ဦးမောင်နှင့် အင်တာနက်မှလက်ခံရရှိသည်

သူရႆဝါAugust 3, 20121min1213

ဦးမောင်နှင့် အင်တာနက်မှလက်ခံရရှိသည်
– သူရဿဝါ –

အင်တာနက် ဆိုတာကို မုန့်စိမ်းပေါင်း လောက်တောင်မှ စိတ်မဝင်စား၊ မသိရှိ ခဲ့ဖူးသည့် ဦးမောင် တစ်ယောက် ယခုတော့ အင်တာနက် ဆိုတာကို အခြေခံ မှစ၍ သုံးရ သင်ရဖို့ အကြောင်း ဖန်လာသည်။ ဦးမောင်သည် သူ၏ စီးပွါးရေး လုပ်ငန်း အချို့ကို ပြည်ပနှင့် ချိတ်ဆက် လုပ်ကိုင်ရန် ဆုံးဖြတ် လိုက်ခြင်းကြောင့် နိုင်ငံခြားနှင့် အပြန်အလှန် ဆက်သွယ်ရန် အင်တာနက်တွေ၊ အီးမေးလ်တွေ၊ ဂျီတော့တွေနှင့် ရင်းနှီး ကျွမ်းဝင်ရန် လိုအပ် လာပြီ။ သူနှင့် ခင်မင်သည့် အင်တာနက် သုံးစွဲ တတ်သော နီးစပ်ရာ လူများ ဆီမှ အင်တာနက် သုံးတာကို သင်ရ တော့သည်။ သူ၏ လက်အောက်ရှိ ဝန်ထမ်း ကောင်လေး ဖြစ်သူ ကိုဖြိုးက အင်တာနက် လည်လည် ဝယ်ဝယ် သုံးတတ်သဖြင့် ဦးမောင်ကို အင်တာနက် သုံးနည်း သင်ပေးရန် တာဝန်ယူ လိုက်သည်။

“ဦးမောင် … ဒါက ဂူဂယ်လ် ဆာ့ချ်အင်ဂျင် လို့ခေါ်တယ် .. အဲဒီ ထဲမှာ ဦးမောင် လိုချင်တာတွေ ရှာလို့ ရတယ်”

အင်တာနက် သုံးနည်း စသင်သည့် နေ့မှာ ကိုဖြိုးက ဦးမောင်ကို ဂူဂယ်လ် အကြောင်း သင်ပေးမည် ဟု ဆိုကာ မော်ဇီလာ ဘရောက်ဇာ ကိုဖွင့် … ပြီးနောက် အက်ဒရက်စ် ဘားတွင် www.google.com ဟူ၍ ရိုက်ထည့်ကာ Enter ခေါက်လိုက်ပြီး ဦးမောင်ကို ပြောသည်။ မိနစ်ဝက်ခန့် Loading ဟူသော စာတန်း ဘေးမှ အလုံး ကလေးက လည်နေပြီး Web Page မှာ ဘာမှ ကျမလာ သောအခါ လူပု စိတ်တို ဦးမောင် တစ်ယောက် စိတ်မရှည်တော့။

“ဟေ့ကောင် … ကိုဖြိုး၊ ဂူဂယ်လ် ဆိုတာ ဒါလား၊ မင်းပြောတော့ ကြိုက်တာ ရှာလို့ ရတယ်ဆို၊ ဒီတစ်မျက်နှာလုံး ဖြူဖြူကြီး ဘာစာမှ ပေါ်မလာတဲ့ နေရာမှာ ငါက ဘာသွားရှာရ မလဲကွ .. ဟေ”

“အာ .. မဟုတ်ဘူးလေ .. ဦးမောင်ရဲ့၊ ဂူဂယ်လ် တက်မလာ သေးဘူး … ကော်နက်ရှင် နည်းနည်း နှေးနေလို့၊ အဲဒါကို Loading လုပ်နေတယ်လို့ ခေါ်တယ်၊ သူက လည်နေရင်းနဲ့ ဂူဂယ်လ်ကို ခေါ်နေတာ”

ကိုဖြိုးလည်း သူတတ်သလောက် မှတ်သလောက် ဦးမောင်ကို ရှင်းပြ ရှာသည်။ ထိုသို့ လည်နေသော လုပ်ဒင် ကြီးကို ကြည့်နေရင်းမှ စိတ်တို လာဟန်ဖြင့် ဦးမောင် တစ်ခွန်းတည်း ပြောသည်။

