ကျွန်တော်တွေးမိသလိုပြောဆိုပါမည် (စာချစ်သူများစာပေဆု)

 

 

 

 

 

 

 

 

 

 

မင်္ဂလာပါဗျာ…

ကနဦး ဝန်ခံရမှာက အဲဒီခေါင်းစဉ်စာသားက သတင်းစာဆရာကြီးအောင်ဗလ(ကြေးမုံဦးသောင်း)ရဲ့ ဆောင်းပါးစီးရီးခေါင်းစဉ်ကို မှီငြမ်း:၊ကိုးကား၊အတုယူ၊စုတုပြု ထားတာပါခင်ဗျ..။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုမို့ သက်သက်သာသာ လှတပတ လေးပြောရတာပါ။

ဒီနေရာမှာ သူများကိုသာ ပြောရမယ်ဆိုရင်တော့ လက်ညှိုးကြီးငေါက်ငေါက်ထိုးပြီး အာလုပ်သံကြီးနဲ့-

ဟဲ့…..  အဲဒါ နင်ခိုးချထားတာလေ၊ သူများဦးနှောက်ဖေါက်စားတာ၊ သူများတွင်းဝင်အောင်းတာ၊ သူများရဲ့ဟုန်းဟုန်းတောက်ကျော်ကြားပြီးသား ထရိတ်မတ်ခ်စာသားတွေက်ို နှစ်ပေါင်းသုံးဆယ်လောက်ဆိုမေ့လောက်ပါပြီဆိုပြီး စကောလောက်မှဇောက်မနက်တဲ့အကြံနဲ့ မျက်နှာပြောင်တိုက် မူပိုင်ခွင့်ချိုးဖေါက်တာ..၊ ဘလာ… ဘလာ… ဘလာ…  ဆိုပြီး အားပါးတရ၊ပယ်ပယ်နယ်နယ် နှိပ်ကွပ်ခြေမှုန်းမိမှာပါ…။

အဲဒါပါခင်ဗျာ……

“သူများ”  လို့မြင်တဲ့အခါ နဲ့

“ကိုယ့်”  လို့မြင်တဲ့အခါ

ရင်ထဲကထွက်ပေါ်ပြီး နှုတ်ဖျား(ကလောင်ဖျား)က စီးကျလာတဲ့ စကားတွေဟာ အဲသလိုခြားနားတတ်ပါတယ်…။

ကိုယ့်မိသားစု၊ ကိုယ့်သားသမီး၊ ကိုယ့်ဇနီးခင်ပွန်း၊ ကိုယ့်မိတ်ဆွေ၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ…. စသည်ဖြင့်ပေါ့ခင်ဗျာ..။

ကိုယ့်  ဆိုတဲ့စကားလုံးလေး စိတ်ထဲမှာ ခေါင်းစဉ်တပ်မိရင်

ကြားတဲ့အခါလဲ မေတ္တာနားလေးနဲ့ကြားလို့

မြင်တဲ့အခါလဲ မေတ္တာမျက်စေ့လေးနဲ့မြင်လို့

ပြောဖြစ်ဆိုဖြစ်ရင်လဲ မေတ္တာနှုတ်ခမ်းလေးနဲ့ ဖေးဖေးမမ ရှိတတ်ကြတာ အမှန်ပါ။

အဲဒါကြောင့် ကျွန်တော်တို့မန်းဂေဇက်ရွာသူရွာသားတွေအချင်းချင်း

“သူများ”  လို့မမြင်ပဲ

“ကိုယ့်ရွာသားတွေ၊ ကိုယ့်ကလောင်မိတ်ဆွေတွေ” လို့ နွေးနွေးထွေးထွေး ဖေးဖေးမမ  မြင်ကြည့်ကြရင်း

မှန်တာလေးတွေရှိရင်လဲ ထောက်ခံအားပေးကြ၊ မှားတာလေးတွေရှိရင်လဲ ပြုပြင်ပေးကြ၊ လိုတာလေးတွေရှိရင်လဲ ဖြည့်စွက်ပေးကြပါလို့

မေတ္တာရပ်ခံအပ်ပါတယ်။

 

အခုတလော ပြောဖြစ်တာလေးတွေထဲကတစ်ခုကတော့ ဂေဇက်ချစ်သူများစာပေဆု  ဆိုတဲ့အကြောင်းလေးပါ..။

တကယ်တမ်းမချွင်းမချန်ဝန်ခံရရင် အဲဒါကလဲ ပြောဖြစ်နေရုံအနေအထားတော့ မကတော့ပါဘူး..။ သွား  နေ နှင့်ပါပြီ…။ ဖတ်သူကဖတ်ပြီး ကိုယ့်အကြိုက်လေးတွေကို မှတ်သားစုဆောင်းဖြစ်နေပါပြီ…။

ဆိုတော့ ဒီစာပေဆု  ဆိုတာလေးကို  ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ဋီကာချဲ့ပြီး ပိုစ့်လေးတင်ရရင်ဖြင့် ပျှမ်းမျှတစ်လပိုစ့်တပုဒ်တော့ ရေးမယ်လို့ ကိုယ့်ကိုယ်ကိုသတ်မှတ်ထားတဲ့ ခွဲတမ်းလေး ပြည့်သွားတာပေါ့ခင်ဗျာ…။

ဒီအကြောင်းလေးရေးမယ်ဆိုတော့ ပိုပြီးရှင်းရှင်းလင်းလင်းရှိအောင် မေးခွန်းလေးတွေဖန်တီးပြီး ပြန်ဖြေပြတဲ့ပုံစံမျိုးနဲ့ ရေးပါမယ်။ အဲဒီပုံစံမျိုးရေးလို့ ဒီကိစ္စမှာ ဦးပါလေရာက ဦးဆောင်သူ/တာဝန်ခံစီမံခန့်ခွဲသူ လို့တော့ မထင်ကြစေလိုပါဘူး။ ဦးပါလေရာက နေရာတကာ ဝင်ပါတတ်သူပီပီ ဒီကိစ္စမှာလဲ  “မပါရရင်…..မနေနိုင်တာကလွဲလို့…” ဘာမှမဟုတ်ပါဘူး(တကယ့်ကိုဘာမှမဟုတ်ပါဘူး) ဆိုတာလေး ပြောထားပါရစေ..။

 

ဒီဆုရဲ့ရည်ရွယ်ချက်ကဘာလဲ….

ဒီဆုရဲ့ရည်ရွယ်ချက်က စာဖတ်သူတချို့စုပြီး ကိုယ်ကြိုက်တဲ့စာမူလေးတွေကို ကြိုက်တဲ့အကြောင်း တရားဝင်ကြေငြာတဲ့နည်းနဲ့ ချီးမြှောက်ဘို့ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် ဆုရ+ဆန်ကာတင်စာရေးသူတွေကိုလဲ ထိုက်ထိုက်တန်တန်အားပေးရာရောက်သလို အခြားစာရေးသူတွေကိုလဲ အရည်အသွေးမြင့်စာကောင်းလေးတွေ အားစိုက်ရေးဖြစ်စေဘို့ လှုံ့ဆော်ရာ ရောက်ပါတယ်။ တနည်းအားဖြင့် ဒီရွာရဲ့ စာပေအရည်အသွေး တက်လာမှာဖြစ်ပါတယ်။

 

ဒီဆုကိုဘယ်သူတွေက ရွေးမှာလဲ။

ဒီဆုရွေးမယ့်လူတွေကို ပုံသေသတ်မှတ်မထားပါဘူး..။ လက်ရှိရွေးမယ့် ၁၃ ဦးဆိုတာက ပထမလပိုင်းတွေမှာ ဖတ်ပေးရွေးပေးဘို့ ဖိတ်ခေါ်ထားသူတွေသာ ဖြစ်ပါတယ်။ အခြားရွာသူရွာသားတွေထဲကလဲ ရွေးချယ်ရေးအဖွဲ့မှာ ပါမယ်လို့ ကမ်းလှမ်းလာရင် မည်သူ့ကိုမဆို ရွေးချယ်ရေးအဖွဲ့ထဲမှာ ထည့်သွင်းမှာဖြစ်ပါတယ်။ ဒီလိုတရားဝင်ကြီးမပြောပဲနဲ့လဲ မည်သူကမဆို (ကျွန်တော်ကျွန်မတော့ ဘယ်ပိုစ့်လေးတွေကို ကြိုက်တယ်)လို့ ဆုရွေးချယ်ရေးအဖွဲ့အီးမေးလ်ဖြစ်တဲ့-mr.solakoko@gmail.com ကိုမေးလ်ပို့ နိုင်ပါတယ်။ ဆိုလိုတာက မည်သူမဆို ဖတ်/ရွေးပေးဘို့ဆန္ဒရှိရင် ရွေးချယ်ရေးအဖွဲ့ဝင်ဖြစ်ပါတယ်။

 

ရွေးချယ်ရေးအဖွဲ့ဝင်၁၃ဦးဆိုတာ မများလွန်းဘူးလား

၁၃ ဦးဆိုတာ ပုံသေမဟုတ်ပါဘူး..။ ဖတ်/ရွေးပေးဘို့ မေတ္တာရပ်ခံထားသူတွေသာဖြစ်ပါတယ်။ မိမိရဲ့ အချိန်ပေးနိုင်မှု့နဲ့ အခြားအထွေထွေကိစ္စများကြောင့် အဖွဲ့ဝင်တိုင်းက ဖတ်/ရွေးပေးဘို့ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါမယ်။ အဲဒါဆိုလဲ ကိစ္စမရှိပါဘူး။ လ တစ်လအတွက် ဖတ်/ရွေးပေးနိုင်သူ ဘယ်လောက်ပဲရှိရှိ ရှိသလောက်ရဲ့ ဆန္ဒမဲနဲ့ပဲ ရွေးမှာဖြစ်ပါတယ်။ ဥပမာ ဒီဇူလိုင်လအတွက်ဆိုရင် ကိုကြီးမိုက်က အချိန်ပေးဘို့အခက်အခဲရှိလို့ မရွေးပေးနိုင်ဘူးလို့ကြားပါတယ်။ ကိစ္စမရှိပါဘူး။ ဖတ်နိုင်ရွေးနိုင်တဲ့လမှာ ရွေးပေးဘို့ပါပဲ..။

 

