ဖွင့်ဆိုရှင်း…အိမ်စာ

ムラカミAugust 1, 20128min34314

 

၁။ ဘာမှ မပြင်မဆင်ရသေးတဲ့ ကင်မလာထဲက ထွက်ကျလာတဲ့ RAW file

ဖြစ်ပါတယ်..။ နည်းနည်း Under ဖြစ်နေသလို highlight နဲ့ mid tones တွေ

ပြေပြစ်မှုမရှိနေပါဘူး … ဒါကြောင့် ကျနော် Digital Photo Professional Module

သုံးပြီး နည်းနည်း ချိန်ညှိကြည့်ပါမယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂။ ပထမဆုံးအနေနဲ့ Sharpness ကို တင်လိုက်ပါတယ်… ။ သည်လိုလုပ်လို့

မျက်နှာပေါ်က အရေးအကြောင်းတွေ ပို ထင်မလာဘူးလား မေးစရာ ရှိပါတယ်..။

ဟုတ်ကဲ့… ကျနော် Structure ပိုင်းကို ထင်ရှားပေါ်လွင်စေချင်လို့ သည်လို

လုပ်ခဲ့တာပါ ..မျက်နှာ အရေးအကြောင်းကို နောက်မှ ပြန် ရှင်းပါမယ်။

ဒုတိယတခုအနေနဲ့ .. histogram ကို S-Curve ထွက်အောင် contrast တင်ပါတယ်.

mid tone နည်းနည်းချပါတယ်…။ နောက်ဆုံးအနေနဲ့ exposure ကို +1 Stop

တင်လိုက်ပါတယ်။ Correct Exposure ရသွားပြီလို့တော့ ယူဆတာပါပဲ (အထင်)

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၃။ တတိယမြောက် tab ထဲက နည်းနည်း ကလိ စရာရှိတာလေးတွေ သွားကလိ

လိုက်ပါဦးမယ် .. အလင်းအမှောင် ခြားနားမှု ဆိုတဲ့ နေရာမှာ ကျနော် Low ပဲထား

လိုက်ပါတယ်..။ စူးရှတဲ့ အလင်းတွေ တွေ့ရလို့ပါ…။

အောက်ဘက်က panel ကတော့ noise reduction အတွက် သုံးတာပါ…(သိပ်မသိသာပါ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၄။ ကျနော် ပြင်ပြီးသား RAW file ကို *.tiff format နဲ့ သိမ်းပါတယ်..။

Resolution ကတော့ 200px ပါ ..။ မူလ RAW ကိုတော့ Save မလုပ်ဘဲ

သည်အတိုင်း (ကင်မလာကထွက်တဲ့ မူရင်းအတိုင်း)သာ ထားပါတယ်။

*.jpeg မသုံးရတဲ့ အကြောင်းပြချက်ကတော့ ကျနော့် ပိုစ့်အဟောင်းတခုဖြစ်တဲ့

Lost in Post-Production မှာ ရေးထားပါတယ်…။

https://myanmargazette.net/138521/computers-technology

ကျနော် 8-bit image ထက်စာရင် 16-bit image ကို သုံးစွဲဖို့ ပို နှစ်သက်လို့ပါ။

(*.tiff ဟာ 16bit ဖြစ်ပါတယ်)

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၅။ *.tiff file ကို ကျနော် Photoshop CS5 သုံးပြီး တို့ပါမယ်။

ဟုတ်ကဲ့ ခိုးသုံးနေတာပါ …သဂျီး ရေစာ ကပ်လိုက်လို့ မမြင်ရတော့လို့ပါ…

Desktop ပေါ်က taskbar ညာဘက်ထောင့်ကို ကြည့်ရင် ..ကျနော်

internet connection ဖြတ်ချပစ်လိုက်တာ တွေ့ရမှာ ဖြစ်ပါတယ်…။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

၆။ ဒါ ကျနော့် Photoshop workspace ဖြစ်ပါတယ်..

