်းစောင့် နတ်ချုပ်ကြီးနှင့် စကားစမြည်
– သူရဿဝါ –

တစ်ခုသော ရုံးပိတ်သည့် ဥပုသ်ရက် တစ်ရက်၏ မနက် စောစောတွင် မောင်ဝါဝါ တစ်ယောက် စိတ်အကြံ ပေါက်သည်နှင့် ကြုံတုန်း ကြုံခိုက် တစ်ကိုယ်ရေ ဥပုသ် စောင့်၍ ဘုရားတွင် ကိုယ့်ဟာကိုယ် ငါးပါးသီလ ခံယူဖြစ် လေ၏။ မနက်ပိုင်း ငါးပါးသီလ ယူပြီးနောက် ဘာမှလည်း လုပ်စရာ မရှိသည်နှင့် မောင်ဝါဝါလည်း ကွန်ပျူတာ ကလေးဖွင့်၊ အွန်လိုင်းပေါ် တက်၍ ဟိုမွှေ ဒီမွှေ လုပ်၍ နေလေ၏။ ထိုအချိန် မှာပင် မောင်ဝါဝါ၏ ကွန်ပျူတာ ထဲမှ မီးခိုးလုံး ကြီးများ ပေါ်လာကာ ထိုမီးခိုးလုံး များထဲမှ နတ်ဝတ် နတ်စားနှင့် လူကြီးတစ်ဦး ထွက်၍ လာလေပြီး သူ့ကိုယ်သူ အွန်လိုင်းစောင့် နတ်ချုပ်ကြီးဟု ဆိုကာ မောင်ဝါဝါနှင့် အချီအချ စကားများ ပြောလေတော့ရာ အဆိုပါ အွန်လိုင်းစောင့် နတ်ချုပ်ကြီးနှင့် ပြောမိသည့် စကားစမြည်မှာ အောက်ပါ အတိုင်းပင် ဖြစ်လေ တော့၏။

“ငါသည်ကား အင်တာနက် တရိုး ပိုင်စံစိုးသည့် အွန်လိုင်းစောင့် နတ်ချုပ်ကြီး ဖြစ်တော့သကိုး”

“ဘယ်လို .. ဘယ်လို ၊ အွန်လိုင်းစောင့် ဟုတ်သလားဟင်”

“အိမ်းလကွယ် .. မြို့ကို စောင့်တော့ မြို့စောင့်နတ်၊ ရွာကို စောင့်တော့ ရွာစောင့်နတ်၊ အိမ်ကို စောင့်တော့ အိမ်စောင့်နတ် … အင်တာနက် အွန်လိုင်းကို စောင့်တော့ အွန်လိုင်းစောင့် နတ်ပေါ့ဟဲ့”

“ဟင် … အဲလိုကြီးလား … မသိပါဘူး၊ ဇာတ်ခေါင်းကွဲ လာတယ် အောင့်မေ့လို့ ကြည့်နေတာ”

“မိုးတွင်းကြီး ဆိုတော့ ဘယ်သူမှ မငှားတာနဲ့ ဇာတ်ခေါင်းကွဲ ဟဲဟဲ… ဟာ … ဒီအကောင် ငါ့ကိုများ ပမာမခန့်နဲ့၊ မင်းတို့ သုံးတဲ့ အွန်လိုင်း ဆိုတာကြီးကို ငါ စောင့်ကြပ် ကြည့်ရှု ပေးနေတာကွ၊ အွန်လိုင်းမှာ တစ်ချိန်လုံး အကဲခတ် စောင့်ကြည့်ပြီး အများသူငါ မကြည့်သင့်

မဝင်သင့်တဲ့ ဟိုဆိုက် ဒီဆိုက် တွေကို ပိတ်တန်ပိတ် ဖွင့်တန်ဖွင့် အမြဲတမ်း လုပ်ပေး နေတာ ဘယ်သူ မှတ်သလဲ .. ဘယ်သူ မှတ်သလဲ” “နတ်ချုပ်ကြီးလား …”

