အခုတလော ရာသီဥတုက မိုးအေးအေးလေးမို့ ဟင်းရည်ပူပူလေး သောက်ရတာ ခံတွင်းတွေ့တဲ့ ရာသီဖြစ်ပါတယ်။
ဈေးထဲမှာလဲ ငါးတွေ ပေါနေချိန်မို့ ငါးဆန်လှော်ဟင်း ချက်သောက်ရတာ အဆင်ပြေလို့ ကျွန်မ ချက်စားဖြစ်တဲ့ ငါးခူ ဆန်လှော်ဟင်းကို ချက်ပြလိုက်တယ်နော် …

အငွေ့တထောင်းထောင်းထနေတဲ့ ဆန်လှော်ဟင်းရည်

ဆန်လှော်ဟင်းချက်ဖို့ ဆန်ကို ကိုယ်တိုင်လှော်ပြီး မညက်တညက်ကြိတ်ပါတယ်။ အရသာပိုကောင်းစေဖို့အတွက် ကျွန်မကတော့ ရှမ်းဆန်ကိုသုံးလိုက်တယ်။ ရှမ်းဆန် နို့ဆီဗူးတစ်ဝက်ခန့်ကို အရောင်ရဲလာသည်အထိ မီးအေးအေးနဲ့ စိတ်ရှည်ရှည်လှော်ပါတယ်။ ပြီးနောက် အမှုန့်ကြိတ်စက် သို့မဟုတ် ငရုတ်ဆုံထဲထည့်ပြီး ထောင်းရပါမယ်။ ရေနွေးပွက်ပွက်ဆူအောင် တည်ထားတဲ့အိုးထဲကို ဆန်ထောင်းပြီးသားထည့်ပြီး ပြုတ်ပါတယ်။ အဲဒီအချိန်မှာ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူကို ထောင်းတယ်။ ငါးခူအကောင်သေးသေး ၁၅ ကျပ်သားလောက်ကို သေချာသန့်ရှင်းအောင် ဆေးကြောပြီး ဆား ဆနွင်းနဲ့ ငံပြာရည်အနဲငယ်တို့ဖြင့် နယ်ထားပါမယ်။ စပါးလင်း ဂျင်း ကြက်သွန်ဖြူထောင်းထားတာကို ဆီအနဲငယ်ဖြင့် မွှေးနေအောင် ဆီသတ်ပြီး ငါးကိုအကောင်လိုက်ထည့်လိုက်ပါတယ်။ ဆန်လှော်ပြုတ်အိုး ပွလာတဲ့အခါမှာ ငါးဆီသတ်တာထည့်ပြီး အပေါ့ အငံ အဆင်ပြေအောင်လုပ်ပါတယ်။ သိပ်မချိုဘူးထင်ရင် ခနောကြက်သားမှုန့် နဲနဲထည့်ရပါမယ်။ ကြက်သွန်နီအသေးလေးတွေကို လေးစိတ်ကွဲလှီးထည့်ပြီး သောက်ခါနီးမှာ ငရုတ်ကောင်းခပ်ပြီး သောက်နိုင်ပါတယ် …

ဆန်လှော်ကြောင့် ဆန်ပြုတ်လိုအရသာရယ်၊ စပါးလင်ဂျင်းတွေကြောင့် မုန့်ဟင်းခါးလို အနံ့ရယ်ကြောင့် မိုးအေးအေးမှာ အလွန်သောက်လို့ကောင်းပါကြောင်း …..

About weiwei

weiwei has written 367 post in this Website..

မဂၤလာပါ ....