ညာဘက်ခြမ်းက လိမ္မော်ရောင် ခေါင်းစီးနဲ့ panel ဟာ

ကျနော် ထည့်သွင်းထားတဲ့ Nik Plug-in ဖြစ်ပါတယ်။

Nik ကိုနည်းနည်း ကြော်ငြာ ဝင်ပါရစေ..။

LexJet Corporation က ထုတ်လုပ်တဲ့..Photo Editing Software တစ်မျိုးဖြစ်ပါတယ်

သူဟာ Adobe Photoshop Adobe Lightroom စတာတွေမှာ Plug-in အနေနဲ့

သုံးစွဲနိုင်ပါတယ်။ သူ့အောက်မှာမှ

  • Color Efex Pro™ 
  • HDR Efex Pro™
  • Silver Efex Pro™ 
  • Viveza®
  • Dfine® 
  • Sharpener Pro™

ဆိုပြီး Module အခွဲ ၆ ခု ပါဝင်နေပါတယ်..။

http://www.niksoftware.com/index/en/entry.php

တခုကို ဒေါ်လှ ၁၀ဝ မို့ အကုသိုလ်အဖြစ်ခံပြီး ခိုးသုံးနေတာပါ..။

(Adobe ရော ဝယ်ထားတာ ကျနေတာပဲ ..)

😀

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၇။ ပထမဆုံးအနေနဲ့ ကျနော် Cropping ချချင်ပါတယ်။

နည်းနည်း ပိုနေတယ် ယူဆတဲ့ space တွေကို ဖြုတ်ချချင်လို့ပါ…။

ကျနော် နှစ်သက်တဲ့ taste က ultra-wide မဟုတ်ရင် tight-cut ဖြတ်ရမှ

စိတ်ကျေနပ်မှု ရပါတယ်…။ အခုလည်း …tight-cut ဖြတ်ကြည့်ပါမယ်။

tight-cut ဖြတ်ဖို့အတွက် စတေးရတဲ့ အစိတ်အပိုင်းတွေအတွက်

နှမျောစရာတွေ ပါတတ်/ရှိတတ်ပေမယ့် .. စိတ်ပိုင်းဖြတ်ပီးမှ မဖြတ်ရင်

ဖြတ်ဖြစ်တော့မှာ မဟုတ်ပါဘူး..။ သည်နေရာမှာ Design Zen အယူအဆလေး

နည်းနည်း မိတ်ဆက်ချင်ပါတယ်.. ။ အနောက်တိုင်းက Design ဆြာတွေနဲ့

မတူတဲ့ အယူအဆပါ…။ ဘောင်တခုအတွင်းကို ဘာဖြည့်မယ် ဆိုတာကို

အခြေပြု စဉ်းစားတာ မဟုတ်ဘဲ ..အဆိုပါ ဘောင်တခုအတွင်းမှာ Space

ဘယ်လိုချန်မလဲ ဆိုတာ စဉ်းစားတဲ့ မူကွဲ နည်းစနစ် တခုဖြစ်ပါတယ်။

မူရင်း အလျားအနံ မပျက်အောင်တော့ Front image checkbox ကို on

ခဲ့ပြီးမှ ဖြတ်ပါတယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၈။ ပထမဆုံး ပြုပြင်မှု အနေနဲ့ ကျနော် Color Efex Pro™ ရဲ့ Dynamic Skintone

Softener ကို စသုံးပါတယ်။ RAW မှာတုန်းက Sharpness တင်ထားတဲ့အတွက်..

ပေါ်လာမယ့် အရေးအကြောင်းတွေ ကို လျှော့ချဖို့အတွက် နဲ့ အသားအရည်

ဝင်းမွတ် ညက်ညော သွားဖို့အတွက်ပါ …။

Color Reach ကို လိုချင်သလောက် (~30%) ဆွဲတင်ပြီး

Small Details

Mid Details နဲ့

Large Details ကို ကစားပါတယ်…

(ဘယ်လောက်ဟာ မူသေ ဆိုပီး မရှိပါ… ပုံရဲ့ အလင်းအမှောင် အနေအထားကိုလိုက်ပြီး

ကွာမှာ ဖြစ်ပါတယ်။)

