ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု အပြောင်းအလဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (Global Warming, Climate Change & Environmental Management)

we R oneAugust 6, 20121min2369

ကမ္ဘာကြီးပူနွေးလာမှု (Global Warming) ပြဿနာကို ယနေ့လူသားတိုင်း ကြုံတွေ့နေကြရပြီဖြစ်သည်။ အိုဇုန်းလွှာ ပေါက်ခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ (Green House Gas) ထုတ်လွှတ်မှုမြင့်မားလာခြင်း၊ ရုပ်ကြွင်းလောင်စာများ အလွန်အကျွံထုတ်လုပ်သုံးစွဲခြင်း၊ လောင်စာဆီသုံးစက်မှုယာဉ်များ များစွာအသုံးပြုခြင်း၊ စက်မှုလုပ်ငန်းများ တိုးတက်လာခြင်း၊ သစ်တောများအလွန်အကျွံခုတ်ထွင်ခြင်း၊ ရေသယံဇာတ၊ မြေသယံဇာတများယိုယွင်းပျက်စီးလာခြင်း နှင့် စွမ်းအင်များ အလွန်အကျွံအသုံးပြုခြင်းများကြောင့် ကမ္ဘာကြီးပူနွေးလာခြင်းဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှု၏ နောက်ဆက်တွဲများ အဖြစ် ကမ္ဘာတစ်ဝန်းတွင် အပူအအေးလွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရေလွှမ်းမိုးခြင်း၊ မုန်တိုင်းများ၊ လေဆင်နှာမောင်း များဖြစ်ပေါ်ခြင်း၊ မြေငလျှင်များလှုပ်ခြင်းစသော ရာသီဥတုပြောင်းလဲမှုဒဏ်များကို လူသားတို့ ခံစားနေကြရသည်။

ကမ္ဘာကြီးပူနွေးလာမှု(Global Warming) ရာသီဥတုပြောင်းလဲမှု (Climate Change) များ၏အဓိကအကြောင်းအရင်းတစ်ခုဖြစ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့(Green House Gas) လျော့ချရေးအတွက် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် ၁၉၉ရ ခုနှစ်က ကျိုတို သဘောတူညီချက်( Kyoto Protocol ) ကို ကမ္ဘာနိုင်ငံ အများစုပေါင်း၍ ပြဋ္ဌာန်းခဲ့ကြသည်။ ၂၀၀၅ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့တွင် ကျိုတိုသဘောတူညီချက် အရ ဖွံ့ဖြိုးပြီးနိုင်ငံ ၂၆ နိုင်ငံ နှင့် စီးပွားရေးအသွင်ကူးပြောင်းဆဲနိုင်ငံ (Countries with Economics in Transistion-EITS) ၁၃ နိုင်ငံသည် ၎င်းတို့ထုတ် လွှတ်ခဲ့သော ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏ၏ ၅.၂ ရာခိုင်နှုန်းကို ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ် အတွင်း လျော့ချကြရန် သဘောတူညီခဲ့ကြသော်လည်း ကျေနပ်ဖွယ်ရာ အောင်မြင်မှုမရသေးကြောင်း ကိုပေဟေဂင် ညီလာခံကသက်သေ ပြုနေသည်။
ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့တွင် ကျင်းပခဲ့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ တွင် အမေရိကန်သမ္မတ အိုဘားမား၊ တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်၊ ဘရာဇီး၊ အိနိ္ဒယနှင့် တောင်အာဖရိကနိုင်ငံများ အပါအဝင် ကမ္ဘာနိုင်ငံအသီးသီးမှ ထိပ်တန်းခေါင်းဆောင် (၁၁၅) ဦးသည် (၁၂) ရက်အကြာ တနေကုန် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြသော်လည်း စိတ်ကျေနပ်ဖွယ် အဖြေတစ်ခု မရရှိခဲ့ကြောင်း သတင်းများအရ သိရှိရသည်။ ရာသီဥတု ပြောင်းလဲမှုပြဿနာသည် လူသားအားလုံးနှင့် သက်ဆိုင်သောကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်သော စက်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မှုများကို အတတ်နိုင်ဆုံး လျှော့ချကြရမည်ဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မဖွံ့ဖြိုးသောနိုင်ငံများမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