ရွေးချယ်ရေးအဖွဲ့ဝင်၁၃ဦးဆိုတာ ဘယ်လိုရွေးထားတာလဲ

အဲဒါနဲ့ပတ်သက်ပြီးပြောရရင် – ဒီကိစ္စဟာ မုန့်ဝေမယ့်ကိစ္စမဟုတ်ပဲ ဒုတ်ဝေမယ့်ကိစ္စပါ။ ဒီအလုပ်စပြီဆိုတာနဲ့ မကျေနပ်တာ၊ အလိုမကျတာ၊ အပြစ်မြင်တာတွေ ကျိန်းသေရှိလာမှာပါ။ အဲဒီဒါဏ်ကို ရွေးချယ်ရေးအဖွဲ့ဝင်တွေ ခံကြရမှာပါ။ ဒါကြောင့် လူများစု မကန့်ကွက်နိုင်လောက်တဲ့ထဲကမှ လက်ရှိလှုပ်ရှားနိုင်သူတွေကိုပဲ စဉ်းစားပြီး အဲဒီထဲကမှ “ ဒုတ်ဝေတာကိုမျှခံဘို့ သိပ်အားမနာမိတဲ့ ” လူတစုကို ရွေးထုတ်ခဲ့ကြတာပါ။ အခု ၁၃ ယောက်လုံးဟာ စိတ်နေစိတ်ထား ရင့်ကျက်ပြီးသား၊ အဝေဖန်အပြောဆို အပြစ်တင်တာတွေကို ခံနိုင်ရည်ရှိပြီးသားလူတွေဆိုတာ တွေ့နိုင်ပါတယ်။

လူငယ်တွေထဲက လောလောဆယ်မှာ မထည့်ခဲ့တာကတော့ လူငယ်တွေရေးတာကို စိတ်ရှင်းရှင်းနဲ့ရွေးချင်လို့ပါ။ အင်ဇာဂီတယောက်ကိုပဲ ကျွန်တော်တို့နားမလည်တဲ့ technical ပိုင်းဆိုင်ရာမှာ အကဲဖြတ်နိုင်ဘို့ ထည့်ခဲ့ပါတယ်။ လူငယ်တွေထဲမှာ အင်မတန်အရေးကောင်းမယ့်သူတွေ အများကြီးရှိပါတယ်။ သူတို့ကို ကိုယ့်လိပ်ပြာလုံချင်ဇောနဲ့ မရွေးပဲ ဖယ်ခဲ့ရတာမျိုး မဖြစ်စေချင်ပါဘူး။ ဥပမာ အရေးကောင်းတဲ့လူငယ်တယောက် ကို ရွေးချယ်ရေးအဖွဲ့ထဲထည့်တယ်ဆိုပါစို့…။ သူတင်တဲ့ပိုစ့်လေးတခု ကောင်းနေပေမယ့် အဲဒါကိုရွေးမိရင် ကိုယ့်အဖွဲ့ထဲကလူကို ကိုယ်ပြန်ရွေးတယ်လို့ အပြောအဆိုခံရမှာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ အပြောခံရမှာ မမှု့ပေမယ့် အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှု့ရဲ့ Image ကို ထိခိုက်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းလျှက်သားနဲ့မရွေးပဲချန်ခဲ့ရရင်လဲ သူ့အပေါ်မှာရော၊ ဂေဇက်ရွာအပေါ်မှာပါ မတရားပါဘူး။ ဒီအတွေးလေးနဲ့ လူငယ်တွေကို ရွေးချယ်ရေးအဖွဲ့ထဲမထည့်ခဲ့တာပဲ ဖြစ်ပါတယ်။

နောင်ကိုတော့ လူငယ်တွေထဲကထည့်ရုံမက လူငယ်တွေလက်ထဲ လွှဲအပ်ပေးခဲ့ဘို့အထိ ရည်မှန်းထားပါတယ်။

သို့သော် အခုဖွဲ့ထားတဲ့ ၁၃ ဦးဟာ အမြဲတမ်းတသက်လုံးအတွက်တော့ မဟုတ်ပါဘူး..။ စ လုပ်တဲ့လတွေမှာ ပြဿနာနည်းနည်းနဲ့ သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ကနဦး ရွေးထားတာပါ။ ဒီအလုပ် တည်ငြိမ်သွားလို့ ရွာသားအများစုကလဲ ကျေနပ်သဘောကျကြတယ်ဆိုတာ လက်တွေ့သိရပြီးရင် – ရွေးချယ်ရေးအဖွဲ့သစ်ကို စိတ်ဝင်စားတဲ့ရွာသားတွေရဲ့ (ကွန်မင့်နှင့်တကွပေးသော)ဆန္ဒမဲနဲ့ ပြန်ရွေးချယ်ဘို့လဲ စဉ်းစားထားပြီးသားပါ။

 

ဒီစာပေဆုဟာ တစ်လအတွင်းအကောင်းဆုံးစာမူရွေးတဲ့သဘောလား

မဟုတ်ပါဘူး..။ တကယ်တော့ စာရေးနေသူအချင်းချင်းကို ဘယ်စာမူ အကောင်းဆုံးလို့ မဆုံးဖြတ်သင့်ဘူးလို့ ထင်ပါတယ်။ “ဘယ်စာမူကိုတော့ဖြင့် ဒီလူတွေ အကြိုက်ညီကြတယ်” ဆိုတာမျိုးလေးကပဲ ပိုပြီးသင့်တော်တယ်လို့ ထင်မိပါတယ်။ ဒါကြောင့် ဒီစာပေဆုဟာ “အကောင်းဆုံးစာမူဆု” မဟုတ်ပါဘူး..။ “အကြိုက်ဆုံးစာမူဆု”  ပဲ ဖြစ်ပါတယ်။

 

ဒီစာပေဆုဟာ ဂေဇက်ရွာတခုလုံးကို ကိုယ်စားပြုသလား

ဒီစာပေဆုဟာ ဂေဇက်ရွာတခုလုံးကို ခြုံပြီး ကိုယ်စားမပြုပါဘူး။ ရွေးချယ်သူတွေနဲ့ ရွေးပြီးရလာဒ်ကို (ကွန်မင့်နှင်တကွ)ထောက်ခံအားပေးသူတွေကိုသာ ကိုယ်စားပြုပါတယ်။ ဂေဇက်မှာ မန်ဘာတသောင်းလောက်ရှိမှန်း ကျွန်တော်တို့နားလည်ပြီးဖြစ်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံစာပေလောကမှာလဲ မဂ္ဂဇင်းအမည် လူအမည် အမျိုးမျိုးနဲ့ စာပေဆုလေးတွေ အသီးသီး ချီးမြှင့်နေကြပါတယ်။ ဘယ်လိုထုံး ဘယ်လိုစံတွေနဲ့ ရွေးပြီးချီးမြှင့်ကြသလဲဆိုတော့ ကိုယ့်အဖွဲ့လေးတွေရဲ့ မူ/စံ တွေအသီးသီးအရ ကိုယ်ကြိုက်တာ ကိုယ်ရွေးကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီစာပေဆုအသီးသီးဟာ စာပေလောကကြီးတခုလုံးကို ခြုံပြီးကိုယ်စားမပြုပါဘူး။ ရွေးချယ်တဲ့အဖွဲ့အသီးသီးကိုသာ ကိုယ်စားပြုပါတယ်။

အခုလဲ ဂေဇက်ချစ်သူများစာပေဆုဟာ  အခုခေါင်းခံရွေးချယ်မယ့်အဖွဲ့ဝင်တွေရဲ့အမြင်နဲ့ အတူပူပေါင်းဆောင်ရွက်သူတွေရဲ့ အမြင်ကိုသာကိုယ်စားပြုတာဖြစ်ပါတယ်….

 

ဒီစာပေဆုရွေးမယ့်ပုံစံက ဒီမိုကရေစီ မဆန်ဘူးလို့ပြောနိုင်မလား

ပြောနိုင်ပါတယ်။ တရွာလုံးရဲ့ဆန္ဒကိုကောက်ခံပြီး အကောင်းဆုံးအဖြစ်ရွေးချယ်တဲ့ ပြိုင်ပွဲ မဟုတ်ပါဘူး။

အဲသလိုပြိုင်ပွဲမျိုးလုပ်ချင်ရင်တော့ သူကြီးကဦးစီးပြီး သပ်သပ်လုပ်မှ သင့်တော်ပါမယ်။

တခုတော့ထောက်ပြချင်ပါတယ်။ ဒီမိုကရေစီကျင့်ထုံးတွေကို လက်တွေ့ကျင့်သုံးရာမှာလဲ အမှု့ကိစ္စတွေကို အများစုဆန္ဒနဲ့ ဆုံးဖြတ်တာတော့မဟုတ်ပါဘူး။ အမှု့ကိစ္စဆောင်ရွက်မယ့်သူတွေကိုသာ အများစုဆန္ဒနဲ့ ရွေးချယ်ဆောင်ရွက်စေတာပဲဖြစ်ပါတယ်။ နောင်မကြာမီမှာ လက်ရှိရွေးချယ်ရေးအဖွဲ့ကိုဖျက်သိမ်းပြီး ရွေးချယ်ရေးအဖွဲ့သစ်ကို ရွေးကောက်ရာမှာတော့ အများဆန္ဒနဲ့ ဖြစ်လာပါလိမ့်မယ်။

 

ဒီစာပေဆုအစီအစဉ်မှာ ဘယ်လို မူဝါဒတွေရှိသလဲ

လောလောဆယ်တော့မူဝါဒ တခုထဲရှိပါတယ်။ အဲဒါကတော့ လောလောဆယ်မှာ မူဝါဒအသေမရှိသေးဘူးဆိုတဲ့ မူဝါဒပဲ ဖြစ်ပါတယ်။ လုပ်ကြည့်မှ လုပ်ရမှာတွေ၊ မလုပ်ရမှာတွေ၊ ဖြည့်ရမှာတွေ၊ ဖယ်ရမှာတွေကို အလိုအလျှောက် သိလာမှာ ဖြစ်ပါတယ်။ အခုလဲ ဖြည့်တာတွေ နှုတ်တာတွေ လုပ်နေဆဲပဲမဟုတ်လား..။

 

ဒီစာပေဆုအစီအစဉ်မှာ ဘယ်လိုစည်းကမ်းတွေရှိသလဲ

လောလောဆယ်တော့စည်းကမ်းတခုထဲရှိပါတယ်။ အဲဒါကတော့ ဘာစည်းကမ်းမှမထားဘူးဆိုတဲ့စည်းကမ်း ဖြစ်ပါတယ်။ စာရေးသူတွေ ရေးချင်တာရေးကြတဲ့ထဲက ကိုယ်ကြိုက်တာလေး ရွေးပြီးအမှတ်ပေး၊ အကြိုက်ညီတာလေးကို (ဒို့ဖတ်ကြည့်တာ ဒါလေးတော့ဝိုင်းကြိုက်ကြတယ်ဟေ့…)လို့ ဩဘာပေးတဲ့သဘောမျှသာဖြစ်ပါတယ်။ စာရေးသူအတွက်စည်းကမ်းကိုတော့ သူကြီးကသတ်မှတ်ပြီးဖြစ်လို့ ပြည့်စုံနေပါပြီ။

 

