ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၃ရ )

alinsettJuly 30, 20121min886

ထိုအမည်ကို

ကျွန်တော်ထုတ်ဖော်မပြောလို။ ထုတ်ဖော်ပြောမိပါက ပဉ္စလက်ပြလိုက် သလို

သူပေါ်လာမည်စိုးသည်။ သို့သော်သူရောက်နေပြီ။ ကိုယ်တိုင်ကိုယ်ကျရောက် နေပြီ။

နှစ်တွေသည်လောက်ကြာပြီးမှ ယခုကျွန်တော်နှင့်ဆယ်ပေမကွာသော နေရာ တွင်

သူအမြိန့်သားထိုင်နေသည်။ ကျွန်တော့်နှုတ်ဖျားမှ သူ့အမည်လွတ်ထွက်သွား သည်။

_________________________________________

ကျွန်တော့်နှုတ်ဖျားမှ သူ့အမည်လွတ်ထွက်သွား သည်။

”အာစွပ်”

”အေမား”

”မင်း ဒီမှာဘာလုပ်နေတာလဲ” ကျွန်တော့်မေးခွန်း လုံးလုံးသုံးမရမှန်း

သိလျက် အခြားစကားလည်း စဉ်းစား၍မထွက်။

”ငါက-” အာစွပ်၏မျက်ခုံးတစ်ဖက် ပင့်သွားသည်။ ”ငါက ငါ့ပိုင်

နက်ထဲမှာလေ။ ဘာလုပ်နေတာလဲဆိုတာ ငါကမေးရမှာကွ”

”ငါပြောပြီးပြီ” ဟုဖြေလိုက်သော ကျွန်တော့်အသံတုန်နေသည်။

”ကောင်လေးလား”

”ဟုတ်တယ်”

”ဘာကြောင့်လဲ”

”သူ့အတွက် ငါငွေပေးပါ့မယ်။ ငွေကိုကြေးနန်းနဲ့ပို့ခိုင်းမယ်”

”ငွေ … ဟုတ်လား” ဟု အာစွပ်ဆိုကာ ရယ်သွမ်းသွေးသည်။ ”ရော့

ကင်းဟမ်းကို မင်းကြားဖူးရဲ့လား။ ဩစတျေးလျအနောက်ပိုင်းလေ။ တကယ့်နတ် ပြည်။

ပင်လယ်ကမ်းခြေဆိုတာ မိုင်တွေမိုင်တွေချီလို့။ ရေတွေကစိမ်းလို့။ ကောင်း

ကင်ပြာပြာ ရေပြင်စိမ်းစိမ်း … အဲဒီလိုနေရာ။ အဲဒီနေရာမှာ

ငါ့မိဘတွေနေတယ်ကွ။ ကမ်းခြေအိမ်ကြီးမှာပေါ့။ အိမ်ကြီးရဲ့နောက်မှာ

ဂေါက်ကွင်းနဲ့ရေကန်ရှိပါ့ဗျား။

အဖေက နေ့တိုင်းဂေါက်ရိုက်တယ်လေ။ အမေကတော့ တင်းနစ်မှ။ အမေက

လက်ပြန်ရိုက်ချက်သိပ်ကောင်းဆိုလား … အဖေပြောတာပဲ။ သူတို့က အာဖဂန်စား

သောက်ဆိုင်တစ်ဆိုင်ရယ်၊ ကျောက်မျက်ရတနာဆိုင်နှစ်ဆိုင်ရယ် ပိုင်တယ်။

စီးပွား ရေးနှစ်ခုစလုံးအောင်မြင်လိုက်တာ အံ့ဘနန်းပါပဲ” ထိုနေရာတွင်

အာစွပ်သည် စပျစ်သီးနီနီတစ်လုံးဖြုတ်၍ စိုးရက်ပ်ပါးစပ်ထဲ တယုတယထည့်သည်။

”ဒီတော့ ငါငွေလိုချင်ရင် သူတို့ဆီကြေးနန်းရိုက်ရုံပဲ” ထိုုနေရာတွင်

စိုးရက်ပ်၏လည်ဂုတ် သားကို အာစွပ်နမ်းရှုတ်လိုက်၍ ကောင်လေးတွန့်သွားသည်။

ကောင်လေး မျက်လုံး များပိတ်ထားပြန်သည်။ ”ဒီ့အပြင် ရှိုရာဝီတွေကိုတိုက်တာ

ငွေအတွက်မှမဟုတ်ဘဲ။ တာလီဘန်တွေနဲ့ပူးပေါင်းတာ ငွေအတွက်မှမဟုတ်ဘဲ။

တာလီဘန်တွေနဲ့ ငါဘာ ကြောင့်ပူးပေါင်းသလဲ မင်းသိချင်လား”

