ဆရာမတစ်ယောက်နဲ့ ပြောဖြစ်ခဲ့သမျှ

မနေ့က နယ်က ဆရာမတစ်ယောက်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ ဆရာမဆိုပေမယ့်လည်း ငါးတန်းကနေ ကိုးတန်းအထိ စာသင်ပေးလာတဲ့အပြင် အိမ်နီးနားချင်းပါဖြစ်နေတော့ ဆရာနဲ့တပည့်တင်မကဘဲ အဒေါ်နဲ့တူမလို ဖြစ်နေပါတယ်။ ပြီးတော့ ဆရာမရဲ့ တူ၊ တူမတွေနဲ့လည်း ရွယ်တူလိုဖြစ်နေတော့ သူတို့ခေါ်တဲ့အတိုင်း တီလေးလို့ပဲ ခေါ်ဖြစ်ပါတယ်။

 

တီလေးက အထက်တန်းကျောင်းက အလယ်တန်းပြဆရာမပါ။ ငါးတန်းစတက်ကတည်းက ညနေကျူရှင်က ပြန်လာတာနဲ့ ရေချိုး၊ ထမင်းစားပြီး ခြောက်နာရီခွဲလောက်ဆိုရင် တီလေးတို့အိမ်မှာ စာသွားကျက်ပါတယ်။ သင်သမျှစာတွေအလွတ်ရေး၊ အလွတ်တွက်နဲ့ ည ကိုးနာရီလောက်မှ ပြန်လာရပါတယ်။ သင်သမျှစာကို အကုန်သင်တာတင်မကဘူး၊ supplement တို့၊ Guardian တို့ထဲက စာတွေကိုပါ ဖြေခိုင်း၊ စာမေးပွဲနီးရင် သင်ပြီးသမျှစာတွေကို revision ပြန်လုပ် နဲ့ အခြေခံကောင်းကောင်း ရခဲ့ပါတယ်။ မေးခွန်းဆိုတာ ဝေလာဝေးလို့ တစ်လတစ်လ အကြမ်းစာရွက်တွေပုံနေလို့ အမြဲပြန်ရောင်းရပါတယ်။

 

တီလေးကို ဘယ်လောက်တောင် ကြောက်သလဲဆိုရင် အိမ်က အမေတု့ိအဖေတို့ ပြောလို့ဆိုလို့ မနိုင်ရင် နင့်တီလေးကို တိုင်လိုင်ရမလား လို့သာ တစ်ခွန်းပြောလိုက်။ မီးကို ရေနဲ့ငြှိမ်းတာမှ ရှဲကနဲမြည်ဦးမယ်။ မောင်နှမနှစ်ယောက်စလုံး ဘာအသံမှကို မထွက်တော့တာ။

 

တီလေးရဲ့ စေတနာနဲ့ အသင်အပြကောင်းတာကြောင့် အမြဲတမ်းပဲ သူ့ကျူရှင်မှာ ကျောင်းသားအပြည့်ဖြစ်နေတတ်ပါတယ်။ (တီလေးက ကျောင်းမှာလည်း စေတနာအပြည့်နဲ့ အမှန်တကယ် စာသင်ပါတယ်။) ကျောင်းသားမိဘတွေကလည်း အိမ်လာသင်ဖို့ အချိန်မရှိတာတောင် တီလေးအိမ်ကိုပို့မယ်လို့ ပြောကြပါတယ်။ အချိန်ပြည့်စာသင်နေရတဲ့တီလေးတစ်ယောက် အရင်ကအခံရှိခဲ့တဲ့ ရင်ကျပ်ရောဂါကြောင့် ရန်ကုန်ကို ဆေးလာပြဖို့တောင် အချိန်မရှိပါဘူး။ ပြောရင်လည်း ရန်ဖြစ်ရဦးမယ်။ မနေ့ကတော့ တီလေးနဲ့ ဖုန်းပြောဖြစ်ပါတယ်။