“မဟုတ်ဘူး .. ရတနာပုံ တယ်လီပို့”

“ဟာ … အကောင်းမှတ်လို့ .. ဒါနဲ့ ကျွန်တော့်ဆီ ဘာစိတ်ကူး ပေါက်လို့ ရောက်လာ တာလဲဟင် နတ်ရှုပ်ကြီး”

“နတ်ချုပ်ကြီး လုပ်ပါဟ … အေး .. မင်း ငါးပါးသီလ ယူထားတယ် နာမည်ခံပြီး အွန်လိုင်းပေါ် ရောက်နေလို့ အကုသိုလ်တွေ ကြီးကုန်မှာ စိုးတာနဲ့ ငါလာပြီး သတိပေး တာပဲ”

“ဟင် … ငါးပါးသီလ ယူပြီး အွန်လိုင်း တက်တာ အကုသိုလ် ဖြစ်တယ် ဟုတ်လား၊ ကြံကြီးစည်ရာ နတ်ရှုပ်ကြီး ရယ် ..”

“ဟေ့ကောင် … နတ်ရှုပ်ကြီး မဟုတ်ဘူး၊ နတ်ချုပ်ကြီး ပါလို့ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ .. ထားပါ .. ငါးပါး သီလ ယူပြီး အွန်လိုင်းပေါ် တက်လာတယ် ဆိုတာနဲ့ မင်းရဲ့ သီလတွေ အတော်များများ ကျိုးသွားပြီ သိရဲ့လား”

“အာ … မဖြစ်နိုင်တာ .. ကျွန်တော် ဘာမှလည်း မလုပ်ဘဲနဲ့ ဘာလို့ သီလကျိုး ရမှာတုန်း ..”

“အောင်မာ … မင်း အခုနက ကွန်ပျူတာ ဖွင့်၊ ကက်စပါစကီး ဖွင့်ပြီးတော့ တကွိကွိနဲ့ ဗိုင်းရပ်စ်တွေ သတ်နေတာ ငါမသိဘူး အောင့်မေ့လို့လား”

“ဟုတ်တယ်လေ … ဗိုင်းရပ်စ် ကိုက်တော့ စက်လေး နေလို့ ရှာသတ်တာ .. ကက်စပါစကီး ကောင်းတယ် နတ်ချုပ်ကြီးရဲ့”

“အေး .. သတ်လေ … အဲဒီလို ဗိုင်းရပ်စ် သတ်ပြီ ဆိုကတည်းက မင်း သီလတစ်ပါး ကျိုးသွားပြီ .. အဲဒါ ပါဏာတိ ပါတာ ကံကို မင်းကျူးလွန် လိုက်တာပဲ”

“အလို … ကွန်ပျူတာ ထဲမှာ ဒုက္ခ ပေးနေတဲ့ ဗိုင်းရပ်စ်ကို သတ်တာလေ … သက်ရှိ သတ္တဝါကို သတ်တာမှ မဟုတ်ဘဲနဲ့”

“ဟ … သူတို့လည်း သက်ရှိပဲ လေကွာ .. အသေကြီးတွေ မဟုတ်ဘဲ အသက်ရှိ နေလို့ မင်း ကွန်ပျူတာ ထဲမှာ သူတို့ လျှောက်မွှေ နေနိုင်တာ ပေါ့ကွ … ဒီတော့ မင်း ပါဏာတိ ပါတာကံ တစ်ပါးကျိုး သွားပြီ .. ဗြောင် မငြင်းနဲ့”

“ဒုက္ခပါပဲ .. အင်းလေ .. ထားပါတော့ တစ်ပါးကျိုး သွားပြီဆိုလည်း .. ဒါပေမယ့် ကျန်တဲ့ လေးပါးကို ဘာဆို ဘာမှ မချိုးဖောက် ဘူးလေ”

“ဘာလို့ မချိုးဖောက် ရမှာလဲ … မင်း အဒိန္နာဒါနာ ကံလည်း ကျိုးနေပြီ သူခိုးလေးရဲ့”

