Flower Gift Shop

အမည်လေးနဲ့ မန္တလေးမြို့ဈေးချိုတော်နဲ့ မနီးမဝေး ၂၂လမ်းပေါ်မှာဖွင့်ထားတဲ့ မွေးနေ့များ၊ ချစ်သူများနေ့အတွက် လက်ဆောင်များ စသည်ဖြင့် ပန်းတွေကို အလှဆင်ထိုးပေးတဲ့ ဆိုင်လေးတဆိုင်ရဲ့အမည်လေးပါ။ ဆိုင်အနေအထားက ၁၅ ပေ ပတ်လည်လောက်ရှိပေမယ့် အခန်းအတွင်း လှလှပပ ပြင်ထား တဲ့ စင်လေးများ နဲ့ ခုံလေးတွေကို ဒီဇိုင်းဆန်းကျယ်ပြုလုပ်ပြီး ပန်းခြောက်၊ ပန်းအစို မျှသစွာထားခြင်းနဲ့ လေအေးပေးစက်တပ်ဆင် ထားမှု့ကြောင့် ပန်းအစို (သဘာဝပန်း) များလည်း လန်းဆန်းနေသလို လာရောက်ကြသည့် Customer ( စားသုံးသူ၊ဖောက်သည်) များလည်း သက်တောင့်သက်သာ   အေးအေးဆေး ရှိတဲ့ဆိုင်လေးပါ။ လမ်းမ ကနေဖြတ်သွားသူတိုင်း ဆိုင်ထဲကိုမြင်နိုင်တဲ့ မျက်နှာစာမှန်များဖြင့်တပ်ဆင်ဖန်တီးထားပြီး လူဝင်ပေါက်ကိုလည်း မှန်တံခါးတပ်ထားခြင်း သည်လည်း ဆိုင်ကိုပိုပြီးသစ်လွင်စေပါတယ်၊ ညဆိုင်ပိတ်ရင်တော့ မှန်တံခါး၊ မှန်မျက်နှာပြင်ရဲ့အရှေ့ အလျူမီနီယံလိပ်တံခါးတထပ်ချ၍ ပိတ်ထားပါတယ်။ ဒါကအဲဒီဆိုင်လေးရဲ့ပုံစံလေးပါ။ ဆိုင်မှာတော့ ပိုင်ရှင် ထွန်းထွန်းစံ(မာမီစံ) နဲ့ အကူဝန်ထမ်းတစ်ဦးသာရှိကြပါတယ်။

ကျွန်တော်တို့ကုမ္မဏီအခမ်းအနားတွေကို မန္တလေးက  Hotel Mandalay  ဟိုတယ်မှာပြုလုပ်တဲ့အခါ စင်မြင့်ပေါ်ပန်းအလှပြင်ဖို့ အလှပြင်တတ်သူကို ရှာတုံးက အဲဒီဟိုတယ်မန်နေဂျာက အဆက်အသွယ်ပြုပေးရင်းနဲ့ မာမီစံကိုသိခဲ့ရတာပါ။ နောက်ပိုင်း မွေးနေ့အမှတ်တရ လက်ဆောင်ပေးချင်တဲ့အခါ သွားဖြစ်ရင်း ခင်မင် ခဲ့ကြတာပေါ့။ အခုလည်း အဲဒီဆိုင်လေးကို အသိမိတ်ဆွေတစ်ယောက်ရဲ့လုပ်ငန်း၏ ရုံးခန်းဖွင့်ပွဲအတွက် အမှတ်တရပန်းခြင်းလေးတစ်ခု လုပ်ပေးဖို့သွားဝယ်ရင်း မာမီစံက ပန်းခြင်းလေး တစ်ခုဖန်တီးပေးနေတာ စောင့်နေတုံး မာမီစံရဲ့ သူကြုံခဲ့ရတဲ့အကြောင်းလေးတစ်ခုကို ပန်းခြင်းလေး အလှဖန်တီးရင်း ပြောပြနေတာကို နားထောင်ခဲ့ရပါတယ်။ မာမီစံက သူဇတ်လမ်းလေးကိုပြောပြလိုက် တစ်ခါဈေးဝယ်လာလိုက် ရောင်းပေးလိုက်၊ ပန်းစည်းလေးတွေကြားဖြတ်ဖန်တီးပေးလိုက် ဆက်ပြောလိုက်နဲ့ပေါ့။ အဲဒီသူအကြောင်း ဇာတ်လမ်းလေးကို ပြန်ပြောရမယ်ဆိုရင်ဖြင့်——။

