စစ်တပ်ကြီး စစ်တိုက်ဖို့ ချီတက်လာတဲ့ အတိုင်းပဲ

zaylayJuly 5, 20101min470

ကျော်ခ | သောကြာနေ့၊ ဂျူလိုင်လ ဝ၂ ရက် ၂၀၁ဝ ခုနှစ် ၂၃ နာရီ ၅ရ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ “စစ်တပ်ကြီး စစ်တိုက်ဖို့ ချီတက်လာတဲ့အတိုင်းပဲ။ တလှုပ်လှုပ်နဲ့ အတန်းလိုက်တန်းစီပြီး လာနေကြတာ။ တွေ့လိုက် တာနဲ့ အူယားစရာကြီး။ အုပ်စုလိုက် မရေမတွက်နိုင်လောက်အောင်ပဲ သူတို့အဖွဲ့ကို တွေ့လိုက်ရင် ဘယ်သူမှ ဘာမှ မလုပ်ရဲဘူး။ ကြောက်လို့” လို့ ဒိုက်ဦးမြို့ခံ မသီတာက ပြောပါတယ်။

လွန်ခဲ့တဲ့တပတ်က ဒိုက်ဦးမြို့နားက ၁၆ မိုင်လောက်ဝေးတဲ့နေရာကို သွားကြည့်ခဲ့တဲ့ မသီတာလိုပဲ နေပြည်တော်-ရန်ကုန်လမ်းကားမောင်းခဲ့သူတွေကလည်း ကြွက်တွေကို တက်ကြိတ်မိလို့ လမ်းတွေ ကြွက်သွေးတွေနဲ့ ရဲရဲနီနေပြီး
“တဖျိဖျိ” အသံတွေကို နားထဲကြားတုံးဆိုတာလည်း ပြန်ပြောကြလေရဲ့။
ဒိုက်ဦးမြို့နဲ့ ပဲခူးရိုးမအကြား ဘုရားတောင်နားမှာ ဗိုက်ဖြူကြွက်တွေဟာ အုံလိုက်ကျင်းလိုက်နဲ့ လယ်ကွင်းထဲမှာ အုပ်စုဖွဲ့ သွားလာနေကြပါတယ်။ တောကြွက်အုပ်စုကြီးဟာ ဘုရားတောင်နဲ့ ယှဉ်လျက်တည်ထားတဲ့ ကောလိယဆည်ဘက်ကနေ ဆင်းလာကြတာ အခုဆိုရင် နှစ်ပတ်လောက်တောင်ရှိပြီလို့ ဒေသခံလယ်သမားတွေက ပြောဆိုကြပါတယ်။

ဒီနှစ်ဟာ မိုးနောက်ကျတဲ့အတွက် လယ်မစိုက်နိုင်ကြသေးလို့ ကြွက်တွေရဲ့ ကိုက် ဖျက် စားသောက်မယ့် အန္တရာယ်တော့ မရှိသေးကြတာ လယ်သမားတွေအတွက် ကံကောင်းစေတာပါပဲ။
ဒါပေမယ့်လည်း လယ်သမားတွေအနား သွားမိတဲ့ တောကြွက်တွေအတွက် ကတော့ ကံမကောင်းဘူးလို့ ဆိုရပါမယ်။
လယ်တဲပိုင်ရှင်တွေဟာ ညနေဘက်ဆိုရင် အရှည် ၂ တောင်လောက်ရှိတဲ့ တုတ်ချောင်းတွေနဲ့ သူ့တို့အနားကိုလာတဲ့ ကြွက်တွေကို ရိုက်သတ်ပြီး ကင်စားနေကြတာကို ဗျက်ကြီးရွာခံ လယ်သမား ဦးစောမြင့်က ပြောပါတယ်။
“ဒီကြွက်တွေက လူတွေတွေ့လည်း မကြောက်တတ်ဘူးဗျ။ အုံလိုက်ဗျာ။ ညနေဘက်ဆိုရင် ရန်ကုန်မန္တလေး ဟိုင်းဝေး လမ်းမကြီးပေါ်ကနေ ဟိုဘက်လယ်ကွင်းတွေကို ဖြတ်သွား၊ ဒီဘက်ဖြတ်လာနဲ့ လုပ်နေတာ။ ကားကြိတ်တာလဲ မနည်း ဘူး” လို့ ဦးစောမြင့်က ဆိုပါတယ်။