“တောက် … ငါ့ကိုယ်ငါ လည်လှပြီ အောင့်မေ့တာ၊ ငါ့ထက် နှစ်ဆ ပိုလည်တဲ့ကောင် အခုမှ တွေ့ဖူးတော့တယ်”

ထိုသို့ စိတ်ရှည်ရှည် ထား၍ သည်းခံရင်း နှစ်ရက် သုံးရက်ခန့် သင်လိုက်တော့ ဦးမောင် ဂျီမေးလ် အကောင့် တစ်ခု ရလာသည်။ ဂူဂယ်လ် ဆာ့ချ်ထဲတွင် ဟိုရှာ ဒီရှာ ရှာတတ် လာသည်။ အွန်လိုင်းရှိ မိတ်ဆွေ များနှင့် တိုက်ရိုက် စကား ပြောချင်လျှင် ပြောလို့ ရအောင် ကိုဖြိုးက ဂျီတော့တွင် ချက်နည်းကို သင်ပေးမည်ဟု ဆိုသည်။

“ဦးမောင် … ဇော်ဂျီ ယူမလား”

“ဇော်ဂျီ ယူရအောင် ငါက သူယောင်မယ်မှ မဟုတ်တာ”

“အာ .. ဦးမောင် ကလည်း .. ဇော်ဂျီ ဆိုတာ ဂျီတော့မှာ မြန်မာလို ပြောလို့ ရအောင် သုံးရတဲ့ ဖောင့်ကို ပြောတာဗျ .. ဇော်ဂျီလို့ နာမည်ပေး ထားတဲ့ ဖောင့် .. ဇော်ဂျီဖောင့်”

“အေး .. ကောင်းမယ် ထင်ရင် လုပ်လကွာ”

သို့ဖြင့် ကိုဖြိုးက ဇော်ဂျီဖောင့် ဆိုတာကို စက်ထဲ သွင်းပေး၍ ဂျီတော့တွင် မြန်မာလို မြင်ရအောင် … စာရိုက်လို့ ရအောင် သုံးနည်းကို သင်ပေးသည်။ လက်ကွက် တွေကို သင်ပေးသည်။ ကိုဖြိုး၏ ကောင်းမှုဖြင့် အင်္ဂလိပ်လို အေ ဘီ စီ ဒီ စာလုံးတွေ ကိုပင် ကီးဘုတ်ပေါ် မနည်းရှာ၍ ရိုက်ရသော ဦးမောင် တစ်ယောက် တစ်နေ့ တစ်နေ့ မြန်မာလို ရိုက်ခြင်း အမှုကို ကြိုးစား ပမ်းစား ပြုရ တော့သည်။ ရက် အနည်းငယ် ကြာလာတော့ ဘယ်ဖက် လက်ညှိုးနှင့် ညာဖက် လက်ညှိုး နှစ်ချောင်းဖြင့် ကီးဘုတ်ပေါ် တဂျောင်းဂျောင်း ရိုက်တတ် လာပြီ။ ဂျီမေးထဲ ဝင်လာသော စာတွေကို ဖွင့်ဖတ် တတ်လာပြီ။ ဝက်ဘ်ဆိုက် တွေထဲ ဝင်ရောက်၍ အသုံးပြု တတ်လာပြီ။ အပ်ပလုပ် ဒေါင်းလုပ် စတာတွေ တစေ့တစောင်း သိလာပြီ ဖြစ်သည်။ ထိုသို့ အင်တာနက်ကို သေချာ သုံးတတ် လာချိန်မှ စ၍ ဦးမောင် တစ်ယောက် အင်တာနက်မှ ကိစ္စပေါင်း သောင်းခြောက်ထောင် လက်ခံ ရရှိလေ တော့သည်။

