သစ်စိမ်းပင်ပေါက်လေးများအတွက် ဒါဇင်ပေါင်းများစွာ၏စေတနာ

မြန်မာသကရာဇ် ၁၃၇၄ခု၊ ဒုတိယဝါဆိုလဆုတ် (၂)ရက်၊

၂၀၁၂ခုနှစ်၊ ဩဂုတ်လ (၄)ရက်၊ စနေနေ့

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ် ၅၇-၅၈၊ အနောက်မြို့ပတ်လမ်း၊ ဆရာစံမြောက် / အနောက်ရပ်ကွက် စတုဘုမ္မိကမဟာသတိပဌာန်စာသင်တိုက်တွင် တည်ရှိသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် မန္တလေးဂေဇက်အင်တာနက်စာမျက်နှာတွင် စုစည်းမိကြသော လူငယ်သူငယ်ချင်းများစုပေါင်းဖွဲ့စည်းသော ဒါဇင်ပေါင်းများစွာ (Dozen+) အဖွဲ့သူ၊ အဖွဲ့သားများစုပေါင်းရရှိငွေ ၁၀၀,၀၀ဝိ/- (ကျပ်တစ်သိန်းတိတိ)ကို ပညာရေးလိုအပ်ချက်များတွင်အသုံးပြုရန်အတွက် ပထမဆုံးသွားရောက်လှူဒါန်းခဲ့ပါသည်။

 

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆိုင်းဘုတ်
ဒါကတော့ စာသင်တိုက်ဆိုင်းဘုတ်ပါ

Dozen+ အဖွဲ့သူအဖွဲ့သားများသည် မိမိတို့ရှာဖွေစုဆောင်းရရှိသော ချွေးနဲစာမှ လစဉ် ၅,၀၀ဝိ/- (ငါးထောင်ကျပ်တိတိ) စီကို စုပေါင်းပြီး မိမိတို့နိုင်ငံ၏ အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များထဲမှ မှီခိုရာမဲ့ဆင်းရဲနွမ်းပါးသည့်ကလေးငယ်များအား ပညာရေးအတွက်အထောက်အကူပြုနိုင် မည့်နေရာများကိုသာရှာဖွေလှူဒါန်းရန် စီစဉ်ခဲ့ကြပါသည်။

Dozen+ အဖွဲ့သူအဖွဲ့သားများ သွားရောက်လှူဒါန်းခဲ့သော စတုဘုမိ္မကမဟာသတိပဌာန်ကျောင်းတိုက်တွင် ရဟန်းတော် (၆)ပါးမှတာဝန်ယူလျက် ကိုရင်ငယ်လေးများ (၁၃၅)ပါးနှင့် ကျောင်းသားလူငယ် (၅၇)ဦးတို့အား စားဝတ်နေရေးမှအစ၊ ပညာရေးထောက်ပံ့မှုများပါတာဝန်ကြီးစွာယူ လုပ်ကိုင်နေကြရသောကျောင်းတစ်ကျောင်း ဖြစ်ပါသည်…

စာသင်သားကိုရင်လေးများအစီအရီ

 

သပိတ်ကလေးများလဲ ညီညီ
ဆွမ်းတော်ဂျိုင့်နှင့် သောက်ရေခွက် တွဲလွဲဆွဲလျက်

ထိုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ မူဝါဒမှာ ပညာလိုလားပြီး၊ စည်းကမ်းလိုက်နာသေဝပ်သောကလေး ငယ်များကို ပညာတတ်များဖြစ်လာစေရန် တစ်ဖက်တစ်လမ်းမှထောက်အပံ့ပေးနေသောကျောင်းလေး တစ်ကျောင်းလည်းဖြစ်ပါသည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးမှာ မူလတန်းအဆင့်အထိသာရှိသောကြောင့် စတုတ္ထတန်းအောင်မြင်ပြီးချိန်တွင် လောကီစာပေ သို့တည်းမဟုတ် လောကုတ္တရာစာပေအား ကျောင်းသားတို့ ဆန္ဒအလျောက်ရွေးချယ်ခွင့်ပေးထားပြီး၊ လောကီစာပေဆက်လက်သင်ကြားရန်စိတ်အားထက်သန်သည်ဆိုပါ လျှင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ တာမွေမြို့နယ်တွင်ဆက်လက်ပညာသင်ကြားနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်းလည်းသိရှိခဲ့ရပါသည်။ လက်ရှိကျောင်းတိုက်တွင်ပင် ဝေယျာဝစ္စပြုလုပ်လျက် အဆင့်မြင့် ပညာတန်းများသို့ ဆက်လက်ပညာဆည်းပူးနေသော ပထမနှစ်ကျောင်းသားတစ်ဦး၊ ဒုတိယနှစ်ကျောင်းသား နှစ်ဦးပင်ရှိနေပြီဖြစ်ကြောင်း ဝမ်းမြောက်စွာဖြင့်သိမှတ်ခဲ့ရပါသည်။

ကျောင်းသား၊ ကိုရင်များ စာရင်းပေါင်း

ထို့အပြင် ကျောင်းတိုက်အတွင်းရှိစာသင်သားများဖတ်ရှုလေ့လာနိုင်ရန်အတွက် ဉာဏ်မီးအိမ်ဟူသော စာကြည့်တိုက်ငယ်လေးတစ်ခုကိုပင် တည်ထောင်ပေးထားသည်ကို ဝမ်းမြောက်ဝမ်းသာတွေ့ရှိရပါသည်။

 

ဉာဏ်မီးအိမ်ဟူသောစာကြည့်တိုက်လေး

 

ညဏ်အလင်းကိုဖွင့်မည့် မီးအိမ်ငယ်…

ထို့အတူပင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးရှိ စာသင်သားများအား အခကြေးငွေတစ်စုံတစ်ရာ မယူဘဲစေတနာလုပ်အားသက်သက်ဖြင့် ကူညီသင်ကြားပေးလျက်ရှိသော ဆရာ၊ ဆရာမများအားလည်း မှတ်တမ်းတင်ခဲ့ပါသေးသည်။

စေတနာရှင်ဆရာဆရာမများ မှတ်တမ်းထား

ကျွန်တော်တို့ Dozen+ အဖွဲ့သားများမှလဲ မိမိတို့အလှူလေးဖြစ်မြောက်ခြင်းအတွက် ဝမ်းသာပီတိဖြစ်ခဲ့ရသလို၊ မိမိတို့ချွေးနဲစာပင်ဖြစ်လင့် ကစား နောက်အနာဂါတ်မျိုးဆက်သစ် သစ်စိမ်းပင်ပေါက်ကလေးများဖြစ်သည့် အနာဂတ်ရတနာလေးများအတွက် ခဲတံတစ်ချောင်းပင်ဖြစ်စေ၊ ဗလာစာအုပ်တစ်အုပ်ပင်ဖြစ်စေ ဖြည့်စွက်လှူဒါန်းနိုင်ခဲ့ခြင်းကြောင့် ဘဝင်ပီတိဂွမ်းဆီထိကဲ့သို့ ကြည်နူးချမ်းမြရသည်မှာလဲ ဖော်ပြနိုင်စွမ်းမရှိအောင် ပင်ဖြစ်ခဲ့ရပါသည်။