တစ်ညနေမှာ မာမီစံစဉ်းစားမိတာက အများဆုံး လူငယ်၊လူရွယ် အမျိုးသား၊ အမျိုးသမီး လာရောက်ပြီး မွေးနေ့အမှတ်တရ လက်ဆောင်ပန်းစည်းလေးတွေ၊ ချစ်သူတွေ တစ်ဦးနဲ့တစ်ဦး အမှတ်တရပေးဖို့ လာလာမှာပြီ သူများတွေမွေးနေ့အတွက် Happy Birthday လက်ဆောင်ပန်းစည်းလေးတွေ လုပ်ပေးနေရတာ မနက်ဖြန် ငါ့မွေးနေ့ကျဘယ်သူမှ လက်ဆောင်ပန်းစည်းလာပေးမှာမဟုတ်ဘူး အဲဒီတော့ ကိုယ်ဖာသာ ပြန်ပြီးလက်ဆောင်ပန်းစည်းပေးရင်း ပျော်လိုက်မယ် ဆိုတဲ့အတွေးနဲ့ ည ၈ နာရီဆိုင်ပိတ်ချိန်ပြီး အကူဝန်ထမ်းလေးပြန်ခိုင်းလိုက်ပေမယ့် မာမီစံတစ်ယောက် ဆိုင်မပိတ်နိုင်သေးဘဲ ကိုယ့်မွေးနေ့အတွက် အလှဆုံးပန်းစည်းလေးဖန်တီးနေလိုက်တာ ည ၁၀ နာရီကျော် လောက်မှစိတ်တိုင်းကျ ပန်းစည်းလေးတစ်ခုပြီးသွားတယ်၊ ဒါနဲ့ပန်းစည်းလေးမှာ Happy Birthday to You လို့စာတမ်းပါ ဒီဇိုင်လေးဆွဲပြီး ဆိုင်ရှေ့ မျက်နှာစာ မှန်ပြင်လေးမှာ တိတ်ကလေးနဲ့ကပ်ခဲ့လို့  မီးခလုပ်တွေစစ်၊ ၀င်ပေါက်မှန် တံခါးကို သော့ခတ် ၊ အလျူမီနီယမ်လိပ်တံခါ ဆွဲချပိတ်ပြီး အိမ်ပြန်ခဲ့တာပေါ့။ အိမ်ပြန်ရင်းနဲ့လည်း မနက်ဖြန် ခါတိုင်းဆိုင်သွားချိန်ထက် ခပ်စောစောလေးထွက်ပြီး ဆိုင်ရောက်လို့ အလျူမီနီယမ်လိပ်တံခါးလေး ဖွင့်ပြီးတွန်းတင်လိုက်လို့ မှန်မှာကပ်ထားတဲ့ မွေးနေ့လက်ဆောင် ပန်းစည်းလေး မြင်လိုက်ရင် ထအော်ပြီးပျော်လိုက်မယ်ပေါ့ စသည်ဖြင့် စိတ်ကူးလေးနဲ့တွေးပြီး မာမီစံတစ်ယောက်  ပျော်နေတယ်လေ။

နောက်တစ်နေ့မနက် ၆ နာရီလောက်ကထဲက မာမီစံတစ်ယောက် သူ့ဆိုင်လေးဆီကို အိမ်ကစောစောလေး ကားလေးမောင်းလို့ ထွက်ခဲ့ပြီး၊ ဆိုင်ရှေ့နား မောင်းလာတဲ့ ကားလေးရပ်လိုက်ရင်ဘဲ “ ဟောတော့ ၊ အရှေ့ကလိပ်တံခါးကြီးက ဘာလို့ဒူးဆစ်လောက်ဟနေတာလဲ၊ အမလေး အမလေး ငါဟာလေးတွေတော့ ကုန်ပါပြီ ကုန်ပါပြီ ´´ လို့ အော်ကာပြေး၍ လိပ်တံခါးလေး ကဗျာကရာ နည်းနည်းတွန်းတင်ပြီး ၀င်ပေါက်မှန်တံခါးကို တွန်းကြည့်၊ဆွဲကြည့် ဖွင့်မရတော့မှ အထဲကိုခြေရာလက်ရာပျက်နေသလား မှန်ကနေချောင်းကြည့်  ခြေရာလက်ရာမပျက်၊ တံခါးလည်းသော့ခတ်ထားလျှက်ဘဲဖြစ်တော့မှ ခဏလေး စိတ်ငြိမ်အောင် ရပ်နေခဲ့မိတယ်။ ပြီးမှ မွေးနေ့ပန်းစည်းလေးကိုသတိရပြီး ဆိုင်ဘက်ကိုပြန်လှည့်ကာ “ Happy Birthday ´´ လို့အော်လျှက် ကပ်ထားတဲ့ ပန်းစည်း လေးကိုလှမ်းအကြည့်မှာ ပန်းစည်းလေးနေရာမှာ စာရွက်လေးတစ်ရွက် အစားထိုးဝင်ရောက်ကပ်ထားတာကိုဘဲ တွေ့လိုက်တယ် ဆိုရင်ဘဲ မာမီစံတစ်ယောက် “ ဟောတော့——´´ ဆိုပြီး စာရွက်လေးမှာ ရေးထားတဲ့ စာကိုဖတ်ဖို့ စာရွက်အနီးတိုး၍ ဖတ်လိုက်တယ်။ စာမှာရေးထားတာက ———။

( ဆက်ရေးရင်ကောင်းမလား၊ အခုခေတ်က အပိုင်းဆက်တွေ ဇာတ်လမ်းတွဲတွေ ခေတ်စားနေတာဆိုတော့ ——၊ မနက်ဖြန် ဇာတ်သိမ်း( မဟုတ်ပါဘူး စာသိမ်း) ရေးပေးပါမယ်လို့။)

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

 

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..