နေပါစေ ချစ်လို့ ( ၃ )

YE YINT HLAINGAugust 9, 20121min1609

-( M )-

သော်ကြီး က လက်ကိုင်ပုဝါခေါက်လေး နှင့် အတူ လက်ပိုင်ရှင်အား မော့ကြည့် မိတော့  လပြည့် က အပြုံးမျက်ဝန်း ချိုချို တို့နှင့် သူမ၏ လက်ကိုင်ပုဝါလေးအား ထပ်ဆင့်ကမ်းပေးလာပြီး ” သော်ကြီး ! ရော့ ! ယူပြီး ချွေးတွေ သုတ်လိုက်လေ ” ဟုဆိုလာသည် ။ သော်ကြီး က အားတုံ့အားနာဟန်ဖြင့် ” ဟား —- နေပါစေ ! ချွေးတွေက ဒီလောက်မှများတာ ! လပြည့် လက်ကိုင်ပုဝါ တခုလုံး စိုရွှဲ ပေရေ ကုန်မှာပေါ့ ! ” ဟုပြောပြီးငြင်းလိုက်သည် ။ ထို့ကြောင့် လပြည့် က ” ယူလို့ ပြောနေတယ်နော် ! မယူဘူးလား ??? ” ဟု ချိမ်းခြောက်သံပါသော စကားလေးအား အပြုံးတို့ ရောစွတ်၍ ပြောလိုက်ရင်း လက်ကိုင်ပုဝါ လေးအား ထပ်မံ၍ သော်ကြီး ရှေသို့တိုးပေးလိုက်သည် ။ ဒီတခါတော့ သော်ကြီး မငြင်းတော့ပဲ ယူလိုက်ပြီး ” ပြန်မပေးတော့ဘူးဟာ — အပိုင်ယူလိုက်တော့မယ် ” ဟုဆိုလေရာ လပြည့် က ခေါင်းညိတ်၍ သဘောတူလက်ခံကြောင်း ပြသလိုက်သည် ။ သို့ရှိစဉ် ” အမ နဲ့ အကို ပန်းလှူပါဦး ! ” ဟုဆိုလာသော ဆယ်ကျော်သက် အရွယ် ပုပ်ပါး သူလေးတဦး သူတို့နှစ်ဦးအနား ရောက်လာသည် ။ ဒီတော့ လပြည့် က အလှဆုံး ပန်းနှစ်စီးအား ရွေးချယ်ဝယ်ယူပြီးနောက် ” ကဲ သော်ကြီး ထ ! ” ဟုဆိုကာ သော်ကြီးထမ်းလာသည့်ရေနှင့် ဘုရားရေသပ်ပါယ်ခြင်း ၊ ဘုရားပန်း ရေဆေးခြင်း များပြုလုပ်ပြီးနောက် သော်ကြီးအား ဘုရားပန်း တစည်းပေး၍ နှစ်ယောက်အတူထိုင်ကာ ဘုရားဝတ်ပြုလိုက်ကြသည် ။ သူတို့ နှစ်ဦး ဘုရား ဝတ်ပြုပြီး မျက်လုံးများ ဖွင့်အကြည့်မှာတော့ ” ဟေး — မိုက်တယ်ဟေ့ ! မိုက်တယ်ကွာ ! နာတို့ကတော့ အသက်ဝင်တဲ့ ဓာတ်ပုံ နှစ်ပုံရတယ် ! ငါကသုံးပုံ ! ” ဟု အော်ဟစ်မြောက်ကြွနေကြသော သူငယ်ချင်း တသိုက်ကို တွေ.လိုက်ရသည် ။ ရုတ်တရက်မို့ လပြည့် တယောက်ရှက်သွားပြီး အနီးရှိ မြတ်နိုးလက်မောင်းတဖက်အား ရှက်ရမ်းလေးဖြင့်ထုကာ ” ကြည့်ဦး! သူများတွေ ဘုရားရှိခိုး နေတာကို လာနှောက်ယှက်နေကြတယ် ! ” ဟုဆိုသည် ။ ဒါကို မြတ်နိုးက ” ဘာအခုမှ ရှက်နေတာလဲ ! ” ဟု ပြောလည်းပြော – သော်ကြီး ဘက်သို့ တွန်းလည်းတွန်းလိုက်ရာ မျိုးကြီး နှင့် သဇင်ဦးက ထပ်မံ၍ ဓာတ်ပုံများမိမိရရ ရိုက်လိုက်ကြပြန်သည် ။သူတို့အားလုံး ပျော်နေကြသည်ပေါ့ ။ သော်ကြီး ခုမှ သတိရ လာပြီး တစုံတယောက်အား ရှာနေဟန်ဖြင့် ဘေးဘီသို့ကြည့်သည် ။ ဒါကို သဘောပေါက်တဲ့ ဂဲကြီးက သော်ကြီး အနီး တိုးကပ်ပြီး ” ရှာမနေနဲ့! ခုလောက်ဆို မင်းရဲ့ မင်းသားကြီး ဘောစိ ကားပေါ်မှာ တလမ်းလုံး ကြွားလာတဲ့  စင်ကာပူပြန်လက်ဆောင် ကင်မလာ အသစ်စက်စက်ကြီးနဲ့ တို့ကျောင်းက ဓာတ်ပုံမော်ဒယ်သရဲမလေးတွေကို ဟိုဘက်ချမ်းမှာလက်မလည်တမ်း ရိုက်ပေးနေရလောက်ပြီ ! ” ဟုပြောလိုက်သည် ။ ဤသည်ကား ဂဲကြီး၏ အကွက်ကျကျ ဖန်တီးမှုများမှတခုဖြစ်လေသည် ။