“အို .. စွပ်စွပ်နဲ့မှ စွဲစွဲ .. ကျွန်တော် ဘယ်သူ့ဆီက ဘာခိုး သေးလို့တုန်း၊ သေချာမှ ပြောပါဗျာ”

“မင်းအခု သုံးနေတဲ့ ကက်စပါ စကီးရော .. မင်း ခုနက သွင်းထားတဲ့ ဆော့ဖ်ဝဲ တွေရော တန်ရာတန်ကြေး ပိုက်ဆံပေး ဝယ်ပြီးသုံးတဲ့ ဖူးလ်ဗားရှင်း တစ်ခုမှ မပါဘူးလေ … အလကား ရတဲ့ ထရိုင်ရယ် ဗားရှင်းကို သွင်းပြီးတော့ အဲဒါကို ဖူးလ်ဗားရှင်း ဖြစ်အောင် အွန်လိုင်းကနေ Keygen တွေ၊ Crack တွေ၊ Patch တွေ ခိုးရှာပြီး မတရား နည်းနဲ့ ဖရီး သုံးနေတာ ငါမသိဘဲ နေမလားကွ”

“အဟီး .. ဒါတော့ ဟုတ်သား .. အဲဒီလို ကီးဂျန်တွေ၊ ခရက်တွေ ရှာပြီး ဖူးလ်ဗားရှင်း ဖြစ်အောင် သုံးတာ ခိုးမှု မြောက်တယ်လား၊ သားမှ မသိဘဲကို”

“အေး .. အဲဒါ ခိုးတာပဲ .. ကုန်ကုန် ပြောလိုက်မယ် .. မင်းအခု သုံးနေတဲ့ ဝင်းဒိုးဆဲဗင်း တောင်မှ မိုက်ခရိုဆော့ဖ် ကနေ လိုင်စင် ဗားရှင်းကို ပိုက်ဆံ ပေးပြီး မင်းဝယ်သုံး တာမှ မဟုတ်ဘဲ … ခရက် လုပ်ပြီးသား ဝင်းဒိုးကို စီဒီဆိုင် ကနေ တစ်ခွေ ငါးရာ ပေးဝယ်ပြီး တင်ထားတာချည်းကွာ …”

“အဲ .. အဲဒါက ကျွန်တော် ခိုးတာ မဟုတ်ဘူးလေ …”

“အို .. ဘာပဲဖြစ်ဖြစ် .. ဒါလည်း ခိုးရာပါ ပစ္စည်း လက်ခံတာ၊ မင်းလည်း အမှုတွဲပဲ .. မငြင်းနဲ့ .. ဒီတော့ မင်း အဒိန္နာဒါနာ ခိုးမှုလည်း မြောက်ပြီ ဆိုတော့ သီလ နှစ်ပါး ကျိုးပြီ”

“ကျန်တဲ့ သုံးပါးတော့ လုံပါသေး .. နတ်ချုပ်ကြီးရယ်”

“အောင်မာ … မင်း ကာမေသုမိစ္ဆာစာရာ ကံလည်း ကျိုးနေပြီကွ သိရဲ့လား”

“ဒုက္ခပါပဲ .. သမာဓိ မတည်ငြိမ်အောင် လာလုပ်နေတယ် … ဘာလို့ အဲဒါလည်း ကျိုးရ ပြန်တာတုန်း”