ဦးမောင်၏ အီးမေးလ် ထဲသို့ အိန်ဂျယ်လ်ဟု အမည်ရသည့် မိန်းမပျိုလေး ပုံတစ်ပုံ ရောက်လာသည်။ ယခု ဒီပုံကို လက်ခံ ရရှိသူမှာ ဒီပုံကို ၂၄ နာရီ အတွင်း နောက်ထပ် လူ ၂၄ ယောက် ထံသို့ ပြန်လည် ဖြန့်ဝေ ပေးပါက ကံကောင်းခြင်း လက်ဆောင်များကို လောကကြီး ထံမှ မကြာခင် လက်ခံ ရရှိ သွားမည် ဖြစ်ပြီး ထိုသို့ မဖြန့်ဝေ မပေးပို့ ပါက သေနည်း ပေါင်းစုံဖြင့် သုံးခါပြန် သေနိုင်သည် ဟူ၍ ရေးထားသည်။ အို … ဒါလေး ပြန်ပြီး ဖြန့်ပေးတာ ဘာ အပန်းကြီးတာ မှတ်လို့ .. မဖြန့်ရင် ဒုက္ခတွေ ရမယ် ဆိုတာထက် စာရင်တော့ ဖြန့်ပေး လိုက်ရင် ကံကောင်းခြင်း လက်ဆောင်တွေ ရမှာပဲ ဟုတွေးကာ တစ်နေကုန် သူ့အကောင့်ထဲ ရှိသမျှ အီးမေးလ် တွေဆီကို အဲဒါတွေ ပြန်ပို့ နေလိုက်သည်။

သိပ်မကြာ .. နောက်ထပ် အီးမေးလ် တစ်စောင် ဝင်လာသည်။ ဒါကျတော့ .. သနား စရာလေး။ အာဖရိက တိုက်မှ မွေးရာပါ နှာခေါင်း မပါသော ကလေးငယ်ကို ခွဲစိတ် ကုသ နိုင်ရန် အတွက် ကူညီ ပေးပါရန် အကြောင်း။ ယခု ရောက်လာသော အီးမေးလ်ကို လူတစ်ယောက်ဆီ ဖော်ဝပ် တစ်စောင် အီးမေးလ် ပို့ပေးတိုင်း ထိုကလေးငယ် အတွက် ဖွင့်ပေး ထားသော ဘဏ် အကောင့်တွင် ပိုက်ဆံ တစ်ဒေါ်လာ တိုးသွားသည် ဆို၏။ ထိုစာကို ဖတ်ပြီး သနားလွန်း သဖြင့် ကလေးငယ်ကို ကူညီရန် ဦးမောင် ဆုံးဖြတ် လိုက်သည်။ တစ်နေကုန် တခြား ဘာအလုပ်မှ မလုပ်ဘဲ ထိုအီးမေးလ်ကို ဖော်ဝပ်တွေ ထိုင်ပို့ ပေးလိုက်တာ အားလုံးပေါင်း တစ်ရာနှင့် ငါးစောင် တိတိ။ အခုဆို သူ၏ ပရဟိတ စိတ်ဖြင့် ကူညီ ပေးမှုကြောင့် ကလေးငယ်မှာ တစ်ရာ့ငါး ဒေါ်လာ တိတိ လက်ဝယ် ပိုင်ပိုင် ရရှိ သွားလေပြီ ဟူ၍ တွေးကာ ဦးမောင် ကြည်နူး ကျေနပ် နေသည်။

ဝက်ဘ်ဆိုက် တစ်ခုထဲ ဝင်မိတော့လည်း ဒီလိုပဲ။ သူ အဲဒီ ဝက်ဘ်ဆိုက်ထဲ ဝင်လိုက်တဲ့ အချိန် မှာပဲ Popup Window တစ်ခု တက်လာပြီး “သင်ဟာ ဒီဆိုက်ထဲကို ရောက်လာတဲ့ ၉၉၉၉၉ မြောက် ဧည့်သည် ဖြစ်လို့ ကျွန်တော်တို့ ပေးမယ့် ဒေါ်လာ တစ်သန်းကို ပိုင်ဆိုင်တဲ့ ကံထူးရှင် အဖြစ် သတ်မှတ် လိုက်ပါပြီ … မကြာခင် သင့်ဆီကို ပို့လိုက် ပါ့မယ်” တဲ့။ ဦးမောင် အလွန်ပျော် သွားလေပြီ။ သူ့ကိုယ်သူ မဟာ ကံထူးရှင် တစ်ဦး အဖြစ် သတ်မှတ် လိုက်သည်။ ငါ အတော် ကံကောင်းတဲ့ လူပါလား ဟုလည်း တွေးမိသည်။ ဒါ .. ဟိုတလောက အာဖရိက ကလေးငယ်ကို ဖော်ဝပ် အီးမေးလ် လုပ်ပြီး တစ်ရာ့ငါး ဒေါ်လာ လှူလိုက်တဲ့ ကုသိုလ်ကံကို ပြန်ခံစား ရတာပဲလို့ တစ်ထစ်ချ ယုံကြည် လိုက်သည်။ ညောင်စေ့ လေးလောက် လှူလိုက် ပေမယ့် ညောင်ပင် ကြီးလောက် သူ့ကို ပြန်အကျိုးပေး လေပြီဟု တွေးပြီး ဦးမောင် သဘောကျ နေသည်။

