ညီမလေးရေ တစ်ယာက်နဲ့ တစ်ယောက် ပြဿနာဖြစ်ရင် ကြား လူက သည်းခံလိုက်ပါ ၊ စိတ်လျှော့ပါ လို့ ပြောတတ်ကြတာ ညီမလေး လည်း ကြားဖူးမှာပေါ့နော်။တကယ်တော့ သည်းခံတယ်ဆိုတာ လွယ်လင့်တကူ လုပ်လို့ မရနိုင်ဘူး။စိတ်ကို ချုပ်တည်း ထားနိုင်ဖို့ ဆိုတာ လွယ်လင့်တကူကိစ္စတော့ မဟုတ်ဘူး ညီမလေးရယ်။ အကိုကတော့ သည်းခံတာကို ကြံ့ခိုင်တာလို့ ပြောချင်ပါတယ်။သည်းခံနိုင်တဲ့ စိတ်ဆိုတာ ကြံ့ခိုင်ခြင်း မဟုတ်ဘူးလား။
အကိုတွေ့ဖူးတဲ့ ကျောင်းဆရာမလေး ဆို ကလေး တစ်ယောက် မွေးပြီးစအချိန်မှာ ယောက်ျားက ပစ်သွားခဲ့တယ်။ ရင်ခွင်ပိုက်ကလေး တစ်ယောက်နဲ့ မြို့နဲ့ ၄မိုင်လောက်ဝေးတဲ့ ခရီးကို ကလေးကို ကျောလွယ်လို့ စာသင်မပျက်သွားခဲ့တယ် ညီမလေး ။ဘယ်လောက်လေးစားဖို့ကောင်း လိုက်သလဲညီမလေးရယ်။နောက်မိုးဆိုလည်း မိုးကာလေးနဲ့ ဆောင်းဆိုလည်း စောင်တွေဘာတွေနဲ့ ကလေးကို ယုယလို့ သူအလုပ်တာဝန်ကို ခဲရာခဲဆစ် ဆောင်ရွက် ရှာတယ် ညီမလေးရယ်။ဒါဟာကြံ့ခိုင်ခြင်းပဲမဟုတ်လား။
လောကမှာ သည်းခံနိုင်တယ်ဆိုတာ အပြောလွယ်ပါတယ် ညီမလေး။လောကဓံအရိုက်အပုတ်မှာ ဆင်းရဲဒုက္ခကိုရင်ဆိုင်ရတဲ့ အခါမှာလည်း လူဟာ မတုန်မလှုပ်ကြံ့ခိုင်နိုင်တာ၊
ချမ်းသာခြင်းနဲ့ ကြုံတဲ့ အခါမှာလည်း လူဟာ ဘ၀င်မမြင့်ဘဲ မားမားရပ်လို့ မယိမ်း မယိုင်တည်ကြည်တဲ့ စိတ်နဲ့ နေနိုင်ရမယ်လေ။သည်းခံတဲ့ စိတ်ဆိုတာ ဒီအတိုင်းတော့ မရနိုင်ဘူး ညီမလေးရယ်လေ့ကျင့်ယူရပါတယ်။
အကိုဆီကို မိတ်ဆွေတစ်ယောက် ဖုန်းဆက်တယ် ညီမလေး သူဟာ အဖွဲ့ အစည်း တခုကို ဖြစ်စေချင်လွန်းလို့ ကာလကြာအောင်ငွေကုန်ကြေးကျခံ၊ အချိန်ကုန်ခံပြီး
ဆောင်ရွက်ခဲ့တယ်။ အောင်မြင်တော့ နေရာယူချင်လွန်းတဲ့ လူတွေက နေရာယူလို့ သူမှာ တော့ လမ်းပေါ် လှည်း မမောင်းရတဲ့ လမ်းဖို့သူ လှည်းသမားလို ဖြစ်နေတယ်တဲ့
သူရဲ့ ကျေနပ်မူတွေ ဖွင့်ဟလာတယ်။တကယ်တော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အရည် အချင်းဟာ စကားပြောပါတယ်ကွယ်။မစစ်မှန်ရင် တစ်နေ့ လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီး မြင်ရမှာပါလို့ အကိုက အားပေးမိပါတယ်။နောက်တော့ ကြံ့ခိုင်အောင်နေပါ လို့ ပြောမိသေးတယ်။ ဒီနေရာမှာ ကြံ့ခိုင်ခြင်းဆိုတာက အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ပါပဲ ညီမလေးရယ်။