-( N )-
တောင်ကလပ် ဘုရားရင်ပြင်ပေါ်မှ ဆင်းလာကြပြီး ဘုရားဈေးတန်းတွင် အမှတ်တရလက်ဆောင်ပစ်စည်းများ ဝယ်ကြသောအခါ သော်ကြီးက စကားဝါပုလင်း လှလှလေး တစ်လုံး နှင့် ပုတီးကုံးလေး တကုံးအား ဝယ်ပြီး လပြည့်အား အမှတ်တရ လက်ဆောင်ပေးလေရာ လပြည့်ကလည်း ” ပုပ်ပါးရောက် အမှတ်တရ မြန်မာ ” စာတမ်းပါ အိင်ကျီ တထည်အားဝယ်၍ သော်ကြီး အတွက် အမှတ်တရ ဟု အိင်ကျီ၏ တနေရာတွင်ရေးကာ သူမ၏ လက်မှတ်လေးအားလည်း ရေးထိုး၍ သော်ကြီးကိုပေးလေသည် ။ သော်ကြီး ကလည်း ထိုနည်းအတူ ဝယ်ယူပြုလုပ်ပြီး အိင်ကျီလေး တထည်အား လပြည့် သို့ အပြန်အလှန် ပေးလိုက်သည် ။ သူတို့၏ ကားများ ပုပ်ပါးမှ ပြန်လည် ထွက်ခွါတော့မည် ဆို၍ သော်ကြီးနှင့် လပြည့် ကားပေါ်သို့ တက်လေသည် ။ ကားပေါ်ရောက်တော့ သော်ကြီး က ဒီမှာထိုင်လေဟုဆိုတော့ လပြည့် က သူမ ပထမ ထိုင်ခဲ့သည့် ထိုင်ခုံ လေးအားတချက်ကြည့်လိုက်သည် ။ ယင်း အချိန်တွင် ကောင်းမြတ် ကားပေါ်သို့ ရောက်မလာသေးသလို ကားပေါ်သို့တက်လာသော ဂဲကြီး က လပြည့် ထိုင်ခဲ့သောနေရာတွင် စွတ်ကနဲ ဝင်၍ထိုင်လိုက်သည် ။ ထို့ကြောင့် လပြည့်က သော်ကြီးအား ” ပြတင်းပေါက်နားမှာ ထိုင်မယ် ” ဟုပြောကာ နှစ်ယောက်တွဲ ထိုင်ခုံတွင်ဦးစွာဝင်၍ထိုင်လေသည် ။ ဒီတော့ သော်ကြီးလည်း သူမဘေးတွင် ဝင်၍ထိုင်ရင်း အပျော်လွန် အူမြူးနေသူတဦး ဖြစ်သည့် အတိုင်း လပြည့် အတွက် ရယ်မောစရာ များအား မနားတမ်း ပြောလေတော့သည် ။  မကြာသေးခင် အချိန်ကထိ ရှိနေခဲ့သော သော်ကြည့်ကြီး၏ သုန်၍ မှုန်၍ ကုတ်နေသော မျက်နှာပေးပုံစံကြီးမှာ သော်ကြီးထံမှ ယခု အခါတွင် ဂဲကြီး ခေါ်သည့် မင်းသား ဘောစိကြီး ကောင်းမြတ် ထံသို့ပြောင်းလဲရောက်ရှိသွားပြီဖြစ်လေသည် ။သို့ဖြင့်  ပုဂံ – ညောင်ဦး ရှိဘုရားများရှိရာသို့ဆက်လက်၍ လှည့်လည် လည်ပတ်ကြသည့် အခါတွင်လည်း  ဘုရားဈေး အချို့မှ အမှတ်တရ လက်ဆောင်ပစ်စည်းများဝယ်ယူ ကြပြီး ထိုအထဲ မှ သုံးချောင်းထောက်ပါသော ယွန်းဗူး လှလှလေး တစ်ဗူးအား သော်ကြီး မှ လပြည့်ကို ပေးလေရာ လပြည့် က လည်း အနက်ရောင် ယွန်းဂစ်တာသေးသေးလေး တလက်အားဝယ်၍ သော်ကြီးသို့ ပေးလိုက်လေသည် ။ဤသည်ကိုကြည့်ပြီး စိုးကြီး တယောက် တဒင်ဂ ငေးမောကြည့်နေမိစဉ် ” ဟိတ် ! ဘာကြည့်နေတာလဲ ” ဟု မေးလာသော မြတ်နိုး ကို တွေ လိုက်ရသည် ။ ” ဘာမှမဟုတ်ပါဘူးဟာ — အုံပုန်း နှစ်ယောက် နှလုံးသားချင်း ထိတွေနေပုံ လေးကြည့်ပြီး အားကျလို့ပါ — နင်ကော အားမကျဘူးလားဟင် ! ” ဟု  မြတ်နိုး အား ပြန်မေးလိုက်ရာ မြတ်နိုး က ” သွား ! သိဘူး ! ” ဟု ဖြေလိုက်ပြီး စိုးကြီး အနီး မှ လစ်လေသည် ။ သူတို့၏ အပြန် ခရီး၌ – ကား စထွက်ပြီးနောက် ( ၁၅ ) မိနစ် ခန့် အကြာတွင် အားလုံး လိုလို ငြိမ်သက်နေမိသလို ဖြစ်သွားစဉ် နေကြီးဖက်တီး မှ ကောက်ကာ ငင်ကာ သီချင်းတပုဒ် ကို ထ၍အော်လေသည် ။ ပေါက်ကရ လုပ်သည့် နေရာတွင် ပြိုင်ဘက် မရှိသော နေကြီးဖက်တီး က ယခုလည်း ကား၏ နောက်ပိုင်း တန်းပြည့် ထိုင်ခုံ၏ အလယ်တည့်တည့် မှနေ၍ ဂျပန် နပန်းသမားကြီးလို ထိုင်ကာ သီချင်းအော်ဆို နေခြင်း ဖြစ်သည် ။ သူဆို နေသည့် သီချင်း မှာ တခြား မဟုတ်” မိအေးဘယ်မလဲ ” ဆိုသည့် သီချင်း ဖြစ်သည် ။ ရုတ်တရက် မို့ သူ သီချင်း စဆိုစဉ် ေ.ရှထိုင်ခုံများရှိ ကျောင်းသား/သူ များက လည်ပြန်လှည့်ကြည့်ကြ ပြုံးကြ ရယ်ကြသည် ။ နေကြီးဖက်တီးကလည်း အဆိုမရပ်ပဲ ဆက်၍ ဆိုလေရာ သူ၏ ဘေးဘယ်ညာ ရှိ စည်ကြီး နှင့် စိုးကြီး ကလည်း အားဖြည့်သီဆို ပေးလေရာ သီချင်းရသူ ကျန်ကျောင်းသားများ ကပါ လိုက်၍ဆိုလာကြသည် ။ ဤသည်မှာ လည်း ပေါက်ကရ ပျော်စရာ တမျိုး ဖြစ်လေသည် ။ နေကြီး သီချင်းဆုံး တော့ မျိုးကြီး ကလည်း ယောက်ကျားလေး အများအပြား ဆိုလွယ် ရလွယ်သော သီချင်း တပုဒ်ကို ဆက်ဆိုလေရာ ကားပေါ်ရှိ ကျောင်းသား အားလုံး လိုက်ဆိုကြလေသည် ။ အဲဒီနောက် မောင်းနှင်နေသော ကားပေါ်တွင် ကျောင်းသားများ သီချင်း တပုဒ် ပြီး တပုဒ် အော်ဟစ် သီဆိုရင်း လိုက်ပါလာကြသည် ။ သီချင်း တပုဒ် အဆုံး တွင် ကျောင်းသူ များ က ” နင်တို့ က ယောက်ကျား လေး သီချင်းတွေ ချည်း ဆိုနေ ကြတယ်ဟာ — ” ဟုပြောလာ၍ ကျောင်းသား များကလည်း ” နင်တို့ ဆိုချင်လည်း ဆိုလေ ” ဟုပြောလိုက်သည် ။ ထို့ကြောင့် ကျောင်းသူ များထဲမှ ဝါသနာ ကြီးပြီး အသံချိုချို လေးနှင့် သီချင်း ဆိုတတ်သူ သီရိသူ က ” ဒါဆို ငါ — ကျောင်းဖွင့်ချိန် သီချင်း ဆိုမယ် ! အား လုံး ရကြရဲ့လား ??? ” ဟု သူမ၏ ဘေးမှသူငယ်ချင်းများအား အဖော်ညှိပြီးနောက် ကျောင်းသူအများစု နှင့် အတူ သီဆိုလေသည် ။  ” လိုက်ရှာမိမယ် သိလား တန်ခိုးရှင်ရယ် —- ကျောင်းတော်ထဲမှာ ခြေလှမ်းပြန့် ပစေကွယ် —- မိုးတွေထဲမှာလည်း အပြေးလာခဲ့မှာပဲ —- ကြိုနေပါကွယ်ချစ်တဲ့သူရယ် —- ကျောင်းဖွင့်ချိန်ဝယ် — ” သူတို့ အားလုံး၏ ပျော်ရွှင်မှုသည် ယဉ်မောင်း ကားဆရာ ကြီး ထံသို့လည်း လျှင်မြန်စွာ ကူးစက် သွားခဲ့ပြီး ယင်း ကားဆရာကြီးမှာလည်း ခေါင်းလေး တလှုပ်လှုပ်နှင့် ယဉ်ကို အန်နရယ် ကင်းစွာ မောင်းနှင်နေလေတော့သည် ။

-( O )-
သူငယ်ချင်းတွေ ပြောသည့် ပါမစ်နစ် ချစ်သူ ဖြစ်ရေးအတွက် သော်ကြီး ယနေ့ အကောင်အထည် ဖော်မည် ဖြစ်သည် ။ ” လပြည့် ! ” ” ဟင် ! ဒါကော ဆို ခေါ်တာ နှစ်ခါရှိပြီ ! ဘာပြော မလို့လည်းပြောလေ — ” ဟု လပြည့် က ပြန်မေးတော့ ” ငါ— နင့် လက်ကိုင်ပုဝါ လေး ကို တသက်လုံး သိမ်းထားပါရစေဟာ — ” လို့ သော်ကြီး က ပြောပြီးမှ သူ့စကား လိုရင်း မရောက်သေးမှန်း သိလိုက်သည် ။ လပြည့် ကလည်း ” ငါ နင့် ကို အပိုင် ပေးထားပြီးပြီ လေဟာ — ” ဟု ပြောရှာသည် ။ ထို့ကြောင့် သော်ကြီး က လည်း ” အဲဒါ ဘာလို့လဲ သိလား ! ငါနင့် ကို အရမ်းချစ်လို့ ! ငါ နင့် ကို အရမ်းချစ်တယ်ဟာ — ”  ဟု တဆက်တည်းပြောမိသွားလေသည် ။ သော်ကြီး စကား ကို ကြားတော့ လပြည့် က ရှက်ပြီး ခေါင်းငုံ့ထားသည်မို့သူမ၏ တုန့်ပြန်မှုကို အားမလို အားမရ ဖြစ်လာသည့် သော်ကြီးက လပြည့် ၏ လက်မောင်းလေး နှစ်ဖက်အား ဆုပ်ကိုင်လာပြီး ဖြေပါဦး လပြည့်ရဲ့ ဟု မေးလေရာ လပြည့်က သူ၏ လက်အစုံအား တွန်းဖယ်ပြီး သူ့အနားမှထွက်ခွါသွားလေသည် ။ အင်ကနဲ ကျန်ခဲ့သူ သော်ကြီး တယောက် လပြည့် စိတ်ဆိုးသွားပြီဟုထင် ကာ နောက်မှ အတင်း လိုက်ကာ တောင်းပန်လေသည် ။” လပြည့် စိတ်ဆိုး သွားပြီလားဟင် ! ”  လပြည့် က သွားနေရာမှ မရပ်ပဲ ဆက်သွားပြီး ကျောင်းတောင်ဘက်ရှိ မန်ကျည်းပင်ကြီးအောက်သို့ရောက်မှ ” ဆိုးတယ် ! ဆိုးတယ် ! ” ဟုပြန်ပြောလေသည် ။ ” ဘာလို့ စိတ်ဆိုးတာလဲ ဟင် ! ” ဟု သော်ကြီး က မျက်နှာငယ်လေးနှင့် မေးလာချိန်မှာတော့ လပြည့် က ပြုံးလာရာမှ  တခစ်ခစ်ရယ်လာပြီးနောက် ” ဟုတ်တယ် — ဆိုးတယ် — ဘာလို့ ပန်းတွေ ဆက်မပို့တော့တာလဲ ??? ” ဟု မေးလိုက်ရာ ” လပြည့် ! ကို – ပန်းတွေ ပို့တာ သိတယ် ” ဟု အံ့ဩ ဝမ်းသာ သံ နှင့်သော်ကြီးက မေးလိုက်သည် ။ ” ဟိုးဆရာ ! ဟိုး ! အဖြေတောင် မပေးရသေးဘူး ! ခု ကတည်း က ကိုတွေ ဘာတွေဖြစ်လာပြီ ” ဟု လပြည့် က ပြောလာတော့ သော်ကြီး က ” ဒါဆို — အဖြေ မြန်မြန် ပေးတော့ ” ဟု တောင်းလိုက်ရာ လပြည့် က သူ့အား နောက်လှည့် ဟု ဆိုသည် ။ သော်ကြီးလည်း လပြည့် အား ကျောပေး၍ ရပ်လိုက်ရင်း လပြည့် ဘာလုပ်မလဲ ဆိုတာကို စိတ်ဝင်စားစွာ စောင့်ဆိုင်း နေလိုက်သည် ။ ခဏကြာတော့ ပြန်လှည့်ဟု အမိန့်ပေးသံကြား၍ ရှေသို့ပြန်အလှည့်တွင် လပြည့်က သူမ၏ လက်အတွင်း မှ ဘောပင် မင်စို တချောင်း ဖြင့် သော်ကြီး ပါးအားအမှန်ခြစ် ခြစ်လိုက်သည် ။ ဒါကြောင့် သော်ကြီး က ” အမှန် ချစ်တယ် ပေါ့ ” ဟုဆိုရင်း ဘေးပတ်ဝန်းကျင်အား တချက် စစ်ဆေး ဟန်ဖြင့် ကြည့်ပြီးနောက် ” ရွှတ် ! ” ” အို !!!! သွား ! လူဆိုး ! တအားဆိုးတယ် — ”

