ဆင်ခံ၊ မြင်းခံဘုရားပြဿနာ

kokogyiJuly 5, 20101min861

ဘာသာရေးနှင့် ပတ်သက်သော အပြုအမူ ဆောင်ရွက်ချက်များကို ထေရဝါဒဗုဒ္ဓအလိုကျဟုတ်မဟုတ်တိုက်ဆိုင်ကြည့်သော မှတ်ကျောက်တခုရှိ၏ ။  ထို မှတ်ကျောက်ကား–  ယင်းအပြုအမူသည် လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာကုန်ကြောင်း ဖြစ်လျှင် ထေရဝါဒ စစ်မှန်၏ ။    လောဘ၊ ဒေါသ၊ မောဟ  ကိလေသာ တိုးပွားကြောင်း ဖြစ်လျှင် ထေရဝါဒမဟုတ်၊ ဗြာဟ္မဏ ဝါဒ(မဟာယာနဝါဒ) ဟုမှတ်ရမည်။

ယခုခေတ်တွင် ဂိုဏ်းဆရာနှင့် ဘိုးတော်များ၏   အသစ်အဆန်းထွင်မှုကြောင့် ဆင်ခံဘုရား၊ မြင်းခံဘုရားများ ပေါ်ပေါက်လာ၏ ။ ထို့ထက်ပိုပြီး  ဘက်စုံကြီးပွားတိုးတက်လိုသူများ ကား ဆင်စီး၊ မြင်းရံဘုရားများအထိ  ထုလုပ် ကိုးကွယ် လာကြ၏ ။ ကြည်ညိုသော သဒ္ဓါစိတ်ဖြင့်ထုလုပ်ခြင်းဖြစ်သော်လည်း  သင့်တော်၏ / မသင့်တော်ကို နှိုင်းချိန် စဉ်းစားသင့်၏ ။

ထေရဝါ နှင့် ညီမညီ ကိုလည်း ဆန်းစစ်သင့်၏ ။ ထိုပုံကို ထုလုပ် ကိုးကွယ်သူများသည် သက်တော်ထင်ရှား ဘုရားရှင် ကို  တိရစာ္ဆန် ဖြစ်သော ဆင်ပေါ်မြင်းပေါ် သို့ တက်ထိုင်ခိုင်းဝံ့ သည်အထိ  ဂါရဝ၊ နိဝါတ နည်းပါးနိုင်ကြမည်လော။ ဤ သို့ ဆန်းစစ်ကြည့်လိုက်လျှင်တိရစာ္ဆန်တွေ အပေါ် ထိုင်နေသော ဗုဒ္ဓရုပ်ပွားတော်များကို မထုလုပ်သင့်ကြောင်းထင်ရှားပါသည်။

ထို ရုပ်တု ကို ထုခြင်းသည် သူတစ်ပါးထက် စီးပွားတက်ဖို့ဖြစ်၏ ။ စီးပွားတက်လို့သော စိတ်သည် လောဘစိတ်ဖြစ်၏ ။ စီးပွားရေးလုပ်ရင်း လောဘဖြစ်သည်မှာ သဘာဝကျ၏ ။  သို့သော် ဗုဒ္ဓရုပ်ပွားတော်ကို အကြောင်းပြုပြီး လောဘဖြစ်နေသည်ကား သဘာဝမကျပါ။ ဗုဒ္ဓသည် လူသားများ  လောဘ၊ ဒေါသ၊ မောဟ ကုန်ရာ နိဗ္ဗာန်သို့ ရောက်စေရန်အတွက် ပွင့်တော်မူလာခြင်း ဖြစ် သည်။

ဤ သို့ဆန်းစစ်ကြည့်လိုက်လျှင် ဆင်ခံ၊ မြင်းခံ စသော ဘုရားပုံများထုလုပ်ခြင်းသည်   လောဘပွားစီးဖို့ အတွက်သာ ဖြစ်သောကြောင့် ထေရဝါ ဒနှင့် မညီဟုလည်း သိသင့်၏ ။ သရက်တော ဖျာပုံတိုက်သစ်ဆရာတော်သည်  အထက်ပါ ပြဿနာမျိုးကို  သဘာဝကျကျရှင်းလင်းပေးတော်မူဖူး၏ ။ ဆရာတော်ပြုစုရေးသားသော  သုတေသန သမ္မာ မဂ္ဂင်္ပဥှာကျမ်း  တွင် အကျယ်ဖတ်ရှု နိုင်ပါ သည်။  ဤ ကား အကျဉ်း ကိုသာ ရေးသားပါမည်။