 

“တီလေး.. ဝါဆိုလပြည့်နေ့ ရန်ကုန်ကို ဆေးလာပြမယ်ဆို… အခု ဘယ်မှာလဲ”

 

“အေး.. တီလေး မလာဖြစ်ဘူး သမီးရေ… ကျောင်းက မနက်ဖြန် မပိတ်ဘူးလေ.. အစကတော့ လေးရက်ပိတ်မယ်ဆိုရင် ဆေးလာပြမယ်ဆိုပြီးတော့… အခုတော့ မအားတာနဲ့ မလာဖြစ်တော့တာ”

 

“တီလေး အဲဒီလို နေ့ရွှေ့ညရွှေ့သာရွှေ့နေသိလား… ရောဂါက ပိုဆိုးမယ်… ဘာဖြစ်လဲ.. ကိုယ့်ကျန်းမာရေးအတွက်ပဲ လာခဲ့တာမဟုတ်ဘူး.. ကျောင်းပျက်တော့လည်း ဘာဖြစ်လဲ.. တစ်ခါတစ်လေ ခွင့်ယူတာပဲကို”

 

“အေးပါ သမီးရယ်… တီလေးလည်း နောက်ကျရင် ရန်ကုန်ကိုပဲ လာဖြစ်တော့မှာပါ…”

 

“ဘာလို့လဲ.. transfer လျှောက်မလို့လား… နယ်မှာ အခြေအနေမကောင်းဘူးလား”

 

“အေး သမီးရယ်… ဒီမှာက ကျူရှင်တွေ သင်ရတာ အဆင်မပြေတော့ဘူး… အရမ်းလည်း ကျပ်တယ်…. နေမကောင်းရင်လည်း ဆေးပြဖို့ဘာဖို့နဲ့ ရန်ကုန်ကိုပဲ လျှောက်ရင် ကောင်းမလားလို့ စဉ်းစားနေတာ…”

 

“အင်း.. ကျူရှင်တွေကလည်း ဟုတ်တော့ဟုတ်တာပဲ… ဆရာ၊ ဆရာမတွေက ကျောင်းမှာဆို စာသိပ်မသင်ဘူး.. ကျူရှင်လောက်ပဲ စာသင်ဆိုတော့ ကျူရှင်တွေကို ကျပ်တာလည်း အပြစ်တော့ ပြောလို့ မရပါဘူး… ဒါနဲ့ တီလေး လခက ဘယ်လောက်လဲ…”

 

“ရှစ်သောင်းရှစ်ထောင် ရတယ်… တီလေးတို့အတွက်ကတော့ ဒါဂိတ်ဆုံးပဲ.. ဒီထက် ထက်တိုးဖို့ မရှိတော့ဘူး…”

 

“ဟင်… ကျူရှင်မသင်ဘဲနဲ့ ဒီလခလေးကို ဘယ်လို သွားစားမလဲ…”

 

“ဟုတ်တယ်လေ… ဆရာမတွေလည်း အဲဒါကိုပဲ ပြောနေကျတာ.. မိဘတွေ၊ သားသမီးတွေကို မကျွေးဘဲနဲ့ ကိုယ်ပဲ စားရမယ့်ကိန်းပေါက်နေတယ်…. ကျောင်းမှာ အရမ်းလည်း ပင်ပန်းတယ်။ ဝန်ထမ်းအင်အားက လုံလောက်မှုမရှိဘူး။ အခုဆို အခန်းက ငါးခန်းခွဲလိုက်တော့ တီလေးတို့မှာ ကျောင်းမှာ နားချိန်မရှိဘူး ဖြစ်နေတယ်… အထက်အဆင့်ဆင့်က တင်းကျပ်တော့ ကျောင်းအုပ်လည်း ဘာမှလုပ်လို့မရဘူး… တစ်ခုခုဆို ကျောင်းအုပ်ကို ဖြုတ်မယ်ဆိုတော့… ကျောင်းအုပ်ကလည်း ဆရာ၊ ဆရာမတွေ ဘဝကို နားလည်ပေမယ့် အထက်က အမိန့်ဆိုတော့ ကိုယ်တွေကို အားနာ.. တီလေးတို့ကလည်း ကျောင်းအုပ်ကို ပြန်အားနာ နဲ့ အဲဒီလိုဖြစ်နေတာ…”