-( P )-
ဒီလိုနဲ့ ပထမနှစ် ကုန်ဆုံး ခဲ့ပါတယ် ။ ဒုတိယနှစ် မှာတော့ မျိုးကြီး နှင့် သဇင်ဦး ၊ စိုးကြီး နဲ့ မြတ်နိုး ၊ စည်ကြီး နှင့် သီရိသူ တို့လည်း သော်ကြီးတို့လို ကျောင်းနေဖက် သူငယ်ချင်း ချစ်သူတွေ ဖြစ်လာကြပါတယ် ။ ချစ်သူစုံတွဲတွေ အနေနဲ့တယောက်ကို တယောက် အပျောက်မခံခဲ့ကြသလို သူငယ်ချင်း အားလုံးလည်း ထို့အတူပါပဲ ။ အချိန်နဲ့ အခြေအနေ တရပ်ရဲ့ ပြောင်းလဲဆုံးဖြတ်မှု တခုအောက်မှာ ကောင်းမြတ် ဟာ သူတို့သူငယ်ချင်းတွေနဲ့ တဖြည်းဖြည်းဝေးလို့ လာခဲ့ပြီး သော်ကြီး ၊ လပြည့် တို့နဲ့ပတ်သက်ပြီး တော့လည်း တရက်ပြီးတရက် မင်းသား မျက်နှာဖုံး ကျွတ်လာပါတော့တယ် ။ သူ့ ရဲ့ ချဉ်းကပ်ပုံ က ယခင် ကလို မဟုတ်တော့ပဲ နှစ်ဘက် မိဘများဘက် လှည့်သွားခဲ့ပြီး သော်ကြီး နဲ့ လပြည့် အတွက် အကြီးမားဆုံး ဖိအားဖြစ်စေခဲ့ပါတယ် ။  သူက မရနိုင်တာ ကို မှ ပိုလိုချင်မိသူလေ ။ ဒါကြောင့် တခုသော ကျောင်းပိတ်ရက်တွေထဲက တရက် လပြည့် နေအိမ်ပြန်တော့ သူမ၏ မိခင်က ” သမီး ပြည့်ပြည့် ! ကျောင်းမှာမေမေ ဘာသံမှ မကြားချင်ဘူး သမီး ” ဟု ရုပ်ရှင် ဇတ်လမ်းများထဲကလို အစချီ၍ ပြောလာပါတော့တယ် ။ ပြီးတော့ လပြည့် သိပြီးသော အကြောင်းအရာများ ဖြစ်သည့် ကောင်းမြတ် ၏ မိဘများ အကြောင်းနှင့် တဦးတည်းသော သားလေးဟု သူမ၏ မိခင် ပါးစပ်ဖျားက မချသော ကောင်းမြတ်၏ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ကြောင်း များနှင့် သူမ၏ မိခင် က ဘဘောကျနှစ်သက်ကြောင်းများ အပြင် လပြည့် ကျောင်းပြီးလျှင် ကောင်းမြတ်နှင့် နေရာချထားပေးရန် နှစ်ဘက်မိဘများ သဘောကျ စီစဉ်ပြီးကြောင်းပါပြောလာပါတော့တယ် ။ ဒါကြောင့် လပြည့် နဲ့ သော်ကြီး တို့ နှစ်ဦးရဲ့  ေ.ရှအနာဂါတ်မှာ မမြင်နိုင်တဲ့ တတိုင်းကြီး တခု ကြိုတင်စီးကာထားပြီး ဖြစ်နေပါတော့တယ် ။

