ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို သုံးသပ်ခြင်း

yannaingechJuly 8, 20101min1011
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၁ဝ ပြည့်နှစ် မတ်လ (၈) ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ဤဥပဒေတွင် အခန်း (၄) ခန်းပါဝင်ပြီး ပုဒ်မ (၁၄) ခုရှိပါသည်။ ဥပဒေကို လေ့လာပြီး တွေးစရာ၊ ပြောစရာများရှိလာသဖြင့် မျှဝေကြည့်လိုပါသည်။
ပထမဦးစွာ အခန်း (၂)၊ “ဖွဲ့စည်းခြင်း” အခန်းရှိ ပုဒ်မ (၃) နှင့် ပုဒ်မ (၇) ကို လေ့လာလိုပါသည်။
ပုဒ်မ(၃) “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပထမအကြိမ် လွှတ်တော်ရွေးကောက်ပွဲများကို ကျင်းပနိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေးအတွက်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းရမည်။ …”
ပုဒ်မ(၇) “ဖွဲ့စည်းထားသော ကော်မရှင်၏သက်တမ်းသည် နိုင်ငံတော် သမ္မတက ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပြီးသည်အထိဖြစ်သည်”
ဤပုဒ်မများအရ လက်ရှိ ကော်မရှင်မှာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲအတွက်သာ ဖြစ်ပြီး နောင်ရွေးကောက်ပွဲများနှင့် မသက်ဆိုင်။ နောင်ရွေးကောက်ပွဲများအတွက် ကော်မရှင်ကို နောင်တက်လာသည့် သမ္မတက ဖွဲ့စည်းပေးရမည်ဖြစ်သည်။
သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ရွေးကောက်ပွဲကော်မရှင်ကို သမ္မတကဖွဲ့စည်းပေးရန် ပုဒ်မတစ်ခုထည့်သွင်းပြဌာန်းထားသည်ကို မတွေ့မိပါ။ သမ္မတသစ်လက်ထက်တွင် ကော်မရှင်သစ်ဖွဲ့စည်းရန် အခက်အခဲများရှိလာပါက မလိုလားအပ်သော အကျိုးဆက်များ ပေါ်ပေါက်လာမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိကော်မရှင်မှာ လက်ရှိအစိုးရက စိတ်ကြိုက်ရွေးချယ်ခန့်ထားသောကော်မရှင်၊ တစ်နည်းအားဖြင့် လက်ရှိအစိုးရ၏ ဩဇာခံဖြစ်နေပြီး နိုင်ငံရေးပါတီများကို ထိန်းချုပ်ရန် ကော်မရှင်တွင် အခွင့်အာဏာများ ရှိနေသောကြောင့်ဖြစ်သည်။
လက်ရှိကော်မရှင် ဖွဲ့စည်းခဲ့ရာ၌ အငြင်းပွားဖွယ် အချက်တစ်ချက် ရှိနေပါသည်။ ဤဥပဒေ ပုဒ်မ (၄)၊ ပုဒ်မခွဲ (စ)တွင် ကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များသည် “လစာ၊ စရိတ်၊ ကြေးငွေရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်းမပြုသူဖြစ်ရမည်” ဟု ပြဌာန်းထားပါသည်။ သို့သော် လက်ရှိကော်မရှင်အဖွဲ့ဝင်များမှာ ဝန်ထမ်းများဖြစ်ပါသည်။ အဖွဲ့ဝင်ဖြစ်ပြီးမှ ဝန်ထမ်းဘဝမှ ထုတ်ပယ်ထားခြင်းရှိ၊ မရှိကို မသိပါ။
ထပ်မံ၍ သတိပြုမိသည့် ပုဒ်မတစ်ခုမှာ ပုဒ်မ (၆) ဖြစ်ပါသည်။ ပုဒ်မ (၆)တွင် ပြဌာန်းထားသည်မှာ “ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ ကော်မရှင် ဥက္ကဌ သို့မဟုတ် အဖွဲ့ဝင်နေရာ လစ်လပ်လျှင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ဤဥပဒေနှင့်အညီ ကော်မရှင်ဥက္ကဌ သို့မဟုတ် အဖွဲ့ဝင်အသစ် ခန့်အပ်တာဝန်ပေးအပ်နိုင်သည်။…”  ဟုဖြစ်ပါသည်။ “တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ” ဟူသောစာသားအရဆိုလျှင် လွတ်လပ် ၍တရားမျှတသော ရွေးကောက်ပွဲတစ်ခုဖြစ်လာစေရန် အလုပ်လုပ်နေသူတို့ကို လက်ရှိအစိုးရက ထုတ်ပစ်လိုလျှင် ထုတ်ပစ်နိုင်ခွင့်ရှိနေပါသည်။ ထုတ်ပစ်ပိုင်ခွင့်ရှိသည့် ပြစ်ချက်များကို ပြဌာန်းထားခြင်းမရှိပါ။
“အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ..” ၏ အဓိပ္ပါယ်မှာလည်း ကျယ်ဝန်းလှပါသည်။ လက်ရှိနိုင်ငံရေးသမားများ၏ဘဝကဲ့သို့ တစ်နေ့နေ့တွင် လာခေါ်သွားခံရပြီး စုတ်စမြုပ်စ ပျောက်သွားလျှင်ရော…
သိပ်ဘဝင်မကျသည့် ပုဒ်မတစ်ခုမှာ ပုဒ်မ (၈)၊ ပုဒ်မခွဲ(ဆ) ဖြစ်ပါသည်။ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် “(ဆ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ် ပြုလွှာ ထုတ်ပေးခြင်း” ဟုပါရှိပါသည်။ အခြားနိုင်ငံများတွင် မည်သို့သောပြဌာန်းချက်များ ရှိသည်ကို မသိပါ။ သို့သော် ပြည်သူများရွေးကောက်ထားသော ကိုယ်စားလှယ်မှာလည်း ကော်မရှင်၏အသိအမှတ်ပြုလွှာကို ယူရဦးမည်။ အသိအမှတ်ပြုလွှာထုတ်မပေးလျှင် ကိုယ်စားလှယ်မဖြစ်တော့ဘူးလား။ အသိအမှတ်ပြုလွှာနှင့် ပတ်သက်သည့် ပြဌာန်းချက်များကို အခြားနေရာများတွင်လည်း မတွေ့မိပါ။
လက်ရှိမြင်မိသည့် အချက်များမှာ ဤဥပဒေတွင် ဟာကွက်များသဖွယ် ဖြစ်နေပါသည်။ ဟာကွက်များကို ဖြည့်နိုင်ရန် ဥပဒေသစ်များထပ်မံပြဌာန်းရန်လိုအပ်မည်ဟု ယူဆပါသည်။

One comment

  • htethtet

    July 8, 2010 at 5:15 am

    ဟထားတာလေ
    အလကားဟထားတာမဟုတ်ဘူးနော်
    လိုအပ်ရင် လိုသလိုသုံးရအောင်
    လိုရမယ်ရပေါ့

Leave a Reply