(သည်ပိုစ့်အတွက် ပုံတွေကို ကျနော် PNG format နဲ့ တင်တာပါ … resolution

လျှော့ချပစ်ပီး ..ကွဲပြားမှု ကို မသိသာအောင် မစတဲ့ သဂျီး ဆာဗာ ကို မေတ္တာဝိုင်းပို့ကြပါ)

😛

ဆက်ရရင် .. အခု သုံးတဲ့ filter ရဲ့ effect ကို အရေပြား မဟုတ်တဲ့ နေရာတွေမှာ

မဝင်အောင်လို့ ၁ပုံလုံးစာ apply လုပ်တဲ့ feature မရွေးဘဲ ..Paint feature ကိုရွေးခဲ့ပါတယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

၉။ Nik Software ရဲ့အလုပ်လုပ်ပုံအရ သူဟာ Layer အသစ်တခုအနေနဲ့ အပေါ်က အုပ်

ပါတယ်။ မူလလက်ဟောင်း .tiff file ရဲ့ contents ဟာ lock လုပ်ထားတဲ့ background layer

အနေနဲ့ ကျန်နေခဲ့ပါတယ်။ သည်အဆင့်ဟာ အချိန် အလွန်ပေးရတဲ့ အဆင့်ဖြစ်ပါတယ်..

Paint Brush နဲ့ ..အရေပြား နေရာတွေ သက်သက် လိုက်လံခြယ်မှုန်းရတာဖြစ်လို့ပါ…

မှားရင်ပြန်ဖျက် ပြန်ဆေးခြယ် နဲ့ ..အတော်လေး သပ်သပ်ရပ်ရပ် လုပ်ရတဲ့ အလုပ်ဖြစ်ပါတယ်

(ငါအပြားကြီးနဲ့ PC ကို remote ပြန်လုပ်ပြီး တို့ရင်တော့ အတော် သက်သာပါကြောင်း..)

တကယ်တော့ သည်ပုံဟာ ကျနော် စိတ်ကြိုက် ပြင်ပြီး တင်ပြီးသား ပုံပါ.။ ပူလို့ စောစော

နိုးနေတုန်း.. tutorial အနေနဲ့ ပြန်တင်မယ် စိတ်ကူးလို့ ..အစအဆုံးခပ်သော့သော့

ပြန်လုပ်ထားတာဖြစ်ပါတယ်။ (တကယ်တမ်း တို့ကြကြေး ဆို သည်အဆင့်မှာ အနည်းဆုံး

အချိန် ၂နာရီလောက် သုံးသင့်တာပါ)

တို့တဲ့နေရာမှာ ..ကျနော် မျက်လုံးနေရာတွေ Sharpness ကျမှာ စိုးရိမ်လို့

တမင်ချန်ထားခဲ့ပါသည်…။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၀။ ဒုတိယ အလွှာ အနေနဲ့ ကျနော် Nik Software ရဲ့ Glamour Glow Filter ကို သုံးပါတယ်။

အရေပြား ဝင်းမွတ် တောက်ပြောင်ဖို့ အတွက်ပါ။ သူ့ရဲ့ အဓိက အသုံးဝင်တဲ့ feature ကတော့

blur ဖြစ်ပါတယ်။ အရေပြားပေါ်က အလင်းရောင် ဟာ highlight, midtone နဲ့ shadow color

တွေ အချိုးညီညီ ပေါင်းစပ်ပါဝင်ဖို့ ပြေပြစ်စွာ ကူးလူးနိုင်ဖို့ အရေးကြီးပါတယ်။

စိတ်ကြိုက်ချိန်ညှိပြီးရင်တော့ .. အပေါ်က အဆင့်နည်းတူ Paint ကိုပဲ ရွေးပြီး ထွက်ခဲ့ပါတယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၁။ နောက်ထပ် အချိန်ပေးရတဲ့ အဆင့် တခုဖြစ်ပါတယ်..။ (ခပ်သော့သော့ ခြယ်ထားပါတယ်)

