” နေပါစေ ချစ်လို့”

YE YINT HLAINGAugust 7, 20121min1347

ကိုထူးအယ်လင်း ရဲ့ ” နေပါစေ ချစ်လို့” ဆိုတဲ့ သီချင်းလေးကို နားဆင်ခံစားပြီး ဇတ်လမ်းလေး တပုဒ် ဖြစ်အောင် ဖန်တီး ရေးသားလိုက်ပါတယ် ။

“နေပါစေ ချစ်လို့”
-( A )-
သော်က တက်ရမဲ့ ကျောင်းမှာ ကျောင်းသား/သူ ( ၃၀၀ဝ ) ဝန်းကျင်လောက်ရှိတယ် ။ တတိုင်း လုံးမှာရှိတဲ့ မြို့နယ်ပေါင်းစုံ ကနေ လာရောက်ပညာသင်ကြား နေကြတဲ့ ကျောင်းသား/သူ တွေပေါ့ ။ ကျောင်းက မြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ် မရောက်ခင်မှာဆိုတော့ မြို့နဲ့ သီးခြားလေးလို ဖြစ်နေပြီး ကုန်းအမြင့်ပိုင်း မှာတည်ဆောက်ထားတာမို့ကျောင်း နဲ့ ကျောင်းဝန်းကျင်ဟာ ရာသီမရွေး လေလေးတဖြူးဖြူး နဲ့ မို့ နေလို့ ထိုင်လို့ အင်မတန် ကောင်းတဲ့ ဝန်းကျင်နေရာလေးပါ ။ အဲဒီ ကျောင်းဝန်းကျင် နေရာတွေမှာ ကျောင်းသား/သူ တွေအတွက် ဖွင့်လှစ်ရောင်းချပေးနေတဲ့ ဈေးဆိုင်တွေရယ်၊ လဘက်ရည်ဆိုင်တွေရယ် စတိုးဆိုင်လေးတဆိုင် နဲ့ ညနေတိုင်း ဖွင့်လှစ်ရောင်းချတဲ့ အကြော်ဆိုင်လေး တဆိုင်ရှိတယ် ။ ကျောင်းသား/သူ တွေ ငှါးရမ်း နေထိုင်ကြတဲ့ အဆောင်တွေ ကတော့ ကျောင်း ရဲ့ အရှေ၊ အနောက် နဲ့ တောင် အရပ် တွေမှာ ရှိပြီး ကျောင်းရဲ့ မြောက်အရပ် တည့်တည့် မှာတော့ အီးပီစီဝင်းကြီး ရှိ နေလို့ အဆောင်ရယ်လို့မရှိ ပါဘူး ။ သော်က နေမဲ့ အဆောင် က ကျောင်းရဲ့ အရှေဘက်မှာ ရှိပြီး အဆောင်နေ ကျောင်းသား ( ၁၃ ) ဦးသာ ဆံ့တဲ့ အဆောင် နာမည်မရှိတဲ့ အဆောင်သစ်လေးပါ ။ ( ၁၃ ) ဦးမြောက် အဆောင်သား အဖြစ် ရောက်လာတဲ့ သော်က ကို စီနီယာ အဆောင်သားတွေ ခင်ခင်မင်မင် နှုတ်ဆက် ကြိုဆို ကြပြီး ရက်ပိုင်း အတွင်း မှာပဲ သော်က ကို သော်ကြီး လို့ပဲ တဆောင် လုံး က ခေါ်လာပါတော့တယ် ။ သော်ကြီး လိုပဲ ကျန် အဆောင်သား တွေရဲ့ အမည် မှာ မျိုးကြီး ၊ စည်ကြီး ၊ ဂဲကြီး ၊ နေကြီး စသဖြင့် အမည် တလုံး ကို ယူပြီး နောက်မှာ” ကြီး” ဆိုတာ ကြီး တပ်ခေါ်ကြတာ တဆောင်လုံးပါပဲ ။အဲ— နေကြီးကိုတော့ တခါတရံ ဖက်တီး လို့ လည်းခေါ်ကြပါတယ် ။ အားလုံးကလည်း ပထမ နှစ် ကျောင်းသားတွေ ဖြစ်ပြီး ပထနှစ် စ တလကျော် အတွင်းမှာပဲ သော်ကြီးတို့ အဆောင်လေးဟာ သူတို့အားလုံး အတွက် ပျော်ရွှင်စရာနေရာ အားလုံး စုပေါင်းဆူညံအော်ဟစ် စနောက်ရာ နေရာလေး ဖြစ်လာတာမို့ ပတ်ဝန်းကျင် အဆောင် တွေက ပထမ ” ကြီးဆောင် “လို့ ခေါ်နေခဲ့ရာကနေ နောက်ပိုင်း” ကျီးဆောင် ” လို့ ပြောင်းခေါ် လာကြပါတော့တယ် ။ ဒါကို မကျေနပ် တဲ့ ဂဲကြီး က အဆောင်နာမည် ကို” ရေတမာ ” လို့ အမည်ပေးပြီး ဆိုင်းဘုတ် သစ်လေး တခု ကိုယ်တိုင်ပြုလုပ်လာပါတော့တယ် ။ နောက်တနေ့ နံနက် ကျောင်းမသွားမှီ မှာ ဂဲကြီး က ယမန်နေ့ည က လက်စသပ် ပြီးစီးသွားခဲ့တဲ့ ဆိုင်းဘုတ် လေးကို အဆောင်ရှေမှာ ချိတ်ဆွဲချိန် သော်ကြီးက ” အဆောင်နာမည်ကလည်း ရေတမာ တဲ့ ! အဆောင်ထဲ မှာကော ဒီပတ်ဝန်းကျင်မှာကော ရေတမာ ဆိုလို့ အပင် ပေါက်တောင် မရှိဘူး ”

