ချစ်ရသူသို့…

ကိုဖြိုးရေ…

 

ဒီအချိန်ဆို နင်ဘာတွေလုပ်နေမလဲ။ အိပ်ပျော်နေမလား။ အလုပ်နဲ့ပတ်သက်တဲ့ စာတွေပဲ ပြန်ကြည့်နေမလား၊ ဂိမ်းပဲ ဆော့နေမလား။ ဇာတ်လမ်းပဲ ကြည့်နေမလား။

ဘာပဲဖြစ်ဖြစ် နင်စိတ်ချမ်းသာနေမှာပါဟာ။ ပိုပြီး ပျော်စရာကောင်းတာကလေ မကြာခင်မှာ နင်ချစ်တဲ့သူက နင့်ကိုချစ်ပါတယ် ဆိုတဲ့ အဖြေကို နင်ကြားရတော့မယ်လေ။

 

တကယ်တော့ ငါလည်း နင်နဲ့ထပ်တူ ပျော်ချင်ပါတယ်ဟာ။ အမြဲတမ်း ငါက နင်နဲ့ မျှဝေခံစားနေကြလေ။ ဒါပေမယ့် ဒီတစ်ခါတော့ ငါမပျော်နိုင်တော့ဘူးဟာ။

နင်သိရဲ့လား။ ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရခြင်းနဲ့ မုန်းသူနဲ့ အတူတူနေရခြင်း ဆိုတဲ့ ဆင်းရဲခြင်းနှစ်ခုက ငါ့ဆီမှာ တစ်ပြိုင်နက်တည်းရှိနေတယ်လေ။ အဲဒီထဲမှာမှ မုန်းသူနဲ့ အတူတူနေရခြင်းက ပိုဆင်းရဲပါတယ်ဟာ။

 

ငါ နင့်ကို အဆက်အသွယ်ဖြတ်ထားလိုက်တာ ကြာပြီနော်။ နင်လည်း ငါ့ကို စိတ်ထဲမှာရှိမှာ မဟုတ်တော့ပါဘူး။ နင်က အစကတည်းက သူတစ်ပါးခံစားချက်ကို ထည့်မတွက်တတ်တဲ့ လူစားမျိုးပဲလေ။ ငါဘာပဲဖြစ်နေဖြစ်နေ နင်ဘယ်တော့မှ ဂရုမစိုက်ခဲ့ဘူးမို့လား။

 

နင့်ဖုန်းနံပါတ်အသစ်ကို ငါ့ဦးနှောက်ထဲမှာ မမှတ်မိသေးခင် ငါ့ဖုန်းထဲကနေ ဖျက်ပစ်လိုက်တယ်။ gtalk မှာရှိတဲ့ နင့်အကောင့်ကိုလည်း block လုပ်ပစ်ခဲ့တယ်။ နင့်ကိုလည်း မေ့ပစ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် facebook ထဲက နင့်ကိုတော့ unfriend မလုပ်ရက်သေးဘူးဟာ။

 

နင်နဲ့ ပတ်သက်သမျှတွေက ငါ့မှတ်ဉာဏ်ထဲမှာ မနေ့တနေ့ကလို ထင်နေတုန်းပဲ။

 

နင့်နာမည်ကို သုံးတန်းကျောင်းသားဘဝကတည်းက ကြားဖူးနေခဲ့တာ။ ဟိုဘက်ကျောင်းက စာတော်စာရင်းထဲဝင်တဲ့နင်နဲ့ ထူးချွန်စာမေးပွဲတွေမှာ ခဏခဏတွေ့ရတယ်လေ။ အဲဒီအချိန်တုန်းက နင်က ငါ့အတွက် ပြိုင်ဘက်တစ်ယောက်ပေါ့။