သည်အဆင့်မှာ မျက်လုံးတွေကိုပါ ခြယ်လိုက်ပါတယ်… ။ ဘာကြောင့်လဲဆို ..မူရင်းပုံထဲမှာ

မျက်စိ အဖြူသားပေါ်က သွေးကျော နီတွေပါ အတန်းလိုက် မြင်နေရလို့ ဒါကို မလိုချင်လို့

မှိန်ချင် ဖျော့ချင်တာ ဖြစ်ပါတယ်။ မျက်တောင်မွေးတွေ နဲ့ ..မျက်လုံးရဲ့ sharpness ကျ

သွားပေမယ့် .. ဒါကို နောက်ပိုင်းမှာ ပြန်လည် recover လုပ်ယူပါမယ်..။ ခုတော့ မလိုသည်များ

ကို ဖျောက်ပစ်ပါမည်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၂။ Nik Software ရဲ့ နောက်ထပ် နာမည်ကျော် filter တခုဖြစ်ပါတယ်။

Pro Contrast ဖြစ်ပါတယ်။ Landscaper တွေ အသုံးအလွန်များတဲ့ filter အမျိုးအစားဖြစ်ပြီး

ကျနော်မကြာခန သုံးဖြစ်တဲ့ filter ဖြစ်ပါတယ်။ အလင်းအမှောင်ရော အရောင်အသွေး contrast

ကိုပါ ချိန်ညှိနိုင်လို့ .. dynamic range ကို ဆွဲချဲ့နိုင်တဲ့ filter အမျိုးအစား ဖြစ်ပါတယ်။

သည် filter ကို ပိုင်နိုင်ရင် pseudo-HDR Images တွေ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။

Nik Software ကပဲ ထုတ်တဲ့ Snapseed App မှာလည်း Ambiance Feature အနေနဲ့

အလားသဏ္ဍာန်တူ effect ကို ရရှိနိုင်ပါတယ်။ Portrait ဖြစ်ပေမယ့် သည် Filter ကို ဘာလို့

သုံးသလဲ မေးရင်တော့ ..ကျနော် Subject ကို Background ကနေ ဆွဲထုတ်ချင်တဲ့အတွက်

(ဝါ) လူပုံ ကြွ လာစေဖို့အတွက် သုံးတယ် လို့ ဖြေပါရစေ။

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၃။ သည်အဆင့်ကတော့ အထက်က Pro Contrast လုပ်တားတဲ့ layer ကို dublicate

လုပ်တာ ဖြစ်ပါတယ်။ .. shortcut ကတော့ Windows မှာ Ctrl+J ဖြစ်ပြီး Mac မှာ

Command+J ပါ..။ သည်လိုလုပ်ရတာ အကြောင်းရှိပါတယ်။ အဲ့ဒါကို အဆင့် ၁၄မှာ

ဆက်ပြောပါ့မယ်။

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၄။ ကျနော် သည် layer ကို Blending mode ပြောင်းလိုက်ပါတယ်။ Softlight ပါ။

ဘာကြောင့်သည်လိုပြောင်းရသလဲဆို ..ထပ်လိုက်တဲ့ ပုံရိပ်ရဲ့ tones တွေ ပိုကြွလာဖို့

ဖြစ်ပါတယ်။ Histogram ကိုဖွင့်ပြီး အဲ့သည့်က လက်တံလေးတွေကို သွားကလိရင်လည်း

ရပေမယ့် ..layer တွေကို တစ်ထပ်ချင်းစီ သပ်သပ်စီ ထားချင်လို့ … Softlight

blending mode ကိုသုံးလိုက်တာပါ။ အဲ .. သည် effect ဟာနည်းနည်း များသွားတယ်ထင်လို့

.. Opacity ကို 60% အထိ ချလိုက်ပါတယ်။ Layer ၁ထပ်ချင်းစီထားရှိရခြင်းရဲ့ အားသာချက်

ဟာ အဲ့ဒါပဲ ဖြစ်ပါတယ်…။ မသေချာရင် နည်းနည်း effect ကိုပိုတင်ပါ။ ပြီးမှ Opacity ကို

လိုသလို ကစားပါ…။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁၅။ သည်အဆင့်မှာ ကျနော် Nik Software ရဲ့ အခြားသော feature တခုဖြစ်တဲ့