ကျွန်တော့်နှုတ်ခမ်းများ သွေ့ခြောက်နေပြီ။ လျှာဖြင့်နှုတ်ခမ်းကိုသပ်ကြည့်

ရာ လျှာပါခြောက်နေမှန်းသိသည်။

”ရေငတ်နေလား” ဟု အာစွပ်ခပ်လှောင်လှောင်မေးသည်။

”ဟင့်အင်း”

”မင်းရေငတ်နေပြီထင်တယ်”

”ရပါတယ်”

အမှန်မှာအခန်းသည် ရုတ်ချည်းပူအိုက်လာသလိုရှိသည်။ ချွေးပေါက်များ ထဲ

ချွေးတွေသီးကာ ယားကျိကျိဖြစ်နေသည်။ ထိုအဖြစ်အမှန်ပဲလား။ ကျွန်တော်

အာစွပ်နှင့် တကယ်ပဲမျက်နှာချင်းဆိုင် ထိုင်နေသလား။

”သဘောပါပဲ။ ဒါနဲ့ … ပြောတာဘယ်ရောက်သွားပြီလဲ။ ဪ၊ ဟုတ်ပြီ၊

တာလီဘန်တွေနဲ့ ငါဘယ်လိုပူးပေါင်းခဲ့သလဲ။ အင်း … မင်းမှတ်မိတဲ့

အတိုင်းပဲကွာ … ငါကဘာသာရေးသိပ်ကိုင်းရှိုင်းတဲ့ လူစားမျိုးမဟုတ်ဘူး။

ဒါပေမယ့် တစ်နေ့တော့ ဘုရားနဲ့ဆက်သွယ်မိတယ်။ ထောင်ထဲမှာ။

နားထောင်ချင်လား”