Climate Change
ရာသီဥတုပြောင်းလဲလာမှုများ၏ အကျိုးဆက်ကို မြန်မာနိုင်ငံတွင်လည်း သက်ရောက်မှုရှိနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် စုတ်ယူမှုအခြေအနေကို ၁၉၉၅ ခုနှစ်မှ အစပြု၍ အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မရှင်၏ ဦးဆောင်မှုဖြင့် အမျိုးသား ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်အဖွဲ့က (Asia Development Bank) နှင့်(Global Environment Facility)တို့၏ ထောက်ပံ့မှုအရ လေ့လာ ဆောင်ရွက်ခဲ့ပြီး ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလတွင် ၎င်းင်းတို့ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ဖန်လုံအိမ် ဓာတ်ငွေ့ အသားတင်ထုတ်လွှတ်မှုပမာဏပေါင်း ၄၁.၅ မီဂါတန်ရှိကြောင်း၊ သစ်တောကဏ္ဍတွင် ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လုပ်မှုပမာဏပေါင်း ၆၃.၆ မီဂါတန်နှင့် စုတ်ယူနိုင်မှုပမာဏပေါင်း ၇၃ မီဂါတန်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ သို့ရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံများ ပိုမိုများလာမည်ဖြစ်သကဲ့သို့ လူနေမှုအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ စွမ်းအင်းအသုံးပြုသော ပစ္စည်းများ များပြားလာမည်ဖြစ်သောကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု ပိုမိုလာမည်ဖြစ်သည်။ ဒီဇင်ဘာ (၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသားကော်မရှင်အစည်းအဝေးမှ ပြောကြားချက်များအရ မြန်မာနိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) – United Nations Development Programme) ၏ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ငွေကြေးကူညီပံ့ပိုးမှုက မြန်မာနိုင်ငံသို့ ကန်ဒေါ်လာ (၄) သိန်းပေးရန် စီစဉ်ထားကြောင်း လည်းသိရသည်။ အထက်ပါ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏ တိုင်းတာခြင်း စီမံကိန်းကို ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလမှစတင်ပြီး ၂၀၁ဝ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးဆုံးမည်ဖြစ်သည်။


ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချခြင်း၊ စွမ်းအင်ချွေတာခြင်း၊ ရုပ်ကြွင်းလောင်စာများအစား ပြန်ပြည့်မြဲစွမ်းအင်များ အသုံးပြုခြင်း၊ နေစွမ်းအင်၊ လေစွမ်းအင် အသုံးချမှု ပိုမိုကျယ်ပြန့်ရန် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ရုံများမှစွန့်ပစ်ပစ္စည်းများအား သန့်စင်ပြီး စွန့်ပစ်ရန်စနစ်တကျ စီစစ်ဆောင်ရွက်ခြင်း၊ သစ်တော၊ စိုက်ခင်း၊ ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ရေဩဇာ၊ မြေဩဇာ ဆုံးရှုံး လာမှုနည်းပါးရေး နည်းပညာများအသုံးပြု၍ လုပ်ကိုင်နိုင်ရန် အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းများကို စီမံကိန်းများချမှတ်၍ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။