သော်ကြီး စကားကို ကျောင်းသွားဖို့ အဆောင်တွင်းကထွက်လာတဲ့ မျိုးကြီး က ကြားတော့ ” ဟုတ်တယ် ဂဲကြီး !တို့ အဆောင် ထဲမှာ ခရေပင် ကြီးရှိတော့ ခရေဆောင် လို့ နာမည် ပေးလိုက် ” မျိုးကြီး စကားကို နေကြီးက ကြားတော့လည်း ” ဟ ! အဲဒါ မိန်းခလေး ဆောင်တွေ မှ ပေးတဲ့ နာမည်ကွ ! ခု ဂဲကြီး ပေးထားတဲ့ နာမည်လေး လည်း ကောင်းပါတယ်ကွ ! ရေတမာ ဆိုတာ ကျောင်းသားနယ်မြေ ရဲ့ ပြယုဒ် ကွ ! ” ဤသို့ ဖြင့် ဂဲကြီး ရဲ့ အဆောင်နာမည်လေးကို တယောက်တမျိုး ဝေဖန် ကြရင်း ကျောင်းတက်ချိန် စောနေသေးတာမို့ ကျောင်းကန်တင်း ရှိရာကို တပြုံတမ ဦးတည်ကြပါတယ် ။ ကန်တင်း ရောက်တော့ ဂဲကြီး က သူ့ဆိုင်းဘုတ် နာမည် အပေါ် မှာ ပထမ ဆုံး စတင် ဝေဖန်ခဲ့တဲ့ သော်ကြီး ကို ပြန်တွယ် ဖို့ စဉ်းစားနေရင်းက အကြံရလာတာ နဲ့ ” စိုးကြီး အခြေအနေ ဘယ်လိုလဲ ” ဟု စိုးကြီးအား မေးလိုက်သည် ။ စိုးကြီး ကလည်း ” မနေ့ က ကျောင်းဆင်း ချိန် သူတို့ အဆောင်လမ်းကြားထဲက စောင့်နေပြီး မေမြတ်နိုး ကို ငါစာပေးပြီးပီကွ ! သော်ကြီး လက်ရာ ချစ်ကဗျာ လေးနဲ့မို့ မြတ်နိုး တော့ ငါ့ကို ကြွေမှာသေချာတယ်ကွာ !” ဟုဆိုလိုက်ရာ စည်ကြီးက ” သေချာရင်လည်း ငါတို့ ခု သောက်မဲ့ လဘက်ရည် ဖိုးလေး ရှင်းလိုက် ” ဟု ဆိုလာသည် ။ ဂဲကြီး အတွက် ကတော့ လိုချင်တဲ့ အကွက်ထဲ တည့်တည့်ဝင်လာပီမို့ ” ငါ့ကောင်တွေ ဒို့အထဲမှာ ရည်းစား ထားဖူးတဲ့ကောင် လက်ညိုးထောင် ! ” ဟုဆိုလိုက်ရာ သော်ကြီးမှ လွဲ၍ ကျန် ( ၁၂ ) ယောက်လုံး က စားပွဲ နှစ်လုံးဆက် ပတ်လည်မှာ လက်ညိုးလေးတွေ ကိုယ်စီ ထောင်လိုက်ကြသည် ။ ဒီတော့ ဂဲကြီး က သော်ကြီး ဘက်လှည်၍ ” ဘယ်လိုလဲ ! ချစ်ကဗျာ ဆရာ ရည်းစားစာ အကျိုးတော်ဆောင်ကြီးရဲ့ ” ဟု ဆိုရင်း ဆက်၍ကျန်အားလုံးအား ရည်ရွယ်ကာ ” မင်းတို့ကို ငါမေးမယ်— မင်းတို့ မကြည့် ဖူးတဲ့ ရုပ်ရှင်ဇတ်လမ်းတွေ ၊ မင်းတို့ မစားဖူးတဲ့ အစားအစာတွေရဲ့ ရသတွေ အရသာတွေကို မင်းတို့ ကြိုပြီး သိနိုင် ခံစားနိုင်ပါ့မလား “ဟုမေးလိုက်သည် ။ အားလုံးကလည်း သော်ကြီးကို ဆော်တော့မည်ကိုသိ၍ မသိနိုင် မခံစားနိုင်ဟု ဖြေလိုက်ကြသည် ။