ငါးတန်းတက်လို့ အထက်တန်းကျောင်းမှာ ဆုံကြတဲ့အထိ နင်နဲ့ခင်နေပေမယ့်လည်း နင့်ကို ကြိတ်ပြီးပြိုင်နေခဲ့တာပါ။

 

ကံကြမ္မာက ရှစ်တန်းမှာ ငါတို့ကို ပိုရင်းနှီးပေးလိုက်တယ်။ ထူးချွန်စာမေးပွဲမှာ ဘာသာစုံဖြေမယ့်ငါနဲ့ သင်္ချာဖြေမယ့် နင့်ကို ဆရာကြီးက သူ့အိမ်မှာ လေ့ကျင့်ပေးခဲ့တယ်လေ။ ငါတို့လမ်းထိပ်က ဆရာကြီးအိမ်ကို နင်စာလာသင်ရင်း၊ ငါတို့နှစ်ယောက် သင်္ချာတွေအတူတူတွက်ရင်း၊ မြို့နယ်အဆင့်ကနေ တိုင်းကို အတူတူ စာမေးပွဲသွားဖြေရင်း ငါတို့နှစ်ယောက် အရင်းနှီးဆုံးတွေ ဖြစ်သွားခဲ့တယ်။

 

နင်ကလည်း “ဝတီ့ကို အခင်ဆုံး” လို့ ပြောခဲ့သလို ငါကလည်း  ဖြိုးစည်သူ ဆိုတဲ့ နင့်ကို ငါ့ပြိုင်ဘက်စာရင်းကနေ ပယ်ဖျက်လိုက်တဲ့အထိ ငါတို့ ခင်မင်ခဲ့ကြတယ်။

ရှစ်တန်းနှစ်တစ်နှစ်လုံး ငါတို့ နှစ်ယောက်သား သူများအမြင်ကတ်လောက်အောင်ကို တတွဲတွဲဖြစ်နေခဲ့တာနော်။ ငါ့ရင်ထဲမှာ နင့်ကို နေရာတစ်နေရာ ပေးလိုက်မိပြီဆိုတာ ငါကိုယ်တိုင်လည်း မသိခဲ့မိဘူး။

 

ကိုးတန်းနှစ်မှာတော့ ငါတို့နှစ်ယောက် ဝေးသွားခဲ့ကြတယ်။ ကျူရှင်မတူတဲ့အပြင်ကိုမှ နင်တို့ကျူရှင်က ကိုးယောက်က တတွဲတွဲဆိုတော့ ငါလည်း နင်နဲ့ သိပ်မခေါ်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် အရင်တုန်းကအတိုင်း တစ်ခုခုဆို နင့်ကို လာပြောမိနေတုန်းပဲ။

 

ဆယ်တန်းနှစ်ကတော့ ကံဆိုးတယ် ပြောရမလား၊ ကံကောင်းတယ်ပြောရမလား။ ငါ့ရင်ထဲမှာ နင့်အတွက် နေရာရှိနေခဲ့တာကို ငါကိုယ်တိုင် သတိထားမိခဲ့တယ်။ ကံဆိုးချင်တော့ အမှတ်မထင် ရင်ဖွင့်မိခဲ့တဲ့ သူငယ်ချင်းက နင်နဲ့ကျူရှင်တူတော့ နင်လည်း သိသွားခဲ့တယ်လေ။ အဲဒီမှာပဲ အေးအေးနေတတ်တဲ့နင်က ငါ့ကို မခေါ်တော့ဘူး။ တကယ်တော့ ငါက နင့်ကို ခင်တာထက် ပိုရုံလေးပဲ ရှိသေးတာပါ။ ဒါပေမယ့် နင်ငါ့ကို မခေါ်တော့တဲ့ အချိန်မှာပဲ စိတ်မဆိုးတဲ့အပြင် ဝမ်းနည်းသွားခဲ့တယ်။ နင့်အပေါ်ထားတဲ့ ငါ့ရဲ့စိတ်လည်း ပိုနက်ရှိုင်းသွားခဲ့တယ်။ ထူးဆန်းလိုက်တာနော်။