“လေသံကိုက မရွံ့မရဲနဲ့ … ဒီမယ် မောင်ဝါဝါ မင်း ဒီနေ့ အွန်လိုင်းပေါ် တက်တက်ချင်း ဖေ့စ်ဘုတ်ထဲဝင်၊ ပြီး … မင်း ကြိတ်ကြိုက် နေတဲ့ အွန်လိုင်းက ကောင်မလေးရဲ့ ဝေါလ်ပေါ် သွား၊ ပြီး .. သူ တင်ထားတဲ့ ဓါတ်ပုံတွေ ကြည့်၊ ပြီးတော့ စိတ်ထဲ ကနေ ငါ့ရည်းစားလေး ဖြစ်လိုက်ရင် ဘယ်လောက် ကောင်းမလဲ .. တစ်ရက် လောက်တော့ ဒီကောင်မလေးနဲ့ တွဲသွား တွဲလာ လုပ်ချင်လိုက်တာ ဆိုပြီး မင့်စိတ်ထဲက ကြိတ်ပြစ်မှား နေတာ ငါသိတာပေါ့ကွ”

“သိလိုက်ရပြန်ပြီ … အထင် မလွဲပါနဲ့ နတ်ချုပ်ကြီးရယ် … တဏှာတွေ ရာဂတွေ ကျွန်တော့်မယ် ကုန်ပါပြီ”

“အေးလေ … ကိလေသာ တစ်ကြောပဲ တင်းကျန်ခဲ့တာ မဟုတ်လား … မငြင်းနဲ့ကွ … သူများ သားပျို သမီးပျိုကို မင်းစိတ်ထဲက ပြစ်မှား နေတယ် ဆိုကတည်းက အဲဒါ ကာမေသု ကျိုးပြီကွ … သိရဲ့လား”

“ငြင်းလို့မရတော့လည်း ထားလိုက်ပါတော့ နတ်ချုပ်ကြီးရယ် … မုသာဝါဒတော့ မကျိုးသေး ဘူးနော် … အခုထိ မနက် ကတည်းက ဘယ်သူ့မှ လိမ်မပြောသေးဘူး”

“လိမ်သာ မပြောတယ် … မင်း ဖေ့စ်ဘုတ် ထဲမှာ ဟိုလူ ဓါတ်ပုံတင်လည်း မကြိုက်ဘဲနဲ့ လိုက်ခ်လုပ်၊ ဒီလူ စတေးတပ်စ် တင်လည်း သဘောမကျဘဲ လိုက်ခ်လုပ်နဲ့ .. အဲဒါ လိမ်နေတာ”

“အို .. ဒါတော့ လူမှုရေး အရ ….”

“လူမှုရေးတွေ ဘာတွေ လာမပြောနဲ့ … မကြိုက်တာကို ကြိုက်တယ် ဆိုပြီး လိုက်ခ်တွေ စွပ်နှိပ်နေ ကတည်းက မုသာဝါဒ ကံကို မင်း မိုးလောက်ကြီးကျူးလွန် မိလျက်သား ဖြစ်နေတာ ပဲပေါ့ကွ”

“နတ်ချုပ်ကြီး လာမှပဲ ငါးပါးသီလ ခံပြီး ကတိမတည်တဲ့ ကိုယ့်ကိုယ်ကို သီလ မရှိတဲ့ အကောင်ကြီးမှန်း သိရတော့တာရယ် … ကဲ .. တစ်ပါးပဲ ကျန်တော့တယ်၊ သုရာမေရယ မူးယစ် သေရည် သောက်သုံးပြီး ရမ်းကားခြင်း ရှောင်ကြဉ် ပါ၏ ဆိုတဲ့ သီလလည်း တစ်ဝက်တိတိ ကျိုးနေပါပြီ နတ်ချုပ်ကြီးရယ်”

“ဟေ … မင်း အရက်တွေ သောက်ထားလို့လား .. နေပါဦး .. ကျိုးတယ် ဆိုလည်း သီလ တစ်ပါးလုံး အပြည့် ကျိုးပေါ့ကွ .. ဘယ့်နှယ် တစ်ဝက်တိတိ ကျိုးရတယ်လို့”

“ဟင့်အင်း .. တစ်ဝက်တိတိ .. ဖစ်ဖတိ ဖစ်ဖတိပဲ … အဲဒီလို ကျိုးတာလည်း နတ်ချုပ်ကြီးနဲ့ ဆိုင်ကို ဆိုင်တယ်”