Dfine® ကို သုံးပါမယ်။ သည် feature ဟာ Noise ကို သတ်တဲ့ လက်နှက်ကောင်းတခု

ဖြစ်ပါတယ်။ Contrast Noise ရော Color Noise ကိုပါ Sharpness မကျစေဘဲ

လျှော့ချနိုင်တာမို့ …အခြားသော Plug-In တွေ သုံးစွဲလာရာကနေ သည် Feature

ကိုပဲ ကျနော် စွဲစွဲမြဲမြဲ သုံးစွဲလာဖြစ်ခဲ့တာပါ…။ သည်အဆင့်ဟာ Measuring Noise

ဆိုတဲ့ အဆင့်ဖြစ်ပြီး တကယ်တမ်း အလုပ်လုပ်မှာတော့ နောက်တဆင့်မှာဖြစ်ပါတယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၆။ ပုံက ချုံ့ခံထိသွားလို့ ..Noise ကို မမြင်ရတော့ပေမယ့် .. အနီနဲ့ ဝိုင်းထားတဲ့အကွက်ထဲမှာ

Before & After Noise Control ကို ပြထားတယ်ဆိုတာလောက်တော့ တွေ့မှာဖြစ်ပါကြောင်း..။

အဲ့သည့်အကွက် ကိုကြည့်ပြီး Contrast Noise နဲ့ Color Noise ကို လိုသလိုချိန်ညှိပါကြောင်း ။

(စကားအတင်းစပ်လို့ ပြန်ကောက်ရရင် ဂလောက်တွေ ပြင်နေတာ …8-bit image နဲ့ဆိုရင်

အတော် ရွဲပြဲထွက်နေလောက်ပြီ မှတ်ပါကြောင်း..) ကိုယ့်အကြောင်းကိုယ် သိသမို့ …

Noise Reduction ကို ..ခပ်မြင့်မြင့်တင် ခဲ့ပါကြောင်း..

😀

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၇။ ဒါကတော့ နောက်ဆုံးနီးပါး အဆုံးသတ် တို့တဲ့အဆင့် ဖြစ်ပါတယ်…။

အပေါ်အဆင့်တွေမှာ ..ဝါးတာတွေ မှိန်တာတွေ တောက်တာတွေ ရေလဲနဲ့ လုပ်လာခဲ့အပြီး

မလိုလားအပ်တဲ့ Sharpness ကျဆင်းခြင်းစတဲ့ ထိခိုက်မှုတွေ ရှိနေတဲ့အတွက် ဒါတွေကို

Recover လုပ်ဖို့ လိုအပ်ပါတယ် … (အစိတ်အပိုင်းတိုင်းတော့ မဟုတ်ပါ)

စိတ်ရဲ့ တံခါးပေါက် လို့ ခေါ်တဲ့ ..လူပုံရိုက်ရင် အမြဲတစေ focus ပြတ်အောင် ရိုက်ရတဲ့

မျက်လုံးတွေ ကို ပြန်တို့ချင်ပါတယ်။ နောက်တခုကတော့ ဆံပင်တွေပါ … ။

Nik Software ရဲ့ Sharpener Pro™ ကို သုံးပါတယ်….

စိတ်ကြိုက်ချိန်ညှိမှုတွေ ပြုလုပ်အပြီးမှာ Paint နဲ့ပဲ ပြန်ထွက်ခဲ့ပါတယ်။

ပုံ တစ်ပြင်လုံးကို Sharpen လုပ်မှာမဟုတ်ဘဲ ..မျက်လုံးနဲ့ ဆံပင်တွေသက်သက်ကိုပါ…။

(အချိန်ပေးနိုင်ရင် မျက်ခုံးကိုပါ လုပ်သင့်ပါရဲ့..)