-( Q )-
ယနေ့သည် သူတို့အားလုံး ခွဲခွါရတော့မည့် နေ့တနေ့ ဖြစ်သည် ။ ကျောင်းတော်၏ အစွန်ဆုံး ရှိ ဖိုးသာထူး လဘက်ရည် ဆိုင်တွင် သူတို့ အားလုံး ပထမ ဆုံး အကြိမ် အဖြစ် တိတ်ဆိတ်စွာ စုံစည်း ခဲ့ကြသည် ။ သူတို့မှာယူထားသည့် လဘက်ရည် ကော်ဖီများ ၏ အပေါ်ယံမျက်နှာပြင် လွှာမှာ တင်းရစ်၍ပင်လာသည် ။ ဆိုင်ရှင် ဦးလေးကြီး ကလည်း ဒီကလေးများနှယ် ဆိုသည့် အကြည့်နှင့် ဂရုဏာ သက်စွာ တချက်ကြည့်ပြီး ဆိုင်နောက်ဘက် ရှိရာသို့ ဝင်သွားသည် ။ဤအခြေ အနေ ငြိမ်သက်မှုကို စတင်ဖြိုခွင်းလိုက်သူမှာ ဂဲကြီး ဖြစ်သည် ။ သူက ” ငါ နဲ့ သော်ကြီး ကတော့ ရန်ကုန် ကို ဆင်းမယ် ။ အဲဒီက အဆောင် တခုခုမှာနေပြီး အလုပ်လုပ်မယ် ” ဟု စကား စလိုက် ရာ မကြာခဏ ပြောဖြစ်ခဲ့ကြပြီး ဖြစ်သည့် သူတို့အားလုံး၏ ရှေအစီအစဉ် များကို တယောက်ပြီး တယောက်ပြောကြလေသည် ။ သော်ကြီးက ” လပြည့် အိမ်က ကား နဲ့ လာကြိုမှာနော် ! ” ဟု ထပ်၍ သတိပေး အမေးစကားဆန်စွာ ပြောလိုက်သည် ။ သူတို့အားလုံး ခဏအကြာ ဆက်ထိုင် ကြပြီးနောက် လဘက်ရည်ဆိုင်မှ ဓာတုဆောင် ရှိရာသို့ ထွက်ခွါခဲ့ကြသည် ။ ဓာတုဆောင်ရှေရှိ ခုံတန်းလေးများတွင်ထိုင်ကြပြီး လပြည့် က ” သော်ကြီး ! ရန်ကုန် ရောက်ရင်လည်း ဖုန်းမှန်မှန်ဆက်နော် ” ဟု ညှိုးငယ်သော မျက်နှာလေး ဖြင့်ပြောလေသည် ။ ” ငါ — ဖုန်းလည်း မှန်မှန် ဆက်ပါ့မယ် — စာလည်း မှန်မှန်ရေးပါ့မယ် — ငါ လည်း နင့်ကို နင့်လို အမြဲလွမ်းနေမိမှာပါဟာ — ” ဟု သော်ကြီး က လပြည့် ၏ လက်ကလေး နှစ်ဘက်အား ဆုပ်ကိုင်၍ ပြောနေစဉ် သူတို့ အနီး ဓာတုဆောင် ေ.ရှသို့ ကားနှစ်စီး ထိုးဆိုက် ရပ်တန့်လာသည် ။ တစီးမှာ လပြည့် ၏ မိခင် စီးလာသော ကားဖြစ်ပြီး ကျန်တစီးမှာ ကောင်းမြတ် ၏ ကားဖြစ်လေသည် ။ ” သမီး — ကားပေါ်တက် ! ” မိခင် ၏ စကားကြောင့် လပြည့် သူငယ်ချင်း အားလုံးကို နှုတ်ဆက်ကြည့် ဖြင့် တချက်ကြည့်ရင်း သူမ မိခင်ရှိရာ ကားပေါ်သို့ တက်သွားလေသည် ။ လပြည့် ကားပေါ်ရောက် သည်နှင့် ကားလေး က မောင်းထွက်သွားလေသည် ။ကားပေါ်မှ လပြည့်၏ သမင်လည်ပြန် အကြည့် လေးမှာ တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားလေတော့သည် ။ ကျန်ခဲ့သည့် ကောင်းမြတ်က သူ၏ ကားနှင့် လိုက်ပါလာသော သူ၏ ပွဲရုံ စာရေး လူငယ်အား လပြည့် ၏ အသုံးအဆောင် ပစ်စည်းများအား ကားပေါ် တင်ခိုင်းလိုက်သည် ။ ထို့နောက် ကောင်းမြတ် က  အနည်းငယ်နောက်ဆုတ်ရုံ မျှဖြင့် မောင်းထွက်သွားနိုင်သော ကားကို ရှေတည့်တည့်မှ ဝိုက်ကာ မောင်းပြီး သော်ကြီး အနား အရောက်တွင် ကပ်ပွတ် သွားလေရာ အရှောင်  မြန်သော သော်ကြီး မှာ ဖင်ထိုင် လဲကျသွားလေသည် ။