ရေစက်သွန်းချလှူဒါန်းကြ

 

အလှူရေစက်လက်နဲ့မကွာ

ထို့ကြောင့် ကျွန်တော်များ Dozen+ အဖွဲ့သူ၊ အဖွဲ့သားများသည်လည်း ယခုပထမဦးဆုံးအလှူခြေလှမ်းငယ်မှသည် နောက်လာမည့် လစဉ်လတိုင်းမှာ ဆထက်တန်ပိုးတိုး၍ ပိုမိုလှူဒါန်းနိုင်ကြရန်အတွက် စေတနာရည်သန်စိတ်များလည်း တိုးလို့ဖြစ်ပွားလာခဲ့ရပါသည်။

စုဝေးကာသာရောက်ရှိလာ

ကျွန်တော်များ Dozen+ အဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ရည်ရွယ်ချက်များကို စိတ်ပါဝင်စားသူများ ကျွန်တော်တို့၏ အင်တာနက်စာမျက်နှာဖြစ်သော www.dozenplus.org သို့ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် အမြန်ဆုံးပြင်ဆင်လျက်ရှိပါသည်။ ဆိုဒ်တည်ဆောက်ပြီးစီးသည့်အချိန်ကိုလည်း ထပ်မံကြေငြာပါဦးမည်…

 

လေးစားစွာဖြင့်-

Dozen+ အဖွဲ့သူ၊ အဖွဲ့သားများ

၂၀၁၂၊ ဩဂုတ်လ

41 comments

  • P chogyi

    August 6, 2012 at 10:05 am

    သာဓု၊ သာဓု၊ သာဓုပါဗျာ။
    ပညာရေးမြှင့်တင်မယ်လို့ ကြွေးကြော်နေချိန်မှာပဲ၊
    ဒီလိုမပြည့်စုံတဲ့နေရာတွေကလည်း
    အများကြီးကျန်နေသေးတယ်။

  • shwe kyi

    August 6, 2012 at 10:14 am

    ကောင်းလိုက်တာ စုပြီးလှူဖြစ်သွားကြပြီနော်။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ရှင်။
    ကလေးတွေရဲ့အနာဂတ်လေးတွေလှပနိုင်ကြပါစေ။
    ဒါဇင်ပေါင်းများစွာအဖွဲ့လည်း အဆပေါင်းများစွာတိုးပြီးလှူနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။

  • ရဲစည်

    August 6, 2012 at 10:16 am

    အယ်。。。
    ဘယ်သူတွေ
    ဘယ်နေ့က
    သွားကြတာတုန်း လှူကျတာတုန်းဗျာ နည်းနည်းပါးပါးတောင် သံချောင်းမခေါက်ကျဘူး
    အနော်လဲ သိရင်လှူမှာပေါ့ 。。。 ခုတလော သိပ်မသောက်ဖြစ်တော့ အရက်ဖိုးလေးထဲက ငွေစလေး တော်တော်များများ ပိုထွက်လာတယ်ဗျို့
    မသေခင် စပ်ကြားတော့ ကိုယ့်နောက်ပါမှာလေး လုပ်ချင်ရဲ့ …………..
    ဆိုတော့
    http://www.dozenplus.org ကလဲ ဘာမှ မမြင်ရဘူးရယ်။အဲဒါ ပါချင်ရင် ဘယ်လို လုပ်ရတာတုန်း
    ခုတလော ဟိုစပ်စပ် ဒီစပ်စပ် သိပ်လုပ်ချင်နေလို့ အဲလာလေး ဖြေပေးအုံးဗျာ………………
    စကားမစပ်
    ရွာသူရွာသားတွေ ပါဝင်ကြပုံရတယ် ကောင်းပါတယ်ဗျို့ ရေရှည်တည့်တံ့ပါစေ……………..

    • marblecommet

      August 6, 2012 at 11:14 am

      ကိုရဲ
      ခင်ညားတစ်ကယ်လှူချင်ယင်
      အနော့်မှာ
      ဖောင်ဒေးချင်းတစ်ခုချိဘာဒယ်….
      အဲလာကို လှူဘာ
      သိပ်အကျိုးချိဘာဒယ်
      အသေးစိပ်ကိုဒေါ့
      ကျနော့် ဝက်ဘ်ဆိုက်မှာလာကြည့်ပါ
      ဒဗလျူဒဗလျူဒဗလျူဒေါ့စီအက်စ်တူးကေဒေါ့အာပီဂျီ…….
      ပုံ…..
      ဖောင်ဒါ
      ငကမ်း…

  • manawphyulay

    August 6, 2012 at 10:23 am

    အလှူဆိုတာ တစ်နိုင်တစ်ပိုင်လှူရင်လည်း အလှူဖြစ်မြောက်တာပါပဲ… သာဓုခေါ်ပါတယ်ရှင်။ ဒီလိုလူမျိုးတွေ အများအပြားပေါ်စေဖို့ ဆုတောင်းနေမိတယ်။

  • pan pan chit

    August 6, 2012 at 10:35 am

    အလှူလုပ်တာ ဘာအလှူဖြစ်ဖြစ် ဘယ်လောက်သေးသေးကြီးကြီး ရည်ရွယ်ချက်နဲ့ စေတနာက အဓိကပါပဲ
    သာဓု…သာဓု…သာဓု
    ခုလည်း လိုအပ်ချက်တွေရှိနေတဲ့ သစ်စိမ်းပင်ပေါက်လေးတွေ ညှိုးခြောက်နွမ်းလျော်မသွားအောင်
    တတ်နိုင်တဲ့ဖက်က တနိုင်တပိုင် ရေလောင်းပြုစုပေးသလိုပါပဲ
    တချိန်ချိန် ဒီအပင်ပေါက်လေးတွေဟာ ငှက်တစ်သောင်းနားနိုင်မယ့် အပင်ကြီးတွေဖြစ်မလားဘူးလို့ မပြောနိုင်ပါဘူး
    ဒီခဏလေး တစ်ရက်တည်းအတွက်အလှူမဟုတ်ဘူးလို့ မြင်မိပါတော့တယ် 🙂
    ——————————
    အဟမ်း!
    သစ်စိမ်းပင်ပေါက်လေးများဆိုတော့ အနော်လည်း သစ်စိမ်းပင်ပေါက်လေးတစ်ပင်ဆိုတော့
    အနော့်အတွက်လည်း လှူတန်းနိုင်ဘာဒယ် :mrgreen:

  • ဦးဦးပါလေရာ

    August 6, 2012 at 10:56 am

    ကောင်းလိုက်တာ…
    ဒီအဖွဲ့ရယ်၊ ဒီလုပ်ဆောင်ချက်ရယ်အတွက်
    ဝမ်းသာအားရ ဂုဏ်ပြုပါတယ်ဗျာ….။

    သူကြီးရေ
    သူကြီးဆိုက်က ဒီလို သီး ပွင့်လာတာကို အားရတယ်ဗျာ…။

  • Foreign Resident

    August 6, 2012 at 11:05 am

    သာဓု…သာဓု…သာဓု ။
    ဆိုးတာက တစ်ခုပဲရှိတယ် ။
    ဓါတ်ပုံတွေကို နောက်ကရိုက်ထားတာပဲပြတော့ ၊
    ဒါကတော့ ဘယ်သူဖြစ်လောက်တယ် ၊ ဒီဟာက ဘယ်သူပဲ ဆိုပြီး ၊
    လိုက်မှန်းရတာ ဦးနှောက်ကိုခြောက်ရော ။

  • etone

    August 6, 2012 at 11:17 am

    ကိုဖက်တီးကတ်ရေ …… သာဓုခေါ်ပါတယ် ။
    သစ်စိမ်းပင်လေးတွေရှင်သန်ဖို့ …..ရေစက်ရေပေါက်လေး တစက်အဖြစ်နဲ့ ပါဝင်လှူဒါန်းချင်တယ်ဆိုလျှင် …. ဘယ်လို ဆက်သွယ် လှူဒါန်းရမလဲဆိုတာလေး ….ပြောပေးပါဦးနော် …. ။

  • blackchaw

    August 6, 2012 at 11:24 am

    သာဓု သာဓု သာဓု ပါ ညီလေးရေ…။
    ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ပေးခဲ့ပါတယ်ဗျာ…။
    ပီတိများစွာဖြင့်
    ဘလက်ချော….။

  • Ma Ei

    August 6, 2012 at 12:11 pm

    ဖက်တီးကတ်ရေ ……
    မပြောမဆို သူတို့ချည်းဘဲ
    ကုသိုလ်ယူဘို့ စီစဉ်သွားတယ်ပေါ့လေ…
    အလှူအတွက် ဝမ်းသာကြည်နူးမိပါတယ်…
    ကိုရင်လေးတွေကလဲ ချစ်စရာကောင်းနေတယ်နော်…
    မန္တလေး ဂေဇက် အလှူတွေကော
    ရှိနေဦးမလားလဲ သိချင်မိပါတယ်…
    တတိယ..စတုတ္ထကနေ…
    ဆက်သွားကြမယ်ထင်ထားတာ…

    • amatmin

      August 6, 2012 at 1:18 pm

      အမ မအိရေ..
      ကျနော့အမြင် ဒီဂရုလေးက..
      တတ်နိုင်သလောက်လေးလစဉ်ပုံမှန်လှူချင်လို့..
      လုပ်ကြတာ ဖြစ်ကောင်းပါတယ်..
      ကိုထွန်းဝင်းလတ်လို ပုံစံမျိုးနဲ့ ခပ်ဆင်ဆင်တူမယ်ထင်တယ်..
      မန်းလေးဂေဇတ် နောက်ဆက်တွဲအလှူတွေကတော့..
      ထုံးစံအတိုင်း အများစုပေါင်းပီး.မကြာမကြာ ဖြစ်နေမယ်ထင်ပ..
      ကျနော်ကတော့ ရွာ့စုပေါင်းအလှူကိုလည်း ပါဖို့အားရသလို..
      ဒါကိုလည်း နိုင်သလောက်လစဉ်လုပ်တာမို့.သဘောကျပါတယ်..

  • မဂွတ် ထော်

    August 6, 2012 at 1:09 pm

    ကိုရင်စာသင်သားလေးတွေလဲ
    အရမ်းကြည်ညိုစရာကောင်းတယ်နော်
    အလှူပြုသူတွေလဲ သာဓုခေါ်ပါတယ်

  • ကြောင်ဝတုတ်

    August 6, 2012 at 1:21 pm

    ကိုပီချိုကြီးရေ… (အစ်ကိုထင်ပါ့)
    နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုတာ လူကအရေးအကြီးဆုံးလို့ ကျွန်တော်တို့အားလုံးခံယူထားပါတယ်…
    လူအများတိုးတက်ဖို့ဆိုတာ ပညာတတ်ဖို့က အရေးအကြီးဆုံးအခြေခံလို့ထပ်မြင်မိပါတယ်ဗျာ…
    အဲဒီအတွက် ဆင်းရဲချို့တဲ့သူကလေးငယ်တွေရဲ့ ပညာရေးလေးကို တတ်စွမ်းသမျှအားနဲ့ အကူအညီပေးတဲ့အနေနဲ့
    ဒီအလုပ်ကို လစဉ်ဝင်ငွေတွေထဲကတတ်နိုင်သလောက်ဖဲ့လှူကြတဲ့သဘောပါ…
    အလှူအတွက် သာဓုခေါ်တာကျေးဇူးပါခင်ဗျာ…

    မရွှေကြည်ရေ…
    နာမည်ပေးထားသလို တစ်ဦးတစ်ယောက်မှသည် လူဒါဇင်ပေါင်းများစွာဖြစ်လာနိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေတုန်းပါဗျာ…
    ကျွန်တော်တို့ရည်ရွယ်ရင်းကိုက ကျွန်တော်တို့လှူနိုင်သလောက်နဲ့ ချို့တည့်သူကလေးငယ်တစ်ယောက် တစ်ရက်စာပိုသင်နိုင်ရင်
    ကျွန်တော်တို့ ကြိုးစားရကြိုးနပ်ပါပြီဗျာ…

    ကိုရဲစည်ရေ…
    အဲလိုနောက်တာတော့ မကောင်းပါဘူးနော်…ဟီးဟီး
    ကိုရဲစည်ကိုယ်တိုင်လဲ သစ်စိမ်းပင်ပေါက်လေးတွေကို အရက်ဖိုးထဲကဖဲ့ပြီး ပျိုးထောင်ပေးတဲ့လက်တစ်ဖက်ဖြစ်တယ်ဆိုတာ
    ကျွန်တော်မပြောဘူးနော်…
    http://www.dozenplus.org က လောလောဆယ်မှာအဖွဲ့ထဲက ညီမလေးတစ်ယောက်က အလုပ်တွေမအားတဲ့ကြားကနေ လုပ်ပေးနေတာဆိုတာ့ ခဏလေးတော့စောင့်စေချင်ပါတယ်… ဒီတစ်ရက်နှစ်ရက်အတွင်းဖြစ်နိုင်အောင် ကြိုးစားနေပါတယ်ဗျာ…
    လောလောဆယ် info@dozenplus.org အီးမေးလ်ကိုဆက်သွယ်ပြီး လိုအပ်သည်များကို စုံစမ်းနိုင်ပါတယ်နော်…

    ညီမလေးပန်ပန်ချစ်ရေ…
    ညီမလေးပြောသလိုပဲ အခုသစ်စိမ်းပင်ပေါက်လေးတစ်ပင်ကနေ တစ်နေ့မှာ ငှက်သိန်းသောင်းနားနိုင်တဲ့အပင်ကြီးတစ်ပင်
    ဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့အပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ…
    ကျွန်တော်တို့ လိုဂိုလေးမှာရေးဆွဲထားသလို… လူကြီးတွေက ကလေးငယ်လေးတွေဆီကို အညွှန့်တလူလူနဲ့သစ်ပင်လေး
    လက်ဆင့်ကမ်းသလိုမျိုး ကျွန်တော်တို့သူတို့လေးတွေရဲ့ဘဝအညွှန့်လေးတွေဝေလာမယ့် ပညာရေးကိုတတ်နိုင်သလောက်
    လက်ဆင့်ကမ်းတာပါဗျာ…

    ဦဦးပါလေရာရေ…
    အခုလိုအားပေးတာ ကျွန်တော်တို့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်တာ အရမ်းကျေးဇူးတင်ပါတယ်…
    သဂျီးလဲ အခုလိုအသီးအပွင့်လေးတွေမြင်ရတဲ့အတွက် ဝမ်းမြောက်လိမ့်မယ်လို့ထင်မိပါတယ်…

    အဘဖောရေ…
    ဓာတ်ပုံကိုနောက်ကပဲရိုက်ထားတာတို့ ဘယ်သူဘယ်ဝါဆိုတာမပြောတာကတော့
    ကျွန်တော်တို့ ဒီအလှူကိုလုပ်တာ မည်သူမည်ဝါဆိုတဲ့ပုဂိ္ဂုဟ်အစွဲမရှိစေချင်သလို…
    ပါဝင်သူအားလုံးဟာ မိမိတတ်နိုင်တဲ့ဘက်က တာဝန်ယူပြီးအလုပ်လုပ်နေတာဖြစ်တဲ့အတွက်
    မည်သူတစ်ဦးတစ်ယောက်မှ ချွန်ပြီးစွမ်းဆောင်တာမျိုးမရှိပါဘူး…
    အဲဒီတော့ အားလုံးကို ဒါဇင်ပလပ်အဖွဲ့သားများဆိုတဲ့စိတ်သန့်သန့်လေးနဲ့ ပါဝင်စေချင်တာပါ…
    သို့ပေသည့် မည်သူတွေစုပေါင်းပြီး ဒီအလှူအဖွဲ့လေးကိုလုပ်တယ်ဆိုတာ ခန့်မှန်းကြည့်ရုံနဲ့သိမယ်ထင်ပါတယ်…

    လေးစားစွာဖြင့်-
    Dozen Plus အဖွဲ့သူ၊ အဖွဲ့သားများ

  • linnlinnn

    August 6, 2012 at 1:36 pm

    ကိုဝတုတ်ရေ.. “Dozen+ အဖွဲ့သူအဖွဲ့သားများသည် မိမိတို့ရှာဖွေစုဆောင်းရရှိသော ချွေးနဲစာမှ လစဉ် ၅,၀၀ဝိ/- (ငါးထောင်ကျပ်တိတိ) စီ” လို့ဆိုထားတဲ့အတွက်.. ကျမလည်း Dozen+ ရေအိုးစင်လေးမှာလစဉ် ရေတပေါက်ထည့်ချင်ပါတယ်။ ဘယ်လိုထည့်ဝင်ရမယ်။ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ လေးပြောပြပေးပါလား။ info@dozenplus.org အီးမေးလ်ကိုဆက်သွယ်ပြီးမေးရင် ကျမတစ်ယောက်တည်းသိရမှာမို့ အများသိရအောင် ဒီမှာဖြေပေးပါနော်။

    • ကြောင်ဝတုတ်

      August 6, 2012 at 2:42 pm

      မလင်းလင်းရေ… (မိန်းခလေးထင်ပါ့)
      အလှူလက်ခံဖို့နဲ့ လက်ခံပေးမယ့်သူများရဲ့ ဖုန်းနံပါတ်များကိုတင်ပေးဖို့အနေအထားမှာ
      ပါဝင်သူများကိုယ်စီ အလုပ်တွေနဲ့မို့ ကျွန်တော်တို့ ညှိနှိုင်းနေတုန်းပါ…
      ဒါဇင်ပလပ်(စ)ရဲ့ Website တက်လာတဲ့အခါကျရင် ကျွန်တော်တို့လက်ခံပေးမည့်သူများရဲ့
      ဖုန်းနံပါတ်များပါ တင်ထားပေးမှာပါ…

      နောက်တစ်ခုက လစဉ်လတိုင်း ရက်(၂၀)နဲ့ (၂၅)ရက်ကြားမှာ ကျွန်တော်တို့ ဒီလအတွက်
      ဘယ်နေရာကိုလှူမယ် ဘယ်နေ့ဘယ်အချိန်ဆိုတာ Website မှာတင်ပေးမှာပါ…
      အလှူလုပ်မယ့်ရက်ကိုတော့ လစဉ် လဆန်းပိုင်း (၁၀)ရက်မတိုင်ခင်မှာလုပ်ဖို့ရည်ရွယ်ထားပါတယ်…
      Website မှာ Information အပြည့်အစုံတင်ပေးဖို့ကြိုးစားနေပါတယ်… ကျွန်တော်တို့အားလုံးလဲ အလုပ်တစ်ဖက်
      ကိုယ်စီနဲ့မို့ အချိန်မှီမဖြေကြားနိုင်တာရှိရင် ခွင့်လွှတ်စေချင်ပါတယ်…
      လောလောဆယ်တော့ info@dozenplus.org ကိုဆက်သွယ်စေချင်ပါတယ်ခင်ဗျား…

      Dozen Plus အဖွဲ့သားများကိုယ်စား
      ကြောင်ဝတုတ်

      • linnlinnn

        August 6, 2012 at 2:50 pm

        ကျေးဇူးတင်ပါတယ်ရှင်.. ဟုတ်ကဲ့. ကျမ မေးလ်နဲ့ဆက်သွယ်လိုက်ပါ့မယ်…အလုပ်မအားတဲ့ကြားက အတ္တဟိတကိုဘေးချိတ်ပြီး ပရဟိတကိုဦးစားပေးနိုင်တဲ့.. Dozen Plus အဖွဲ့သူ/သား များကိုလည်း ချီးကျုးပါတယ်ရှင်…