ဒီတော့ ဂဲကြီး ကသော်ကြီးဘက်လှည့်၍” မင်းက ရည်းစားလေး တယောက်တလေတောင် မထားဘူး သေးပဲနဲ့ ချစ်ကဗျာ တွေရေးတယ်ဆိုတော့ မင်းရေးတဲ့ ကဗျာ တွေက အင်တွေပဲကွ ဟုတည့်တည့် ကြီး ဖဲ့ထည့်လိုက်သည် ။ ဒါကို သဘော အကျကြီး ကျသွားတဲ့ နေကြီး က စပ်ဖြီးဖြီးမျက်နှာကြီးနှင့် ဂဲကြီး ကို အတိုင်အဖောက် စကားခေါ်ပြီးနောက် ” ငါဖက်ဖူးတဲ့ အင်ဂလိပ် စာကြောင်းလေးကွာ ! ဘာတဲ့ !A naked man sits making a jacket for a dog .  တဲ့ ! သော်ကြီးက အဲဒီ အထဲက ကိုယ်တုံးလုံး ကြီးပေါ့ကွာ ” ဟုဆိုလိုက်ရာ အားလုံးက သဘောကျစွာ တဟားဟား ဝိုင်းရယ်လိုက်ကြသည် ။ ထိုအထဲ တွင် စိုးကြီးလည်းပါသည် ။ ရယ်ပြီးမှ စိုးကြီး တယောက် အတွေး ပေါက်သွားပြီး”  ဟင် ! ဒါဆို ငါက ခွေးဖြစ်သွား ပြီ ဟ ! ” ဟုဆိုလေရာ ထပ်မံပွဲကျသွားပြန်ကာ ကျောင်းကန်တင်းထဲမှာ တဟီးဟီး တဟားဟား ဖြစ်နေကြရာ အခြားဝိုင်း များမှ အကြည့်များက သူတို့ဝိုင်းရှိရာ စုပြုံရောက်လာကြတော့သည် ။

-( B )-
နံနက်ခင်းအချိန် ဓာတုကလျှာ အမျိုးသမီးဘော်ဒါဆောင်ေ.ရှ တခါး တွင် ဖြစ်သည် ။” လပြည့် ရေ — လပြည့် ! ” မေမြတ်နိုး ၏ ခေါ်သံကြား၍ အဆောင်တွင်းမှ ခင်လပြည့်ဝန်း တယောက် အဆောင်ေ.ရှ  တခါး ရှိရာသို့ထွက်လာရာ မေမြတ်နိုး ၏ လက်တွင်း၌ ခရေပန်းကုံး များ နှင့် စံပါယ်ပန်းကုံးများကိုတွေလိုက်ရသည် ။ ” ဟယ် — လှလိုက်တာ မြတ်နိုးရယ် — လာရောင်းသွားတာလား ??? ” ဟုလည်း မေးလိုက်သည် ။ ” “လာရောင်းသွားတာဟုတ်ဘူးဟေ့ ! လာချိတ်သွားတာ ! ခင်လပြည့်ဝန်း အတွက် ဆိုတဲ့ ဟော်ဒီ စာအိတ်လေး နဲ့ အတူ လာချိတ်သွားတာ ” ဟု မေမြတ်နိုး ကပြောရင်း စာနှင့် ပန်းလေးများကို လပြည့် လက်အတွင်း သို့ ထည့် ပေးလိုက်သည် ။ ထိုနေ့မှ စ၍ လပြည့် နေထိုင်ရာ အဆောင် ေ.ရှ တခါးသို့ မကြာခဏ ပန်းလေးများအား အမည်မသိ ပေးသူ တယောက်မှ လူလစ်ချိန် အားစောင့်၍ ထားသွားလေ့ရှိလေတော့သည် ။