”  သော်ကြီး ! သော်ကြီး ! ”
” ဟာ —- အင့် ! ”
” တောက် ! ဟေ့ကောင် ! ”
” မျိုးကြီး မလုပ်နဲ့ ! ကိုမျိုး မလုပ်နဲ့ ”
ငြိမ်းချမ်းစွာ ရှိနေခဲ့သော ဓာတုဆောင် ေ.ရှနေရာလေး မှာ ရုတ်တရက် ဆူညံ သွားသည် ။ မောင်းထွက်သွားသည့် ကောင်းမြတ် ၏ ကားနောက်ပိုင်း ကို မျိုးကြီး က အနီးမှ ခဲနှင့် ကောက်ပစ်ရန် ပြုစဉ် စိုးကြီး နှင့် သဇင်ဦး မှတားလိုက်ချင်း ဖြစ်သည် ။ လဲကျ နေသော သော်ကြီး ကို ဂဲကြီး ကဆွဲထူပေးလိုက်သည် ။ ပြန်၍ မားမားမတ်မတ် ရပ်နိုင်လာသော သော်ကြီး ၏ လက် အစုံမှာမူ ကျစ်လစ်သော လက်သီး စုပ် များနှင့် —– ။

အပိုင်း ( ၄ ) ဆက်ရေးပါဦးမယ် ခင်ဗျား ! အားပေးဖတ်ရှုသွားသူများကို ကျေးဇူးတင်ပါတယ် ခင်ဗျာ !
ရဲရင့်လှိုင်