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၈။ ဒါဟာ မျက်လုံးတွေနဲ့ ..ဆံပင်ကိုသာ တို့ထားတဲ့အကြောင်း ပြတဲ့ Layer

ကို ဖော်ပြတာဖြစ်ပါတယ်။ သည်အဆင့်မှာလည်း Layer Opacity နဲ့ Blending Mode

ကို လိုသလို ချိန်ညှိယူနိုင်ပါသေးကြောင်း..

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉။ နောက်ဆုံးအဆင့် အပြီးမှာ ..လုပ်စရာ ကျန်တာကတော့ ပုံ ဆိုက်ဇ် လျှော့ချတာပါပဲ။

ကျနော် ရှေ့မှာ ပြောခဲ့သလို RAW ကို သပ်သပ် သိမ်းပါတယ်။ .tiff ကိုတော့ ပြင်ပြီးသား

layers တွေ ပါတဲ့ file အနေနဲ့ သိမ်းပါတယ်.. (RAW ကနေ ရတဲ့ image ဟာ background

layer အနေနဲ့ အောက်ဆုံးမှာရှိနေပါတယ်) ။ အနှီ file ဟာ 300MB ကျော်ပါတယ်။

.PSD ဆိုပြီးတော့လည်း Photoshop file အနေနဲ့လည်း တခါ ပြန်သိမ်းပါသေးတယ်။

အဲ့သည့်ကနေမှ *.jpg ပြန်ခုတ်ယူတာပါ … .jpg file တောင် 9MB ကျော်နေသေးလို့..

တင်ဖို့ အဆင်မပြေတဲ့အတွက် .. အခုလို Microsoft Image Manager သုံးပြီး

Size ပြန်လျှော့ ရတာပါ…။ ပုံအရွယ်အစားက 1920x1200px မှာတောင် 23%လောက်သာ

ပုံဖော်ထားနိုင်ပါတယ် ..အဲ့ဒါကို

Edit Picture >> Resize >> Document Large (1024×768) ကိုရွေးပြီး

Save As Final1.jpg ဆိုပြီး သိမ်းယူပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

၂၀။ ဒါဆိုရင်တော့ ကျနော် ပုံတင်ဖို့ အတွက် အရွယ်အစား သင့်တင့်တဲ့ နောက်ဆုံး

final image ကို ရရှိပြီ ဖြစ်ပါကြောင်း..။

 

 

 

 

Final Image

Final Cut

 

 

Before and After

 

Before and After

 

ဒါဟာ Retouch ပညာရပ်မှာ … ကင်ပြီးသား အသား .. ဖုတ်ပြီးသားဂျုံ…

အသင့်သုံး ဖျော်စပ်ပြီးသား အမယ်တွေနဲ့ ပီဇာ မုန့်လုပ်တဲ့အဆင့် ပဲရှိပါသေးတယ်…

ကိုယ်တိုင် ငြုပ်သီးလှီး ကြက်သွန်ခွာတဲ့ Retouch တွေ အကြောင်း ..ကြုံရင်

ရေးချင်ပါသေးတယ်ဗျား…

 

 

 

တော်သေးဘီ

ခင်တဲ့

ဂီ

 

14 comments

  • ဥဥ

    August 1, 2012 at 8:02 pm

    ကျေးဇူးအများကြီးတင်ပါတယ် ကိုဂီရေ့
    ကူးယူသွားပါတယ်နော်

  • မဟာရာဇာ အံစာတုံး

    August 1, 2012 at 8:21 pm

    တစ်ခါတည်းတော့
    ဘာမှ သိဘူး ..
    လက်တွေ့ စမ်းကြည့်ရဦးမယ် …
    ဒါနဲ့ ရောဖိုင်က ဟိုလို ကင်မလာဂျီးတွေမှ ထုတ်ပေးတာ မဟုတ်လားဗျ ..
    ရိုးရိုး ကင်မလာတွေကတော့ ဂျေပက်ပဲ ထုတ်ပေးတယ် ထင်တယ်ဗျ ..
    ထက် … ပလက်အင် ဖရီဒေါင်းလုပ်လင့်ခ်လေးလည်း ..
    ပေးဘာအုံးလားဟင်င် .. 😀

    • Solid_Sn@ke

      August 2, 2012 at 3:15 am

      ခုနောက်ပိုင်း ၁-၂နှစ်အတွင်းထွက်တဲ့ Compact တချို့ RAW file ထုတ်ပေးနိုင်ပါကြောင်း…
      ပလပ်ဂင် ကတော့ နီးစပ်ရာ စီဒီဆိုင်မှာ ရှာကြည့်ပါဗျို့ … Nik Software Plugin လို့ပြောရင်
      ရပါကြောင်း..