 

-( C )-
ကျောင်းတောင်ဘက်ရှိ မန်ကျည်းပင်ကြီး အောက်တွင်ဖြစ်သည် ။ ခင်လပြည့်ဝန်း၊ မေမြတ်နိုး နှင့် သဇင်ဦး တို့ သုံးဦးထိုင်၍ စကားပြောနေကြသည် ။ ယင်းသို့ရှိစဉ် သဇင်ဦး က ဝါးကနဲ တချက်သန်းလိုက်ပြီး ” အလကား — အိပ်ရေးပျက်တာပဲရှိတယ် ” ဟုပြောလေသည် ။ ” ဟုတ်ပ! လာလည်း မလာဘူး — ပုံမှန် ရက်ဆို ဒီနေ့မနက် သူပန်းလာချိတ်ရမှာ ! “ဟု မေမြတ်နိုး ကလည်းဆိုလေသည် ။ ဒါကို ခင်လပြည့်ဝန်း က “နင်တို့ကလည်းဟာ — သူ့ဟာသူ လူသိမ ခံရဲလို့ တိတ်တိတ်လေး လာပြီး ခိုးကြောင် ခိုးဝှက် လုပ်နေတာကို အိပ်ရေးပျက် ခံပြီးစောင့်နေသေးတယ် ” ဟု နှစ်ယောက်လုံး ကို အလိုမကျ ဟန်လေးဖြင့် ပြောလိုက်သည် ။ သဇင်ဦး က လပြည့် စကား ထက် တစုံတခုကို လေးလေးနက်နက် တွေးနေဟန်ပြုပြီး ” ငါသိပြီ ! ငါသိပြီ ! ” ဟု ထ၍အော်လေရာ မေမြတ်နိုး မှာ အားရဝမ်းသာ ဖြစ်သွားပြီး ” ဇင်ဇင် ! နင်သိတယ် — ငါ့ကိုပြောပြ ! ငါ့ကိုပြောပြ ! ” ဟုဆိုရင်း သဇင်ဦး လက်မောင်းလေး အားလှုပ်ကိုင်၍ အတင်းမေးလေးသည် ။ ဒါကို သဇင်ဦးကလည်း ” ပြောပြဘူး — သတ်ချင် သတ် ” ဟု ဆိုလိုက်ရာ မေမြတ်နိုး ၏ သိချင်စိတ်မှာ ငယ်ထိပ် ရောက်သွားသည် ။ ထို့ကြောင့် သဇင်ဦး အား သူမ သိထားသည့် အရာအား ပြောပြရန် အတင်းတိုက်တွန်း လေသည် ။ ” ကဲ ကဲ ! ဒီလောက်သိချင်နေတော့ လည်း ပြောပြရတာပေါ့ – ခဏ ခဏ ပန်းလာဆက်နေတဲ့သူက အရပ်မြင့်မြင့် ၊ အသား က မည်းမည်း ”  သဇင်ဦး က အသားကမည်းမည်း လို့ ပြောပြီး  စကားကို ခဏရပ်လိုက်ချိန်တွင်  မြတ်နိုး နှင့် လပြည့် က နှာခေါင်း ပြိုင်တူ ရှုံ့မိကြသည် ။ ပြီးမှ သဇင်ဦး က ဆက်၍ ” သူ့ ရင်ဘတ်မှာလည်း အမွေး ကြီးတွေနဲ့ဟ ! မနက်တိုင်း ရေဖြန်းတယ်ဟာ ” ဟုပြောပြီး သူမကိုယ်တိုင် တခိခိ နှင့် ရယ်လာသော လပြည့် နှင့် အတူ ရော၍ရယ်လေရာ မေမြတ်နိုး လည်း သဘောပေါက်သွားပြီး ” ဟင်း ! ဒီက အကောင်းမှတ် လို့ ! ကျောင်းသန့်ရှင်းရေး လုပ်တဲ့ ကုလား ကြီး ကို လာ ပြောနေတယ် ! ခေါ်တော့ဘူး — သွား! ” ဟုဆိုကာ နှုတ်ခမ်းလေး စူလေတော့သည် ။
 