ကျွန်တော်နှုတ်ပိတ်နေသည်။

”ကောင်းပြီ။ ပြောမယ်။ ၁၉၈ဝ – ဘာဘရက်ကာမဲ တက်တဲ့အချိန်။ ငါက

ပိုလာချာကီထောင်ထဲမှာ။ ဖြစ်ပုံက စစ်သားတစ်အုပ်ပေါ့ကွာ၊ ငါတိုု့အိမ်ထဲ

ဝင်၊ ငါတို့သားအဖကိုသေနတ်ထောက်ပြီး လိုက်ခဲ့တဲ့။ အဲဒီခွေးသားတွေက ငါ့အမေ

မေးနေတာကိုတောင် ပြန်ဖြေပေးဖော်မရဘူး။ ရှိုရာဝီတွေမလာခင်တုန်းကဆိုရင်

ငါ့ဖိနပ်ကိုလျက်ဖို့တောင် မတန်တဲ့ကောင်တွေ … ခုတော့

ငါ့ကိုသေနတ်နဲ့ထောက် နေပြီ။

”အကျဉ်းခန်းလေးတွေဆိုတာ ရေခဲသေတ္တာလောက်ရှိတာ။ တစ်ခန်းမှာ

လူခြောက်ယောက်ညပ်လို့။ ညတိုင်းညတိုင်း အုပ်ချုပ်တဲ့ကောင်လာတယ်။ ဟာဇာ

ရာ-ဥဇဘက် ရောထားတဲ့ကပြားကောင်။ သူ့ကိုယ်နံ့က

မြည်းသေလို့ပုပ်တဲ့အနံ့မျိုး။ အဲဒီကောင်က ညတိုင်းအကျဉ်းခန်းထဲက

လူတစ်ယောက်ဆွဲထုတ်ပြီး သမတယ်ကွာ။ သူကိုယ်တိုင်

ချွေးတုတ်တုတ်ကျတဲ့အထိကိုရိုက်တာ။ ပြီးမှ စီးကရက်လေးမီးညှိ၊

အကြောအချင်လေးဖြေပြီးပြန်တယ်။ နောက်တစ်နေ့ညရောက်ရင် နောက်ထပ်လူတစ်

ယောက်ဆွဲထုတ်ပြီး ရိုက်ပြန်ရော။ တစ်ညတော့ ငါ့အလှည့်။ အဲဒီအချိန်ထက်

ဆိုးတဲ့အချိန်ဆိုတာ မရှိဘူး။ ငါဆီးထဲသွေးသွန်နေတာ သုံးရက်ရှိပြီ။

ကျောက်ကပ် ကျောက်တည်တာ။ မင်းဒါမျိုး မဖြစ်ဖူးဘူးဆိုရင်

ငါပြောတာယုံလိုက်စမ်း။ ဒီ့ထက် ဆိုးတဲ့ဝေဒနာ စိတ်ကူးလို့ကိုမရဘူး။

ငါ့အမေလည်း ကျောက်ကပ်ကျောက်တည် ဖူးတယ်။ ငါ့အမေဘာပြောလဲဆိုရင်

ကျောက်ကပ်ထဲကကျောက်ထွက်တဲ့ဝေဒနာကို ခံစားမယ့်အစား

ကလေးမျက်နှာပဲမြင်မယ်တဲ့။ ဒီတော့ကွာ … ငါဘာတတ်နိုင်မှာ လဲ။

သူတို့ငါ့ကိုဆွဲထုတ်ပြီး ဒီကောင်ကြီး ငါ့ကိုကန်တော့တာပဲ။ သူကဒီကန်ပွဲ

ကိုလာတိုင်း ဒူးဆစ်ထိရှည်တဲ့ဘွတ်ဖိနပ်စီးထားတယ်။ ဖိနပ်ဦးက

စတီးနဲ့ထိပ်ပိတ် ထားတာ။ ငါ့ကိုလည်း ဒီဖိနပ်နဲ့ကန်တာပေါ့။ ငါ့မှာကွာ …

အော်လိုက်ရတာ။ မထင်ဘူး … သူကန်ထဲ့လိုက်တာ ငါ့ဘယ်ဖက်ကျောက်ကပ်ကိုထိပြီး

ကျောက် ထွက်သွားရော။ အား … ပေါ့သွားတာပဲ။

ထိုနေရာတွင် အာစွပ်တဟားဟားရယ်သည်။

”ငါကွာ … အော်ချပြီးရယ်တာပေါ့။ သူကပိုကန်တယ်။ သူရှူးရှူးရှား

ရှားဖြစ်ပြီး ပိုကန်လေ၊ ငါကပိုရယ်လေ …

ငါ့ကိုအကျဉ်းခန်းထဲပြန်သွင်းတဲ့အထိ ငါ့မှာရယ်ရတုန်း။ ငါ့မှာကွာ …

ရယ်လိုက်ရတာ … ငါဘာသိလာရလဲဆိုတော့ ငါ့ဘေးမှာဘုရားရှိတယ်ဆိုတာပဲ။

အကြောင်းရှိလို့သာ ဘုရားကငါ့ကို အသက်ရှင် ခွင့်ပေးထားတာ။

”နောက်သုံးလေးနှစ်ကြာတော့ အဲဒီကောင်ကြီးကိုငါပြန်တွေ့တယ်။ စစ်မြေ

ပြင်မှာပြန်တွေ့တာ။ ကတုတ်ကျင်းထဲမှာ … ရင်ဘတ်ဗုံးဆန်ထိပြီး သွေးတွေသံ

တွေနဲ့ဗျ။ ဟိုဘွတ်ဖိနပ်ကိုတော့ စီးထားတုန်း။ ငါ့ကိုမှတ်မိသလားမေးတော့

သူကမမှတ်မိဘူးတဲ့။ ဒီတော့ ခုဏကလေးတင်မင်းကိုပြောခဲ့တဲ့စကား ပြန်ပြောရ

တာပေါ့။ ငါကတော့ မျက်နှာတစ်ခုကို ဘယ်တော့မှမမေ့ဘူး။ ပြီးတော့မှ သူ့ဘောကို

ပစ်ချလိုက်တယ်။ အဲဒီကစပြီး ငါအမှုတော်ကိုထမ်းခဲ့တာကွ”