  • MaMa

    August 1, 2012 at 10:09 pm

    မြင်မိတာတစ်ခုက မော်ဒယ်တွေ မျက်နှာက အဆီပြန်နေတာလား၊ ချွေးပြန်နေတာလား……
    ဒါမှမဟုတ် မိတ်ကပ်ဒီဇိုင်းအသစ်လား၊ မျက်နှာအဆီပြန်သလိုဖြစ်အောင် တမင်ပဲ လုပ်ထားလေရော့သလား………

    • သကြားလုုံးကြော်

      August 2, 2012 at 8:39 am

      အန်တီမမရေ အဲဒါကိုုရီးယားစတိုုင် Dewy look တဲ့။ အရင်ကလိုု ပေါင်ဒါ ဖုုန်ဖုုန်လေးတွေထက် အသားအရေ စိုုစိုုဝင်းဝင်းလက်လက်လေးနေအောင် တမင် စိုုစိုုစိစိ ထားတဲ့ စတိုုင်ပဲ။ အန်တီပြောသလိုုပဲ တစ်ရှုးလေးနဲ့ သုုတ်ပြစ်လိုုက်ချင်တယ်။

      • သကြားလုုံးကြော်

        August 2, 2012 at 2:28 pm

        ဒုုက္ခ ၊ သတ်ပုုံ အန်တီကိုုမှ သတ်ပုုံမှားရေးမိပြီထင်တယ်။
        “သုုပ်ပစ်လိုုက်ချင်တယ်” ဖြစ်ရမယ်ထင်တယ်။

        • Liquid_Sn@ke

          August 2, 2012 at 2:34 pm

          အင်…
          ပထမရေးထားတာ မှန်နေတဲ့ဟာကို (သုတ် ကိုပြောပါတယ်.. ပြစ် ကတော့ ပစ်လို့ရေးမှမှန်မှာ)

          သုတ်

          သုတ်-(စွန်…-၊ လေတိုက်-)
          သုတ်(သဒ္ဒါသုံး)
          သုတ်တံ(ငါးမျှား…)
          သုတ္တန်ကျမ်း
          သုတ်လိမ်း-
          သုတ်သီးသုတ်ပျာ
          သုတ်သင်-
          သုတ်သုတ်သွား-

          သုပ်

          သုပ်-(လက်ဖက်…-)

          http://myanmarwords.pikay.org/2008/12/tha.html#tha43

          လက်ဖက်နဲ့တော့ သုပ် မစားချင်ပါနဲ့ကွယ်…
          ကျုပ်ပဲ အနစ်နာခံပြီး နှာခေါင်းချွန်ချွန်လေးနဲ့ သုတ် ပေးလိုက်ပါ့မယ်…
          ခုခိခုခိ…

  • ရဲစည်

    August 1, 2012 at 11:04 pm

    ရှေ့က လက်လှမ်းမမှီလို့
    နောက်က Lotus Elite ကိုသာ စိတ်ကူးထဲ မောင်းနှင်သွားပါကြောင်း

  • ချစ်ရင်ထူး II

    August 2, 2012 at 9:05 am

    ကိုဂီရေ ကျွန်တော် သိပ်တော့ နားမလည်းဘူးရယ်ဗျ .. အဲဒါကြောင့်လည်း ဝင်ပြီး မဆွေးနွေးတာရယ် ..
    ဒီ၁ခါပုံမှာကျတော့ ဘီ4 နဲ့ အာဖတာ ကိုတော့ ရှင်းရှင်းလင်းလင်း သိမိကြောင်းပါ .. ကျွန်တော်က လေ့လာတုန်းမို့ .. ဆရာတစ်ယောက်က ပြောတယ် ပုံကိုမပြင်ဘဲနဲ့ မတင်ပါနဲ့ ဆိုတာကြောင့် လက်နှေးနေရပါတယ် ..
    ချစ်ရင်ထူး ..
    (မချစ်ရင် မထူးနဲ့) 😀