ဆယ်တန်းထူးချွန်စာမေးပွဲကို အတူတူဖြေခဲ့ရပေမယ့်လည်း နင်နဲ့ငါက အရင်လို ပြန်ဖြစ်မလာခဲ့ဘူး။

 

မှတ်မှတ်ရရ ငါ့မွေးနေ့မှာ မုန့်ကျွေးရင်းနဲ့ နင်ငါ့ကို ပြန်ခေါ်ခဲ့တယ်။ ငါ ဘယ်လောက်တောင် ပျော်သွားခဲ့လဲဆိုတာ နင်သိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကွယ်ရာမှာ နင်င့ါကိုပြောခဲ့တဲ့စကားတွေကို ငါပြန်ကြားခဲ့ပါတယ်။ စိတ်မဆိုးခဲ့ဘူးဟာ။ ငါအရမ်းညံ့တာပဲ။ တကယ်ဆို စိတ်နာရမယ့်ကိစ္စကို။

 

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကတော့ အပျော်ဆုံးပဲဟာ။ နင်ရော ငါရော ဂုဏ်ထူးတွေနဲ့ အောင်ကြတာလေ။ ငါတို့နှစ်ယောက်လုံး ပြောဖြစ်ကြတယ်။ ဆေးကျောင်းတက်ကြမယ်လို့။

တကယ်တော့ ငါက ဆရာဝန်လုပ်ဖို့ လုံးဝကို ဝါသနာမပါခဲ့တာ။ အိမ်ကလည်း အမှတ်မီရင် လုပ်စေချင်တယ်ဆိုတော့ နင်သာ တက်မယ်ဆိုရင် ငါလည်း တက်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။

အဲဒီကာလတွေက အရမ်းပျော်ခဲ့တယ်ဟာ။ ဆုပေးပွဲတွေကို အတူတူတက်လို့၊ အခမ်းအနားမှာ လူကြီးတွေမိန့်ခွန်းပြောရင် ငါတို့နှစ်ယောက်သား လေတွေပေါလို့ လူကြီးတွေတောင် လှည့်ကြည့်ရတယ်လေ။ ဆုပေးပွဲကပြန်ရင် နင်နင်းတဲ့ စက်ဘီးကို စီး၊ နင့်ကို ထီးဆောင်းပေးပြီး ဆုရတဲ့ပိုက်ဆံနဲ့ ငါတို့ မုန့်ဝယ်စားကြတာ ငါအခုထိ မြင်ယောင်နေတုန်းပါပဲ။

 

ဖြစ်ချင်တော့ ဆေးကျောင်းအမှတ်က ငါတို့နှစ်မှာ အရမ်းမြင့်သွားခဲ့တယ်။ ငါက အစကတည်းက မတက်ချင်တဲ့သူဆိုတော့ ဝမ်းသာတာပေါ့။ နင်က ရေကြောင်းတက္ကသိုလ်လျှောက်တယ်ဆိုတော့ ငါလည်း ငါကိုယ်တိုင် ဝါသနာလည်းပါ၊ နင်နဲ့လည်း အတူတူဖြစ်အောင် နိုင်ငံခြားဘာသာတက္ကသိုလ်ကိုပဲ လျှောက်ခဲ့တယ်။ နင့်ဆီကို ရေကြောင်းတက္ကသိုလ်ကစာရောက်လာတော့ ငါဘယ်လောက်ပျော်သွားလဲသိလား။ မတော်တဆ ဆေးကျောင်းဝင်သွားရင်ဆိုပြီး ငါစိုးရိမ်နေခဲ့တာ။ (ငါစိတ်ပုပ်တယ်လို့ ပြောချင်လည်း ပြောပေါ့ဟာ။)

 

ဒါပေမယ့် တက္ကသိုလ်တက်ခဲ့တဲ့ သုံးနှစ်လုံးမှာ နင်နဲ့တွေ့ရတဲ့အချိန်က လက်ချိုးရေရင်တောင် ငါးချောင်းပြည့်မယ် မထင်ဘူး။ သန်လျင်ကနေ လာရမယ့် နင့်ကို ငါနားလည်ပေးခဲ့ပါတယ်။ ကျောင်းပိတ်ရက် နယ်မှာပြန်တွေ့ဖို့ကလည်း နင်က သင်္ဘောကျင်းသွားရတော့ မအားဘူးလေ။

ကျောင်းပိတ်ရက်တိုင်း မျှော်ရတာလည်း မောခဲ့ရပါတယ်ဟာ။

 

နင်သိတဲ့အတိုင်း ငါက မာနခဲလေ။ ဘယ်သူ့ကိုမှ အကျောမခံခဲ့ဘူး။ ဒါပေမယ့် နင့်နဲ့ပတ်သက်ရင်တော့ ငါအမြဲ အရှုံးပေးခဲ့ပါတယ်။ နင်ဖုန်းမဆက်လည်း စိတ်မဆိုးဘူး။ ငါပဲ စဆက်ခဲ့တယ်။ နင့်ဆီက ဖုန်းလာရင်လည်း အရမ်းကို ပျော်နေခဲ့တာပါ။ ငါ့မွေးနေ့ရောက်တိုင်း တစ်ခြားသူတွေထက် နင့်ဆီက ဖုန်းကိုပဲ မျှော်နေတတ်တယ်။ ငါ့မွေးနေ့မှာ နင်နဲ့အတူတူ ဘုရားကိုသွားချင်ခဲ့တယ်။ ငါခေါ်တိုင်းလည်း နင်ငြင်းခဲ့တာပါပဲ။

 

နင်မှတ်မိမှာပါ။ ငါတို့ ရှစ်တန်းမှာ ထူးချွန်သွားဖြေတဲ့အချိန်က ငါနဲ့ခင်ခဲ့တဲ့ ကြည်ဖြူ ကိုလေ။ ခရိုင်ဆုပေးပွဲမှာ သူနဲ့ပြန်ဆုံတဲ့အချိန်မှာ နင်သူ့ကို သဘောကျသွားခဲ့တယ်မို့လား။ ငါလည်း နင့်ကို သဘောတူမိခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်သား ကျောင်းပိတ်ရက်မှာ သူ့တက္ကသိုလ်ကို ငါတို့သွားလည်ကြတယ်လေ။

 

ငါက သူနဲ့နင့်ကို စလိုက်၊ သူက နင်နဲ့ငါ့ကို စလိုက်နဲ့… ဒါပေမယ့် သူ့သူငယ်ချင်းတွေကပါ သူနဲ့နင့်ကို ဝိုင်းစတဲ့အခါမှာ၊ သူ့ဘက်ကလည်း စိတ်ဝင်စားဟန်ဖြစ်လာတဲ့အချိန်မှာ၊ နင်ကလည်း ပြုံးစိစိနဲ့ ငြိမ်နေတဲ့အချိန်မှာ ငါ့ရင်တွေ ဗလောင်ဆူလာခဲ့တယ်။ ဖြစ်ချင်တော့ နင့်ခြေထောက်မှာ ကားစီးရင်းနဲ့ပွန်းသွားတဲ့ဒဏ်ရာကို ငါ့ကိုလာပြတော့ သူကပါ ပျာပျာသလဲနဲ့ ငါဘာမှမလုပ်နိုင်ခင်မှာပဲ ပလာစတာ ဝယ်လာပေးခဲ့တယ်။ ဟား…ငါလေ မျက်ရည်ပါ ကျချင်လာတယ်သိလား။ ထပ်ပြီးတော့ ဆိုးတာက သူက ငါတို့နှစ်ယောက်ကို သော့ချိတ်ဆင်တူလက်ဆောင်ဝယ်ပေးပြီး ငါတို့ဆီက လက်ဆောင်ပြန်တောင်းတော့ နင်ဝယ်ပေးလိုက်တဲ့အရုပ်လေးတန်ဖိုးက ၁၅၀ဝ တဲ့။ သူ့သူငယ်ချင်းတွေက ပိုပြီးတော့စကြတဲ့အချိန် သူ့မျက်နှာပေါ်က အရိပ်တွေကို ငါမြင်နေခဲ့တယ်။ ကိုဖြိုးရယ်… အဲဒီအချိန်ကစပြီး ငါသိလိုက်တာက နင့်ဆီမှာ ငါလုံးဝကျရှုံးသွားပြီဆိုတာပဲ။

 

အပြန်လမ်းမှာ ငါနင့်ကို ရိုက်ပြီး စိတ်ဆိုးလာခဲ့တယ်။ နင်ကလည်း ပြန်ချော့ပါတယ်။ နင်သူ့ကို မကြိုက်ပါဘူးတဲ့။ နင်တကယ်ပြောနေတယ်ဆိုတာ သိလိုက်ရတော့ ငါပြန်ပျော်သွားခဲ့တယ်။

(စိတ်ထဲရှိတာတွေ ချရေးထားတာပါ။ ရေးပြီးသလောက်အထိ တင်လိုက်ပါတယ်။ စာတွေဖောင်းပွနေမလားတော့မသိဘူး။)

21 comments

  • htoosan

    August 8, 2012 at 11:28 pm

    မဖောင်းပွပါဘူး ။ ဆက်ရေးပါဦး … အဝေး ရောက်နေသူ ဆီကိုပေါ့လေ………………

    • မွန်မွန်

      August 8, 2012 at 11:34 pm

      ပထမဆုံး ကွန်မန့်အတွက်ရော..အားပေးတဲ့အတွက်ရော..ကျေးဇူးပါ ကိုထူးဆန်းရှင့်… ဒုတိယပိုင်းကို အမြန်ဆုံးတင်နိုင်အောင် ကြိုးစားပါမယ်…

  • pooch

    August 9, 2012 at 12:08 am

    အော် ငယ်ချစ်တွေပေါ့။ ငယ်ချစ်က အနှစ်တရာမမေ့သာလို့ ဆိုကြတယ်။
    ပျော်စရာဇာတ်သိမ်းလေး ဖြစ်မယ် ထင်တယ်။

  • မောင်ပေ

    August 9, 2012 at 1:29 am

    မွန်လေး ကိုယ့်ကို ဘယ်လောက်ရိုက်ရိုက်
    မွန်လေးအချစ်စိတ်ကို သိထားပြီးလို့
    အမြဲချစ်သွားမှာ ထာဝရပါ

    • မွန်မွန်

      August 9, 2012 at 1:24 pm

      ကပေဆိုရင်တော့ မရိုက်ပါဘူး… တစ်ခါတည်း အသေသတ်လိုက်မှာ.. အဟီး..ခင်လို့ စတာနော်… 😀

  • အရီးခင်လတ်

    August 9, 2012 at 4:40 am

    မွန်မွန်ရေ
    ဆက်ဖတ်ချင်ပါတယ်။ 🙂

    ဒီ ကိုပေ က တစ်မျိုး။ 😛

  • မမ အညာသူ

    August 9, 2012 at 9:34 am

    မွန်မွန်ရေ
    အားပေးနေပါတယ်နော်

  • Ju Jue

    August 9, 2012 at 10:07 am

    နောက်ဆက်တွဲကို စောင့်မျှော်နေပါတယ်… သိပြီးသားပေမယ့်လဲ ဒီလိုမျိုးလေး ဖတ်ရတော့ ပိုခံစားရပါတယ်..

