“မျက်ကန်းတစ္ဆေ မကြောက်ထုံး´´

* ဘဝမှာ အနေလှဖို့

အခြေကျဖို့သာ ဦးတည်

ရုပ်ဘဝကိုသာ အလေးမူမိလို့

တွေးတွေးပူရတဲ့ အနာဂတ်တွေလဲ

မနည်းပါဘူး……… အမေ……။

* “စိတ်ထောင်းတော့ ကိုယ်ကျေ´´လို့

အမေ… ဆိုခဲ့ဖူးပေမယ့်

အခုတော့….

ရုပ်ဝတ္ထုတွေက ပြန်ထောင်းလို့

ရာပေါင်းမကတဲ့ စိတ်တွေဟာလဲ

ညက်ညက် ကျေနေရပြီ…. အမေ….။

* “လူကြံရင် သံတောင် အရည်ပျော်တယ်´´လို့

အမေ .. ဆိုခဲ့စဉ်က

သား…. ဂုဏ်ယူ အားကျမိပေမယ့်

အခုတော့……

အဲဒီ အရည်ပျော်တဲ့ သံတွေကြောင့်ပဲ

အသက်တွေ အဖော်မဲ့နေရရှာပြီ.. အမေ…..။

* နေမင်းကြီး ဝင်သွားလို့

ငိုချင်းချ တနေမယ်ဆိုရင်

ကျောဘက်က ထွက်လာမယ့်

ရောင်စုံဖြာ နေတစ်စင်းကို

အချင်း…. ဘယ်မြင်နိုင်မလဲ…ဆိုတဲ့

လမ်းညွှန်ချက်ကို လက်သုံး

ငိုချင်းကို အဆုံးသတ်ပြီး

ထွက်လာမယ့် နေတစ်စင်းကို

မျှော်လင့်ရင်း စောင့်စားမိတာ

ငိုချင်းထက်တောင် ရှည်နေပြီ… အမေ…။

* ကြီးသူကို ရိုသေ၊

ရွယ်တူကို လေးစား၊

ငယ်သူကို သနား…လို့

အမေ..ဆိုခဲ့တဲ့စကားဟာ

အသဲမှာ စွဲနေတာပဲ… အမေ….။

*ဒါပေမဲ့….

ကြီးသူတွေကို မရိုသေတဲ့

ငယ်သူတွေကို သနားမိလို့

ဗျာများနေရတဲ့ လူကြီးတွေ…၊

-ကိုယ့်ကို အလေးမမူတဲ့

လေးစားခံချင်တဲ့ ရွယ်တူတွေကို

အလွယ်တကူ လေးစားမိလို့

ခံပြင်းဒေါသ ဖြစ်နေရတဲ့ လူရွယ်တွေ….၊

-ငယ်သူကို မသနားတဲ့

ကြီးသူတွေကို ရိုသေမိလို့

ဖုတ်ပူမီးတမျှ

အပူကြွနေရရှာတဲ့ လူငယ်တွေ…၊

အဲဒီလို အခြေအနေမျိုးတွေနဲ့

သား…တည့်တည့် တိုးနေရပြီ… အမေ…။

*တန်ပြန်သက်ရောက်ှုမှု နီတိကို

အပြန်လှန် အကျိုးပြုမှု..လို့

သား…နားလည်ထားပေမယ့်

လူအချို့ရဲ့ ကြိုးစားမှုဟာ

ကမ်းစပ်မှာ ချန်ရစ်မိတဲ့ခြေရာလို

ဒီလှိုင်းက ရိုက်ချတိုင်း

အပိုင်းပိုင်း ပြတ်ကြွေခဲ့ရတယ်…အမေ…။

*ဒီတော့…အမေ

သားတို့ရှေ့မှာ လာရပ်မယ့်

အနာဂတ် ပုံရိပ်တွေဟာ

အတိတ်မှာ ဆုံခဲ့ဖူးတဲ့

တစ္ဆေဘီလူးချည်းတွေပဲ

ဖြစ်နေအုံးမှာလား….အမေ…။

*ဒီလိုသာ ဖြစ်ခဲ့ရိုးမှန်ရင်

စာပေမှာ မှတ်တမ်းဝင်နေတဲ့

“မျက်ကန်း တစ္ဆေမကြောက်´´ဆိုထုံးကို

လိုအပ်တဲ့အခါ သုံးရတော့မှာလား ….အမေ….။

3 comments

  • မဟာရာဇာ အံစာတုံး

    July 30, 2012 at 8:04 pm

    ဒီစာသားကိုတော့ ခိုက်မိတယ်ဗျာ ..

    နေမင်းကြီး ဝင်သွားလို့
    ငိုချင်းချ တနေမယ်ဆိုရင်
    ကျောဘက်က ထွက်လာမယ့်
    ရောင်စုံဖြာ နေတစ်စင်းကို
    အချင်း…. ဘယ်မြင်နိုင်မလဲ…

    ကဗျာက မိုက်တယ် ..
    အားပေးသွားပါတယ်ဗျာ ….

  • သန်းထွဋ်ဦး

    July 30, 2012 at 8:54 pm

    အင်းဗျာ ကိုလှိုင်းရေ လူကြံတော့ ပန်းကန်ကဇွန်းဖြစ်လေ၏ လို ့လဲ ပြောကြပါ၏

  • မောင်ပေ

    July 30, 2012 at 8:58 pm

    အမေ ကို တမ်းတပြီး
    ခံစားချက်တွေ ကို ထုဆစ်လိုက်တော့
    ကဗျာကောင်းတစ်ပုဒ် ကို ဖတ်ရတာပေါ့ဗျာ

Leave a Reply