ဘယ်လိုပိုစ့်တွေ(စာပေအမျိုးအစားတွေ)ရွေးမှာလဲ

ကာတွန်း၊ ကဗျာ၊ ဓါတ်ပုံသက်သက်ဇောင်းပေးတဲ့ပိုစ့်မျိုးကလွဲရင်

မည်သည့်စာပေအမျိုးအစားမဆို ဖတ်ပြီး ကြိုက်တာကိုရွေးမှာပါ။

ပိုစ့်ထဲမှာ ဓါတ်ပုံအများကြီးပါပေမယ့်လဲ ဓါတ်ပုံအကြောင်းသက်သက်မဟုတ်ပဲ ပိုစ့်ကိုအထောက်အကူပြုတဲ့အနေနဲ့ထည့်တဲ့ပိုစ့်တွေလဲ ရွေးမယ့်ထဲပါပါတယ်။

 

ဒီစာပေဆုအစီအစဉ်ကြောင့် ကိုယ့်စာမူကို စောင့်ကြည့်ဝေဖန်ခံရသလိုခံစားရပြီး စာရေးတဲ့သူတွေ စိတ်မကျဉ်းကျပ်စေဘူးလား…။

အဲဒါကတော့  အဲဒီအတွေးကိုက မှားနေတာပါ။ အင်တာနက်စာမျက်နှာဆိုတာ တကမ္ဘာလုံးရဲ့ မျက်စေ့ရှေ့မှောက်မှာ ရေးရတာဖြစ်ပါတယ်။ ဆုရွေးချယ်တာ လုပ်လုပ်မလုပ်လုပ် – ကိုယ့်ပိုစ့်တင်ကတည်းက ကိုယ့်ကွန်မင့်ရေးကတည်းက သူများတွေရဲ့ ဖတ်ရှု့အကဲဖြတ်တာ ခံရတော့မှာဖြစ်ပါတယ်။ အဲဒါကိုသိပြီးမှ သိလျှက်နဲ့ ရေးတာမို့ ထူးပြီးစိတ်ကျဉ်းကျပ်စရာတော့ မရှိပါဘူး…။ စာရေးတာမှမဟုတ်- ဘယ်လိုကိုယ်မှု့နှုတ်မှု့မဆို ကိုယ်လုပ်သမျှအပေါ်မှာ တာဝန်ရှိမှု့ကတော့ လူသားတိုင်းမှာရှိပါတယ်။ စာရေးသူတွေဟာ အဲဒါကိုသိနားလည်ပြီးဖြစ်လောက်အောင် ရင့်ကျက်ပြီးသားဖြစ်ပါတယ်။

 

အခုလုပ်မယ့်အစီအစဉ်ကို လိုတိုရှင်းပြောပြပ

လက်ရှိအဖွဲ့ဝင်၁၃ဦးအနက် ဖတ်/ရွေးနိုင်သူတွေက  ကိုယ်ကြိုက်ရာပိုစ့် သုံးခုစီကို ခေါင်းစဉ်+ ပိုစ့်တင်ရက်စွဲ+ လင့်+ ဘာကြောင့်ရွေးကြောင်း မှတ်ချက်တို  လေးတွေနဲ့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့အီးမေးလ်ကို ဩဂုတ်ငါးရက်နေ့နောက်ဆုံးထားပြီး ပို့ပါမယ်။  ပြီးတော့မှ စုပေါင်းပြန်ရွေးပြီး (ဘယ်ပိုစ့်ဘယ်နှစ်မှတ်ရကြောင်း) ရလာဒ်ကို ရှေ့လ ၁၅ ရက်နေ့လောက်မှာ ဘာကြောင့်ရွေးကြောင်းမှတ်ချက်တိုလေးတွေနဲ့တကွ ပိုစ့်တင်ကြေငြာပါမယ်။
အဲဒီရလာဒ်ထဲကမှ ရွာသားတွေထဲက ကွန်မင့်နဲ့အကြောင်းအကျိုးပြပြီးကန့်ကွက်/ထောက်ခံတာကို သုံးရက်စောင့်ပြီး အတည်ပြုကြပါမယ်…။

 

ရွေးတဲ့အခါဗြောင်ရွေးမှာလား

ဟုတ်ပါ့…။ တကယ်ကို အများရှေ့မှာ ရွေးတဲ့ပိုစ့်တင်ကတည်းက ဘယ်သူတွေက ဘယ်ပို့စ်တွေကို ရွေးကြောင်းပါတင်မှာဆိုတော့ အရွေးခံရတဲ့ပိုစ့်တွေကို ကြေငြာပြီးဖြစ်ရုံမက ဆန်ခါတင်ပိုစ့်တွေကိုပါ ကြေငြာအသိပေးပြီးဖြစ်ပါတယ်။ ရွေးတဲ့သူတွေကလဲ ကွန်မင့်နဲ့ ကိုယ်ဘယ်ပိုစ့်ကို ဘာကြောင့်ရွေးခဲ့ကြောင်း ပြောနိုင်ပါတယ်။ ပြောလဲ ပြောစေချင်ပါတယ်။ အဲဒါက ဒီရွေးချယ်မှု့ရဲ့ အနှစ်သာရပါ။

 

ရွေးချယ်ရေးအဖွဲ့ထဲကလူတွေရေးတဲ့စာမူကိုရော ရွေးနိုင်သလား

အစကတော့ ရွေးချယ်ရေးအဖွဲ့ဝင်တွေရဲ့စာမူတွေကို မရွေးဘူးလို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် အခြားရွာသားတွေကလဲ ရွေးချယ်ရေးအဖွဲ့နဲ့ ပူးပေါင်းနိုင်တယ်လို့ သတ်မှတ်ထားတော့ အဲသလို ကန့်သတ်လို့မဖြစ်တော့ပါဘူး။ ကြိုက်ရင် ရွေးပေါ့ခင်ဗျာ။ သို့သော် ဥပမာ ကျွန်တော့်စာမူကကောင်းတယ်ပဲဆိုပါစို့…။ အခြားအဖွဲ့ဝင်တွေက သူများအဆဲခံပြီး စိတ်ရှင်းရှင်းနဲ့ရွေးနိုင်ပါ့မလား။ အဲဒီတော့ ဒီမေးခွန်းက ဖြေပြီးသားဖြစ်သွားပါပြီ..။ တကယ်တမ်းမှာ ရွေးဖြစ်မှာမဟုတ်ပါဘူး..။ ပရိုတွေဖယ်မယ်ဆိုတာကလဲ ကျန်တဲ့စာရေးသူတွေအတွက် မျှတစေချင်ဇောနဲ့ ကျွန်တော်တို့စဉ်းစားခဲ့တဲ့ စဉ်းစားချက်မျှသာဖြစ်ပါတယ်။ စည်းကမ်းမဟုတ်ပါဘူး။ စည်းကမ်းမဟုတ်တဲ့အတွက် ပရိုကို ဖယ်ချင်သူကဖယ်ပြီးရွေး မဖယ်ချင်သူကမဖယ်ပဲရွေးရုံပါပဲ..။ ကျွန်တော်ကတော့ မဖယ်တော့ပါဘူး။

 

ဒီအစီအစဉ်အတွက် ရွာထဲမှာ အလှူခံဦးမှာလား

အဲဒီအစီအစဉ်လုံးဝမရှိပါဘူး။ တယောက်ယောက်က အဲသလိုလုပ်ဖို့အဆိုပြုလာရင်လဲ ကျွန်တော်က ကန့်ကွက်မှာပါ။ ဒီအလုပ်က ဆီလဲစိုက်၊ ဆံထုံးလဲထုံး ပေးရတဲ့အလုပ်မျိုးပါ။ ကိုယ့်စေတနာအလျှောက် ကျွန်တော်ကျွန်မတို့လဲ ဒီလောက်ဝင်ကူချင်ပါတယ်လို့ဆိုလာရင်တော့ လိုအပ်ရင် လက်ခံမှာပါ။ ငွေရေးကြေးရေးကို လောလောဆယ် လုံးဝမစဉ်းစားသေးပါဘူး။ လက်ရှိမတည် အဆိုပြုထားတာ ကိုForeign Resident က တစ်လ တစ်သောင်း၊ အဘဆွေက တစ်သိန်း  နဲ့  အိပ်စိုက်အင်တာပရိုက်စ်က တစ်ဦးတစ်လသုံးထောင်စီ ဖြစ်ပါတယ်။ တော်တော်လောက်ငှ နေပါပြီ။

 

တခြားဘာပြောချင်ပါသေးလဲ

ဒီစာပေဆုအစီအစဉ်လေးကို စိတ်ဝင်စားတဲ့ရွာသူရွာသားတိုင်းရဲ့  အမြင်/သဘောထား/ပြောချင်တာ/သိချင်တာ ဘာကိုမဆို  ဒီပိုစ့်မှာ ကွန်မင့်နဲ့ အားမနာတမ်း ဝင်ပြောကြပါလို့ လေးလေးစားစား တောင်းခံအပ်ပါတယ်။

ရွေးချယ်ရေးအဖွဲ့ဝင်တွေကလဲ ကိုယ့်သဘောနဲ့ကိုယ် ဝင်ပြော ကြပါလို့…။

 

နိဂုံး

တကယ်တော့ ဒီအစီအစဉ်လေးသက်ဆိုးရှည်လာရင် အရမ်းအရမ်းကို ပျော်စရာကောင်းပြီး အကျိုးများမယ့် အခြားအစီအစဉ်တွေ ပွားလာမှာပါ။

အပင်ဆိုတာ စိုက်ဖြစ်လို့ကြီးလာရင် အသီးသီး အရိပ်ရ တတ်စမြဲပါ။

အပင်စိုက်ဖြစ်ဘို့နဲ့  အပင်ပေါက်ဘဝမှာ ဝိုင်းဝန်းစောင့်ရှောက်ကြဘို့သာလိုတာပါလို့ …..

 

မေတ္တာဖြင့်…….