 

“အင်း.. သမီးတောင် ဟိုရက်က စဉ်းစားနေသေးတယ်… multi media တွေကို မသုံးကြတာနဲ့ ပတ်သက်ပြီးတော့လေ..ကျောင်းမှာက မီးမှ အချိန်ပြည့်မလာတာ… မီးစက်မောင်းရအောင်လည်း ဆီဖိုးက ရှိသေးတယ်.. ကျောင်းမှာက နှစ်ပတ်လည်ဆုပေးဖို့အတွက်တောင် ကျောင်းသားမိဘတွေဆီကို အလှူခံထွက်ရတာမို့လား.. ဘယ်က ဘတ်ဂျက်က ရှိမှာလဲ…”

 

“အခုက ကျောင်းတွေကို ဘာမှ မကောက်ရဘူး မှာထားတာလေ… အလှူခံထွက်ရင်လည်း မိဘတွေက သိပ်မထည့်ချင်ကြဘူး… အဲဒီတော့ အခု တီလေးတို့မှာ ကျောင်းရံပုံငွေအတွက် တစ်လကို ဆရာတစ်ယောက် ၅၀ဝ ဆိုပြီး စုထားရတယ်… ရှစ်သောင်းရှစ်ထောင်ဆိုတာကလည်း လခထုတ်ရင် ဟိုဖြတ်ဒီဖြတ်နဲ့ ရှစ်ထောင်လောက်က ပြုတ်ခဲ့တာ…”

 

“ဟိုရက်က ကာတွန်းတစ်ခု ဖတ်ရတယ်… အတန်းပိုင်ဆရာမက ဘာမှမကောက်ဘူး… ဒါပေမယ့် ငါ့ကျူရှင်ဘယ်သူတက်မှာလဲ မေးနေတဲ့ ပုံလေး.. ဒီမှာကတော့ ဆရာမက မလိုချင်ဘူးဆိုတာတောင် မိဘတွေက အတင်းလိုက်ပေးနေကြတာ…”

 

“အင်း..ရန်ကုန်ကတော့ ဟုတ်မှာပေါ့ သမီးရယ်… တီလေးတို့ ဒီမှာကတော့ ဆရာတွေက အကုန်အိတ်စိုက်ပါပဲ… ငါ့သမီး စာရေးဖြစ်တယ်ဆိုရင် ဒီလို ဆရာတွေရှိသေးတယ်ဆိုတာလေး ရေးစမ်းပါ သမီးရယ်…”

 

“တီလေး ပြောတာကိုကြည့်ပြီး သမီးတောင် ဆရာမ မလုပ်ခဲ့တာကို ကောင်းသလို မကောင်းမသလိုလိုပဲ… ကျောင်းစိမ်းဝတ်ထားတဲ့ ဆရာမတွေ မြင်ရင် သမီးလေ ဆရာမအရမ်းဖြစ်ချင်တာပဲ..ဒါပေမယ့် အခုလို ရှစ်သောင်းရှစ်ထောင်လောက်ပဲရရင်တော့ သမီးက မလုပ်ခဲ့တာပဲ ကောင်းတယ်ပြောရမလား..”