-( D )-
နယ်မှလာရောက်သော ကျောင်းသားအများစု ရှိသည့် ဒီကျောင်းမှာ ခုလို တန်ဆောင်တိုင် ကျောင်းပိတ်ရက်ကို ရက်အနည်းငယ်ပဲ သတ်မှတ်ထားသည့် အတွက် ကျောင်းသား/သူ အများစုမှာ မိမိနေရပ်သို့ မပြန်ကြတော့ပဲ ကျောင်း နှင့် ကျောင်းတည်ရာမြို့ရှိ တန်ဆောင်တိုင် ဘုရားပွဲတွင်သာ ပျော်ကြရန်ကြံသည် ။ ကျောင်းနှင့်မြို့တွင်း  ပြေးဆွဲသည့် လိုင်းကား က ညဆယ်နာရီ ကျော် နောက်ပိုင်း မသေချာသည်မို့ ကျောင်းသား/သူ အများစုမှာ ဘုရားပွဲတော် တွင် ဆယ်နာရီ အတွင်းသာ လည်ပတ်ကြသူကများသည် ။ ယနေ့ ည သော်ကြီး တို့ ရေတမာဆောင် သားတွေ အပြတ်ကဲ ဖို့ အစီအစဉ် စွဲပြီးဖြစ်သည် ။ အစီအစဉ် အားလုံးရဲ့ ဒါရိုက်တာ မှာ ဂဲကြီး ဖြစ်သည် ။ ဂဲကြီး က ဂစ်တာ အလက်ရေ များများဖြင့် ဓာတုကလျှာဆောင် ရှေတွင် သီချင်းဆိုချင်သည် ။ ထို့ကြောင့် ဓာတုကလျှာဆောင် နှင့် မျက်နှာချင်းဆိုင်ရှိ နတ်သျှင်နောင်ဆောင်ရှိ အဆောင်သားများ နှင့် ညှိနှိုင်းကာ ဓာတုကလျှာဆောင် နှင့် နတ်သျှင်နောင် အဆောင် ( ၂ ) ခုကြား ဘော်လီဘော ကွင်း၌  ည ( ၁၁ ) နာရီ ဝန်းကျင်တွင် စုပေါင်းဂစ်တာလေးလက် နှင့် အဆောင်ကျောင်းသား ( ၃ဝ ) ကျော်သီချင်းဆိုကြသည် ။ ဓာတုဆောင် ရှေတွင် ဆိုနေ တီးနေကြ သော်လည်း ကျောင်းကုန်း တခုလုံးက သူတို့ အသံကို ကြားနေရသည် ။ ထို့ကြောင့် ကြားရာအရပ်မှ ကျောင်းသားများကလည်း ဘော်လီဘော ကွင်း ရှိရာသို့ အလျှိုလျှို ရောက်လာကြပြီး ဂစ်တာတီးသူ လေးဦးအားဝိုင်း၍ သီချင်းသံမြိုင်မြိုင် ဖြင့် အော်ဟစ်သီဆိုကြလေသည် ။ တီးလက်စ သီချင်း တပုဒ် ဆုံးတော့ ဂဲကြီး က ” သူငယ်ချင်း တို့ရေ— ဒီနေ့ညဟာ ဘာညလဲ ??? ” ဟု အော်၍ မေးလိုက်ရာ တန်ဆောင်ည တန်ဆောင်မုန်း လပြည့်ည ဟု ကျောင်းသားများကလည်း အော်ဟစ်ကာ သံပြိုင်ဖြေကြလေသည် ။ ဒါကို ဂဲကြီး က ” ဟုတ်တော့ ဟုတ်တယ်ကွာ — ဒါပေမဲ့ မင်းတို့ အဖြေမှန်ဖို့ နည်းနည်း လိုသေးတယ် ! ” ဟု ထပ်၍ပြောလိုက်ရာ ဓာတုဆောင်အတွင်းမှ ဆေးပေါင်းခတဲ့ည ဟု အဆောင်သူ အချို့၏ အော်ဟစ်ဖြေဆိုသံကို အဆောင်သားများ ကြားလေရာ ဟေး ကနဲထ၍ အော်လိုက်ကြသည် ။ထို့နောက် မျိုးကြီး မှ ဆေးပေါင်းခတဲ့ည သီချင်း သီဆိုတီးခတ်ရန် တစ် နှစ် သုံး တိုင်ပင်ခေါ်ပေးလိုက်ပြီး စတင်သီဆိုကြလေသည် ။ ပထမ ပိုဒ်ဆိုစဉ်က သီချင်း စာသားအလိုက် အမှန် သီဆိုခဲ့ကြသော်လည်း နေကြီးမှ ထဖောက်ကာ ” ဆေးပေါင်းခတဲ့ ညဟာဟာ့ —- ဓာတုသူတွေ သေးပေါက်ချတဲ့ ညဟာဟာ့ —- ” ဟုပြောင်း၍ဆိုလေရာ ကျန်အဆောင်သားများ ကလည်း နေကြီး ဆိုသည့် အတိုင်း လိုက်၍ဆိုကြလေသည် ။