ဦးဦးပါလေရာ

 

 

 

45 comments

  • ဆယာလေး ( အော်စကာ ) အထီး

    July 30, 2012 at 3:43 pm

    ကောင်းသောလုပ်ရပ်ပါလေ။
    အားပေးပါတယ်။
    စေတနာ ဗလပွနဲ ့ တစ်ဦးချင်းစီရှင်းပြပေးနေတာလဲ သတိထားမိပါတယ်။
    စာရေးသူတွေကိုဆွဲချတာမဟုတ်ပဲဆွဲတင်ပေးနေတဲ့အစီအစဉ်ပဲ။အဓွန် ့ရှည်တည်တံ့လေ ပိုကောင်းလေပဲဗျာ။

    • စိန်ဗိုက်ဗိုက်

      July 30, 2012 at 5:37 pm

      နေရာဦးလိုက်ဦးမယ် 😐

      ဒီလိုစိတယ်ဗျ
      အဲ…
      အဲဒီ ဒီလိုစိတယ် ထင်ပါတယ် ကိုတင်ပြီးမှ ကျနော် တစ်ခုခုကို ဘောင်ကျော်ပြီး ရေးမိလိုက်သလားလို ့
      ဦးဆောင်သူတွေနဲ ့ရွာသူ၊သားတွေကိုအားနာ မိနေတယ်
      တစ်ကယ်က ကျနော် ငြိမ်နေလိုက်လဲ ဖြစ်ပတယ်
      အငြိမ်မနေတတ်တဲ့ အကျင့်ကြောင့်ပဲ ဝင်ပြီး ရှာရှည်မိသွားသလိုဖြစ်သွားတယ် ဆိုပါတော့ဗျာ

      အားလုံး တိုးတက်ရာတိုးတက်ကြောင်း စီစဉ်နေကြတာ၊ စာရေးကောင်းသူတိုင်းကိုအသိအမှတ်ပြုချင်တဲ့ စိတ်နဲ ့
      စာပေဆု အစီအစဉ်ကို အပင်ပန်းခံ အမုန်းခံ စီစဉ်ပေးနေကြတယ်ဆိုတာ ကျနော့်နည်းတူ အားလုံး သိစေချင်လို ့
      စိတ်ဝမ်းမကွဲ၊ အထင်မလွဲကြစေလိုတဲ့ စိတ်နဲ ့ ဝင်ပြီး လက်ရှည်မိသွားတယ် ဆိုပါတော့ဗျာ..။

      နားလည်မှုရပြီး အပြုသဘောနဲ ့ ဝင်ကူညီကြမယ်ဆို ကျနော် လက်ရှည်ရကျိုးနပ်ပါပြီ ။

      အူးလေးတို ့ပြောတဲ့ ဆုဆိုတာကို ရနိုင်မဲ့ အရည်အချင်းမရှိပေမဲ့ အရည်အချင်းရှိသူတွေ ပေါ်ထွက်လာစေပြီး
      အဲဒီ လူတွေရဲ့ စာပေလက်ရာကောင်းတွေကိုတော့ အားလုံး အသိအမှတ် ပြုစေချင်တာလေး ဖြစ်မိပါတယ်။

      ဒီအစီအစဉ်နဲ ့ပတ်သတ်ပြီး ပေးပို ့ရမဲ့ အီးမေးလိပ်စာကို သိပ် ဘဝင်မကျ ပါဘူး ။
      mgphotoshow အီးမေးလ် လိုပဲ သက်ဆိုင်တဲ့ အီးမေးလ် လေး လုပ်ပေးချင်ပေမဲ့ ကျနော့်အနေနဲ ့ အကောင့်သစ် လုပ်ဖို ့ မစွမ်းတော့လို ့ ငြိမ်နေတာပါ။

      အဆင်ပြေမယ်ဆို စာပေဆု နဲ ့ လိုက်ဖက်မဲ့ အီးမေးလ် တစ်ခုလောက်လုပ်ပေးကြဖို ့ တတ်နိုင်သူတွေကို တောင်းဆိုချင်ပါတယ်။

      အဆင်ပြေတဲ့အချိန် ပြန်လာပါဦးမယ်ဗျား..။

      • ဦးဦးပါလေရာ

        July 30, 2012 at 6:16 pm

        စိန်ဗိုက်ရဲ့
        ဘယ်ကလာ ဘောင်ကျော်ပြီးရေးရမှာလဲ…
        စိန်ဗိုက်ရဲ့ ဒီလိုစိတယ်ထင်ပါတယ် ပိုစ့်က အနားသတ်ပေးလိုက်တာလေ…
        အဲဒါကြောင့် ကျုပ်က ဒီပိုစ့်ကို ဆက်ရေးလို့ ရသွားတာပေါ့… 😛

      • မဟာရာဇာ အံစာတုံး

        July 30, 2012 at 7:26 pm

        ကျနော့် အနေနဲ့က
        အီးမေးလ် လုပ်ပေးရမယ့် တာဝန်ကို ယူပါတယ် ခင်ဗျာ …
        (တော်တော် ပင်ပန်းနေဦးမယ် .. 😀 )

        ကျနော်က အီးလို သိပ်မသိတော့ လောလောဆယ်မှာ ..
        မန်းဂေဇက် စာချစ်သူများ စာပေဆု အတွက် …
        mgliteratureprize@gmail.com ဆိုပြီး ဖွင့်ထားပါတယ် ခင်ဗျာ ..

        အကယ်၍ ဒီစာသားက မကိုက်ညီဘူးဆိုရင်
        ကိုက်ညီမယ့်တစ်ခုကို ထပ်ဖွင့်ပေးပါမယ် ခင်ဗျာ …

        • အရီးခင်လတ်

          July 30, 2012 at 8:06 pm

          မောင်အံ

          အားထုတ်မှု လေး က လေးစားစရာပါ။
          xxxxx@myanmargazette.net နဲ့ ဖွင့် နိုင်ရင်ပိုကောင်းမလား။
          အဲဒီ အတွက်က သူကြီး ဘဲ လုပ်ပေးနိုင်မယ် ထင်ရဲ့။

          ခင်မင်စွာဖြင့် 🙂

        • kai

          July 31, 2012 at 4:07 am

          xxxxx@myanmargazette.net ကတော့မဟန်ပါဘူး..(နောက်တာပါ)
          mgliteratureprize ဆိုတာကလည်း.. စာလုံးပေါင်းခက်တယ်..

          မန္တလေးဂေဇက်က.. ပုံနှိပ်သတင်းစာလည်းလုပ်နေပြီး.. အဲဒီမှာ အမျိုးသားစာပေဆုရတွေ..ဆရာကြိးတွေရှိနေတော့… ပုံနှိပ်နဲ့.. အင်တာနက်..ကွဲထား.. ရှင်းထားချင်ပါတယ်..
          ဒါပေမဲ့.. ပုံနှိပ်ဖက်မှာလာရွေးကြပြီး.. ဆုကြေးပေးလည်း.. ဘယ်သူမှစိတ်ဆိုးမယ်မထင်ပါဘူး.. 🙂

          ဆိုတော့..
          BestWebAwards@myanmargazette.net ဖြစ်နိုင်မလား..။ Google Apps သုံးတာမို့.. Gmail အတိုင်းဝင်/ထွက်လို့ရပါတယ်..။
          သဘောတူရင်.. အရီးလတ်ဆီ.. အိးမေးလ်ပတ်စ်ဝပ်ပို့ပေးပါ့မယ်..။ ဦးဆောင်သူတွေဆီ..ဆက်ဖြန့်လိုက်ပါနော..။

          email မှာ.. myanmargazette.net extension ပါနေတဲ့အတွက်.. ပတ်စ်ဝပ်ကို… တခြားသူပေးခြင်း.. ပါစင်နယ်စာပို့ခြင်း.. ကိုယ်ရေးကိုယ်တာသုံးခြင်းမလုပ်ရပါဘူးနော…

        • အရီးခင်လတ်

          July 31, 2012 at 7:08 pm

          ဒီ သူကြီး ကတော့။ xxxxx ဆိုတာ ကြိုက်တာ ဖြည့်စွက်ရန် လို့ ပြောတာ။
          နောက်တာပါ။ နောက်မှန်းသိပါတယ်။ 😉

          BestWebAwards@myanmargazette.net ကို
          ကျွန်မ သဘောတူပါတယ်။
          တစ်ချို့ တက်ကနီတယ် စာလုံးတွေ က မြန်မာ ပြန်ရင် မရှင်း လို့ Web ကို ဝက် လို့ဘဲ ခေါ်ရင်
          “အကောင်းဆုံးဝက်ဆု” ကို ဦးဆုံး ဘယ်သူ ရလေမလဲ။ 🙄
          😆

        • ဦးဦးပါလေရာ

          July 31, 2012 at 8:04 pm

          မခင်လတ်ရေ
          အဲဒီအီးမေး အဆင်သင့်ဖြစ်ရင် ကျွန်တော်တို့ဆီကို မေးနဲ့အကြောင်းကြားပါဦးနော..။
          ကျေးဇူးပါသူကြီး..၊ 🙂

        • အရီးခင်လတ်

          July 31, 2012 at 8:08 pm

          အခုထိ အရောက် သေးဘူး။
          သူကြီး အိပ်ပျော် နေလောက်ပြီ။
          အချိန်ကောင်းဘဲ။ နှိုးမေး လိုက်ရမလား။ 😆

          သူလဲ ဒီရက် အလုပ်များ၊ စိတ်နှုံး ဖြစ်နေ မှာ။ နဲနဲ စောင့် ကြတာပေါ့။

        • ဦးဦးပါလေရာ

          July 31, 2012 at 8:19 pm

          နောက်လေးရက် စောင့်နိုင်ပါသေးတယ်
          အေးဆေးပေါ့ဗျာ ….. 😀

  • Khaing Khaing

    July 30, 2012 at 3:55 pm

    အဘဆွေက ၁သိန်းဆိုတာက တစ်လကို တစ်သိန်းပေးမှာလား ……. ဒါမှမဟုတ် ၁သန်းမတည်ထားတာလား အဲဒါလေး မရှင်းလို့ပါရှင့် ….. လေးလေးပါ …

    • ဦးဦးပါလေရာ

      July 30, 2012 at 4:12 pm

      အဘဆွေကတစ်သိန်းဆိုတာ ဒီစာပေဆုကုန်ကျစားရိတ်အတွက် တစ်သိန်းထည့်ဝင်မယ်လို့ ပြောတာပါခိုင်ခိုင်ရေ။

      • Khaing Khaing

        July 30, 2012 at 4:26 pm

        ကျေးဇူးပါ လေးလေးပါ ……. သမီးနားမလည်တာ အလိုက်မသိတာများရှိခဲ့ရင်လည်း အားလုံးနားလည်ခွင့်လွှတ်စေချင်ပါတယ် …

    • etone

      July 30, 2012 at 4:28 pm

      တာမီးကလည်း … … ၁သိန်းပါ .. ၁သန်းမလုပ်ပါနဲ့ … အဘဆွေ မျက်ခုံးတွေ လှုပ်နေဦးမယ် … ။ 😛
      မခိုင်ရေ .. အရင်ပို့စ်တွေမှာတော့ နှစ်စဉ် တသိန်းလို့ ဖတ်မိလိုက်ပါတယ် …. ။ ဟုတ်မဟုတ်တော့ .. ဦးဦးပါလေရာက အဖြေပေးပါလိမ့်မယ် ဟိ