“ဘာဆိုင်လို့လဲ … ငါ့ဟာငါ နေတဲ့ဟာ”

“ဆိုင်သမှ သိပ်ဆိုင် … မနက် အွန်လိုင်းတက် ကတည်းက အီးမေးလ် စစ်ချင်လို့ ဖွင့်နေတာ အခုထိ တက်မလာဘူး … Loading ဆိုတဲ့ စာတန်းနဲ့ အလုံးလေးက မနက် ကတည်းက အခုထိ လည်ပဲ လည်နေတာ .. အဲဒါကို ကြည့်ရင်း ကြည့်ရင်း အခု မူးနေပြီ … သေရည် သောက်ပြီး မူးလည်း မူးတာပဲ … မူးယစ်ဆေးဝါး သုံးပြီး မူးတာလည်း မူးတာပဲ … အခု ဒီအလုံးကို ကြည့်ရင်း လည်ပြီး မူးတာလည်း မူးတာပဲ … မူးယစ်စေတတ်တဲ့ ဆေးဝါး အရက်တွေ မသောက်ဘူး .. ဒါပေမယ့် မူးတယ် … ဒီတော့ တစ်ဝက်တိတိ သီလကျိုး နေပြီ … အဲဒါ နတ်ချုပ်ကြီးကြောင့်ပဲ … အွန်လိုင်းစောင့် နတ်ချုပ်ကြီး လုပ်နေပြီး ကော်နက်ရှင် လေးမှ ကောင်းအောင် မလုပ်ပေးတာ … အဲဒါကြောင့် အမြဲတမ်း လိုလို မူးနေရတာ … အခု ကျွန်တော် သီလကျိုးတာ နတ်ချုပ်ကြီး တာဝန်ပဲ … အဲဒါ နတ်ချုပ်ကြီး ဘယ်လို ဖြေရှင်း ပေးမလဲ .. ပြော”

“အဟီး … အဟဲဟဲ .. ဒါကတော့ ဒီလိုရှိတယ် မဟုတ်လား … ဟိုလေ … အခုပဲ အွန်လိုင်း နတ်စောင့်များ အစည်းအဝေး ရှိသတဲ့ .. မက်ဆေ့ခ်ျ ပို့တယ် … သွားလိုက်ဦးမယ်နော် … နောက် အားတော့လည်း ထပ်လာလည်ပြီး စကား ထပ်ပြော ကြတာပေါ့ နော့ … မောင်ဝါဝါ အလိမ်မာဆုံး ကောင်လေး … ဟဲ … သွားမယ်နော် … တာ့တာ”

ထိုသို့ မောင်ဝါဝါမှာ လည်နေသော Loading အကြောင်း ပြ၍ ခြိမ်းခြောက် လိုက်သော အခါတွင်မှ အွန်လိုင်းစောင့် နတ်ချုပ်ကြီးမှာ ယီးတီးယားတား ဝေဝေဝါးဝါး ပြောဆိုကာ အဖြေ မပေးဘဲ ထွက်ခွာ၍ သွားလေ တော့၏။ မောင်ဝါဝါလည်း ကျိုးပြီးသား သီလများ မထူးတော့ ဟုတွေးကာ တစ်နေကုန် ဗိုင်းရပ်စ်လေး သတ်လိုက်၊ ခရက် ကီးလေး ရှာလိုက်၊ ကောင်မလေး ပုံတွေ ဖေ့စ်ဘုတ်မှာ သွားကြည့်လိုက်၊ မကြိုက် ကြိုက်ကြိုက် လိုက်ခ် လုပ်လိုက်၊ တစ်နေကုန် Loading ကြီးကလည်း လည်နေလိုက်ဖြင့် ပျော်ပျော်ကြီး အွန်လိုင်း တက်၍သာ နေလေ တော့သတည်း။

၃၀ – ဇူလိုင် – ၂၀၁၂
TechSpace Journal

Volume (1), Issue (18)

About သူရဿဝါ

သူ ရ ဿ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah