ဘာလိုလိုနှင့် အပိုင်း(၂) ကို ဆက်မိပြန်ပါသည်။ မည်သည့်အပိုင်းထိ ရေးမိမည်တော့ မသိသေး… စိတ်ထဲရှိသလောက်သာ ချရေးခြင်းဖြစ်သဖြင့် စာတော့ ချောမည်မထင်… စာဖတ်သူများမှသာ ကိုယ်လိုသည့်အချက်လေးများကို ဆွဲထုတ်ကောက်ယူပါလေ..။
(စာရိုက်သူ)


၁။

အဝေးပြေးလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာရှိ သဲကန္တာရကြီးကို ငေးရင်း၊ ထွေရာလေးပါးပြောဆိုရင်းနှင့် ကျွန်တော်နေထိုင်ရမည့် ဆိုင်ရှိရာသို့ ရောက်ပြီဖြစ်ကြောင်းသိရသည့်နောက် စိတ်တွင် အတန်ငယ် လှုပ်ခတ်ခြင်းတော့ ဖြစ်မိသည်။ တစ်ခါဖူးသော်မျှ မကျင်လည်ခဲ့ဖူးသော လုပ်ငန်းနယ်ပယ်တွင် စတင်လုပ်ကိုင်ရတော့မည့်ဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်။ လမ်းဘေးဝဲယာတစ်လျှောက်တွင်မတော့ ၄ ထပ်အဆောက်အဦးသည်သာ အမြင့်ဆုံးဖြစ်တော့သည်။ အဝေးပြေးလမ်းမကြီးဘေးမှ ချိုးကွေ့ဝင်ရသည့် မြို့ငယ်လေးဖြစ်သောကြောင့် လူနေလဲ အတော်ကျဲပါးပုံပင်။ မကြာမီမှာပင် ကားမှာ လုံးချင်းအိမ်လေးတစ်လုံးရှေ့တွင် ထိုးရပ်လိုက်ပြီးနောက် ကားပေါ်မှ ပစ္စည်းများကိုချကာ နေထိုင်ရမည့် အိမ်အတွင်းသို့ ရောက်တော့လေသည်။ လုံးချင်းအိမ်ဖြစ်သည့်အားလျော်စွာ အိပ်ခန်းသုံးခန်း၊ ရေချိုးခန်းနှစ်ခန်း၊ မီးဖိုခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းဖြင့် အိမ်တစ်ခုရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်များ ပြည့်စုံ၏။ တစ်ချိန်က ဆင့်ကာပူရတွင် တောတောင်ထဲတွင် ဆောက်လုပ်ထားသော Hall ခန်းကြီးထဲတွင် အိပ်ရန်နေရာ၊ ထမင်းချက်ရန်နေရာ၊ နားနေရန်နေရာဆိုပြီး ကိုယ့်ဖာသာ သတ်မှတ်နေထိုင်ခဲ့ရသည်ကို ပြန်တွေးမိသည့်တစ်ခဏ အတန်ငယ်စိတ်ချမ်းသာခြင်း ဖြစ်ရတော့သည်။

ဦးစွာပြောရမည်ဆိုလျင် လူမျိုးများကို ခွဲပြောမှ ပြည့်စုံမည်ထင်သည်။ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပျက်နေသည့် လူ့အခွင့်အရေးဆိုသည့်စကားမှာ တော်ရုံမည်သည့်နိုင်ငံတွင်မျှ မရနိုင်ကြောင်း သိစေလိုသဖြင့်ဖြစ်သည်။ နိုင်ငံသားနှင့် နိုင်ငံခြားသား ခွဲခြားဆက်ဆံပုံများကို သိစေလိုခြင်းကြောင့်ဖြစ်၏။ ကျွန်တော်ရောက်ရှိရာ နိုင်ငံသည်ကား အစ္စလာမ်ဘာသာသည် နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းထားခြင်းကြောင့်လည်းကောင်း၊ အာရဗီစကားကိုသာ အဓိကထား သုံးစွဲကြခြင်းကြောင်းတစ်ကြောင်း၊ Company ရှိ ထိပ်ပိုင်းရာထူးများတွင် အီဂျစ်လူမျိုးများသာ နေရာယူထားခြင်းကြောင့်တစ်ကြောင်း ၀န်ထမ်းခြင်းတူပါသော်လျက် အဆင့်အတန်းခွဲခြားကြလေသည်။ ဆိုင်တွင် ဖိလစ်ပိုင်၊ နီပေါ၊ ဘင်္ဂလား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ အီဂျစ်အစရှိသည့် လူမျိုးများစွာ ရှိသည့်အနက် တစ်ခြားလူမျိုး (ကျွန်ုပ်အပါအ၀င်) ၈ ဦး၊ အီဂျစ်လူမျိုး ၇ ဦးရှိရာ တစ်ခြားလူမျိုးများမှာ နှစ်ထပ်ခုတင်များဖြင့် တစ်ခန်းတည်းတွင် ၈ ဦး၊ အီဂျစ်လူမျိုးများမှာ တစ်ခန်းလျင် ၄ ဦး၊ တစ်ခြားခန်းတွင် ၃ ဦးတည်းသာ လုံးချင်းကုတင်များဖြင့်ထားရှိသည်ကို ရောက်ရောက်ခြင်းမှာပင် မကျေမနပ် ခံစားရတော့သည်။ မြန်မာနိုင်ငံတွင် အင်တာဗျူးလာစဉ်က Presentation ပြသည်မှာ အီဂျစ်များအားထားသည့် ပုံများသာဖြစ်ပြီး လူမျိုးခြားများကို ထားသည့်ပုံများကို စိုးစဉ်းသော်မျှ ပြသခြင်းမပြုပေ။ ရှိစေတော့ဟုဆိုကာ အောင့်အည်းပြီးပင် စာချုပ်ကုန်ဆုံးသည်ထိ နေရမည့် ကျောချစရာ နေရာလေးတစ်နေရာပေါ်သို့ စိတ်မသက်မသာဖြင့်တက်လိုက်ရင်း ခဏတာလှဲလျောင်း အိပ်ပျော်သွားတော့သည်။

၂။

ကိုရင်ရှူံးလည်း လူတစ်ယောက်၏လှုပ်နှိုးမှုကြောင့် ရုတ်ချည်းလန့်နိုးလာရသည်။ အခန်းဖော်ဖိလစ်ပိုင်တစ်ယောက်ဖြစ်သည်။ ၄င်းမှ ယူနီဖောင်းလဲရန်နှင့် ဆိုင်သို့လိုက်လာရန်ပြောသဖြင့် ကိုရင်ရှူံးမှာ အသစ်စက်စက် ယူနီဖောင်းလေးကို ကောက်ဝတ်ပြီး ကြိုပို့ကားလေးပေါ်သို့ ထိုင်လိုက်တော့သည်။ ကားပေါ်တွင်တော့ မည်သူနှင့်မျှ စကားမပြောဖြစ်တော့ပါ။ စိတ်စောနေသောကြောင့်လည်းကောင်း၊ စိတ်လှုပ်ရှားနေသဖြင့်လည်းကောင်းဖြစ်သည်။