 

“ငါလည်း သမီးကို တော်တော်သတိရတယ်..ဒီမှာက ဘာသာရပ်သင်ဆရာတွေ တော်တော်လိုနေတာ… Bio နဲ့ Chemisty ဆိုရင်လည်း သမီးသိတဲ့အတိုင်း ဆရာကြီးတို့ လင်မယားနှစ်ယောက်ပဲရှိတာ.. သူတို့ကလည်း အချိန်တွေအပြည့်ဆိုတော့ ကျောင်းသားတွေ တော်တော်ဒုက္ခရောက်နေတာ… မြန်မာစာဆိုလည်း ဆရာက တစ်ယောက်ပဲရှိတာလေ…”

 

“သမီးလည်း ဆရာတွေကို စော်ကားတာတော့ မဟုတ်ပါဘူး.. သမီးလည်း စာသင်ဖူးတာပဲ… ကျောင်းက သင်တာနဲ့ ကျူရှင်ဆရာတွေ သင်တာနဲ့ တူတော့မတူဘူးလေ… တကယ်တမ်းဆို ဆရာတွေကို သေသေချာချာ မွမ်းမံသင်တန်းတွေ ပြန်ပေးသင့်တယ်ထင်တယ်… ကိုယ်အထူးပြုတဲ့ဘာသာကို ကိုယ်သင်ခိုင်း အဲလိုမျိုးတွေလေ…”

 

“ဟုတ်တယ်…. သေသေချာချာ သင်တန်းတွေပြန်ပေး၊ မွမ်းမံမှုတွေ ပြန်လုပ်၊ ဘီအီးဒီဆိုလည်း တကယ်တတ်မယ်ဆိုတဲ့ သူတွေကို တက်ခွင့်ရအောင် လုပ်ပေး… သေသေချာချာ ပြန်လုပ်မှရမှာ.. ကျူရှင်မသင်ရဘူး တင်းကျပ်ရုံနဲ့တော့ ဆရာမတွေ ဒုက္ခရောက်တာပဲ ရှိမှာ…”

 

“ကြားရတာ မောလိုက်တာ တီလေးရာ… ပညာရေးစနစ်ကြီးလည်း ဘယ်တော့မှ ကောင်းမလဲမသိဘူး… ဒေါ်အောင်ဆန်းစုကြည်ကတော့ တက္ကသိုလ်ပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်မယ်ဆိုလား ဖတ်လိုက်ရတယ်… တကယ်တမ်းက အခြေခံပညာက ပိုအရေးကြီးတယ် ထင်တာပဲ… တက္ကသိုလ်တွေကို ဘယ်လိုပဲမြှင့်မြှင့် အခြေခံကမှ ကောင်းမလာရင် ကလေးတွေကို ရိုက်ချိုးသလိုဖြစ်မှာပေါ့…”

 

“ဟုတ်တယ်…အခုလည်း အမှတ်တွေအရမ်းမြှင့်လိုက်တော့ ကလေးတွေက ဟိုမမီ ဒီမမီတွေ ဖြစ်နေတော့ ပိုဒုက္ခရောက်တယ်… အခု ကလေးတွေက ဘာလျှောက်လို့လျှောက်ရမှန်းလည်း မသိဘူးဖြစ်နေကြတယ်… ရိုးရိုးမေဂျာတွေကျတော့လည်း ဘာမှ လုပ်စားလို့မရနဲ့…”

 

“တစ်ခုခုတော့ ပြောင်းလဲလာမယ်လို့ ထင်ရတာပဲ တီလေးရေ.. တီလေးသာ ကျန်းမာရေးဂရုစိုက်နော်… တီလေး တစ်ခုခုဖြစ်ရင် ကျောင်းသားတွေပဲ ပညာရေးနစ်နာမှာ… သူတို့ကို ငဲ့ပြီး ဆေးလာမပြ မလုပ်နဲ့.. တစ်ရက်ပျက်တာ ဘာမှမဖြစ်ဘူး.. သိလား..”

 

“အေးအေး သမီး.. သမီးလည်း ဂရုစိုက်နော်… ဒါပဲနော် သမီး…”

 

ကျွန်မနဲ့ တီလေးနဲ့ ပြောဖြစ်ကြတာတွေပါ။ ကျွန်မရဲ့ မြို့လေးကို စဉ်းစားမိတိုင်း ပြန်ပြီး စာသင်ချင်စိတ်တွေ ဖြစ်ပေမယ့် အတ္တဟိတက ပိုနေတော့ ကျွန်မလည်း ကိုယ့်ကိုကိုယ် မလုံတဲ့စိတ် ဖြစ်မိပါတယ်။ တစ်ခုခုဆို စာရေးပြီး တင်ချင်တဲ့စိတ်ကြောင့် ဒီစာလေးကို တင်လိုက်ပါတယ်။ ရွာသူားတွေ ပေးလာမယ့် မှတ်ချက်တွေကိုလည်း စောင့်နေပါတယ်။

 

ခင်မင်လျက်…

မွန်မွန်

14 comments

  • Khaing Khaing

    August 3, 2012 at 2:09 pm

    မမွန်မွန် …… အတော်ကောင်းတဲ့ဆွေးနွေးချက်လေးပါ ……. (၁၀) အောင်ပြီးတဲ့လူငယ်ကလေးတွေဆို မနှစ်ကတော့အမှတ်တစ်မျိုး ဒီနှစ်အမှတ်တစ်မျိုး မိဘတွေရော သားသမီးတွေဘာ ဘာလုပ်ရမယ်မှန်းကို မသိတော့ဘူး … နောက်တစ်ခုက လိုင်းအသစ်တွေတိုးတာပါ ……. အခိုင့်ညီမလေးတစ်ယောက်ဆို သူ့အမှတ်နဲ့ ဆေးကျောင်းမဝင်နိုင်ဘူးတဲ့ ……. အမှန်ကအမှတ်က မှီပါတယ် လူလျှော့ခေါ်တော့ သူပါမယ်မပါဘူး သေချာမသိတော့ဘူးလေ ….. အခုအသစ်တိုးထားတဲ့ ရေကြောင်းတက္ကသိုလ်လိုင်းတွေကိုတက်ရင်လည်း ကျောင်းပြီးရင် ဘယ်နေရာမှာ ဘယ်လိုအသုံးဝင်တယ်ဆိုတာလည်း သူ့ခမျာ ဂဂနနမသိနဲ့ စမ်းတဝါးဝါးဖြစ်နေလေရဲ့ …… ဘာပဲဖြစ်ဖြစ် အချိန်တွေကုန် ငွေကုန်ခံတက်ပြီး ဘွဲ့ရတော့မှ အသုံးမဝင်တော့ဘူးဆိုတဲ့ အဖြစ်မျိုးတော့မဖြစ်စေချင်ဘူးလေ …….

  • linnlinnn

    August 3, 2012 at 2:31 pm

    မွန်မွန်ရေ.. ပညာရေးစနစ်ကဘယ်လို..ဘယ်ချမ်းသာဆိုတာတော့ မဝေဖန်တတ်ပါဘူး။ ကိုယ့်မျက်မြင်တစ်ခုတော့ ပြောပြချင်ပါတယ်။ ကိုယ့်မှာ တူမလေးတစ်ယောက်ရှိတယ် ရန်ကုန်မြို့နဲ့သိပ်မဝေးတဲ့ နေရာက သုံးတန်းကျောင်းသူလေးပါ။ နောက်ထပ် ရန်ကုန်မြို့ထဲမှာ ကျောင်းတက်နေတဲ့ ကိုယ့်သူငယ်ချင်းရဲ့ သမီးလေးတစ်ယောက်ရှိတယ်။ အတန်းအတူူတူပဲဆိုပါတော့။ သို့သောလည်း သူတို့နှစ်ယောက်သင်ယူနေရတဲ့ ပုံစံကမတူပါဘူးကွယ်။ ရန်ကုန်မြို့နဲ့သိပ်မဝေးတဲ့ နေရာမှာ ကျောင်းတက်ရတဲ့ ကို်ုယ့်ရဲ့တူမလေးက စာအလွတ်ကျက်၊ အလွတ်မှတ်၊ တစ်ကြောင်းသွား စနစ်ပဲသိပါတယ်။ ဒါလာရင် ဒါပဲဖြေတတ်တယ်။ တစ်ခြားဟာမဖြေတတ်ဘူးကွယ်။ ရန်ကုန်မြို့ထဲမှာကျောင်းနေတဲ့ ကိုယ့်သူငယ်ချင်းရဲ့ သမီးလေးကတော့ အကုန်ဖြေတတ်တယ်။ ဘာလာလာ သူ့အတွက် easy ပဲ။ ဒီစာကိုပဲ သင်ရတာကို ဘာလို့တတ်သိပုံကွာတာလဲဆိုတာ အားမလိုအားမရဖြစ်မိတယ်။ သူတို့ကို သင်ပေးတဲ့ ဆရာ/ဆရာမတွေရဲ့ သင်ပုံမတူလို့လား။ ဒီလိုသာဆိုရင်ဖြင့် အခုကတည်းက အခြေခံကကွာနေတာ နောင်တတန်းပြီး တတန်း တစ်နှစ်ပြီးတစ်နှစ်ကြီးရင် ပိုတောင်ခက်တော့မယ်နော်။ ကိုယ်က ကလေးတွေကို ဒါမြင်ရင် ဒါကိုပဲ သိတာမျိုးကိုမဖြစ်စေချင်ဘူး။ တစ်ခုမြင်ရင် အကုန်မဟုတ်တောင် အတော်အတန် မြင်တတ်/တွေးတတ်တဲ့ ကလေးတွေဖြစ်စေချင်တာ။

    • mamanoyar

      August 3, 2012 at 2:45 pm

      ဘာကွာတာလဲဆိုတာတော့ တကယ်မသိပါဘူး
      ကွာတော့ကွာပါတယ် တောမှာနေတဲ့ ကလေးနဲ့ မြို့မှာနေတဲ့ကလေး
      တတ်သိပုံချင်းတကယ်မတူပါဘူး မြို့ကျောင်းမှာ ကလေးလေးတွေ ငယ်ငယ်လေးတွေပဲရှိသေးတယ်
      အင်္ဂလိပ်စာအရမ်းတော်နေပါပြီ တောကကလေးတွေ ငါးတန်းခြောက်တန်းရောက်လို့တောင်
      သိပ်မသိကြပါဘူး ဆရာမတွေမသင်လို့လားဆိုတော့ သင်လည်းသင်တာပဲ
      မွန်မွန်ပြောသလို ဆရာမတွေဘဝကလည်း ကိုယ်ချင်းစာမိပါတယ်။

  • Shwe Ei

    August 3, 2012 at 3:37 pm

    တောနယ်တွေမှာက ဒီနယ်က၁ဝတန်းအောင် အခြားကိုယ့်နယ်နဲ့ မဝေးတဲ့ မြို့တခုခုမှာ အဝေးသင်တက် ပြီးတော့ ဒီနယ်မှာ ဆရာမပြန်လုပ်ကြတာကိုး။ သူတို့သိသလောက် အိတ်သွန်ဖာမှောက်သင်ရင်တောင် မြို့က ဆရာမတွေသိတာနဲ့ နယ်ကဆရာမသိတာ ကွာနေအုံးမှာဖြစ်သလို သင်ပုံသင်နည်းကအစ မတူဖြစ်နေအုံးမှာဘဲ။ ဆရာမမှမဟုတ် အခြားသော အစိုးရဝန်ထမ်းအများစုကလဲ အခွင့်အလမ်းကောင်းတွေရှိရာ ပညာတိုးနိုင်မဲ့နေရာ ဝင်ငွေကောင်းမဲ့နေရာတွေကိုသာ အသဲအမဲလိုက်နေကြတာ နယ်မှာ အစိုးရလစာမလောက်မငနဲ့ အိတ်စိုက်ပြီး စာသင်ရမဲ့အရေးကိုတော့ရင်လေးကြမှာဘဲ။ ကျမအမြင်ပြောရရင် တော့ နယ်စွန်နယ်ဖျား လမ်းပမ်းဆက်သွယ်ရေးခက်တဲ့တောနယ်တွေမှာ တာဝန်ကျတဲ့ ဝန်ထမ်းတိုင်းကို လုံလောက်တဲ့ အထောက်အပံ့ကောင်းကောင်း(အိတ်စိုက်ရန်လုံးဝမလိုတဲ့အပြင်ပိုလျှံသော လစာငွေ)ပေးသင့်တယ်လို့မြင်ပါတယ်။