Deforestation
Deforestation

မြန်မာတနိုင်ငံလုံး၏ ၅၁ ရာခိုင်နှုန်းကျော်သည် သစ်တောများဖုံးလွှမ်းနေသော်လည်း၊ ရေရှည်တည်တံ့ ရန် စနစ်တကျ မထိန်းသိမ်းလျင် ပျက်စီးဆုံးရှုံးမည်ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ် တောများ ထိန်းသိမ်းခြင်း၊ သဘာဝနယ်မြေဧရိယာများ သတ်မှတ်ပေးခြင်း၊ စီးပွားရေးစိုက်ခင်း၊ ကျေးရွာသုံးစိုက်ခင်းများ ပြုလုပ်၍ သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အင်းတော်ကြီးကန် စိမ်းလန်းစိုပြေရေး၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျိုက်ထီးရိုး တောရိုင်းတရိစ္ဆာန် ဘေးမဲ့တောနှင့် ဘီးလင်းမြို့နယ်တွင် ကေလာသ တောရိုင်းတရိစ္ဆာန်ဘေးမဲ့တောများ၊ စစ်ကိုင်းတိုင်းတွင် မင်းဝံတောင်စိမ်းလန်းစိုပြေရေး မန္တလေးတိုင်း၊ ပုပ္ပါးတောင်တဝိုက်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း အထူးဒေသ စိမ်းလန်းစိုပြေရေး၊ ဧရာဝတီတိုင်းတွင် မြစ်ချောင်းများ တည်တံ့ရေးနှင့် ရေသယံဇာတများ တည်တံ့တိုးပွားရေးအတွက် ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအပြင် တခြားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံတဝန်းလုံးတွင် အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

Deforestation
Deforestation

သို့ရာတွင် ကျေးလက်နေ ပြည်သူများသည် အဓိကအားဖြင့် စားဝတ်နေရေး အပါအဝင် အခြားသော လိုအပ်ချက်များအရ တောင်ယာများခုတ်ထွင်ခြင်း၊ လယ်ယာမြေများ ချဲ့ထွင်ရန်၊ ထင်းမီးသွေး ပြုလုပ်ရန် သစ်တောများ၊ ဒီရေတောများခုတ်ထွင်ခြင်း၊ မြေဆီဩဇာ ခန်းခြောက်သောလယ်ယာမြေများကို စွန့်ခွာ၍ လယ်ယာမြေသစ်များ ချဲ့ထွင်ရန် သစ်ပင်များခုတ်ထွင်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင်လည်း မြေဩဇာ၊ ရေဩဇာ ပြန်လည် ဖြည့်တင်းနိုင်သည့် နည်းပညာများ ကျယ်ပြန့်စွာ အသုံးပြုနိုင်မှုနည်းပါးခြင်းစသော သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် လုပ်ငန်းများကို လုပ်ကိုင်နေကြဆဲဖြစ်သည်။ အထက်ပါကိစ္စရပ်များသည် ကျေးလက်နေ ပြည်သူများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတ နည်းပါး၍သော်လည်းကောင်း၊ နားလည် သိရှိသူ အနည်းစုမှာလည်း အကြောင်းအမျိုးမျိုးကြောင့် အလေးမထားနိုင်ပဲ မိသားစုဆိုင်ရာ အရေးပေါ်၊ အရေးကြီး ကိစ္စများသာ ဦးစားပေးနေရခြင်းကြောင့် ဖြစ်နိုင်ပေသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ထိန်းသိမ်းမှုများကို ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် နိုင်ငံတော် အစိုးရနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး NGO, INGO များမှ ပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် စက်ရုံ၊ အလုပ်ရုံ များကို လျင်မြန်စွာထိရောက်နိုင်သော်လည်း ကျေးလက်ဒေသသို့ ထိရောက်မှုမှာ အတိုင်းအတာတခုထိ နှေးကွေးမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စက်ရုံ၊ အလုပ်ရုံများသည် နည်းပညာကို အခြေခံ၍ တည်ထောင်ထားသော လုပ်ငန်းများဖြစ်ပြီး အခြေခံအသိပညာ ဗဟုသုတ (Basic Knowledge) ရှိပြီးဖြစ်သည်။ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေကြသူအများစုမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အသိရှိသူမှာ ရာခိုင်နှုန်းနည်းပါးလှသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ NGO , INGO ၏ အသိပညာပေးလုပ်ငန်းများ၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုများ ဆထက်တပိုး တိုက်တက်အရှိန် အဟုန်မြင့် ဆောင်ရွက်နိုင်ပါစေကြောင်း၊ အခြားသော ကဏ္ဍအသီးသီးမှလည်း ပါဝင်ဆောင်ရွက်မှု မြင့်မားပါစေကြောင်း ဆန္ဒပြုပါသည်။ နိုင်ငံတော်အစိုးရနှင့်NGO, INGO များသာမက ကျွန်တော်တို့ မြန်မာနိုင်ငံမှ သန်း ၆ဝ ကျော်သော ပြည်သူများအပါအဝင် လူ့ဘောင်အဖွဲ့အစည်းမှ လူသားများအားလုံး သက်ဆိုင်ရာကဏ္ဍအလိုက် မိမိတို့နေထိုင် အသက်ရှင်ရာ သဘာဝပတ်ဝန်းကျင်ကို ဂရုပြုထိန်းသိမ်းစောင့်ရှောက်၍ အနာဂတ်မျိုးဆက်သစ်များဆီသို့ ငြိမ်းချမ်းသော ကမ္ဘာမြေကို လက်ဆင့်ကမ်းယူဆောင်သွားရန် ဆန္ဒများစွာဖြင့် ရေးသားတင်ပြလိုက်ပါသည်။