  • Rose Minn

    August 6, 2012 at 1:41 pm

    ကိုရင်လေးတွေမြင်ရတာ စိတ်ချမ်းသာစရာကောင်းပါတယ်။ နောင် ကြရင် သစ်စိမ်းပင်ပေါက်လေးတွေ ကိုယ်ကိုယ်တိုင် တယုတယ ပြုစုပျိုးထောင် ပြီး လူအများခိုနား နိုင်မယ့်၊ အရိပ်မိုးပေးနိုင်မယ့် သစ်ပင်ကြီးများဖြစ်အောင်ပြုစုပျိုးထောင်ပေးမယ့် သူတွေများလာပါစေလို့ ဆုတောင်း ရင်း………… dozenplus ပရဟိတ စေတနာအဓွန့်ရှည် တည်တံ့ ပါစေ။

  • ကြောင်ဝတုတ်

    August 6, 2012 at 1:51 pm

    မအိတုန်းရေ…
    ပါဝင်လှူဒါန်းဖို့အတွက် ကျွန်တော်တို့ အစီအစဉ်တွေဆွဲထားပါတယ်…
    လောလောဆယ် ပထမဆုံအနေနဲ့ http://www.dozenplus.org ကို အရင်ဆုံးတင်ပြီးတော့ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်များ
    လစဉ်အလှူလုပ်ခဲ့သောမှတ်တမ်းများကို အဲဒီမှာလွှင့်တင်ပေးထားဖို့ရည်ရွယ်ပါတယ်…
    နောက်တစ်ခုက ဆက်သွယ်ရန်ဖုန်းနံပါတ်များကိုလဲ တင်ပေးမှာပါ…
    အခုလောလောဆယ်မှာတော့ info@dozenplus.org ကို အီးမေးလ်ပို့ပြီးဆက်သွယ်နိုင်ဖို့ပြုလုပ်ထားပါတယ်…
    အီးမေးလ်ပို့ဆက်သွယ်သူများကိုဖြင့် ကျွန်တော်တို့ (၂၄)နာရီအတွင်းပြန်လည်ဆက်သွယ်ပါ့မယ်လို့ပြောကြားလိုပါတယ်ဗျာ…

    ဦးဘလက်ရေ…
    ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တဲ့အတွက် ကျေးဇူးပါဗျာ…
    ဂေဇက်ကနေစုစည်းမိကြသော သူငယ်ချင်းများရဲ့အလှူကို ဂေဇက်အဖွဲ့ဝင်များအားလုံးအား
    ဝမ်းပန်းတသာ အမျှပေးဝေပါတယ်ခင်ဗျာ…

    မအိရေ…
    ကျွန်တော်တို့ မပြောမဆိုကုသိုလ်ယူသွားတာမဟုတ်ပါဘူးဗျာ…
    ပထမခြေလှမ်းကို ကျွန်တော်တို့ချည်းပဲ ဒုက္ခသုတ်ခခံပြီးလျှောက်လိုက်တာပါ…
    နောက်ခြေလှမ်းတွေအတွက် ပါဝင်ချင်တယ်ဆိုရင် ကျွန်တော်တို့က တံခါးဖွင့်လျက်ပါ…

    ကိုအမတ်မင်းရေ…
    အစ်ကိုပြောတာမှန်ပါတယ်…
    လစဉ်လှူနိုင်မယ့်ငွေပမာဏကို ကျွန်တော်တို့ဦးစားပေးပါတယ်…
    ရေရှည်လုပ်ရမယ့်အလုပ်မို့ မည်သူ့ကိုမှ ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ပါဘူး…
    အဲဒီလိုပဲ နိုင်သလောက်လစဉ်ကြိုးစားသွားမှာပါ…

    လေးပေါက်ရေ…
    info@dozenplus.org ကိုအီးမေးလ်လေးပို့ပြီး လစဉ်ဘယ်လောက်ပါဝင်နိုင်မယ်ဆိုတာကိုပြောပေးပါဗျာ…
    ကျန်တဲ့ကိစ္စကို ကျွန်တော်တို့စီစဉ်ပေးပါ့မယ်…

    မဂွက်ထော်ရေ…
    ကျွန်တော်တို့ပြုသမျှကုသိုလ်တွေအတွက် အစ်မတို့ကြည်နူးဝမ်းသာမှုဖြစ်ရတယ်ဆိုရင်
    ကျွန်တော်တို့အတွက် အင်အားသစ်ထပ်တိုးပါတယ်…
    သာဓုခေါ်တဲ့အတွက် ကျေးဇူးပါဗျာ…

    လေးစားစွာဖြင့်-
    Dozen+ အဖွဲ့သူ၊ အဖွဲ့သားများ

  • နွယ်ပင်

    August 6, 2012 at 2:09 pm

    အလှူတစ်ခုပြီးမြောက် အောင်မြင်သွားတာကို တွေ့ရတဲ့အတွက် ဝမ်းသာကြည်နူးမိပါတယ် …
    အခုချိန် ပြုစုပျိုးထောင်လိုက်တဲ့ သစ်စိမ်းပင်ပေါက်လေးတွေက နောင်တစ်ချိန်မှာ
    အကိုင်းအခက်အလက်တွေ ဝေဖြာတဲ့သစ်ပင်တစ်ပင် ဖြစ်လာမှာပါ …
    dozenplus ပရဟိတ စေတနာအဓွန့်ရှည် တည်တံ့ပြီး အောင်မြင်နိုင်ပါစေလို့ ………..

  • kai

    August 6, 2012 at 3:03 pm

    ကိုယ့်ဝင်ငွေလေးတွေကစုပြီးလှူကြတာနဲ့စာရင်.. Fundraising လုပ်ပြီး.. ရတဲ့ငွေနဲ့လှူတာမျိုးဖြစ်လာစေချင်မိတယ်..
    ဈေးရောင်းပွဲလုပ်တာတို့.. စတိတ်ရှိုးလုပ်တာတို့.. ခရီးစုထွက်ပြီးခရီစရိပ်ပိုကောက်တာတို့.. စသဖြင့်ပေါ့..

    ဘာပဲဖြစ်ဖြစ်. ဒီလိုအသီးအပွင့်လေးတွေမြင်လာရတာ.. ဦးဆောင်သူတွေကို..ကျေးဇူးတင်လေးစားမိပါတယ်လို့…
    နောင်တခေတ်. အဖမြေရဲ့.. ခေါင်းဆောင်များ.. ဖြစ်ပါစေ..