ဆိုင်သို့ရောက်သောအခါ ကျန်သူများမှာ ကားပေါ်မှဆင်းပြီးနောက်လိုက်ခဲ့ရန်ခေါ်သဖြင့် ကိုရင်ရှူံးမှာ ကြက်ကြော်နံ့များ သင်းကြိုင်နေသည့် ဆိုင်တွင်းသို့ စတင်ခြေချ ၀င်ရောက်တော့သည်။ ရောက်ရောက်ချင်း မန်နေဂျာ ပိတ်ရက်ဖြစ်သဖြင့် Supervisor နှင့်သာ စတင်တွေ့ရလေသည်။ အီဂျစ်လူမျိုးဖြစ်သည့်အားလျော်စွာ အင်္ဂလိပ်စကားပြော အတော်လေး ညံ့လေသည်။ ကိုရင်ရှူံးပြောသည်ကိုနားမလည်ကြသဖြင့် တစ်လုံးခြင်း ရှင်းပြရသည်။ Passport ရှိ မြန်မာနာမည်ကို အသံထွက်မှန်အောင် မထွက်တတ်သဖြင့် Tin ဆိုသည်ကို တန်းဟုသာခေါ်ဝေါ်ပြီး Naing ဆိုသည်ကို Nine ဟုသာ အသံထွက်နိုင်ကြလေသည်။ ရောက်ရောက်ချင်းမှာပင် ကိုရင်ရှူံး၏မြန်မာအမည်မှာ သူတို့အတွက် တစ်အံ့တစ်သြဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ မြန်မာဆိုသည်ကို မသိကြသောကြောင့် တရုတ်ပြည်နဲ့ ကပ်နေတာဟုပြောမှပင် အတန်ငယ်သိသလိုဖြစ်သည်။ နောက်တစ်ချက်မှာ ကိုရင်ရှူံးသည်ကား ထိုမြို့လေးသို့ ပထမဆုံးရောက်လာသော မြန်မာလူမျိုးဖြစ်သဖြင့် ၄င်းတို့မှ ကိုရင်ရှူံးနာမည်အား လေ့လာပြီး မှတ်ချက်ချကြသည်မှာ မြန်မာလူမျိုးများ နာမည်မှည့်ပုံမှာ လွန်စွာမှပင် ဆန်းကျယ်လှကြောင်း၊ ဂဏာန်းအက္ခရာများကို နာမည်ပေးသည့် လူမျိုးဖြစ်ကြောင်း ယခုထက်တိုင်အောင် သူတို့ပါးစပ်ဖျားတွင် ပြောမကုန်အောင်ရှိတော့ဟူသတတ်။

ထိုနေ့က ကိုရင်ရှူံးမှာ ဘာအလုပ်မှ စမလုပ်ရပါပဲ ဆိုင်တွင်း ဟိုယောင်ယောင်၊ ဒီယောင်ယောင်နှင့် အချိန်ကုန်ဆုံးရတော့သည်။ အီဂျစ် Supervisor မှာလည်း လိပ်ပါတ်လည်အောင် မရှင်းပြတတ်သဖြင့် ၀န်ထမ်းများလက်သို့သာအပ်ပြီး စတေးရှောင်နေလေသည်။ နောက်ရက်များတွင်မတော့ ဟိုလူ့နည်းနည်းကူလုပ်၊ ဒီလူ့နည်းနည်းကူလုပ်နှင့် အတန်ငယ်မျှ သိလာပြီဖြစ်သည်။ လူသစ်ဖြစ်သည့်အတွက် ဆိုင်ဖွင့်သည့်အဆိုင်းတွင် တာဝန်ချမထားပဲ ဆိုင်ပိတ်သည့်အဆိုင်းတွင်သာ နေ့တိုင်းလုပ်ကိုင်ရသည်။ အလုပ်နားချိန် ၁နာရီအပါအ၀င် အလုပ်ချိန် ၉ နာရီဖြစ်သော်လည်း နားချိန်တစ်နာရီ မည်သည့်အခါမျှ ခွင့်ပြုခဲ့ခြင်းမရှိပေ။ ပုံမှန်အားဖြင့် ၁၅ မိနစ်၊ မိနစ် ၂၀ သာဖြစ်သည်။ ရောက်ရောက်ချင်း မည်သည့် Training မှ မပေးသေးသဖြင့် တောက်တိုမယ်ရ ၀ိုင်းကူလုပ်ရင်းနှင့် ဆိုင်ပိတ်သိမ်းချိန်ရောက်လျင် အိုက်တိုပဂေးဆန်တာဝန်ကို ယူခဲ့ရသည်မှာ ၈ လခန့်ကြာမြင့်ခဲ့၏။ ဆိုင်၏ အစဉ်အလာအရ ၀န်ထမ်းအသစ်ရောက်လျင် နဂိုရှိနေပြီးသားသူမှ အလိုအလျောက် ဆေးကျောင်းမှ အငြိမ်းစားရပြီးဖြစ်သော်လည်း ကိုရင်ရှူံးနောက်တွင် ၈ လအကြာတွင်မှ ၀န်ထမ်းအသစ်ထပ်ရောက်သောကြောင့် ဆေးကျောင်းတက်ချိန် အတော်လေးကြာခဲ့လေ၏။

၃။

တစ်ပါတ်ခန့် အလုပ်ခွင်ဝင်ရောက်ပြီးသည့်နောက် မန်နေဂျာမှ စတင် Training ပေးသည်။ ဦးစွာ လုပ်ငန်းသဘာဝအကြောင်း ရှင်းပြရန်လိုမည်ဖြစ်သည်။ Pizza Hut ဆိုင်များတွင် Table Service ရှိသဖြင့် Waiter/Waitress များထားရှိသော်လည်း KFC မှာမူ Counter Service သီးသန့်ဖြစ်သောကြောင့် BOH(Back of house) နှင့် FOH(Front of house) ဆိုပြီးသာရှိသည်။

ဒီနေရာတွင် ကျွန်တော်ကျွမ်းကျင် ကျင်လည်ရာအကြောင်းသာ သီးသန့်ပြောဆိုပါမည်။ ဆိုင်နောက်ဖေး မီးဖိုချောင်တွင် လုပ်ငန်းဆောင်တာများမှာ များပြားလှသဖြင့်လည်းကောင်း၊ ပင်ပန်းခြင်း၊ အလေးအပင်များ သယ်မရခြင်း၊ ညစ်ပါတ်ပေရေလွယ်ခြင်းကြောင့် မိန်းကလေးများကို တာဝန်ချထားခြင်းမပြုပေ။ Counter တွင်သာ ထားရှိကြသောကြောင့် KFC ဆိုင်များတွင် မိန်းကလေးဝန်ထမ်းဦးရေ အတော်လေးနည်းသည်။ ကျွန်တော်ရောက်ရှိရာဆိုင်တွင် မိန်းကလေးဝန်ထမ်းနှစ်ဦးသာရှိသည်။ နှစ်ဦးလုံးမှာ အိမ်ထောင်များနှင့်ဖြစ်ပြီး မိသားစုနှင့်အတူ ထိုမြို့လေးတွင် နေထိုင်ကြခြင်းဖြစ်သည်။ ဆက်ပါဦးမည်။

ဦးစွာပထမအနေဖြင့် ၀န်ထမ်းများကို Star, All Star အနေဖြင့် သတ်မှတ်သည်။ Star ဆိုသည်မှာ Introduction, Side Items, COB (Chicken on the bone), Service ဟူသည့် Module (၄) ခုရှိသည့်အနက် Intro + Module တစ်ခုခုအောင်မြင်ပြီးသူကို Star အနေနှင့် သတ်မှတ်သည်။ Module (၄)ခုလုံး အောင်မြင်သည့်သူကိုမူ All Star အနေနှင့်သတ်မှတ်ခြင်းဖြစ်သည်။ Bench Plan (၀န်ထမ်းအခြေအနေပြ)အနေနှင့်မူ M, X, O, R1, R2 ဟူပြီးသတ်မှတ်ထားသည်။
O မှာ ၀န်ထမ်းအသစ်များကို သတ်မှတ်ခြင်းဖြစ်ပြီး Under Training အခြေအနေဖြစ်သည်။
M မှာ ရာထူးတိုးမြှင့်လိုခြင်းမရှိ၊ လက်ရှိနေရာတွင်သာ ပျော်မွေ့နေသူဖြစ်သည်။
X မှာ ရာထူးတိုးမြှင့်လိုခြင်းမရှိ၊ နှုတ်ထွက်ရန် ရည်ရွယ်နေသူဖြစ်သည်။
R1 မှာ ရာထူးတိုးမြှင့်ရန်အတွက် အသင့်ဖြစ်နေသူဖြစ်ပြီး သင်တန်းတက်ရောက်ရန် အဆင့်မှီသူများကို ဆိုလိုသည်။
R2 မှာမူ (၆)လအတွင်း နောက်ထပ်ရာထူးတိုးမြှင့်ရန် အသင့်ဖြစ်နေသူများကို သတ်မှတ်သည်။

လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သည့် ၀န်ထမ်းတစ်ဦးသည် ပထမဆုံး ၁၄ ရက်အတွင်းမှာပင် Star ဖြစ်ရမည်ဖြစ်သည်။ မန်နေဂျာမှ ၀န်ထမ်းဥာဏ်ရည်ဥာဏ်သွေး၊ လုပ်ကိုင်နိုင်စွမ်းကို လေ့လာအကဲခတ်ပြီး Sandwich Station နှင့် သင့်တော်မည်လော၊ Breading Station (ကြက်ကြော်သည့်နေရာ)နှင့် သင့်တော်မည်လော ဆုံးဖြတ်ပြီး တတ်မြန်လွယ်မည့် Module ကိုသင်ကြားပေးပြီးနောက် လူဟောင်းနှင့်တွဲပြီး တစ်ဦးတည်း နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်သည်အထိ လုပ်ငန်းခွင်တွင် လေ့ကျင့်သင်ကြားစေခြင်းဖြစ်သည်။

အလျဉ်းသင့်သဖြင့် ပြောရမည်ဆိုလျင် Sandwich Station အတွက် ပေါ့ပေါ့ပါးပါး၊ ဖြတ်ဖြတ်လတ်လတ်၊ ဥာဏ်ရည်သွက်သွက်သမားများကို ရွေးချယ်လေ့ရှိသည်။ အကြောင်းမှာ Monitor ပေါ်တွင် ပေါ်လာသမျှ Order များကို လျင်လျင်မြန်မြန်နှင့် ဖြတ်ထိုးဥာဏ်အသုံးချပြီး ပြီးဆုံးအောင် လုပ်နိုင်ရန်ဖြစ်သည်။ ကြက်ကြော်သည့်နေရာအတွက်မူ သန်သန်မာမာသမားများကိုသာ အသုံးပြုသည်။ ကြက်သားများထည့်ထားသည့်ခြင်းများကို သယ်ပြုရခြင်း၊ ကြက်ကြော်များကို နယ်ရခြင်း၊ ကြော်ပြီးသည့်ကြက်များကို Holding Cabinet များထဲ ပြောင်းထည့်ရခြင်းအစရှိသည်တို့ကို အလုပ်ချိန် ၉ နာရီအတွင်း မပြတ်လုပ်ကိုင်ရခြင်းကြောင့် ကိုယ်ကာယ ကျန်းမာသန်စွမ်းမှ ဖြစ်မည်ဖြစ်သည်။ Counter အတွက်မူကား မိန်းကလေးများမှအပ တစ်ခြားဝန်ထမ်းများ အလွယ်တကူ ခန့်အပ်ခြင်းမပြုပေ။ ဆိုင်နောက်ဖေးတွင် ကျွမ်းကျင်ကျေညက်သောအခါတွင်မှ Service အတွက် ရွေးချယ်နေရာချထားသည်။ ကိုရင်ရှူံးမှာမူကား ဆိုင်ရှေ့ထွက်ရရေးအတွက် မီးဖိုချောင်ထဲမှသာ သွားရေတစ်မြားမြားနှင့် ဖြစ်နေခဲ့ရသည်။

အကြောင်းမှာမူကား Cashier ဖြစ်သည့်အခါ သပ်သပ်ရပ်ရပ် နေထိုင်ရခြင်း၊ ချွေးမထွက်ရခြင်း၊ အကြော်နံ့ခံစရာမလိုခြင်း၊ တောက်တိုမယ်ရမလုပ်ရခြင်းနှင့် အရေးအကြီးဆုံးအချက်အနေနှင့် ဆိုင်သို့ လှလှပပပြင်ဆင်ပြီး လာရောက်စားသောက်ကြသော ပျိုပျိုအိုအို အရွယ်စုံတို့အား (……….) သောကြောင့်ဖြစ်လေသတည်း။

ကိုရင်ရှူံးမှာမူကား ပြင်ပသို့စိတ်ကူးယဉ်ငေးမောရင်းနှင့် မီးဖိုချောင်တွင်း ၈ လခန့် အချိန်ကုန်ဆုံးခဲ့ရတော့လေသတည်း…။

(ဆက်ချင်ဆက်ပါမည်၊ မဆက်ချင်လဲမဆက်ပါ။ သူကြီးမေးထားသည့် ပုလင်းအကြောင်းကိုမူကား နောက်တစ်ပိုင်းတွင် သေချာသိစေရမည်ဖြစ်ပါကြောင်း..)

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..

   Send article as PDF