9 comments

  • YE YINT HLAING

    August 9, 2012 at 9:40 am

    ခေါင်းစဉ် တပ်ပြီးသားထင်လိုက်တာ ။ ပြီးမှ ကျန်သွားမှန်း သိတယ်ဗျာ ! ခေါင်းစဉ် က ” နေပါစေ ချစ်လို့ ( ၃ ) “ပါ ။

  • YE YINT HLAING

    August 9, 2012 at 10:20 am

    သူကြီး ခင်ဗျား ! ခုလို ခေါင်းစဉ် မေ့ကျန်ခဲ့တာကို တင်ပေးလိုက်တဲ့ အတွက် ကျေးကျေးပါခင်ဗျား ! သူကြီးမင်း ကျန်းမာ ချမ်းသာပါစေဗျား !

  • မွန်မွန်

    August 9, 2012 at 11:20 am

    အင်း..မထင်မှတ်တဲ့လှည့်ကွက်ဆိုတာ ဒါမျိုးကိုပြောတာ… ကိုကောင်းမြတ်ကြီးရဲ့ရန်က ဘယ်လို်များလွတ်လာမှာပါလိမ့်….

  • မောင်ပေ

    August 9, 2012 at 12:06 pm

    သော်ကြီး ရဲ ့ရန်ကုန်မှာ သာမယ့်လ ကို ဆက်စောင့်ဖတ်နေပါတယ်ဗျို ့

  • pooch

    August 9, 2012 at 12:41 pm

    ဇာတ်ရည်လည်အောင် ရှေ့ကစာတွေပါ ပြန်သွားဖတ်လိုက်အုန်းမယ် ။

  • Shwe Ei

    August 9, 2012 at 4:35 pm

    လွမ်းလို့ကျန်ရစ်ခဲ့မှာ အားနာတယ်လေ ဖြစ်တော့မယ် ဟိဟိ။

  • YE YINT HLAING

    August 9, 2012 at 9:14 pm

    မမွန်မွန် ၊ ကိုပေ ၊ မ ပု ( ချ ) နဲ့ မရွှေအိ တို့ရေ ဖတ်ရှုအားပေးကြတဲ့ အတွက် ကျေးကျေးပါဗျာ ! အပိုင်း ( ၄ )လည်း ယနေ့ည ဆက်ရေးပါဦးမယ် ဗျာ !

  • ချစ်တိုးလေး

    August 10, 2012 at 12:26 am

    တိုးလေးလည်း လာဖတ်သွားတယ်နော် ဘာဆက်ဖြစ်ကုန်မလဲသိချင်နေပြိံ

  • ကြည်ဆောင်း

    August 10, 2012 at 4:24 pm

    အင်း … ရန်ကုန်မှာ ဘဝသမားတွေဖြစ်သွားမဲ့လူငယ်လေးတွေအကြောင်းဆက်ဖတ်ရအုန်းမှာပေါ့နော်…

Leave a Reply