”ဘာအမှုတော်လဲ။ အိမ်ထောင်ရေးဖောက်ပြန်တဲ့လူတွေကို ကျောက်တုံးနဲ့

ပေါက်သတ်တာလား။ ကလေးတွေကို ဗလက္ကာယကျင့်တာလား။ အမျိုးသမီးတွေကို

ဒေါက်ဖိနပ်စီးရကောင်းလားဆိုပြီး ကြာပွတ်နဲ့ရိုက်တာလား။ ဟာဇာရာတွေကို

အစုလိုက်အပြုံလိုက်သတ်တာလား။ ဒါတွေအကုန်လုံးကို အစ္စလာမ်ဆိုတဲ့နာမည်

ရဲ့အောက်မှာလုပ်တာလား”

ကျွန်တော့်ပါးစပ်မှစကားလုံးများ မမျှော်လင့်ဘဲထွက်သွားသည်ကို ကိုယ်

တိုင်နားနှင့်ဆတ်ဆတ်ကြားလိုက်ရသည်။ စကားလုံးများကို ပြန်သာမျိုချချင်တော့

သည်။ ကျွန်တော်စည်းမျဉ်းကိုကျော်ခဲ့မိပြီ။ အသက်ရှင်လျက်ပြန်ထွက်ဖို့

မျှော်လင့် ချက်ဘယ်လောက်ပဲနည်းနည်း၊ ထိုမျှော်လင့်ချက်နည်းနည်းကလေးသည်ပင်

ခုတော့ ထိုစကားလုံးများနှင့်အတူ ကွယ်ပျောက်ခဲ့ပြီ။

အာစွပ်မျက်နှာပေါ်မှ အံ့ဩမှုသည် ရိုးခနဲရိပ်ခနဲပေါ်လာပြီး ချက်ချင်း

ပြယ်ပျောက်သွားသည်။ ”ဒီလိုဆိုတော့လည်း ပျော်စရာဖြစ်သွားတာပေါ့။ ဒါပေမယ့်

မင်းလိုသစ္စာဖောက်တွေ နားမလည်တဲ့ကိစ္စရှိတယ်ကွ” ဟုဆိုကာ အာစွပ်သဘော

ခွေ့နေသည်။

”ဘာများပါလိမ့်”

အာစွပ်မျက်ခုံးများတွန့်ခေါက်ကာ ”မင်းလိုလူစားတွေရဲ့မာနပေါ့။ မင်း

တို့ရဲ့အလေ့အထ၊ မင်းတို့ရဲ့ဘာသာစကား။ အာဖဂန်နစ္စတန်ဟာ ဘာနဲ့တူသလဲ ဆိုတော့

အမှိုက်တွေပွနေတဲ့အိမ်ကြီးနဲ့တူတယ်။ သိပ်လှတဲ့အိမ်ကြီး။ တစ်ယောက်

ယောက်ကတော့ အမှိုက်ကောက်ပေးရလိမ့်မယ်” ဟုဆိုသည်။

”မာဇာမှာ တစ်အိမ်တက်ဆင်းလူသတ်ခဲ့တာ ဒါပေါ့။ အမှိုက်တွေကောက် နေတာပေါ့”

”အတိအကျပဲ”

”အနောက်နိုင်ငံမှာဆိုရင် ဒီအတွက်သုံးတဲ့စကားလုံးရှိတယ်။ လူမျိုးရေး

သန့်စင်မှုတဲ့”

”ဟုတ်လား” အာစွပ်၏မျက်နှာဝင်းသွားသည်။ ”လူမျိုးရေးသန့်စင်မှု …

ဒီစကားလုံးငါကြိုက်တယ်”

”ကျွန်တော်လိုချင်တာကတော့ ကောင်လေးပါပဲ”

”လူမျိုးရေးသန့်စင်မှုတဲ့လား” အာစွပ်သည် ထိုစကားလုံးကို လျှာအရသာ

ခံရွတ်ကောင်းနေသည်။

”ကျွန်တော် ကောင်လေးပဲလိုချင်တယ်”