    • etone

      August 6, 2012 at 4:21 pm

      သဂျီးရယ် … အဲ့ဒီ အစီစဉ်လေးတွေလည်း စဉ်းစားထားကြပေမယ့် …. ၊ ယုံကြည်မှုကိုတည်ဆောက်စဲကာလမို့လို့ … စုလှူတာ တမျိုးတည်းနဲ့ လူတိုင်း တတ်နိုင်တဲ့နှုန်းထားလေးက စကြတာနေမှာပါ ။ တဖြည်းဖြည်းနဲ့တော့ ….. ရုပ်လုံးပိုကြွလာမယ်ထင်ပါကြောင်းနဲ့ ……. Dozenplus အောင်မြင်စွာနဲ့ ပရဟိတ္တအလုပ်တွေ များစွာ လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် … ။

    • ရဲစည်

      August 6, 2012 at 9:06 pm

      လောလောလတ်လတ်
      ပြောရရင် သဂျီးရယ်
      ၂ဝလောက် ဖြစ်ဖြစ် လှူပါလားဟင်….
      တကယ်ပါ
      ဟိ…ဟိ
      အပေါ်မှာက ဖက်တီးကတ်ပြောသလို ကျနော်လဲ ၃လစာ ၁၅၀၀ဝ လှူလိုက်ပီးကြောင်း
      ကျနော့်အလှူကို အားလုံး သာဓု ခေါ်ကျပါ မခေါ်ရင် အသေခံဗုံးခွဲမယ် ဆိုတဲ့အကြောင်း
      နှိုက်ယူမရက တိုက်ယူချင်သူ
      ပင်နယ်စလင် ရဲစည်

      • htoosan

        August 6, 2012 at 10:53 pm

        သာဓုခေါ်ပါတယ် ကိုရဲစည် ၊ ကြောင်ဝတုတ် နှင့် Dozen+ အဖွဲ့သူ၊ အဖွဲ့သားများ ခင်ဗျား။

        ကိုရဲစည်ရေ .. သူကြီးက အားလုံးရဲ့ အဓိက အလှုရှင်ဖြစ်နေပါတယ် ။ သူ အိပ်စိုက် အကုန်ကျခံ တည်ဆောက်ပေးထားတဲ့ ဒီ ရွာကြီးကနေ ဒီအလှုတွေ ပေါ်လာတာမို့လို့ သူအမြဲ လှုထားတယ်လို့ မြင်မိကြောင်းပါ ။

        • ရဲစည်

          August 7, 2012 at 10:38 pm

          အတိတ်သရ ဝုတ်တိဆိုလား
          ဝင်က ဝုတ်တိဆိုလား အလင်ဂါ မြောက်ပါကြောင်း
          ကျနော်တို့လဲ စာတတ်ပါတယ်ဗျာ
          ……………………………………
          တယားသဘောနဲ့ပြောရင်
          အကြောင်းရှိလို့ အကျိုးဖြစ်တယ် ဆိုတာလေး

          အူးဇင်းကင်းမြှီးကောက်

  • R Ga

    August 6, 2012 at 4:46 pm

    စေတနာသည်က…ထားတတ်ရင် ထားတတ်သလို အတိုင်းအဆမဲ့လှသည်။
    မြတ်သောလုပ်ရပ်ဖြစ်သောကြောင့်…။
    ခေါ်ဆိုစရာ သာဓုတွေကလည်း များပြားလှ၏။
    အကျိုးမျှော်လို့ ညောင်ရေသွန်းတာ မဟုတ်တဲ့ ဒါနက….။
    အကောင်းမွန်ဆုံးသော…..ပီတိတွေကို လက်တွေ့ မှာစားသုံးရင်း..။
    စစ်မှန်ဖြူစင်သော ဒါန လက်ဆင့်ကမ်းပေးရင်…. အနှိုင်းမဲ့လှသော ပီတိ ကိုစားသုံးရင်း..။
    ငါ့တို့ သားစဉ်…မြေးဆက် တိုင်…..ဆက်လက်ရှင်သန်နိုင်ဖို့…တောင်းဆု ပြုရင်း…..။

    သာဓု…သာဓု…သာဓု…..။

  • nozomi

    August 6, 2012 at 5:30 pm

    ဘယ်သူမှ လုပ်ခိုင်းတာ မဟုတ်
    ကိုယ့်စိတ် စေတနာအလျှောက်လုပ်ကြတာ

    ဘယ်သူမှ စည်းရုံးတာ မဟုတ်
    ကိုယ့်ဆန္ဒနဲ့ ပါဝင်ကြတာ

    ကျော်ကြားမှု အခွင့်အရေး ဘာမှလဲ ရတာမဟုတ်
    စိတ်ချမ်းသာ ကျေနပ်မှုနဲ့ ပီတိပဲ လိုချင်ကြတာ

    နေရာတိုင်းတော့လဲ လှူနိုင်တာမဟုတ်
    လှူဖြစ်လိုက်တာက တကယ်လိုအပ်နေတဲ့ နေရာ

    မကြာတော့တဲ့ တစ်နေ့
    အဖွဲ့ဝင်ဒါဇင်ပေါင်းများစွာ ရဲ့
    ဒါဇင်ပေါင်းများစွားသော နွေးထွေးတဲ့လက်များနဲ့
    သစ်စိမ်းပင်ပေါက် ဒါဇင်ပေါင်းများစွာကိုစိုက်ပျိုးရင်း ဖွံ့ဖြိုးလာမဲ့
    ငှက်တစ်သောင်းနားနိုင်တဲ့ ဒါဇင်ပေါင်းများစွာသော သစ်ပင်များကို မြင်ယောင်မိရင်း

    သာဓု ဒါဇင်ပေါင်းများစွာခေါ်နေမိပါကြောင်းးးးးးးးးးးး

    • ကြောင်ဝတုတ်

      August 7, 2012 at 10:48 am

      အစ်ကိုကြီးနိုဇိုးမိရေ…

      အစ်ကို့ကော်မန့်ကိုဖတ်ရင်း ကျွန်တော်ဘာပြောရမှန်းမသိအောင် ပီတိဖြစ်ပါတယ်…
      ကျွန်တော်တို့အားလုံးရဲ့ စိတ်ကိုမြင်နိုင်ပြီး၊ စေတနာကိုအပြည့်အဝသိနားလည်နိုင်တယ်လို့ခံစားရလို့ပါ…
      အစ်ကို့ရဲ့ကော်မန့်တစ်ခုနဲ့တင် ရှေ့ဆက်ဖို့ အင်အားတွေတကယ်ရှိလာစေသောကော်မန့်ပိုင်ရှင်လို့ ပြောပါရစေ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • padonmar