      • ဦးဦးပါလေရာ

        July 30, 2012 at 6:07 pm

        အိတုန်ရယ်
        ဟုတ်တော့ဟုတ်တာပေါ့…ဟဲ့ 😛
        အခုမှ မနည်းအားယူတုန်းရှိသေးတာဆိုတော့
        ပထမ နှစ်အတွက်ပဲ ပြောချင်သေးတယ်လေ..။
        တကယ်တော့ တနှစ်လောက်ကြာရင် ဒီအစီအစဉ်လေးလဲ ပုံတွေပြောင်းနေရောပေါ့…
        အဘဆွေလဲ သူဌေးဖြစ်ရင်ဖြစ်နေလောက်ပြီ
        အဲသလိုဆို ဒီ့ထက်ပိုလှူချင်လာရင်ဘယ်လိုလုပ်မလဲ….လို့… 😀

        ကဲ.. ကဲ.. နှစ်စဉ်ဆိုတာလေးကို ကွန်ဖမ်းလုပ်ပါတယ်ကွယ်…. 😀

        akswe says:
        Ko Black Chaw Yay,
        Please kindly count me in as one of the fund raiser.
        I cordially would like to donate hundred thousand kyats per year for the (မန်းဂဇက်ချစ်သူများ စာပေဆု )prize winner.
        kind regards,
        ba swe

  • မောင်ပေ

    July 30, 2012 at 4:09 pm

    စာရေးစာဖတ်ရတာ ဝါသနာကြီးလွန်းလို့ ဂေဇက်ကို ရောက်လာခဲ့တာပါ
    စာရေးဆရာမောင်ထင် ဘာသာပြန်ထားတဲ့ မိုပါဆွန်း ဝတ္ထုတွေ ဖတ်ပြီး , အဲဒီလိုမျိုး လိုက်ရေးကြည့်ဖို့ ကြိုးစားခဲ့ရင်း
    ကျွန်တော့်စာတွေဟာ ညှီတယ်ဆိုလို့
    နောက်ပိုင်းမှာ ဘောလုံးပိုစ့်တွေကိုပဲ ကွန်မင့်ရရ မရရ ဆက်တိုက်ရေးဖြစ်ခဲ့ပါတယ်
    အခု ဆုပေးပွဲအတွက် ဝမ်းသာမိသလို
    ကိုရဲစည်ကိုလဲသတိရမိပါတယ်
    လွန်ခဲ့သောက မှော်ဆရာ အတိုက်အခံ လုပ်ခံခဲ့ရတာလဲ
    အမှတ်ရစရာပါဘဲ
    တစ်ခုရှိတာကတော့ စိတ်ပြေလက်ပျောက်ဖို့ ဂေဇက်ကို ဝင်လာသူတွေအတွက် ကြိုးစားအားထုတ်မှုတွေကို ဖတ်ကြရတော့မှာကလဲ အကျိုးရှိပါတယ်
    မန်းတလေးဂေဇက် ရာကျော်တည်တံ့ပါစေ

    • ဦးဦးပါလေရာ

      July 30, 2012 at 6:26 pm

      ကျေးဇူးပါ ကိုပေရေ..
      ဒီအစီအစဉ်နဲ့ ကိုရဲစည်ရဲ့ ရသစာပေဆု အစီအစဉ်ကိုလဲ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်ပင်ထားခဲ့ကြတယ်ဆိုတဲ့ မင်္ဂလာသတင်းလေးလဲ ထည့်ပြောပါရစေ..။
      ညီညီညွတ်ညွတ်နဲ့ ဝိုင်းလုပ်ဖြစ်ကြမှာပါ..။
      တကယ်တော့ ကဗျာအတွက်လဲ ထည့်စဉ်းစားခဲ့ပါသေးတယ်။
      တဖြေးဖြေး လုပ်နိုင်သလောက်လုပ်သွားကြတာပေါ့….။

      • မောင်ပေ

        August 1, 2012 at 12:50 am

        အခုမှပြန်သတိရတဲ့ ကိတ်စ တစ်ခု ကို ပြောရအုန်းမယ်
        ပွဲကြိုအထောက်အကူပြု ဆိုပြီး
        ဘောလုံးပွဲ ပိုစ်တွေကို တစ်ပုဒ်ကို hits 40လောက် ကွန်မင့်ရရ မရရ ရေးတင်ခဲ့ရာမှာ သဂျီးက tag ထဲမှာရွေးလိုက်တယ်
        ကိုယ်ကတော့ ဘယ်ပွဲရိုက်ရမလဲ လိုက်ရှာရင်း သတိမထားမိဘူး
        အဲဒီအချိန် ကိုဘလက်ချော က ဘောလုံးပိုစ့်ကို လုံးဝဆက်မရေးဖို့ ဖုန်းဆက်ပြောတယ်
        အစက နားမလည်ဘူး
        ကိုကြောင်ဝတုတ်ရဲ့ နောက်ဆုံးတင်ထားတဲ့ ပိုစ့်ကို ဖတ်မိမှ သဘောပေါက်တော့တယ်
        ကျုပ် ပိန်းပုံ

        • ကြောင်ဝတုတ်

          August 1, 2012 at 10:59 am

          ကိုပေကို ကျွန်တော်တစ်ခုလောက်တော့ပြောချင်တယ်ဗျာ…

          ကျွန်တော်နောက်ဆုံးရေးတဲ့ပိုစ့်ရဲ့ခေါင်းစဉ်ကို Jealous လို့ပေးထားတယ်…
          Management issue မှာဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာလေးကို ဇာတ်လမ်းလေးနဲ့ကျွန်တော့ပုံစံအတိုင်း ရေးတင်ပါတယ်… ဒါပေမယ့် မည်သူ့ကိုမှရည်ရွယ်ရင်းမဟုတ်ကြောင်းနဲ့ ကျွန်တော့်ပိုစ့်လေးကိုဖတ်မိတဲ့မည်သူမဆို မိမိစိတ်ထဲမှာလူမသိသူမသိခံစားရသော Jealous ကို မိမိကိုယ်တိုင် Manage လုပ်နိုင်ဖို့ ကိုင်တွယ်နိုင်ဖို့ စာဖတ်သူအားလုံးကိုရည်ရွယ်ပါတယ်…

          အဲဒီတော့ဗျာ.. ကိုပေပြောလိုက်တဲ့ပုံစံက ဦးဘလက်ချောက ကိုပေကို Jealous ဖြစ်လို့
          ကိုပေရဲ့အောင်မြင်လျက်ရှိသော ဘောပွဲပိုစ့်ကိုဖုန်းဆက်ပြီးတောင် ဆက်မရေးဖို့ပြောတယ်လို့ဆိုလိုရင်းဖြစ် သွားတာပေါ့… အဲဒီလိုလားကိုပေ…
          လူတွေရဲ့စိတ်ကိုမြင်လေ… ကျွန်တော်အံ့ဩလေပဲဗျာ…
          တကယ်တော့ ရွာထဲမှာ ကိုယ့် Image ကို ကိုယ်ကိုယ်တိုင်ပဲဖော်ဆောင်လို့ရတာပါ…
          ရွာထဲက ကိုယ့်ရဲ့အဆင့်အတန်းဟာ ကိုယ်ရေးတဲ့စာတွေအပေါ်မှာပဲမူတည်ပါတယ်…
          ကိုယ့်မှန်တဲ့စေတနာပဲကိုယ့်ကို အကျိုးပေးတာပါ…
          တကယ်တော့ ဘယ်သူမပြုမိမိမှုပါ…
          ကျွန်တော်စေတနာအလျောက်ရေးမိတဲ့စာက တစ်ဦးတစ်ယောက်အပေါ်နစ်နာမှုတိုက်ဆိုင်မှုဖြစ်သွားတယ်ဆိုတော့
          စိတ်ထဲမှာ မကောင်းဖြစ်မိလို့ ဒီစာကိုရေးပါတယ်…

          စိတ်ထိခိုက်လျက်-
          ကြောင်ဝတုတ်

        • CASPER

          August 1, 2012 at 11:36 am

          ဟေ့လူမောင်မောင်ပေ
          ဂေဇက်ရွာက ဈေးအိမ်သာမဟုတ်ဘူး။ မင်းပြောချင်တာပြောပြီး ဟိုလူ့ဆွဲထည့်ဒီလူ့ဆွဲထည့်လုပ်မနေနဲ့
          မင်းဘလက်ချောကို အစာအကြေရင် ဘလက်ချောသွားပြော ရွာထဲမှာလျှောက်ရမ်းမနေနဲ့ ကျက်သရေရုပ်တယ်…
          ထပ်ပြောလိုက်မယ် တခြားလူတွေနဲ့လူကြီးတွေကောင်းရာကောင်းကြောင်းလုပ်နေတဲ့ပိုစ့်မှာလာပြီးတော့ ချီးမပေါက်နဲ့
          ကိုယ့်အကြောင်းကိုသိ ကိုယ့်နေရာကိုယ်နေ

  • ကြောင်ဝတုတ်

    July 30, 2012 at 4:10 pm

    ဦးဦးပါလေရာရေ…

    အခုလိုရှင်းပြလိုက်တော့မှပဲ သံသယတွေ… စိုးရိမ်မှုတွေပျောက်သွားမယ်လို့ ခန့်မှန်းမိပါတယ်…
    တချို့တစ်ချို့သောရင်ထဲက အစိုင်အခဲလေးတွေလဲ ကျေသင့်အလောက်ကျေသွားပြီထင်ပါတယ်…
    ကောင်းသောရည်ရွယ်ချက်နဲ့ ကောင်းသောအမှုကို ပြုခြင်းအတွက်… ကောင်းသောအသီးသီး၊ ကောင်းသောအပွင့်ပွင့်မှာပါ…
    ဦးဦးပါလေရာတို့ ရွှေသွင်းပေါင်းတင်မလုပ်ရပါစေနဲ့လို့ လှိုက်လှိုက်လှဲလှဲဆုတောင်းပါတယ်ဗျာ…
    အဲဒီလိုမဖြစ်အောင်လဲ တပ်နိုင်အမျှ ကိုယ်စမ်းညဏ်စွမ်းရှိသမျှပါဝင်ကူညီမှာပါ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ဦးဦးပါလေရာ

      July 30, 2012 at 6:31 pm

      တကယ်တော့ အဆင့်ဆင့် ဝိုင်းပြော၊ ဝိုင်းဆွေးနွေးကြရင်းနဲ့
      လိုအပ်သလို လိုတိုးပိုလျှော့လုပ်ရင်း
      တဖြေးဖြေးနဲ့ လူများစုရဲ့ ဆန္ဒသဘောထားနဲ့ကိုက်ညီသွားမယ်လို့ပဲ
      ထင်မိပါတယ် ကိုဖက်ကက်ရေ..