စိုးရက်ပ်၏မျက်လုံးများ ကျွန်တော့်ကိုဖျတ်ခနဲကြည့်သည်။ အသတ်ခံရ တော့မည့်

သိုးကလေး၏မျက်လုံးများ။ ဆေးခြယ်မျက်လုံးလေးများ။ ထိုမျက်လုံးများ ထဲမှ

အသနားခံမှုကိုတွေ့လိုက်ရသည်ဟု ကျွန်တော်ထင်သည်။ အာစွပ်သည်

စိုးရက်ပ်နားပန်ကို သွားနှင့်ကိုက်ပြီးလွှတ်ပေးလိုက်သည်။ အာစွပ်နဖူးပေါ်မှ

ချွေးလုံး ကြီး တလိမ့်လိမ့်ဆင်းလာသည်။

”ဘာကြောင့်လဲ၊ ပြောစမ်းပါဦး”

”ဒါငါ့ကိစ္စပါ”

”မင်းကသူနဲ့ဘာလုပ်ချင်လို့လဲ” ဟုအာစွပ်မေးကာ ရှက်စနိုးအပြုံးလေးဖြင့်

”ဒါမှမဟုတ်လည်း သူ့ကိုပေါ့” ဟုဆိုသည်။

”တကယ်အော်ဂလီဆန်စရာကောင်းတယ်”

”မင်းဘယ်လိုသိလဲ။ စမ်းဖူးလို့လား”

”သူ့ကိုဒီ့ထက်ကောင်းတဲ့နေရာ ခေါ်သွားမလို့”

”ဘာကြောင့်လဲပြောစမ်း”

”ဒါငါ့ကိစ္စကွ”

ကျွန်တော့်အသံ ဤမျှပြတ်တောက်မာကျောသွားအောင် အဘယ်အရာက

ရဲဆေးတင်ပေးလိုက်မှန်း ကျွန်တော်မသိ။ ဘယ်နည်းနှင့်မဆို ကျွန်တော်သေမည်

ဟုတွေးထားခြင်းအမှန်တရားကြောင့် ဖြစ်နိုင်သည်။

”ငါတော့အံ့ဩတယ်၊ အေမား။ ဟာဇာရာတစ်ယောက်အတွက် ဒီလောက်

ခရီးအဝေးကြီးကိုလာခဲ့တယ်နော်။ မင်းဘာကြောင့်ဒီရောက်နေတာလဲ။ ဒီကိုဘာ

ကြောင့်ရောက်လာရတာလဲ”

”ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့”

”ကောင်းပြီလေ … ”ဟု အာစွပ်ဆိုကာ လှောင်ရယ်ရယ်နေသည်။ စိုး ရက်ပ်ကို

နောက်ကျောမှစားပွဲဆီ တည့်တည့်တွန်းထည့်လိုက်၍ စိုးရက်ပ်၏တင်ပါးနှင့်

စားပွဲတိုက်မိပြီး စားပွဲလန်ကျသည်။ စားပွဲပေါ်မှလိမ့်ဆင်းလာသော

စပျစ်သီးများပေါ် စိုးရက်ပ်မျက်နှာမှောက်လျက်ကျပြီး ရှပ်အကျႌပေါ်

ခရမ်းရောင်စပျစ်သီးအရည် စွန်းထင်းသွားသည်။ ကြက်ခြေခတ်စားပွဲခြေထောက်

မိုးပေါ်ထောင်လျက်။

”ဒါဆိုလည်း ယူသွား” ဟုအာစွပ်ဆိုသည်။ စိုးရက်ပ်ကို ကျွန်တော်ဆွဲထူ သည်။

ဘောင်းဘီပေါ်ကပ်နေသော စပျစ်သီးများဆွဲခွာပေးသည်။

”သွားစမ်းကွာ … ယူသွား”

