“ခင်ဗျားနဲ့ကျွန်တော် ရေစက်ဆုံခဲ့တယ်”

လူပြည့်က ပရိုတွန်နဲ့

ဗြဟ္မာပြည်က နူထရွန် နူးကလိယဖြစ်ဖို့

ထိပ်တိုက်တွေ့သလိုမျိုးပဲ

ကြုံတောင့်ကြုံခဲ

ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။

သဘာဝကျကျ ကိုယ်ပိုင်ရှင်သန်မှု ပုံစံမျိုးစုံဖြင့်

ဆန့်ကျင်ဘက် ကနုတ်ပန်းခြယ် ပုံစံတူဖန်ခွက်လို

လူချင်းတူပေမဲ့ ဘဝချင်းခြားနား ဤနေရာမှာ

ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။

တစ်ယောက်အား တစ်ယောက် လက်ဆွဲနှုတ်ဆက်တယ်

တစ်ယောက်အား တစ်ယောက် ပခုံးဖက်တယ်

တစ်ယောက်အား တစ်ယောက် ပြုံးပြကြတယ်

အားရပါးရ ကမ္ဘာကြီးပေါ်

ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။

နောက်ထပ် ကမ္ဘာစစ် ရပ်တန့်သွားချင်တယ်

နောက်ထပ် ဗုံးခွဲမှု မကြားလိုတော့ဘူး

နောက်ထပ် ကပ်သုံးပါး ရှောင်ကွာဝေးလိုတယ်

နောက်ထပ်ပေါင်းများစွာပေါ့ ပျက်သုဉ်းကြွေလွင့်စေဖို့အရေး

နှစ်ယောက်သား လိုအင်ဆန္ဒ ထပ်တူ မျှော်မှန်းလျှက်

ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။

အောင်မြင်သလောက် ကျရှုံးဖူးတဲ့ ခင်ဗျား

ကျရှုံးသလောက် အောင်မြင်ဖူးတဲ့ ကျွန်တော်

အမှားမကင်း ပုထုဇာဉ်သံသရာ စက်ဝန်းထဲ

ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။

ရွှံနွံထဲက ကြာဖြူပွင့်ချင်တာထက် ပိုတယ်လို့

ခင်ဗျားက ပြောတော့ အားကျမခံ

ကျွန်တော်လည်း ချုံပုတ်မည်းမှ ဗျိုင်းဖြူလို ပျံသန်းရုန်းထွက်ချင်ခဲ့မိ

ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။

ကိုယ်တစ်ခြမ်း သူတစ်ဝက် ဆက်ဆံရေး

1/2 တူလည်း တူညီတယ်၊ 1/2 ကွဲလည်း ကွဲလွဲတယ်

50% ခင်ဗျား + 50% ကျွန်တော် = 100% အောင်မြင်မှု

ဒီဖော်မြူလာဖြင့် ရယူခဲ့ဖူး/ပိုင်ဆိုင်ခဲ့ဖူး/သိမ်းပိုက်ခဲ့ဖူး

ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။ ။

စေပိုင်ထွဋ်(ပုသိမ်)

4 comments

  • အလင်းဆက်

    August 7, 2012 at 7:32 pm

    ကဗျာကောင်းလေးတွေ…ရေးတတ်တဲ ့ကိုပိုင်ရေ…

    ဆက်ရေးပါဦးခည ။

  • မောင်ပေ

    August 7, 2012 at 7:34 pm

    ခင်ဗျားနဲ ့
    ကျွန်တော်နဲ ့
    မန်းတလေးဂေဇက်နဲ ့
    သဂျီးနဲ ့
    ရွာသူားတွေနဲ ့
    ရေစက်ဆုံနေပြီ

    • မဟာရာဇာ အံစာတုံး

      August 7, 2012 at 8:49 pm

      G ပေ နဲ့ ကျုပ် ရာဇာ
      ဂေဇက်မှာ
      ရေစက်ဆုံနေပြီ .. ကွိကွိ ..
      မှတ်ထား .. သူများချည်း G လို့ ပြောချင်ဒဲ့လူဂျီး ..
      😀

Leave a Reply