  • surmi

    August 9, 2012 at 10:12 am

    မျက်ရည်လည်တယ်ဆိုတာခုမှသဘောပေါက်တယ်
    ငိုချင်ရက် လက်တို ့ ဖြစ်သွားသကိုးးးးးးးးး

  • ko khin kha

    August 9, 2012 at 11:00 am

    တြိဂံထောင့်များမှ တြိဂံအတွင်း ဝင်ရောက်ကြသူများပါသကား။

  • kokothandar

    August 9, 2012 at 12:38 pm

    ချစ်နေရတယ်ဆိုတာ ဘဝရဲ့ သာယာမှုတစ်ခုပါဘဲ။ ချစ်တတ်တာကလဲ သဘာဝတရားပါ

  • snow white

    August 9, 2012 at 3:36 pm

    တို့မမကတော့လေ ကိုဖြိုးတဲ့လား ခေါ်တာလေးကိုက ဘယ်လောက်ချစ်လည်းဆိုတာသိသာတယ် ဇာတ်သိ်မ်းလေးမှာပေါင်းစည်းစေချင်တယ် ဖတ်လို့ကောင်းတယ် ဆက်လက်ရေးသားပါ မြန်မြန်လေးတင်ပေးနော် မြန်မြန်လေးဖတ်ချင်လာပြီ။။မမွန် ခေါ် ကိုဖြိုး။

  • Zin Linn

    August 9, 2012 at 5:30 pm

    အင်း…. ဘာပဲဖြစ်ဖြစ်သူ့ကြောင့်အဓိပ်ပါယ်ရှိတဲ့ဘဝတခုကိုဖြတ်သန်းခဲ့ရဖူးပြီပေါ့…

  • we R one

    August 9, 2012 at 6:05 pm

    ငယ်ချစ် ငယ်ချစ် ငယ်ချစ်မို့ မေ့မရ နိုင်ပါ..။ အားပေးနေတယ် မမွန်မွန်ရေ…။

  • မွန်မွန်

    August 9, 2012 at 6:14 pm

    အားပေးကြတာ ကျေးဇူးတင်ပါတယ်ရှင်… ဆက်ရေးဖို့လည်း ကြိုးစားနေပါတယ်…
    တကယ်တော့ ကျွန်မမှာ အကြွေးတွေရှိနေတယ်… ဒီစာကိုလည်း ဆက်ရေးရမယ်၊ ဆရာမနဲ့ ပြောဖြစ်သမျှရဲ့ နောက်ဆက်တွဲလည်း ခေါင်းထဲမှာ ရှိနေတယ်… (comment တွေကိုတောင် ဘာမှမပြန်ဖြစ်သေးဘူး။) အဖေနဲ့ပတ်သက်တာတွေလည်း ရေးချင်သေးတယ်… 🙂

    လုပ်ချင်တာတွေများပြီး အချိန်က နည်းနေတဲ့အတွက် သည်းခံပြီး စောင့်ဖတ်ပေးပါလို့ ပြောချင်ပါတယ်ရှင်…

  • အလင်းဆက်

    August 9, 2012 at 7:22 pm

    ကိုဖြိုးတော့မသိဘူး။ တားတားတော့ အတော်လေးခံစား သွားရပြီ။

  • သခင် mobile

    June 23, 2013 at 1:36 am

    စာတွေကတော့ မဖောင်းပွပါဘူး စာထဲမှာပါတဲ့ အချစ်တွေကတော့
    အတော်လေးကို ဖောင်းပွနေတာ တွေ့ရပါတယ်…………

  • အစဆွဲထုတ်လာဂျတယ်ကွီ…နာ ဆက်ရေးဖို့ ခံစားချက်မရှိတော့လို့ မသိချင်ယောင်ဆောင်ထားတဲ့ ပို့စ်ကို…
    နာ့ကို လာမဆွဂျနဲ့နော်… :mrgreen:

Leave a Reply