တံခါးကို အာစွပ်လက်ညှိုးထိုးပြနေ၍ စိုးရက်ပ်လက်ကလေးကို ကျွန်တော်

ဆွဲယူသည်။ အရေပြားများခြောက်သွေ့ အသားမာတက်နေသော သေးသေးကွေးကွေး လက်ကလေး။

သူ့လက်ချောင်းလေးများလှုပ်ရှားကာ ကျွန်တော့်လက်ချောင်းများနှင့်

လိမ်ယှက်သွားသည်။ နှစ်ဦးသားအခန်းကိုဖြတ်လျှောက်လာစဉ် ခြူသံများထွက်ပေါ်

နေသည်။ တံခါးဆီမြန်နိုင်သမျှ အမြန်ဆုံးရောက်အောင်လှမ်းကြပါလျက် ကျွန်တော်

တို့နောက်မှ အာစွပ်အသံထွက်လာသည်။

”သူ့ကိုအလကားပေးလိုက်တယ်လို့ ငါမပြောဘူး”

ကျွန်တော်လှည့်ကြည့်ရပြီ။ ”ဘာလိုချင်လဲ”

”သူ့အတွက် အဖိုးအခပေးရမှာပေါ့”

”ဘာလိုချင်လဲ”

”မင်းနဲ့ငါကြားမှာ စာရင်းရှင်းစရာရှိတယ်။ မင်းမှတ်မိပါတယ်။ မှတ်မိ တယ်မဟုတ်လား”

ကျွန်တော်မမှတ်မိမှာ သူပူစရာမလို။ အာဖဂန်နစ္စတန်ရှင်ဘုရင်ကို နန်းချ ပြီး

ဒါဝတ်ခန် သမ္မတလုပ်သောနေ့ကို ကျွန်တော်မမေ့။ ဒါဝတ်ခန်၏အမည်ကို ကြားတိုင်း

ကျွန်တော်မှတ်မိသည်က အာစွပ်မျက်နှာကို ဟက်ဆန်လေးခွဖြင့် ချိန်ထားခြင်း။

နားရွက်စားအာစွပ်အစား တစ်ဖက်ကန်းအာစွပ်ဖြစ်သွားမယ်ဟု ဟက်ဆန်ပြောခဲ့ခြင်း။

ဟက်ဆန့်သတ္တိကို ကျွန်တော်ဘယ်လောက်တောင်မနာလို ဖြစ်ခဲ့ရသလဲ

ကျွန်တော့်ဖာသာအမှတ်မိဆုံးဖြစ်သည်။ အာစွပ်အရှုံးပေးခဲ့ရသည်။ တစ်နေ့ကျမှ

နှစ်ယောက်စလုံးနှင့်စာရင်းရှင်းမည်ဟု အာစွပ်ကြိမ်းခဲ့သည့်အတိုင်း

ဟက်ဆန်နှင့်စာရင်းရှင်းခဲ့သည်။ ယခုကျွန်တော့်အလှည့်။

”ကောင်းပြီ”

တခြားဘာပြောရမှန်း ကျွန်တော်မသိ။ ကျွန်တော်သူ့ကိုတောင်းပန်ဖို့

စိတ်ကူးမရှိ။ အာစွပ်သည် အစောင့်များကို အခန်းထဲပြန်ခေါ်လိုက်သည်။

”ငါပြောတာနားထောင်စမ်း။ ငါဒီတံခါးကိုပိတ်ထားမယ်။ ပြီးရင် သူနဲ့ငါ

စာရင်းဟောင်းရှင်းစရာရှိတယ်။ မင်းတို့ဘာသံပဲကြားကြား အခန်းထဲဝင်မလာကြ

နဲ့။ ငါပြောတာကြားလား။ ဝင်မလာရဘူး”

အစောင့်များခေါင်းညိတ်သည်။ အာစွပ်နှင့်ကျွန်တော့်ကို တစ်လှည့်စီကြည့်

ရင်း ”ဟုတ်ကဲ့ ဆပ်” ဟုဖြေသည်။

”ကိစ္စအားလုံးပြီးသွားရင် ဒီအခန်းထဲက တစ်ယောက်ပဲအသက်ရှင်လျက်

ပြန်ထွက်သွားလိမ့်မယ်။ အဲဒါသူဆိုရင် မင်းတို့လွှတ်ပေးလိုက်။ နားလည်လား”