    August 6, 2012 at 10:23 pm

    သာဓုသာဓုသာဓု
    သာဓုသာဓုသာဓု
    သာဓုသာဓုသာဓု
    သာဓုသာဓုသာဓု

  • ကြောင်ဝတုတ်

    August 7, 2012 at 10:38 am

    မမရိုစ့်ရေ…
    ကျွန်တော်လဲ နောက်လာမယ့်လတွေမှာလဲ ကျွန်တော်တို့နဲ့အတူတူ လက်တွဲပြီးလိုက်မယ့်လူတွေရှိလာမယ်လို့
    ယုံကြည်ထားပါတယ်… ဒါဇင်ပေါင်းများစွာရဲ့စေတနာကြောင့် သစ်စိမ်းပင်ပေါက်လေးများကို ယခုထက်ပိုမိုပြီး
    ဖြည့်စွက်ပေးနိုင်မယ်လို့ ယုံကြည်ထားပါကြောင်း…

    ညီမလေးနွယ်ပင်ရေ…
    အလှူတစ်ခုပြီးမြောက်သွားတာကို မျက်မြင်ကိုယ်တွေ့ကြုံရတာမဟုတ်လား…
    ကျွန်တော်လဲ သစ်စိမ်းပင်ပေါက်လေးမှ အကိုင်းအခက်ဝေဖြာတဲ့သစ်ပင်ကြီးတစ်ပင်ဖြစ်လာနိုင်ရေး…
    ကြိုးစားပါ့မယ်ဗျာ…

    သဂျီးရေ…
    သဂျီးပြောတဲ့ အကြံလေးကိုကျွန်တော်တို့အားလုံးလဲ သဘောကျလက်ခံပါတယ်…
    အခုအချိန်မှာတော့ အိတုန်းပြောခဲ့သလို အရှိန်လေးယူနေချိန်ဖြစ်သည်ကတစ်ကြောင်း…
    အခု အဖွဲ့မှာပင်တိုင်ပါဝင်လှုပ်ရှားနေသူတွေက မိမိအလုပ်ကိုယ်စီနဲ့မို့ ပိုမိုအချိန်ပေးနိုင်ဖို့
    ကြိုးစားလျက်ရှိခြင်းကြောင့်တစ်ကြောင်း လောလောဆယ်မှာတော့မဖြစ်နိုင်သေးပါဘူး…
    တစ်နေ့နေ့မှာ လုပ်ဖြစ်အောင်ကြိုးစားမှာပါ…
    နောက်တစ်ခုက သဂျီးပေးတဲ့ဆုနဲ့လဲ ပြည့်ချင်ပါတယ်ဗျာ…

    ကိုရဲစည်ရေ…
    ကျွန်တော်တို့အဖွဲ့ကို စိတ်တူကိုယ်တူပါဝင်လာတဲ့အတွက်လဲဝမ်းမြောက်ဝမ်းသာရှိပါတယ်…
    ခင်ဗျားကို နိုင်ငံရဲ့အဝေးရောက်နေတဲ့သူတွေအတွက်လဲ အခုထက်ပိုပြီးအဆင်ပြေမယ့်နည်းလမ်းကို
    ကျွန်တော်တို့ကြိုးစားပေးပါ့မယ်…

    ဦးထူးဆန်းရေ…
    ဦးဦးထူးဆန်းပြောသလို… ကျွန်တော်တို့ ဂေဇက်မှာဆုံတွေ့ပြီး ဂေဇက်အဖွဲ့သူ၊ အဖွဲ့သားတွေစုပေါင်းသမျှ
    အလှူတွေမှာ သဂျီးနှင့်မန်းဂေဇက်ဆိုဒ်ရဲ့ဖောင်ဒါများအားလုံး အလှူထဲမှာပါနေပြီးသားလို့ ဦးထူးဆန်းပြောသလိုပဲ
    ခံယူမိပါတယ်…
    ကျွန်တော်တို့ လူငယ်တွေရဲ့တစ်နိုင်တစ်ပိုင်အလှူလေးကို သာဓုခေါ်သွားတဲ့ ဦးဦးထူးဆန်းကိုကျေးဇူးအထူးတင်လျက်ပါ…

    အာဂရေ…
    ကျွန်တော်တို့လဲ စေတနာနဲ့ မေတ္တာကိုအဓိကရှေ့တန်းတင်ပြီးလုပ်တဲ့အလှူလေးမို့
    ဖြူစင်စစ်မှန်သောဒါနကို လက်ဆင့်ကမ်းပေးနေမှာပါ…
    ကျွန်တော်တို့ ကမ်းပေးသောလက်များတစ်စတစ်စတိုးပွားလာစေကြောင်းဆုမွန်ကောင်းတောင်းလျက်…

    အန်တီပဒုမ္မာရေ…
    ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ သာဓုအရှည်ကြီးခေါ်သွားတဲ့အတွက်… အတိုင်းထက်အလွန်ပီတိဖြစ်မိပါတယ်…
    ကျေးဇူးတင်ပါတယ်အန်တီရေ…

  • သူရဇော်

    August 7, 2012 at 11:31 am

    ကိုဖက်တီးကပ်ရေ ဘယ်တုန်းက သွားလှူဖြစ်ကြတာလဲဟင်၊ ကျွန်တော်လဲ ပါဝင်လို့ရရင် ပါချင်ပါတယ်…. ဒါဇင်ပေါင်းများစွာအတွက် လိုအပ်ချက်လေးတစ်ခုထဲက တစ်ခုဖြစ်ချင်ပါတယ်…… ဟိဟိ

  • MaMa

    August 7, 2012 at 2:10 pm

    မြင်မိတာလေးတစ်ခုက ကိုရင်လေးတွေရဲ့ မျက်လုံးလေးတွေပဲ။
    အားငယ်နေတယ်ပြောရမလား။
    သိမ်ငယ်နေတယ် ပြောရမလား။
    ကြည့်ရတာ ဝမ်းနည်းသလိုပဲ ခံစားရတယ်။
    ဦးပါလေရာရဲ့ ပေါက်တတ်တရ ရိပ်သာလိုမျိုး ပျော်ရွှင်စွာ စိတ်ဓာတ်ခွန်အား ပြည့်ဝစွာ ကြီးပြင်းနိုင်အောင် မွေးမြူစောင့်ရှောက်ပေးမယ့် ကလေးဂေဟာလိုမျိုး မဖြစ်နိုင်ပေမယ့် မျှော်လင့်မိတယ်။
    အလှူကို သာဓုခေါ်ပါတယ်။
    မိုးစက်မိုးပေါက်ကလေး ဒါဇင်ပေါင်းများစွာဖြင့် သစ်စိမ်းပင်ပေါက်ကလေးများ စိမ်းလန်းစိုပြေလာပါစေလို့ ဆုတောင်းပါတယ်။ 🙂

  • weiwei

    August 7, 2012 at 2:59 pm

    မွန်မြတ်တဲ့ အလှူအတွက် သာဓုခေါ်ပါတယ်နော် …

  • char too lan

    August 7, 2012 at 2:59 pm

    ဦးဆောင်ဦးရွက်ပြုနိုင်သူများကို… အင်မတန်ကျေးဇူးတင်ပါတယ်။
    သာဓု… သာဓု… သာဓု… ပါဗျာ….