  • MaMa

    July 30, 2012 at 4:55 pm

    အဓိကကတော့ စာရွေးရာမှာ အကောင်းဆုံး မဟုတ်ပဲ၊ ဖတ်မိသမျှထဲက အကြိုက်ဆုံးသာလျှင် ဖြစ်ကြောင်း သိစေချင်ပါတယ်။

    ကိုယ်တိုင်ကတော့ စာလေးမတောက်တခေါက်ရေးရုံသာ ရေးတတ်ပြီး ပရိုတစ်ယောက်မဟုတ်ပါသဖြင့် အကောင်းဆုံးကို ရွေးဖို့ရန် မဖြစ်နိုင်ပါ။

    စာဖတ်သူတစ်ဦးအနေဖြင့် ဖတ်မိသမျှထဲက ကိုယ့်အတွေးနဲ့ကိုယ် သဘောကျမိတာလေးကိုသာလျှင် ရွေးဖြစ်မှာ ဖြစ်ပါတယ်။

    ပြောရမယ်ဆိုရင် ကိုယ်ဖတ်မိတဲ့ ပိုစ့်ကနည်းလို့ ရွေးချယ်ပေးတဲ့အခါမှာ မမျှတလို့ တာဝန်မကျေဖြစ်ခဲ့လျှင်လည်း သည်းခံခွင့်လွှတ်ပေးကြဖို့ ကြိုတင်တောင်းပန်ပါတယ်။

    ဦးပါပြောသလို စလုပ်ဖြစ်မှသာလျှင် လိုတိုးပိုလျှော့ လုပ်ရမှာတွေကို သိမြင်လာနိုင်မှာဖြစ်လို့ အစပထမကို ဖြစ်မြောက်အောင် (မည်သူမဆို) ဝိုင်းဝန်းကြိုးစားပေးကြစေလိုပါတယ်။

    ရွေးချယ်ရေးအဖွဲ့သစ်ကိုလည်း စိတ်ပါဝင်စားကြသူ၊ တက်တက်ကြွကြွ လုပ်ဆောင်လိုကြသူများဖြင့် စနစ်တကျ အင်အားအပြည့်နဲ့ မကြာမတင်မှာပဲ ဖွဲ့စည်းနိုင်ပြီး မန်းဂေဇက်ချစ်သူများ စာပေဆုကို တည်တံ့ခိုင်မြဲစေလိုပါတယ်။

    နှစ်စဉ် စာပေဆုပေးပွဲနှင့်အတူ ရွာသူားများရဲ့ မိတ်ဆုံစားပွဲကို စည်စည်ကားကာ ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင် ကျင်းပနိုင်လျှင်ဖြင့် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကား ဆိုသလို ဖြစ်ပါလိမ့်မယ်။

    • nozomi

      July 30, 2012 at 6:10 pm

      မမ ခင်ဗျာ
      မိုးမခ ဆိုဒ် မှာ ရွှေအမြူတေ မှာ ဖော်ပြခဲ့တဲ့ ဆရာမောင်သာရနဲ့ဆရာဦးဝင်းငြိမ်း တို့ရဲ့ အပြန်အလှန်ရေးထားတဲ့ စာလေး ဖတ်ရတယ် ဖတ်ပြီးပြီး ချင်း ဥက္ကဌကြီး မမ ကို သတိရသွားတယ်
      ကျွန်တော့်အတွက်တော့ အကျိုးလဲရှိ သဘောလဲ ကျမိတယ် တခြားရွာသူားတွေလဲ ဖတ်မိရင်သဘောကျမှာပဲ ၊ တခြားဆိုဒ်က စာကို ရွာထဲမှာ ကူးတင်တာမျိုး မလုပ်ချင်တာမို့ လင့်ပဲပေးလိုက်ပါတယ်
      (http://moemaka.com/?p=26137)

      ဦးပါ ခင်ဗျာ ပို့စ် နဲ့ မပတ်သက်တာ တင်မိတာ တောင်းပန်ပါတယ်
      မမ ကို ဒီ ပို့စ် ကိုပြန်ဝင်မှာ ယူဆလို့ ရယ် တခြားရွာသူားတွေလဲ ဖတ်ချင်တဲ့ သူ ဖတ်ရအောင် ဒီမှာပဲ တင်ပေးလိုက်တာပါ

      • htoosan

        July 30, 2012 at 7:20 pm

        အန်တီမမ ရေးတာကို ditto လိုက်ပါသည် ။

        အဓိကကတော့ စာရွေးရာမှာ အကောင်းဆုံး မဟုတ်ပဲ၊ ဖတ်မိသမျှထဲက အကြိုက်ဆုံးသာလျှင် ဖြစ်ကြောင်း သိစေချင်ပါတယ်။
        ကိုယ်တိုင်ကတော့ စာလေးမတောက်တခေါက်ရေးရုံသာ ရေးတတ်ပြီး ပရိုတစ်ယောက်မဟုတ်ပါသဖြင့် အကောင်းဆုံးကို ရွေးဖို့ရန် မဖြစ်နိုင်ပါ။
        စာဖတ်သူတစ်ဦးအနေဖြင့် ဖတ်မိသမျှထဲက ကိုယ့်အတွေးနဲ့ကိုယ် သဘောကျမိတာလေးကိုသာလျှင် ရွေးဖြစ်မှာ ဖြစ်ပါတယ်။
        ပြောရမယ်ဆိုရင် ကိုယ်ဖတ်မိတဲ့ ပိုစ့်ကနည်းလို့ ရွေးချယ်ပေးတဲ့အခါမှာ မမျှတလို့ တာဝန်မကျေဖြစ်ခဲ့လျှင်လည်း သည်းခံခွင့်လွှတ်ပေးကြဖို့ ကြိုတင်တောင်းပန်ပါတယ်။

        • အရီးခင်လတ်

          July 30, 2012 at 7:58 pm

          ကျွန်မ လဲ မမ ပြောတာ ကို ဆက်ပြီး ကုတ်ပါတယ်။

          {{{ အဓိကကတော့ စာရွေးရာမှာ အကောင်းဆုံး မဟုတ်ပဲ၊ ဖတ်မိသမျှထဲက အကြိုက်ဆုံးသာလျှင် ဖြစ်ကြောင်း သိစေချင်ပါတယ်။
          ကိုယ်တိုင်ကတော့ စာလေးမတောက်တခေါက်ရေးရုံသာ ရေးတတ်ပြီး ပရိုတစ်ယောက်မဟုတ်ပါသဖြင့် အကောင်းဆုံးကို ရွေးဖို့ရန် မဖြစ်နိုင်ပါ။
          စာဖတ်သူတစ်ဦးအနေဖြင့် ဖတ်မိသမျှထဲက ကိုယ့်အတွေးနဲ့ကိုယ် သဘောကျမိတာလေးကိုသာလျှင် ရွေးဖြစ်မှာ ဖြစ်ပါတယ်။
          ပြောရမယ်ဆိုရင် ကိုယ်ဖတ်မိတဲ့ ပိုစ့်ကနည်းလို့ ရွေးချယ်ပေးတဲ့အခါမှာ မမျှတလို့ တာဝန်မကျေဖြစ်ခဲ့လျှင်လည်း သည်းခံခွင့်လွှတ်ပေးကြဖို့ ကြိုတင်တောင်းပန်ပါတယ်။}}}

          အတတ်နိုင်ဆုံး တော့ ကြိုးစားမှာပါ။ 🙂

  • nozomi

    July 30, 2012 at 5:40 pm

    ဒါ့ကြောင့် ဦးပါ ဦးပါ ဖြစ်နေတာကို
    အလကားတော့ ဖိုးစတား ဘယ်ဖြစ်ပါ့မလဲ
    ( ဒီ ပို့စ်က ဒီလအတွက် ကျွန်တော် အကြိုက်ဆုံး ပို့စ် ပါ 😀 )

    မမ ပြောတာကိုပဲ ထပ်ပြောချင်ပါတယ် ” အဓိက ကတော့ စာရွေးရာမှာ အကောင်းဆုံး မဟုတ်ပဲ၊ ဖတ်မိသမျှထဲက အကြိုက်ဆုံးသာလျှင် ဖြစ်ကြောင်း သိစေချင်ပါတယ် ”

    အားလုံး ဖတ်နိုင်ဘို့ မလွယ်တော့ ဖတ်မိတဲ့ အထဲက ဒါလေးတော့ ကြိုက်တယ် ဗျာ ဆိုတာမျိုးပါ ၊ အကောင်းဆုံးကို ရွေးပေးနိုင်လောက်အောင် အရည်အချင်း မပြည့်စုံသေးတဲ့ အတွက် အကြိုက်ဆုံးကိုသာ ရွေးရခြင်းပါ

    မျက်နှာပေါင်းမတင်ရအောင်လို့၊ ရွာ့အတွက် အကျိုးရှိမယ်ယုံကြည်လို့ ၊ လုပ်ပါ့မယ်လို့ အာမခံလိုက်တဲ့ ကိစ္စတစ်ခု အောင်အောင် မြင်မြင်ဖြစ်စေချင်လို့ ဒီကိစ္စကိုအောင်မြင်အောင် တတ်နိုင်သမျှ လုပ်တတ်သမျှ လုပ်ပါမည် ၊ အများရွေးချယ်တဲ့ နောက်အဖွဲ့ကို လွှဲပေးနိုင်ဘို့လဲ တစ်ခါတည်း ပြင်ဆင်နေပါသည်

    • MaMa

      July 31, 2012 at 7:00 pm

      ကိုနို ပေးတဲ့ လင့်ခ်လေးကို ဖတ်ကြည့်ပြီး အတော်ဝမ်းသာသွားတယ်။
      အစားကောင်းစားရင် မိတ်ဆွေတွေကို သတိရတယ်ဆိုတဲ့အတိုင်း သတိရပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။
      သတ်ပုံမှန်စေချင်တဲ့စိတ်နဲ့ သိသလောက်လေးနဲ့ ဝင်ဝင်ပြောနေပေမယ့် ကိုယ်မသိတာတွေလည်း အများကြီးမို့ ဆရာကြီးမောင်သာရ ရေးတဲ့စာကို ဖတ်ရတာ အများကြီး အကျိုးများပါတယ်။

      ကျေးဇူးအထူးတင်ပါတယ် ကိုနိုရေ။။။။။ 🙂

      (ဦးပါရေ- ဆောတီးပါနော်) :mrgreen:

      _________________________
      I added cool smileys to this message… if you don’t see them go to: http://s.exps.me

      • ဦးဦးပါလေရာ

        July 31, 2012 at 7:55 pm

        မဆောတီးပါနဲ့ မမရေ-
        အဲဒီလင့်လေးကျွန်တော်လဲဖတ်ကြည့်တယ်
        တော်တော်အကျိုးများပြီး အသိတိုးသွားပါတယ်း
        ညွှန်းပေးတဲ့ ကိုနိုဇိုမိကိုလဲ အထူးကျေးဇူးတင်ပါတယ်။
        အမှန်ပြောရရင် ကျွန်တော်က မဂ္ဂဇင်းတွေနဲ့ တော်တော်ပြတ်နေတာ
        အခုမှပဲ မဂ္ဂဇင်းနံ့လေးပြန်ရလာတယ်။
        အချိန်လေးနဲနဲရရင် စာလေးဘာလေးပြန်ဖတ်ဦးမှ….. 🙂