ညီမလေးရေ ရန်ကုန်သူ ဖြူဖြူချောလေး တစ်ယောက်ဟာ နယ်မြို့ က လူဆင်းရဲ တစ်ယောက်နဲ့ အိမ်ထောင်ကျတယ်ကွယ်။ နေရတာက ကွက်သစ်ထဲမှာမိုးဆိုရေတဖွေးဖွေး
နွေဆိုလည်း ဖုန်းတထောင်းထောင်းနဲ့ နေရထိုင်ရတာ ရန်ကုန်နဲ့ဆို မိုးနဲ့မြေလို ကွာခြားပါတယ်ကွယ်။ရန်ကုန်သူလေးက မြွေသိပ်ကြောက်တယ် ။မိုးဆို ရေတစပ်စ်ပမှာ မြွေတွေ ကလည်း ပေါပါဘိသနဲ့။ မြွေတွေ့ရင် ငယ်သံပါအောင်အော်လို့ တကိုယ်လုံး ဆတ်ဆတ်တုန်လို့ ။ကာလကြာတော့ အကို မထင်မှတ်ဘဲ မြွေတစ်ကောင်ကို ရန်ကုန်သူလေးက ရိုက်သတ်နေတာ မြင်မိတယ်။ နေရာသဘာဝပေါ်မှာ နေတတ်သွားတာ လား ၊ ဖြစ်တည်မူပေါ်မှာ ကြံ့ခိုင်ရဲဝံ့သွားတာလား ညီမလေးရယ် ရန်ကုန်သူလေး မြွေတွေ့ရင် မအော်တော့ ဘူး သူဟာ သူ့ရဲ့ ဘ၀ကို နားလည်ပြီး သည်းခံနိုင်ခဲ့ပြီလို့ အကို ထင်မိပါတယ်။
ညီမလေးရေ လောက မှာ ဖြစ်တည်ရတဲ့ ဘ၀တစ်ခုဟာ ကံကြမ္မာ ရဲ့ စေစားရာပေါ်မှာ သွားနေရတာပါ။ ကိုယ်ဖြစ်ချင်တဲ့ ဘ၀ကို မဖြစ်ဘဲ ဖြစ်လေရာ ဘ၀မှာ ဘယ်လို အကောင်းဆုံး နေထိုင်မလဲဆိုတဲ့ စိတ်နဲ့ ကိုယ့်တရား ကိုယ်မှတ်လို့ ကိုယ်စိတ်ကိုယ်စစ်လို့ သည်းခံနိုင်ခြင်းဟာ အရည် အချင်းလို့ အကို ဆိုချင်ပါတယ်ကွယ်။စိတ်ကိုလေ့ကျင့်မထားရင် သည်းခံနိုင်ဖို့ မလွယ်လှပါဘူး ဒါကြောင့် ညီမလေးလည်း စိတ်ကို လေ့ကျင့် ပါနော်။ကိုယ့်စိတ်ကို ကိုယ်ပဲ စစ်ဆေးလို့ ကြံ့ခိုင်မူကို ကြိုးစား ထုဆစ်ပါကွယ်။
အကိုဆီကို ရုံးဝန်ထမ်း အမျိုးသမီးလေး တစ်ယောက်က ဖုန်းဆက်လို့ ရင်ဖွင့်တယ် ညီမလေး။ လူတွေကို သူမုန်းတယ်တဲ့ သူကို ပဲ ပြိုင်နေကြတယ်။သူ့ရဲ့ အောင်မြင်မူကို မနာလို ဖြစ်နေတယ်တဲ့ သိပ်စိတ်ညစ်တာပဲတဲ့ ညီမလေးရယ်။မနာလိုတဲ့ စိတ်ဆိုတာ ဖယ်ရ ခက်ပါတယ် ပါးအောင် လုပ်ဖို့ လည်း ခက်ပါတယ်။မနာလို စိတ်ဝင်လာတဲ့ လူတစ်ယောက်အဖို့ အရှုံးနဲ့ရင်ဆိုင် ရပြီပဲ။ ၀ါးပင်မှာ ၀ါး သီးရင် အဲ့ဒီဝါးကို ၀ါးသုဉ်းလို့ ခေါ်ရမယ် ။ သုံးမရတော့ ဘူး ညီမလေး။ ဒီလိုပါပဲ လူတစ်ယောက်ရဲ့ ရင်ထဲကို မနာလို စိတ်ဝင်လာရင် အဲ့ဒီလူပဲ စိတ်ပင်ပန်း လို့ စိတ်အနာတရ သူပဲ အရင်ရတာပါ ။တဖက် မနာလိုခံရသူကတော့ ဘာမှ မဖြစ်ပါဘူး။ဒါကြောင့် ညီမလေးလည်း မနာလို စိတ် မစ္ဆရိယစိတ်ကို ပယ်သတ်နိုင်အောင် ကြိုးစားကြည့်ပါနော်..ညီမလေး။ စိတ်ထဲ ကြေကွဲ လို့ စိတ်ထဲလောင်မြိုက်လို့ စိတ်တစ္ဆေကခြောက်နေရတဲ့ ဘ၀ကို အကိုတော့ မုန်းမိတယ် ညီမလေး။