  • ပင်လယ် ပျော်

    August 3, 2012 at 3:50 pm

    အင်း…အခုကဒါမျိုးတွေနဲ ့ဝေးကွာခဲ့တာတော်တော်ကြာခဲ့ပြီ…ဒီတော့မှားတာရှိရင် ဝန္တာမိပါ…ကျွန်တော်တို ့တုန်းကလည်း ကျုရှင် ဆိုတာတော်တော်ကိုရေပန်းစားတာဗျ…ကျုရှင်မတတ်နိုင်ရင်ဘဲအောက်သလိုလို (ကျောင်းစစ် စာမေးပွဲများ တွင် ကျုရှင်တတ်သူများသာမေးခွန်းရနိုင်ခြင်း)ဒါမှမဟုတ် မိဘများက သားသမီးများ မျက်နှာငယ်မှာစိုးလို ့တစ်မျိုး…ဒီမှာတင်ပဲ ပညာရဲ ့(Quality)ကနိမ့်ဆင်းလာပါတယ်.. အတန်း၁ တန်းမှာကျောင်းသား ၃ဝ ရှိရင် ၂၅ယောက်လောက်က ကျုရှင်တတ်ကြပါတယ်…ဒီတော့ ဆရာ/မ တွေရဲ ့ဂရုစိုက်သင်ကြားမှုတွေလည်းလျှော့လာတယ်…(အားလုံးကိုမဆိုလိုပါ)…ပြီးတော့ဆရာ/မ တွေရဲ့ အရည်အချင်း.. သင်ကြားပြသပုံ…ဒါတွေလဲလိုအပ်ပါတယ်…တိုင်းပြည်တကယ်တိုးတတ်ဖို ့ရာ အရည်အချင်းရှိတဲ့ပညာရှင်တွေလိုအပ်တယ်…ဒီလိုပညာရှင်တွေကို တိုင်းပြည်ပြင်ပမှ ပိုက်ဆံပေးပြီးခေါ်မှာလား…ဒီမှာပဲစနစ်တကျမွေးထုတ်မှာလား…အခုလိုခေတ်မျိုးမှာတိုင်းပြည်အင်အားကစစ်အင်အား မဟုတ်တော့ပါဘူး… ပညာရှင်အင်အား သည်သာအဓိကဖြစ်ပါကြောင်း……

  • manawphyulay

    August 3, 2012 at 3:52 pm

    ခုခေတ်ဆရာမတွေရဲ့လစာတွေက မဆိုးတော့ပါဘူး။ ရှစ်သောင်းရှစ်ထောင်ရတယ်ဆိုတော့ အပြင် ကုမ္ပဏီနီးနီးပါပဲ။ စာသင်တာတွေရမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ အရင်တုန်းက လစာနဲ့တော့ အတော့်ကို ကွာခြားသွားပြီ။အရင်ကတော့ ဆရာမတွေလစာက သုံးလေးသောင်းပဲဆိုတော့ အဆင်မပြေကြတာ များတယ်။ ဆရာမတွေက လစာမလောက်တော့ ဒေသတွေပြောင်းကြ နယ်တွေမှာမလုပ်ချင်တဲ့သူနဲ့ဆိုတော့ နယ်က ကလေးတွေအတွက် ရင်မောစရာတွေပဲပေါ့နော်။