  • အရီးခင်လတ်

    July 30, 2012 at 7:54 pm

    ကျော့် ရဲ့ အစိ လေး အပြီးမှာ ကိုပါ ရဲ့ နောက်ဆက်တွဲ အားဖြည့်မှု လေး ကြောင့် အားလုံးစိတ်ပျော်ရွှင် ကျေနပ်သွားပြီ ထင်ပါတယ်။

    လူကြီးမင်းများ လဲ မျက်နှာပေါင်းတင်စရာ မလို တော့ဘူး ထင်ရဲ့။ 😉
    ဒီတော့ မျက်နှာပေါင်းတင်ဆိုင် မသွား ရလို့ ဝမ်းနည်းသူ များ ရှိရင် ဆံပင်ဆိုးဆေး ဆိုင် သွားနိုင်အောင် အတွက် Free Online Committee Management Software တစ်ခု ရှာဖွေ တွေ့ ရှိ ထားပါတယ်။
    https://www.mycommittee.com/Howitworks/tabid/197/Default.aspx

    အဲဒါကို သုံးရင် စာမူ နဲ့ ဆိုင်တဲ့ အီးမေး တွေ ပြန့်နှံ့ မနေတော့ ဘဲ တစ်နေရာ မှာ စုစုစည်းစည်း ထားနိုင် သွား မယ် ထင်ပါတယ်။
    ကော်မတီဝင် များ (အမည်ပေါက် ၁၃ ယောက် အပြင် အခြားသူများပါ ပါ နိုင် ပါမည်) အနေနဲ့ ပေါက်ကရ လုပ်နေသည်များ ကို မှတ်တမ်း အဖြစ် ရရှိနိုင်ပါမည်။

    တရားဝင် အလကား Software မို့ တကယ် စွမ်းမစွမ်း၊ အသုံးဝင်မဝင် တော့ ကျွန်မလဲ မပြောနိုင်သေး ပါဘူး။
    သဘောတူပါ က စ၍ create လုပ်ပါမည်။
    မည်သို့ သုံးရမည် ကို လဲ တရားဝင် ရှင်းပြ ပေးပါမည်။
    ဆံပင်ဖြူမည်စိုး၍ မသုံးချင်ကြပါ ကလည်း ရိုးရိုးပုံမှန် အီးမေး နဲ့ လဲ သွားနိုင်ပါတယ်။

    ကျော့် အတွက် တော့ သီးသန့် အီးမေး ကို သူကြီးမင်း မှ ကြင်နာစွာ ဖွင့် ပေးမည်ဟု ယုံကြည်ပါသည်။

    မဆီမဆိုင် ယူကေ အိုလံပစ် အကြောင်း ဆွဲထည့် ရရင် ဖွင့်ပွဲ မှာ တုန်း က
    ဂျန်နရေးရှင်းအဟောင်း အားကစားသမားကြီး များ မှ ဂျန်နရေးရှင်းအသစ် အားကစားသမားလေး များ ကို
    မီးရှူးတိုင် ညှိဖို့ လက်ဆင့်ကမ်း ပေးခဲ့ပါသည်။
    ကျွန်မ တွေ့လိုက်တဲ့ ဂျန်နရေးရှင်းအသစ် အားကစားသမားလေး များ ဟာ ငယ်လှပါသေးတယ်။

    ဖြတ်ကနဲ တွေးလိုက်ရင်တော့ တာဝန်ကို ယူနိုင်ဖို့ အားလဲမရှိ၊ အတွေ့အကြုံလဲ မရှိသေးပါ။
    ဒါကို မင်းတို့ ငယ်သေးတယ် ဆိုပြီး လူကြီး တွေ က သူတို့ဟာသူတို့ လုပ်သင့်သလား။
    လူငယ်တွေ ကလဲ ဒီလူကြီး တွေ သူတို့ဟာသူတို့ လုပ်တာ ငါတို့ နဲ့ မဆိုင်ဘူး လို့ လစ်လျူရှုထားသင့်သလား။

    တကယ်တော့ လူကြီး ဆိုတာ က ကိုယ့်မှာ ရှိတဲ့ အတွေ့အကြုံ၊ ဗဟုသုတ၊ ရခဲ့တဲ့ အောင်မြင်မှု၊ ဖြစ်ခဲ့တဲ့ အမှား တွေ ကို လူငယ် လေးများ ဆီ အမြဲ လက်ဆင့်ကမ်း ရပါမယ်။
    လူငယ် လေးတွေ က လဲ ဒီ လူကြီး တွေ ဆီက အားသာချက်တွေ၊ အားနဲ ချက်တွေ ကို သင်ခန်းစာ ယူပြီး ပိုပြီး ကောင်းမွန်တဲ့ မျိုးဆက် ထပ်မံ ပေါက်ဖွား နိုင်ဖို့ ကြိုးစား ရပါမယ်။
    ဒါမှ မညံ့သော အဖွဲ့အစည်း၊ လူမျိုး နဲ့ တိုင်းပြည် ဖြစ်မှာပါ။

    ဂေဇက်မှာလဲ ကျွန်မ တို့ ဂျန်နရေးရှင်းအဟောင်း လူကြီး တွေ နဲ့ အတူ တွဲပြီး မီးရှူးတိုင် ကို ထွန်း မဲ့ ဂျန်နရေးရှင်းအသစ် လူငယ် များ ကို လဲ အမြဲလက်ကမ်းကြို နေပါတယ်။
    ကြိုးစားကြည့်ကြစို့လား။ 🙂

    မှတ်ချက် –
    သူကြီး သည်
    ဂျန်နရေးရှင်းအဟောင်း လား၊
    ဂျန်နရေးရှင်းအသစ် လား။ 🙄
    😛

    • htoosan

      July 30, 2012 at 10:02 pm

      အရီးရေ free က 1 MB ဆိုတော့ လောက်နိုင်ပါ့မလား ။

      • အရီးခင်လတ်

        July 31, 2012 at 2:48 am

        ကထူးဆန်းရှင့်

        ပျမ်းမျှအားဖြင့် Word ရဲ့ စာတစ်မျက်နှာ က 10KB လောက်ဘဲရှိပါတယ်။
        ဒီတော့ 1MB ကို စာမျက်နှာ ၁၀ဝ စာလောက် သိမ်း လို့ ရတဲ့ သဘောရှိပါမယ်။
        ကျွန်မတို့ က စာမူ တွေ ကို ပြောရင် Link နဲ့ ကိုယ့်မှတ်ချက် ကို ဘဲ ပေးမှာ မို့ ကောင်းကောင်း လောက်နိုင်ပါတယ်။
        တစ်လ ရွေးပြီး ရင် အဲဒါကို အပြင်မှာ Archive လုပ်သိမ်းထား၊ ပြီးရင် အဲဒါတွေကို ဖျက်ပြီး နောက် တစ်လ ကို ဆက်ပေါ့။
        ကျွန်မ စမ်းကြည့် လိုက် မယ်။

        ကျန်သူ တွေရော အီးမေး နဲ့ ဘဲ ရိုးရိုးလေး သုံးချင်လား၊ အကွန့်အညွန့် တွေ နဲ့ ဆံပင်ဖြူ ခံပြီး သုံးချင်လား။
        အားမနာတမ်း ပြောကြပါ။
        ကျွန်မ က ဟိုဆို ဒီရောက် တတ် တဲ့ သူမို့ပါ။ 😀

        • ဦးဦးပါလေရာ

          August 1, 2012 at 12:21 am

          ဟာ… အဲဒါကတော့မိုက်တာပေါ့…
          ဒါပေမယ့် နှစ်ချက်ရှိတယ်..
          (၁)စာမျက်နှာ ၁၀ဝ နဲ့တော့ မလောက်နို်င်ပါ။
          (၂)အွန်လိုင်းကမွှေရင် ဒီက ကော်နက်ရှင်နဲ့ ဖြစ်ပါ့မလား

  • htet way

    July 30, 2012 at 8:29 pm

    ရှင်း ရှင်း လင်းလင်း သိရပါပြီ
    ဒီဆုပေးတာ သိပ်ကောင်းတဲ့ အစီအစဉ်ပါ။
    တကယ်တော့ ရွာထဲ မယ် စာရေးတတ်သူတွေ အများကြီး ရှိပါတယ် ထူးချွန်သူကို မြေတောင်မြှောက်ပေးတာပါ။ ဆရာဦးဦးတို့ အဖွဲ့တွေ ရဲ့ မွန်မြတ်တဲ့ စေတနာကို လေးစားပါတယ်။နောက်တခုက မန်းဂေဇက် ချစ်သူများ စာပေဆု
    ပေးတာ ကို အလွန် ဝမ်းသာ လှိုက်လှဲစွာကြိုဆိုပါတယ်။ နောက်တခုက မအားတဲ့ ကြားက စာပေအပေါ် ထားတဲ့ ရွေးချယ်မယ့်သူ ၁၃ဦးကိုလည်း လေးစားမိပြန်ပါတယ်။
    ဆရာဦးဦး ကျန်းမာပါစေ။

    • ဦးဦးပါလေရာ

      July 30, 2012 at 11:40 pm

      ဆရာထက် ပျောက်နေပါလား
      ရန်ကုန်လာရင် ပြောဦးလေ
      နောက်ပိုင်းမှာ ဆရာထက်နဲ့ အလင်းဆက် အတွက် ကိစ္စတွေရှိလာမှာ
      ဒါဆို သဘောပေါက်… 😛

  • သန်းထွဋ်ဦး

    July 30, 2012 at 9:44 pm

    ဂေဇက်မှ ဆရာသမားတို ့၏အစီအစဉ်အပေါ် အားကျဝမ်းသာကြိုဆိုပါတယ်ဗျာ။
    သို ့သော် လည်း ဂေဇက် မင်ဘာ တစ်သောင်းကျော်ကို ပြန်လည်စီစစ်စေလိုပါတယ်ဗျာ။