Save our Earth
Save our Earth

9 comments

  • Liquid_Sn@ke

    August 6, 2012 at 5:01 pm

    ဗရာကြော် ပါဗျို့ …

  • we R one

    August 6, 2012 at 6:10 pm

    ကြည့်ရတာ ရွာထဲ က လူတွေ က သဘာဝ ပတ်ဝန်းကျင် ဆိုရင် စိတ်မဝင်စားကြဘူးနဲတူတယ်…။

  • padonmar

    August 6, 2012 at 10:31 pm

    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ဆိုတာ ကိုယ့်အလုပ်မဟုတ်ဘူးလို့ ထင်နေတတ်ကြပါတယ်။
    ရာသီဥတုတွေဖောက်ပြန်လာတာ ဟိုအဝေးကြီးက ရေခဲပြင်ကြီးပျော်ကျလို့ ဟိုအဝေးကြီးက စက်ရုံကြီးမီးခိုးတွေထွက်လို့ စသဖြင့် ထင်နေကြတယ်။
    အမှန်တော့ ကိုယ့်အိမ်ရှေ့က သစ်ပင်တစ်ပင်လှဲမိရင်၊တံတားပေါ်ဖြတ်သွားရင်း မြစ်ထဲချောင်းထဲအမှိုက်ချမိရင်၊ကြွပ်ကြွပ်အိတ်တွေ လက်လွတ်စံပယ် ပစ်မိရင်…………..
    ကိုယ်လည်း တရားခံပါဘဲ။

    • we R one

      August 7, 2012 at 9:15 am

      ဟုတ်တယ် ဒေါ်Padonmar ရေ…။လူတိုင်းမှာ တာဝန်ကိုယ်စီရှိကြပါတယ်..။ သဘာဝ ပတ်ဝန်းကျင်အကြောင်းပြောလိုက်ပြီဆိုရင် ပဲ လူတွေ အများစု က ကိုယ်နဲမဆိုင်သလိုနေကြတယ်..။ အဲဒါတွေစိတ်မဝင်စားဘူး ဆိုပြီးပြောတတ်ကြတယ်…။

  • the best

    August 7, 2012 at 12:06 am

    သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ထိန်းသိမ်းမှုများကို ပြောရင် သိပ်ကျယ်ပြန် ့ပါတယ်။

    လူတစ်ဦးချင်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ထိန်းသိမ်းမှုများနဲ ့ ပတ်သက်ပြီး
    အသိပညာတွေ ရှိနေသင့်တယ်လေ။
    နည်းမျိုးစုံသုံးပြီး ထိရောက်တဲ့ ပညာပေးမှုလည်း ဆောင်ရွက်နေပါပြီ။

    လိုက်နာဖို ့ခက်ခဲနေတာ တစ်ခုပါပဲ။

    ကိုယ့်ကိုယ်ကို အဝလွန်နေတာဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်ဆိုတာ
    မသိတဲ့သူတွေ အများကြီးရှိနေသေးတယ်။