    • Liquid_Sn@ke

      August 2, 2012 at 9:36 am

      အိမ်စာ ကိစ္စ မေးကြလို့ တင်လိုက်တာဗျ…
      ဖိုတိုရှော့ အခြေခံရှိရင် နားလည်မှာဖြစ်ပါကြောင်း..
      (ပလပ်ဂင် မသုံးဘဲ တို့တဲ့နည်း ရေးမလို့ဗျာ..)
      နောက်အေးဆေးမှပေါ့ …

      http://www.idigitalemotion.com/tutorials/guest/skin_tone/skintone.html
      ဒါလေး ဖတ်ထားရင်လည်း မဆိုးဘူးဗျ..

  • ဝေးလွင့်တိမ်

    August 2, 2012 at 9:59 pm

    တစ်ခုမှမတတ်ပဲ ဗဟုသုတဆိုပြီးလိုက်ဖတ်လိုက်တာ ခေါင်းတွေမူးသွားတာပဲ။

  • ဝေးလွင့်တိမ်

    August 2, 2012 at 10:02 pm

    အချောသတ်ပြီးတဲ့ကောင်မလေးပုံကတော့ အရမ်းလှတာပဲ။ အဲဒီလိုပညာတွေတတ်ချင်တယ် သင်ပေးမယ့်ဆရာ ကောင်းကောင်းမရှိဘူး။ စာအုပ်တွေဖတ်ပြီးလေ့လာရင်ကော ကျွမ်းကျင်နိုင်ပါလား ခင်ဗျာ။

    • သကြားလုုံးကြော်

      August 3, 2012 at 6:11 am

      YouTube မှာ ကြည့်ရတာ စာအုုပ်ဖတ်ရတာထက်အများကြီး ပိုုလွယ်တယ်။

      • Liquid_Sn@ke

        August 3, 2012 at 6:45 am

        အဲ့သည်လိုလည်း တရားသေပြောလို့မရပြန်ဘူးဗျ…
        Video တွေက နည်းနည်း spoon-feeding ဆန်လေရဲ့…
        ပြောရရင် မိမိဘာသာ လွတ်လပ်စွာ တွေးခေါ် စဉ်းစားတဲ့ ကွန့်မြူးတဲ့ ဉာဏ်ကို
        ချုပ်တည်းရာလည်း ရောက်စေပြန်တယ်.. သူက လမ်းပြတယ်ဆိုပေမယ့်
        လမ်းကြောင်းတခုထဲပေါ်ကို လက်ဆွဲပြီး ခေါ်သွားသလိုကိုး ….
        http://www.buy.com/prod/extreme-makeover-techniques-for-digital-glamour-photography/211304301.html?listingId=-1
        အဲ့လို စာအုပ်မျိုး Video တွေထဲမှာ မတွေ့ဖူးသေးဘူးဗျ..
        ဆိုလိုချင်တာ… Video တွေထဲက ပြောတဲ့ context နဲ့ ကိုယ်တို့မယ့်ပုံရဲ့
        context မတူတဲ့အခါ ..သုံး-စားမရတာတွေဖြစ်တတ်ပါကြောင်း…

        အပေါ်က စာအုပ်ကို မဝယ်ချင်ရင်တော့ …
        ဟောသည့်မှာ
        http://content.waw.gogo.mn/appfile/38/1838_Makeover%20Techniques%20_%20Glamour%20Photo%20Guide%20%5B201102161547_1362%5D.pdf
        အလကား ဒေါင်းနိုင်ပါကြောင်း ….
        လက်တို့လိုက်ပါတယ်..

        ခင်တဲ့…

Leave a Reply