ဝါကြီးသောအစောင့်က ”ဒါပေမယ့် ဆပ်-” ဟုစောဒကတက်မလို အလုပ်

”သူသာဆိုရင်လွှတ်ပေးလိုက်” ဟု အာစွပ်အော်ချသည်။

အစောင့်နှစ်ဦးတွန့်သွားသည်။ လှည့်ထွက်ခါနီးတွင် တစ်ယောက်က စိုးရက်ပ်ကိုခေါ်သည်။

”သူနေပါစေ” ဟုအာစွပ်ပြောသည်။ အာစွပ်သွားဖြီးနေသည်။ ”သူကြည့် ပါစေ။

ကောင်လေးတွေအတွက် သင်ခန်းစာဟာ သိပ်ကောင်းတယ်”

အစောင့်များထွက်သွားကြပြီ။ အာစွပ်သည် စိပ်ပုတီးကိုလက်မှချလိုက် ပြီ။

အနက်ရောင်ခါးပြတ်အကျႌအိတ်ထဲ လက်နှိုက်၍ဆွဲထုတ်လိုက်သောအရာကို ကျွန်တော်

နည်းနည်းလေးမှ မအံ့ဩတော့ပါ။ စတီးအစစ်သံလက်သီး။

……………………

………………………..

………………………….

……………………
……………………..
………………………

_____________________________

ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

……………………………

6 comments

  • အလင်းဆက်

    July 30, 2012 at 6:34 pm

    ဇာတ်ရှိန်မြင့်နေတဲ ့အပိုင်းတွေမို ့..
    ဖတ်ကြသူအပေါင်း ကြားကြာ မစောင့်ရအောင်…
    ခပ်မြန်မြန်လေး တင်ပေးလိုက်ပါတယ်..ခညာ…။

    ကျေးဇူးတင်ပါတယ် ။

  • မောင်ပေ

    July 30, 2012 at 9:46 pm

    “ စတီးအစစ် သံလက်သီး ” ဆိုတော့
    အသဲကြီးကြီး နဲ ့
    ဆွဲတီးကြတော့မှာပေါ့ဗျာ
    အခုအပိုင်းကို ဖတ်ရတာ တော်တော်လေးရင်ခုန်ရတယ်ဗျို ့
    စိုးရပ် နဲ ့အေမားကို အာစွပ် က တစ်ခါထဲ တန်းသတ်လဲ ရနေတာဘဲနော..

  • shwe kyi

    July 31, 2012 at 9:42 am

    ရင်မောရပါလားတိမ်ယံသစ္စာရယ်။

  • ဦး ဂျစ်

    July 31, 2012 at 9:51 am

    ကျောက်ကပ်ထဲက ကျောက်ထွက်ခန်းလေးက ရယ်ရတယ် .. အနှိပ်စက်ခံရတဲ့သူက
    အော်ရယ် နေတဲ့ အခန်းက ပိုပြီးတော့တောင် ရယ်ရပါသေကောဗျာ …။

  • ကြောင်ကြီး

    July 31, 2012 at 10:00 am

    ရွာထဲ တာလီဘန်တွေ ရှိတော့ဘူး.. သဂျီးမောင်းထုတ်လိုက်ပီ။ ဆောရီးပဲ ယောက္ခမသဂျီးရေ သမီးဒေါ်လေးကို ပြန်မပေးနိုင်တော့ဝူး၊ လိုချင်ရင် ကြောင်ကြီးကို အိမ်ဦးခန်း တင်ထားမှရမယ်။ 😎

  • အလင်းဆက်

    July 31, 2012 at 7:47 pm

    ဦးပေ..နဲ ့ရွှေကြည်..ေ၇..

    နောက်လာမယ့် တစ်ပိုင်းမှာတော့… ရင်တုန်စရာ..စကားလုံးတွေ နဲ ့ဖွဲ ့ထားတဲ ့အပိုင်းကို ေ တွ့ရမှာပါ ။

    အာစွပ် နဲ ့ အေမား..ပြီးတော့.. စိုးရက်ပ်..
    အဲဒီး သုံးယောက်..ဘာတွေ ဆက်ဖြစ်မလဲ.ဆိုတာ….
    မနက်ဖြန်…
    လာမည်….
    မျှော်……………………

    ဦးကြောင်….ရေ သူကြီးတော့ .. စိတ်ဆင်းရဲ နေလောက်ပြီ ။

Leave a Reply