ညီမလေးရေ တစ်ယေက်နဲ့ တစ်ယေက် ချစ်ကြ ကြိုက်ကြ သံယောဇဉ်တွေ ရှည်ကြာပြီးမှ ကွေကွင်းလို့ ကိုယ်ကိုကိုယ် အဆူံးစီရင် ခဲ့သူတွေ အကြောင်း ညီမလေး ကြားဖူးမှာပေါ့နော်။ဒါဟာ စိတ်မခိုင်လို့ပါပဲ။တခါကပေါ့ ညီမလေး အမျိုးသမီးလေး တစ်ယောက်ဟာ အကိုဆီရောက်လာတယ်။ လာနုတ်ဆက်တာပါတဲ့။ အကိုကတော့ ခရီးဝေးတစ်ခုကို သွားမှာမို့ ဆရာသမားကို လာနုတ်ဆက်တာပဲလို့ ထင်မိတယ်။ တကယ်တော့ ကောင်မလေး ခမျာမှာ ချစ်သူရဲ့ စွန့်ပစ်ခံလိုက်ရလို့ ကိုယ့်ကို ကိုယ် အဆုံး စီရင် မယ်တဲ့ ညီမလေးရယ် ။အကို က ဖြစ်ကြောင်းကုန်စင်မေးကြည့်တော့ တဖက်က ကောင်လေးက အသစ်တွေ့သွားလို့ စွန့်လိုက်တာပါ။ အကို က ကောင်လေးကို
သေချာ သဘောပေါက်အောင်ပြောပြလို့ နားချ ခဲ့ရတယ်။သူတို့နှစ်ယောက်တော့ နောက်တော့ အဆင်ပြေမူရသွားခဲ့ကြတယ် ဒါတွေဟာ စိတ်မခိုင်သူတွေ ၊ သည်းမခံနိုင်သူတွေရဲ့ ဖြစ်ရပ်တွေပါ။ အကိုကတော့ ညီမလေးကို စိတ်ဓါတ်ရင့်သန်သူအဖြစ် ၊ သစ္စာကြီးသူအဖြစ် ပဲ မြင်ချင်မိပါတယ်။
အမျိုးသမီးလေး တစ်ယေက်ကတော့ ချစ်သူနဲ့ ကွေးကွင်း လို့ သောကဖြစ်ပြီး နာမကျန်းတောင်ဖြစ်တယ်တဲ့ ။ ဖျားနာနေစဉ်မှာ အမျိုးသမီးလေးကတွေးတယ်။
သူ့ချစ်သူဟာ ချမ်းသာတဲ့ အမျိုးသမီးလေးကို ယူခဲ့တာဟာငွေ မက်လို့ပဲ။ သူလည်း အရည် အချင်းရှိလို့ ငွေကြေး ချမ်းသာရင် လောက ကို ရဲရဲရင်ဆိုင်နိုင်မယ်ဆိုတဲ့ အတွေးကို ရခဲ့တယ် ဆိုပဲ။ ဒီလို လွမ်းနေ ခံစားနေမယ့် အစား မချစ်မနှစ်သက်သူကို မေ့လိုက်ပြီး အကျိုးရှိတဲ့ ဘ၀တခုကို ထူထောင်မယ် ဆိုပြီး အားတင်းလို့ တကယ်ပဲ ကြိုးစားလိုက်တာ အောင်မြင်သူတစ်ယောက် ဖြစ်ခဲ့တယ်လေ။
ညီမလေးရေ လေက စာမျက်နှာမှာ လူတွေဟာ ကြေကွဲခြင်း အလို မပြည့်ခြင်း သောကတွေနဲ့ ခရီးဆက်နေရတာပါ။ဒီနေရာမှာ အနိုင်မခံအရှုံးမပေးတဲ့ စိတ် ကြံ့ခိုင်နိုင်တဲ့ သတ္တိထူးကိုမွေးမြူးနိုင်မယ်ဆိုရင် သောက မျက်ရည်တွေနဲ့ ဝေးမယ်လို့ အကို ထင်ပါတယ်။ညီမလေးလည်း ထူးခြားတဲ့ အရည် အရည်သွေး ကြံ့ခိုင်တဲ့ စိတ် သတ္တိထူးကို မွေးမြူ
နိုင်ပါစေလို့ အကို ပြောချင်ပါတယ်ကွယ်။လောက အလယ်မှာ သည်းခံတတ်သော တောက်ပ မျက်ဝန်းများနဲ့ အလှဆုံးပြုံးပါ ညီမလေး။

About htet way

has written 133 post in this Website..