    ငယ်ငယ်က ရွတ်ခဲ့ဘူးတဲ့ စာပိုဒ်လေးသတိရမိတယ်။

    “မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်။”
    “မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်။”
    “မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်။”
    “မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်။”

    ထပ်ဖြည့်ပြီး ရွတ်ရမှာက

    “မိမိကမ္ဘာကို ကောင်းအောင်ကြိုးစားမည်။”
    “မိမိပတ်ဝန်းကျင်ကို ကောင်းအောင်ကြိုးစားမည်။”

  • pazflor

    August 7, 2012 at 2:34 am

    အန်တီ padonmar နဲ့ ကို the best ပြောသလို ကိုယ်ပိုင်အမူအကျင့်လေးတွေ အနည်းငယ်ထိန်းသိမ်းလိုက်တာနဲ့ သဘာဝပတ်ဝန်းကျင်ကိုများစွာ စောင့်ရှောက်ပြီးသားဖြစ်သွားမယ်လို့ထင်ပါတယ်။

    နောက်လည်း ဒီလိုအကြောင်းအရာမျိုးလေးတွေ ရေးပါဦးခင်ဗျာ။

    ဒါနဲ့ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေမှာ environmental science and engineering ကို သပ်သပ် သင် သင့်နေပြီထင်တယ်နော်။

  • မောင်ပေ

    August 7, 2012 at 9:19 am

    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်
    ပျက်စီးစေမယ့် ထိခိုက်စေမယ့်အပြုများကို ရှောင်ရမှာဖြစ်သလို
    ထိခိုက်ပျက်စီးအောင်လုပ်နေတဲ့သူတွေကိုလဲ တားမြစ်ရပါမယ်
    ကျွန်တော်နေတဲ့မြို့မှာ ပလက်စတစ်အိတ်ကင်းစင်ရေးဆိုပြီး စီမံကိန်းနဲ့အတူ ဆိုင်ရာက သေချာကြီးကြပ်ချိန်မှာ ပလက်စတစ်အိတ်တွေ ခဏပျောက်သွားပါတယ်။ နောက်ပိုင်း အသေးစိတ်လိုက်မကြပ်တော့ အခုဆိုရင် တွင်တွင်ကြီးပြန်သုံးနေကြပါပြီ။
    ကဲ…ဒါဆိုလဲ သုံးပြီးသားတွေကို ပြန်သုံးပေါ့ ဆိုရင် တစ်ဝက်ကျော်က လက်မခံချင်ကြပါဘူး
    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေအနေနဲ့ ပညာပေး ပိုစတာတွေ နဲ့ လက်ကမ်းစာစောင်များ ကို တစ်နိုင်ငံလုံးမှာ ဖြန့်ဖြူးနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်
    မည်သို့မည်ပုံ ကာကွယ်ထိန်းသိမ်းကြပါစို့ ဆိုပြီး

  • laypai

    August 7, 2012 at 12:00 pm

    တောနေလူတန်းစား တွေ ကို ထည့် မပြော သေးပါဘူး။
    အသိပညာ ကြီးမား ပါတယ် ဆိုတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေ တောင် ကျွတ်ကျွတ်အိတ် သုံးစွဲ မှု ကို ရာနှုံး ဘယ်လောက် လျော့ ချ နိုင်ခဲ့ လဲ။ ကျနော့ အမြင်တော့ သိသိ ကြီးနဲ့ အရင်အတိုင်း ပုံ မှန် ပြန်သုံးနေကြတာပဲ လို့ ထင် တယ်။

  • အတိသဌ္ဇနာဂရ

    August 7, 2012 at 2:44 pm

    (၅၁%)သော သစ်တောများ အမှန်တကယ်မရှိတော့ပါခင်များ။တောင်ကတုံးများသာ ဖြစ်နေကြ
    လေပြီ။

Leave a Reply