တစ်နေ့တွင် ဆူးလေဘုရားသိူ့ထူးခြားသော ရုပ်ပွားတော်တစ်ဆူ ကို ကုလားလူမျိုးတစ်ဦးက လာလှူ ၏ ။ ရုပ်ပွားပုံကား ဥဒေါင်းပေါ်တွင်ဗုဒ္ဓရှင်တော်မြတ် စံတော်မုနေပုံ ဖြစ်၏ ။ ဆူးလေ ဘုရားဂေါပက အဖွဲ့ ဝင်လူကြီးများ သည်ထိုပုံတော်မျိုးကို တခါမှာ မတွေ့ဖူးသဖြင့် ဘုရားပေါ်တွင် ပူဇော်ထားသင့်မသင့် မဆုံးဖြတ်နိုင် ဖြစ်ကြ၏ ။ ထိုကြောင့်  ဆူးလေ ဆရာတော် ဩဝါဒါစရိယဆရာတော်ကြီးများကို ပင့်ဖိတ် ပြီး ထိုအကြောင်းကို မေးမြန်းလျှောက်ထားကြ၏ ။

ဖျာပုံတိုက်သစ် ဆရာတော်ဘုရားကြီးသည်လည်း ထိုအချိန်က ဆူးလေစေတီတော် ဩဝါဒါစရိယဆရာတော်တစ်ပါးပင်ဖြစ် ၏ ။ ကျန်ဆရာတော်များက အပူဇော်ခံထားလိုက်ပါ၊ တခြားဆင်းခံဘုရား၊ မြင်းခံဘုရား တို့ တောင်ရှိနေပြီဟာပဲ ၊  အခု ဥဒေါင်းခံ ဘုရား ဆိုတာလည်း အထူး အဆန်းမဟုတ်တော့ပါဘူး  ဟု အမိန့်တော် မူကြ၏ ။

ဖျာပုံတိုက်သစ်ဆရာတော်က ကျမ်းဂန်နှံ့ စပ် တောမူလှသည် ့ အပြင်စာရေး ဆရာတိုင်း လက်မလွှတ်တမ်း အသုံးပြုနေရသည့် သုတေသနာ သရုပ်ပြ အဘိဓာန် ကျမ်းပြု ဖျာပုံတိုက်သစ်ဆရာတော် အရှင်ဩဘာသာဘိဝံသ ထံသိူ့ ရဟန်းပရိသတ်၊ လူပရိသတ် အားလုံး၏ မျက်လုံး များ ကတစ်ပြိုင်နက်လို့  ရောက်သွားကြ၏

ဆရာတော်ကြီးထံမှ လေးနက်ကြည်လင်သောစကား များသည် တစ်ခွန်းချင်း ထွက် ပေါ်လာ၏ ။     ” ရဟန်းပုဂ္ဂိုလ် ၊ လူပုဂ္ဂိုလ် အားလုံး အတွက် တွေးဆစရာ တစ်ခု ကိုတော့ တင်ပြချင်ပါတယ်။ ပိဋကတ်သုံးပုံ။ နိကာယ်ငါးရပ်ကို  လျှောက်ကြည့်လိုက်တဲ့အခါ မြတ်စွာ ဘုရား ရှင်ကိုယ်တော် မြတ် တိရစာ္ဆန်တစ်ကောင်ကောင်စီးပြီး ခရီးသွား တယ်ဆိုတာ ဘယ်နေရာမှာ မှ မတွေ့မိပါဘူး။

မြတ် စွာ ဘုရားဟာ ခရီးဘယ်လောက်ပင်ဝေးဝေး ချေချွတ်ရမယ့် ဝေနေယျ အတွက် အချိန်မီ တယ်ဆိုရင် ခြေလျှင် ကြွတာပဲများပါတယ်။  ဝေနေယျ အတွက် ခြေလျှင်ကြွလို့ အချိန်မမီ လောက်ဘူးဆိုရင်တော့ အဘိညာဉ် တန်ခိုးနဲ့ကြွ ပါတယ်။