  • htoosan

    July 30, 2012 at 9:57 pm

    တစ်ခုလောက် အဆစ်ပြောပါရစေဦး ဦးဦးပါ ..
    ဖတ်မိသည်မှ ကြိုက်သည့်စာဆိုသည်မှာ တိုင်းပြည် အကျိုးပြု ဖြစ်ချင်မှလည်း ဖြစ်ပါမယ် ။ အများအကျိုးပြုရည်ရွယ်ချက်ပါဝင်ချင်မှလည်းပါဝင်မယ် ။
    – အော်ရီမိလို့ ဘေး ကလူ ဘုကြည့် ကြည့်ခံရတဲ့စာမျိုး ၊
    – ထမင်းစား ခေါ်တာကို လက်ကာပြ ခဏနေဦး ပြောမိလို့ မျက်စောင်းထိုးခံရတဲ့ စာမျိုး
    – ရုံးမှာ အလစ်ခိုးကြည့်မိပါတယ် .. အထက်လူကြီး ခြေသံပြင်းပြင်းနဲ့ရောက်လာတာတောင် မသိ ပုခုံး တို့တာတောင် ဖယ်ချမိ လိုက်တဲ့ စာမျိုး
    စိလို စိလို စာမျိုး ဟုတ်တယ် နော် .. စိလို သမှင်ဒကာ သတ်ပုံး ကဗျောက်တိ ကဗျောက်ခြာ ရေးထားတဲ့ စာလည်း သတ်ပုံ မမှန်ဘူး ဆိုပြီး ပယ်မချပါဘူး ဟုတ်တယ် ဟုတ် .. 😀

    အရီးလတ်ရေ .. ကျွန်တော်က ဂျန်နရေးရှင်း ဟောင်းရုံမက ဆွေးနေတော့ ဖြူနေတဲ့ ဆံပင် ပိုဖြူတာတော့ နိုးပရော်ပလမ်မို့ စမ်းကြည့်ချင်ပါသည်။ 😀

    • ဦးဦးပါလေရာ

      July 30, 2012 at 11:56 pm

      ဟုတ်ပါ့ ကိုထူးဆန်းရေ
      ဘယ်စာကိုမှ မူအားဖြင့်တော့ လုံးဝလုံးဝ မပယ်ပါဘူးဗျို့…. 😀

  • Foreign Resident

    July 31, 2012 at 3:04 am

    အင်း အရမ်းကြီးတော့ မမျှော်လင့်ကြပါနှင့်နော် ၊
    လုပ်တဲ့သူတွေ ခမျာမှာလဲ စေတနာကသာ မနဲပေမယ့် ၊
    Amateur တွေပါကွယ် ၊ Pro တွေ မဟုတ်ပါဘူး ။

    အဘ ဆိုလဲ ရန်ကုန်က အဘ မထွက်ခင် ၊
    MG ကရွာသူားတွေ နှင့် Dinner နှုတ်ဆက်ပွဲလေးလုပ်တုန်းမှာ ၊
    ကို ဘလက်ကြီး က ဒီလိုမျိုးလေး လုပ်ချင် ၊ လုပ်သင့် တယ်လို့ပြောတော့ ၊
    ( ညလဲ ဖြစ်ပြန် ၊ အသံတွေလဲ ညံနေတော့ သေချာတောင် မဆွေးနွေးလိုက်ရပါဘူး )
    အင်း ကောင်းသားပဲ ဆိုပြီး သာ ပြောခဲ့တာပါ ။
    တကယ် လုပ်ဖြစ်မယ် ၊ မ လုပ်ဖြစ်မယ် တောင် မသိပါဘူး ။

    နောက်တော့ Post ထဲမှာ ကိုယ့်နာမည်ကြီး ပါတွေ့ရတော့မှသာ ၊
    တကယ်လဲ လုပ်ဖြစ်ပီ ၊ ကိုယ်လဲ ထဲထဲဝင်ဝင် ပါနေပြီ ဆိုတာ သိရတာပါ ။

    ယုံကြည်လောက်တဲ့သူတွေ ဦးစီးတာလည်းဖြစ်ပြန် ၊
    ဦးတည်ချက်ကလည်း မှန်နေတယ်လို့ ယူဆမိတဲ့အတွက် ၊
    ရွာသူား တစ်ယောက်အနေနှင့် ( လိုလိုချင်ချင်ကို ) တာဝန်ထမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ ။

    ကိုယ့်နာမည်ကြီး ကလည်း ၊ ဒိုင် အဖြစ် ပါနေတဲ့အတွက် ၊
    အော် တာဝန်ကတော့ ယူသင့်တယ်လေလို့ ယူဆပြီး ၊
    ဆုတစ်ခါပေးတိုင်း ( လစဉ် ဆိုရင် လစဉ် ပေါ့ ) တစ်သောင်း ထည့်ပေးဖို့ ဆုံးဖြတ်တာပါ ။

    ဆုပေးမယ့်အချိန်ကလည်း ဇန်နဝါရီမှာ လုပ်မယ် လို့သိရတော့ ၊
    အဘ ဒီတစ်ခေါက် ပြန်လာမယ့် အချိန်နှင့် ဆုပေးပွဲ အချိန်က တိုက်ဆိုင်နေတော့ ၊
    မထူးပါဘူးလေ ဒီတစ်ခေါက် ဆုပေးပွဲမှာ ရွာသူားတို့ကို ကျွေးမွေးဖို့ ကုန်ကျ စားရိတ်ရဲ့ ၊
    အနဲဆုံး တစ်ဝက် လောက်ကိုတော့ အဘ ထောက်ပံ့နိုင်ပါတယ်လို့ ကတိပေးမိတာပါ ။

    တကယ်လို့ ကျွေးမွေး စားရိတ်က နှစ်သိန်း သုံးသိန်း လောက်ပဲ ကုန်ကျမယ် ဆိုရင်တော့ ၊
    တခြားက အလှူငွေ ထပ်ရှာမနေပါနှင့် ၊ အဘကပဲ ကျွေးမွေး စားရိတ် ခံလိုက်ပါ့မယ် ။
    ပိုလှလွန်းလို့တော့ မဟုတ်ပါဘူးကွယ် ( ဘယ်တုန်းကမှလည်း မပိုဖူး ပါဘူး ) ၊
    ကိုယ့်ရွာအပေါ် ၊ ကိုယ် တတ်နိုင်သလောက် ( လက်တွေ့ ) စေတနာလေးပါ ။

    တခုတော့ရှိတယ်နော် ၊ ခုရှုပ်မှ နောင်ရှင်း ။
    ဦးတည်ချက် သွေဖယ်သွားပြီလို့ အဘ ယူဆမိ ရင်သော်၎င်း ၊
    ဦးစီးတဲ့ သူတွေနှင့် သဘောထား မတိုက်ဆိုင်တော့ ရင်သော်၎င်း ၊
    အဘ ကိုယ်တိုင် နှင့် အဘ ရဲ့ Offer တွေကို နှုတ်သိမ်းခွင့် ပြုကြပါ ။
    ( နောက်နှစ် ၂၀၁၃ နှစ်ကုန်လောက် အထိကတော့ အဘ ကတိပေးပါတယ် )

    နောက်ထပ် အဘ ကတိပေးနိုင်တာ တစ်ခုကတော့ ၊
    လူကို မရွေးပဲ ၊ စာ ကိုပဲရွေးမှာပါ ၊ ဘက်မလိုက်ပါဘူး ။
    ကျေးဇူးတင်ပါတယ် ။

  • ကြောင်ကြီး

    July 31, 2012 at 9:47 am

    အကြိုက်ဆုံး
    ငမိုက်တုံး
    ဗိုက်လုံး
    နှိုက်သုံး
    ပိုက်ဖြုန်း
    ရိုက်ကြုံး
    လိုက်ပြုံး
    အိုက်ဖုံး..။

  • weiwei

    July 31, 2012 at 10:30 am

    ကျွန်မအနေနဲ့ကတော့ ဒီတစ်လမှာ အားနာစိတ်အများကြီးဖြစ်မိတယ် …
    အလုပ်နဲနဲများပြီး ကော်နက်ရှင်ကလဲ စိတ်မရှည်ချင်စရာမို့ အားလုံးမဖတ်နိုင်လို့ တာဝန်မကျေသလို ခံစားရပါတယ် … စာတွေကို ဝေဖန်နိုင်လောက်တဲ့ အရည်အချင်းမပြည့်မှီသေးပေမယ့် အတတ်နိုင်ဆုံး ကြိုးစားပြီး အကြိုက်ဆုံးပို့စ်လေးတွေကို ရွေးချယ်ပေးပါ့မယ် ..
    အရီးလတ်ပြောတဲ့ ဂျနရေးရှင်းထဲမှာ အဟောင်းကနေရမှာလား … အသစ်က နေရမှာလား မသဲကွဲတဲ့ အလယ်ကလူဖြစ်နေသေးလို့ လုပ်ဆောင်နိုင်မှု အားနဲနေသေးတာကို နားလည်ပေးပါလို့ တောင်းပန်ရင်း …

    • ဦးဦးပါလေရာ

      August 1, 2012 at 12:14 am

      မဝေဝေရေ
      အကုန်လုံးဖတ်ဖြစ်ဖို့ကတော့ မလွယ်ပါဘူး…
      ကြိုးစားဖတ်မယ်၊ ဖတ်ဖြစ်တဲ့ထဲက ကြိုက်တာလေးရွေးပေးမယ် ဆိုတာမျိုးပါပဲ..။
      ကျုပ်လဲ ထို့အတူပါ.. 🙂

  • အကောင်းဆုံးအဖြေကတော့ လုပ်မယ်လို့ ဆုံးဖြတ်ပြီးမှာတော့ ဘာတွေဖြစ်နေနေ ဖြစ်အောင်လုပ်ကြရအောင်ပါ။
    ပထမခြေလှမ်းတွေတော့ မခိုင်မတ်သေးတော့ ယိုင်ခြင်ယိုင်မယ်။
    ခြေလှမ်းတွေခိုင်မာလာပြီဆိုရင် လုပ်ချင်စိတ်ရှိသောသူများကို လက်ဆင့်ကမ်းပေးဘို့လဲ
    ကျနော်ဘက်ကတော့ အဆင်သင့်ပါဘဲ။
    ကဲစကားပြောတာတွေရပ်ပြီးလုပ်စရာရှိတာတွေမြန်မြန်လေးလုပ်ကြရအောင်ဗျာ။
    အချိန်နဲ့သေခြင်းတရားသည် လူကိုမစောင့်တဲ့။
    တော်ကြာစာရွေးတာလေးတောင်မမြင်လိုက်ရသေးဘဲ ကျနော်သေသွားမှာစိုးလို့ပါ။

    • ဦးဦးပါလေရာ

      August 1, 2012 at 12:11 am

      အဲဒါအမှန်ပဲ ကိုပေါက်ရေ …. 😛
      လုပ်စရာရှိတာ တစိုက်မတ်မတ် ဆက်လုပ်ရုံပါပဲဗျာ….။
      အခုကစပြီး နောက် နာရီတစ်ရာ့နှစ်ဆယ်ကြာရင် စ ရွေးပါပြီ..။

Leave a Reply