” သေးပေါက်ချတဲ့ည ဟာဟာ့ —-  (ဓာတုသူတွေ အိပ်ယာပေါ်မှာ ) သေးပေါက်ချတဲ့ည ဟာဟာ့ ”
” သေး! သေး ! ဟ ! ဟ ! ဝှီး — ဝှစ်! ဘုတ် ! အ ! အောင်မလေးဗျ ! ”

ဒုတိယပိုင်း ဆက်ရေးပါဦးမယ်ခင်ဗျား ! အားပေး ဖတ်ရှုသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ !
ရဲရင့်လှိုင်

7 comments

  • maung khinmin

    August 7, 2012 at 10:57 am

    ရယ်ရမလိုငိုရမလို … ဘာလိုလိုညာလိုလို
    ဇာတ်ကလည်းရှည်သကို ..
    မျှော်ရဦးတော့မှာပေါ့ ဗျို

  • ကြည်ဆောင်း

    August 7, 2012 at 4:56 pm

    ကိုယ်ဖြတ်သန်းလာရတဲ့ ကျောင်းသူား ဘဝလေးတွေမို့သဘောကျမိတယ်
    ဆက်ရန်ကို မျှော်နေပါတယ်….

  • YE YINT HLAING

    August 7, 2012 at 8:24 pm

    ကိုခင်မင် နဲ့ ကိုကြည်ဆောင်း ခင်ဗျား —- ခုလို ဖတ်ရှုအားပေးသွားတဲ့အတွက် ကျေးဇူးပါခင်ဗျ ! ( ၂ ) ကို ဆက်ရေးဖို့ အင်အားဖြစ်သွားပါတယ် ခင်ဗျ!

  • ရွာစားကျော်

    August 7, 2012 at 9:08 pm

    အပိုင်း ၂ အပြန်တင်ပါဗျို့

  • YE YINT HLAING

    August 7, 2012 at 9:35 pm

    ဟုတ်ကဲ့ ! ဟုတ်ကဲ့ ! ခုည ရေးပီး တင်ပါ့မယ် ကိုရွာစားရေ —-

  • မဟာရာဇာ အံစာတုံး

    August 7, 2012 at 9:47 pm

    တော်တော် ဆိုးတဲ့ကောင်တွေ ..
    ဆေးပေါင်းခတဲ့ ညနဲ့ သေးပေါက်ချတဲ့ ညကို ကာရန် ညှိရတယ်လို့ .. 😀
    ခင်လပြည့်ဝန်း အတွက် ပန်းလေးတွေ လာလာချိတ်တွားဒါ ..
    သော်ကြီး မီဟုတ်လား .. နှဲ .. နှဲ ..
    နာသိဒယ်နော့ … 😀

    နောက်တစ်ပိုင်း တင်အုံးဗျာ …
    ခုတော့ တောင်မလေးတွေ အဆောင်ရှေ့မှာ
    မဟုတ်တရုတ် သွားဟစ်တဲ့ ဟိုကောင်တွေတော့ ဆော်ခံလိုက်ရပြီ ကွိ .. ကွိ ..

  • YE YINT HLAING

    August 8, 2012 at 9:15 am

    ကိုအံကြီး ရေ ( ၂ ) တင်ပြီးသွားပါပြီဗျာ ! ခုလိုဖတ်ရှုအားပေးတဲ့ အတွက် ကျေးကျေးဗျာ !

Leave a Reply