တိရစာ္ဆန်ပေါ်ကို တက်စီးဖို့ မပြောနဲ့။ တိရစာ္ဆန် က ထားတဲ့ ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ်ထားပါတယ်။  မကျန်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိပါတယ်။

ဒီလိုအာပတ်ပညတ်ပြီး တားတော်မူရတာက သတ္တဝါ အားလုံးပေါ်မှာ  အညီအမျှထားတော်မူတဲ့ ” မဟာကရုဏာတော်”  ကြောင့်ပဲ ဖြစ်ပါတယ်။ ရိုးရိုးကရုဏာမဟုတ်ပါဘူး။ မဟာတပ်ထားတဲ့ ကြီးကျယ်တဲ့ ကရုဏာပါ။  ဒီ  မဟာကရုဏာကြီးကြောင့်ပဲ လေးသချေင်္ကမ္ဘာတစ်သိန်း ကြာအောင်  အဆင်းရဲ အပင်ပန်းခံပြီး ပါရမီတော်တွေကို ဖြည့်ဆည်းတော်မူခဲ့တာပါ။

ဒီမဟာကရုဏာတော်ကြီးကို အလေးဂရုမပြုလို့ မရပါဘူး။  တိရစာ္ဆန်စီးနေတဲ့ ပုံတော်တွေကို ထုလုပ်ရေးဆွဲခြင်းအားဖြင့် မြတ်စွာဘုရားရဲ့ သတ္တဝါ တိုင်းအပေါ်ထားတဲ့ မဟာကရုဏာတော်ကို ထိခိုက် စော်ကားရာ ရောက်ပါတယ်။

ဘာသာခြားများကလည်း ဒီလို့ပုံမျိုးတွေကို ကြည့်ပြီး ” ဗုဒ္ဓဟာ သတ္တဝါ အားလုံးအပေါ် မှာ သနားကရုဏာရှိတယ်လည်းပြောသေးတယ်၊ တိရစာ္ဆန်ပေါ် တက်စီးတာပဲ လား”  ဆိုတဲ့မေးခွန်း မျိုးနဲ့ ထောက်ပြလာနိုင်ပါတယ်။

ဒီဥဒေါင်းခံရုပ်ကို လက်သင့်ခံပြီး ထားလိုက်မယ်ဆိုရင် နောင်အခါမှာ ကျားခံတဲ့ ရုပ်ပွားမျိုးတွေ။ သမင် ခံတဲ့ ရုပ်ပွားမျိုးတွေ အတောမသတ်အောင်ပေါ်လာနိုင်ပါတယ်။   ဒီအချက်တွေ ကြောင့် ဥဒေါင်း ခံတဲ့ ရုပ်ပွား ကို ဒီအတိုင်း အပူဇော်ခံ မထားဖို့ ပြောကြားလိုပါတယ် ”

ဆရာတော်၏ သဘာဝကျလှသော ဩဝါဒကြောင့် ဂေါပက လူကြီးများသည် ဥဒေါင်းကိုဖယ်ထားပြီး ရုပ်ပွားတော်ချည်း သက်သက်သာ လျှင် ယခုထက်တိုင် အပူ ဇော်ခံထားပါသည်။

မှတ်ချက်။    ။ မေတ္တာရှင် ( ရွှေပြည်သာ) ဆရာတော်ဘုရား ၏  ထေရဝါဒ မှတ်ကျောက် တရားစာအုပ်မှာ ကူးယူ ဖော်ပြ ခြင်းဖြစ်ပါသည်။

One comment

  • လင်းဝေကျော်

    July 5, 2010 at 6:01 am

    ဒီလို ဆင်ခြင်ဖွယ်ရာလေးတွေ တင်ပေးတဲ့အတွက် ကျေးဇူးပါ။
    လူတွေ အများစုကြီး က ဘာသာတရားကို ဘဝအောင်မြင်ရေး ခုတုံးလို လုပ်နေကြတာ စိတ်ပျက်စရာပါ။

    စိတ်ငြိမ်းချမ်းမှု ကို ဘာသာတရားမှ ရှာဖွေနိုင်ပြီး အကုသိုလ်ကင်းလို့ အမှန် အောင်ခြင်းများ ရနိုင်ကြပါစေ။

Leave a Reply