ထိုနေ့မှ စ၍ ဦးမောင် တစ်ယောက် နိုင်ငံခြားနှင့် ဆက်သွယ်၍ အင်တာနက် သုံးကာ အလုပ်တွေ လုပ်လို့ ရလား၊ မရလားတော့ မသိ .. ကွန်ပျူတာ ရှေ့မှ မထစတမ်း အင်တာနက် သုံးကာ ဝက်ဘ်ဆိုက် တွေထဲ လျှောက်ဝင်၊ အီးမေးလ် ထဲကို ရောက်လာ သမျှ အလှူခံ အကုန်လုံး အတွက် ဖော်ဝပ်တွေ လုပ်ရင်းဖြင့် အချိန်ကုန်ကာ သူ့ဆီသို့ သိပ်မကြာခင် ရောက်လာမည့် ဒေါ်လာ တစ်သန်းကို စိတ်ရှည် လက်ရှည် ထိုင်စောင့်၍ နေလေ တော့သည် ဖြစ်သတည်း။

၃ – ဩဂတ်စ် – ၂၀၁၂
TechSpace Journal
Volume (1), Issue (19)

3 comments

  • မောင်ပေ

    August 3, 2012 at 1:56 pm

    ကျုပ်လဲ အင်တာနက် စသုံးတတ်ကာစ က အဲဒီလို တစ်ခါကြုံခဲ့ဖူးတယ်
    သုံးနေကြဆိုင်ရှင်နဲ ့ခင်နေတော့ ၊ ဆိုင်ရောက်ရင် ဆာဗာထိုင်ထားတဲ့ စက်က ပိုမြန်တယ်ဆိုပြီး ဆာဗာမှာထိုင်တယ် ။ အဲ့တုန်းက ဝက်ဆိုက်တွေ အခုလို မပိတ်ထားသေးဘူးရယ် ၊ ဟို ဆင်းရဲတဲ့လူတွေ ဇါတ်ကားဆိုက်တစ်ဆိုက်မှာ မူဗီဖိုင်ဒေါင်းဖို ့ကလစ်လိုက်တာ ၊ သူ က မဒေါင်းခင် အန်တီဗိုင်းရပ်စ် လိုတယ်ဆိုပြီး အန်တီဗိုင်းရပ်စ်ဖိုင်ကို ဒေါင်းဖို ့လင့်ခ်ပါပေးလာတယ် ၊ ကိုယ်လဲ ဟုတ်ပြီပေါ့.. အန်တီဗိုင်းရပ်စ်ဖိုင်ဆိုတော့ ယူလိုက်တာပေါ့ ။
    အဲဒီဆိုက်က ပေးတဲ့ အန်တီဗိုင်းရပ်စ်ဖိုင်ဆိုတာကြီးကို ဒေါင်းပြီး ရမ်းလိုက်တာနဲ ့… ဆာဗာစက်ကြီးလဲကြွ ၊ တစ်ဆိုင်လုံးမှာရှိသမျှ စက်တွေအားလုံးလဲ လစ်သွားလို ့ဆိုင်ရှင်က မေတ္တာပို ့တာ ခံခဲ့ဖူးရကြောင်းပါ။
    ရီဇက်ကတော့ ဆိုင်လဲ တန်းပိတ်လိုက်ရပြီး စက်အားလုံးဝင်းဒိုးပြန်တင်လိုက်ရတယ်

    • ပင်လယ် ပျော်

      August 3, 2012 at 5:15 pm

      အနော်လဲဒီလိုပဲ….”တတ်”သလိုလိုနဲ ့”ယောင်”တောင်တောင်လုပ်လိုက်တာ”ကန်း” ခနဲဖြစ်ရော လား…..

Leave a Reply