  • ရွာစားကျော်

    August 7, 2012 at 3:28 pm

    သာဓု သာဓု သာဓု ပါဗျာ..
    သစ်ပင်ပေါက်ကလေးတွေ စိမ်းလန်းအောင် တတ်နိုင်သမျှ ရေလောင်းပေါင်းသင် ပေးနေတဲ့ ကိုကြောင်ဝတုတ်တို့ ဒါဇင်ပလပ်စ် အဖွဲ့သားများ ကို သာဓုခေါ်ပါတယ်
    သစ်တောအုပ်ကြီးအဖြစ် သီးပွင့်ကြိုင်လှိုင် အကျိုးများနိုင်မှာပါခင်ဗျာ..

  • ကြောင်ဝတုတ်

    August 7, 2012 at 4:49 pm

    ကိုသူရဇော်ရေ…
    ရေစက်ချသူကြီးရေ… မသိချင်ထောင်မထောင်ပါနဲ့ကွယ်…
    ပါဝင်ချင်တဲ့လူများကိုလဲ ကိုသူရတို့တတ်နိုင်သမျှအကူအညီပေးမယ်လို့မျှော်လင့်ပါတယ်နော်…

    အန်တီမမရေ…
    သိမ်ငယ်စိတ်… ချို့တဲ့မှုတွေကို မြင်မိလို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက်ကြိုးစားပေးတာပါ…
    ဦးဦးပါလေရာရဲ့ဂေဟာလိုမျိုးကတော့ လူအများကြီးဝိုင်းဝန်းကြိုးစားပြီးအချိန်အများကြီးယူရဦးမယ်ဗျာ…
    အန်တီမမတောင်းပေးတဲ့ဆုနဲ့ ကျွန်တော်ပြည့်ပါစေလို့ ဆုတောင်းပါတယ်…
    ကျွန်တော်တို့ကစတဲ့ မိုးရေစက်လေးတွေ… အများကြီး အများကြီးဖြစ်လာနိုင်ပါစေ….

    ချာတူးလန်ရေ…
    ဦးဆောင်ဦးရွက်ပြုသူဆိုတာထက် ကျွန်တော်တို့အားလုံးစိတ်ထဲရှိတာကို ချပြီးအကောင်အထည်ဖော်တယ်လို့ပဲ
    သဘောထားပေးပါ… ချာတူးလဲ စိတ်ထဲရှိတာကိုချပြီးအကောင်အထည်ဖော်လိုက်သူပဲလေ…

    ကိုရွာစားကျော်ရေ…
    သစ်စိမ်းပင်ပေါက်လေးတွေအတွက် ရေတစ်စက်ဖြစ်ဖြစ်တတ်နိုင်သမျှလုပ်ပေးတဲ့ ကျွန်တော်တို့ကိုသာဓုခေါ်တဲ့အတွက်လဲ
    ဝမ်းမြောက်ဝမ်းသာပါဗျာ…
    ရန်ကုန်ကိုရောက်ခိုက်မှာ တိုက်ဆိုင်ရင် ကျွန်တော်တို့နောက် မိသားစုလိုက်ပျော်ပျော်ပါးပါးလိုက်နိုင်တယ်နော်…

    လေးစားစွာဖြင့်-
    Dozen Plus အဖွဲ့သူ၊ အဖွဲ့သားများကိုယ်စား
    ကြောင်ဝတုတ်

  • kotun winlatt

    August 8, 2012 at 6:33 am

    Dozen Plus အဖွဲ့လေး ဒီထက်မက အောင်မြင်ပြီး သစ်စိမ်းပင်ပေါက်လေးများစွာကို
    သစ်ပင်ကြီးတွေဖြစ်လာအောင် ပြုစုနိုင်ပါစေ…
    အောင်မြင်သော အဖွဲ့ တစ်ခုဖြစ်လာပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ…
    ကလေး..ကလေး…အထင်မသေးနဲ့
    ကလေးကြီးမှ လူကြီးဖြစ်တာ…
    ကလေးကောင်းမှ လူကြီးကောင်းမှာ…………
    ………………………………
    ………………………………
    ………………………………..။

  • မောင်ပေ

    August 8, 2012 at 9:20 am

    ဟိုတစ်လောက ကိုကြောင်ဖတ်နဲ့ဦးကြောင်တို့ အလှူလုပ်ဖို့ဆွေးနွေးတာ ကြားခဲ့ရတယ်
    အခု အကောင်အထည်ပေါ်ပြီဆိုတာ သိရလို့ ဝမ်းသာမိပါတယ်
    သာဓု သုံးကြိအမ်ခေါ်ပါတယ်
    နောက်အလှူအတွက် ပါဝင်လှူဒါန်းချင်ပါတယ်
    ဓါတ်ပုံတွေထဲကအရ အမတ်ကြီးကို မှတ်မိပါတယ်

  • ကြောင်ဝတုတ်

    August 8, 2012 at 10:42 am

    ကိုထွန်းဝင်းလတ်ရေ…
    အစ်ကို့စကားလေးက တကယ်တန်ဖိုးရှိပါတယ်ဗျာ…
    ” ကလေးကောင်းမှ လူကြီးကောင်းမှာ ” ဆိုတာလေးပါ…
    ကျွန်တော်တို့ အခုအချိန်ကောင်းတဲ့အလုပ်ကိုသိခြင်း၊ မကောင်တဲ့အလုပ်ကိုသိခြင်းနဲ့
    မိမိကိုယ်ကိုတည့်မတ်စွာမောင်းနှင်နိုင်ခြင်းဆိုတာ ကျွန်တော်တို့ ငယ်စဉ်ကပြုစုပျိုးထောင်ပေးခဲ့သူများရဲ့ကျေးဇူးကြောင့်ပါ…
    ကျွန်တော်တို့လဲ နောက်တစ်ချိန်လူကြီးဖြစ်လာမယ့် ကလေးငယ်များကို ကလေးကောင်းမှသည်လူကြီးကောင်းများဖြစ်အောင်…
    ကြိုးစားပါ့မယ်ဗျာ…

    ကိုပေရေ…
    နောက်အလှူအတွက် ပါဝင်မယ်ဆိုလို့ဝမ်းမြောက်ဝမ်းသာရှိလှပါတယ်…
    ကိုပေခေါ်တဲ့သာဓုအတွက်လဲ… ကျေးဇူးတယ်ပါတယ်ဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

Leave a Reply