  • ko khin kha

    August 3, 2012 at 4:33 pm

    မြန်မာပြည်ပညာရေးစနစ်က အစိုးရတစ်ဖွဲ့တက်လာလိုက် ပညာရေးစနစ်ပြောင်းလိုက်၊ နောက်အစိုးရတစ်ဖွဲ့ တက်လာလိုက် ပညာရေးစနစ်ပြောင်းလိုက်၊ ဝန်ကြီးပြောင်းသွားလိုက် ပညာရေးစနစ်ပြောင်း လိုက်နဲ့ ပြောင်းလို့ကိုမပြီးဆုံနိုင်တဲ့ပညာရေး၊ မြန်မာပြည်မှာ သူကတော့ဆုံးမယ် မထင်ဘူး ကိုယ်ဘဲဆုံးသွားမှာပါ။ ဒါဒို့မြန်မာပြည် ပညာရေးစနစ်ဗျ ဘာမှတ်လို့လဲ။

  • Shar Thet Man

    August 3, 2012 at 4:41 pm

    ဖတ်ရတာစာပြေပြစ်လို့ကောင်းပါတယ်…စကားပြောနည်းနည်းလေးလျှော့ရင်ပိုပိုပြီးကောင်းသွားပါလိမ့်မယ်.ဆက်ရေးပါ..အားပေးနေပါတယ်….

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 8:55 pm

    ပညာရေးမူအရ အောက်ခြေမှနေ၍ တက္ကသိုလ်အဆင့်ထိ အားလုံးပြောင်းလဲမည်
    ယူဆမိပါတယ်။

  • ကိုသင်း

    August 4, 2012 at 1:19 am

    ယနေ့ခတ်မှာ ပညာကို ငွေနဲ့ဝယ်ရပါတယ်၊ ငွေမရှိရင်
    ပညာတတ် ဖြစ်ဖို့ဆိုတာ အိမ်မက်ပါပဲ။ပညာပြည့်ဝ
    နှလုံးလှတဲ့ ဆရာဆိုတာလည်း သိပ်ရှားသွားပါပြိ၊ဒါဟာလည်း
    လက်ရှိကြုံတွေ့ရတဲ့ ဝင်ငွေနည်းပါးတာကြောင့်လို့
    ထင်ပါတယ်၊ဆရာဆိုတာ နာ ၃ နာနဲ့ လောကကို
    အလှဆင်သူတွေပါ၊ သူတို့လည်း မတတ်သာလွန်းလို့
    ကဘာ မိးလောင် သားကောင်ချနင်း နေပုံရပါတယ်။

  • ကြောင်ကြီး

    August 4, 2012 at 9:12 am

    အားနာ
    ခါးပါ
    လားရာ
    ညားမှာ
    သနားစရာ
    နွားပြာ
    သွားနာ
    ယားလျှာ..။

  • ahnyartamar

    August 4, 2012 at 10:52 am

    တပည့်မရှား၊ တစ်ပြားမရှိ၊
    ပီတိကိုယ်စား၊ အားရှိပါ၏။
    ဒီလကာင်္လေးက ရုပ်ရှင်ထဲက စကားလုံးထင်တာ၊ တကယ်အပြင်မှာ ဒီလို ဆရာ၊ ဆရာမတွေရှိနေသေးတယ်ဆိုတော့ တကယ့်ကို ပီတိဖြစ်မိပါတယ်။
    ဒါပေမယ့် အူမအတွက် ပညာရဲ့ တန်ရာ၊ တန်ကြေးတော့ ယူသင့်တာပေါ့………….

Leave a Reply