ဘုရားတောင်နဲ့ ကပ်လျက်မှာရှိတဲ့ ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်းမကြီးကို ဖြတ်ကျော်ပြီး လယ်ကွင်း ဟိုဘက် နဲ့ ဒီဘက် သွားလာနေကြတဲ့ အဲဒီတောကြွက်တွေကို တွေ့လို့ ခရီးသွားကားတွေက ရပ်ပေးပေမယ့်လည်း ကြွက်တွေ က များလွန်းပြီး မကုန်နိုင်တဲ့အတွက် ရပ်မစောင့်နိုင်တော့ဘဲ နင်းဖြတ်ပြီး မောင်းနှင်နေရတယ်လို့ ရန်ကုန်-မန္တလေး ကားမောင်းနေသူ ဒါယကာတဦးဆီက ပြန်ကြားသိရတယ်လို့ လယ်ဝေးမြို့က ဆရာတော်တပါးက မိန့်ပါတယ်။
စစ်မြေပြင်မှာ အုံနဲ့ကျင်းနဲ့ လှုပ်ရှားနေသလိုမျိုး သွားလာနေတဲ့ ဒီတောကြွက်တွေရဲ့ ဦးတည်လမ်းကြောင်းဟာ နောက်ထပ် ၃ မိုင်လောက် ရှေ့ကို ဆက်သွားမယ်ဆိုရင် တောင်သာကျေးရွာနဲ့ အုံးသျှစ်ကုန်းကျေးရွာတို့ရှိ နေပါ တယ်။ အဲဒီ ရွာခံတွေကတော့ ဒီကြွက်တွေ ရွာတွေထဲ ဝင်လာမှာကို အခု စိုးရိမ်နေကြရပါပြီ။

“သူတို့အုပ်တွေကို တွေ့လိုက်ရရင် ခေါင်းတောင်မူးသွားမယ်။ လှုပ်လှုပ်-လှုပ်လှုပ်နဲ့ သွားနေကြတာ။ သူတို့တောထဲမှာ နေတာပြဿနာမဟုတ်ဘူး။ ရွာတွေထဲကို ဝင်လာရင် ပြဿနာပဲ။ ဘာမှမတတ်နိုင်ဘူး။ ဒီလောက်များတဲ့ ကြွက်တွေ ကိုလဲ နှိမ်နှင်းလို့ရမှာ မဟုတ်ဘူး” လို့ ဗျက်ကြီးရွာခံ လယ်သမား ဦးစောမြင့်က ပြောပါတယ်။
ဒီလိုပဲ … လွန်ခဲ့တဲ့ တပတ်က နေပြည်တော်-ရန်ကုန် လမ်းမကြီးပေါ်မှာ အုံနဲ့ကျင်းနဲ့ အရေအတွက် သိန်းဂဏန်း လောက်ရှိတဲ့ ကြွက်အုပ်ကြီးကို တွေ့မြင်ခဲ့ရတဲ့အကြောင်း ဘလော့ဂါ ညီလင်းဆက်က သူ့ရဲ့ဘလော့မှာ ရေးထားပါတယ်။

နေပြည်တော်မှာနေထိုင်တဲ့ ရှေ့နေတဦးကတော့ “လွန်ခဲ့တဲ့ ၂ ပတ်လောက်ကပေါ့။ ကျနော် ရုံးကိစ္စနဲ့ ရန်ကုန်ကို သွားတော့ လမ်းမှာ ကြွက်တွေကို ကားကြိတ်ထားတာ ကားတမိနစ်လောက်မောင်းရင် တခါတွေ့လိုက်နဲ့ အဲဒီလိုမျိုး ၅ နေရာလောက်တွေ့တယ်။ တနေရာကို သေနေတဲ့ ကြွက်သေတွေ အကောင် ၃ဝ စီလောက်ရှိတယ်” လို့ ရှင်းပြပါ တယ်။
ကြွက်အရေးနဲ့ ပတ်သက်ပြီး နေပြည်တော်က ကျန်းမာရေးဦးစီးဌာနကို ဒီနေ့ဆက်သွယ်မေးမြန်းကြည့်တော့ ကြွက်နဲ့ ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင်နဲ့ ကြွက်တွေ မခိုအောင်းနိုင်ဆိုပြီး သတိပေးကြော်ညာစာကို အရင် တပတ်က စပြီး အစိုးရသတင်းစာတွေကနေ ထုတ်ပြန်ပြီးသားလို့ ပြန်ဖြေတယ်။ ဒါပေမယ့် ကွင်းဆင်းဆောင်ရွက်ပေးမယ့် အစီ အစဉ်တွေတော့ မရှိဘူးလို့ ဆိုတယ်။

အဲဒီ ကြွက်တွေ အခုလို အုံနဲ့ကျင်းနဲ့ နေရာရွှေ့ပြောင်းတာတွေနဲ့ ပတ်သက်ပြီး လူတွေကတော့ အမျိုးမျိုးတွေးထင် နေကြပါတယ်။ ငလျင်လှုပ်တော့မှာလား။ မိုးကြီးပြီး ဆည်တွေ ပြိုနိုင်တဲ့အတွက်ကြောင့်များ တရိစ္ဆာန်တွေက ကြိုသိပြီး ရွှေ့ကြတာလား ဆိုပြီးတော့ အမျိုးမျိုး အဖုံဖုံပေါ့။
မြန်မာနိုင်ငံက ကြွက်နဲ့ ဆိုးကျိုးပေးတယ်လို့ ဆိုရမှာပါ။ ချင်းပြည်နယ်မှာတုန်းကလည်း ၂ဝဝ၆ နှစ်ကုန်ပိုင်းမှာ ဝါးတွေအပွင့်ပွင့်ခဲ့ပြီး ထောင်သောင်းချီတဲ့ ကြွက်အုပ်တွေက တောင်ယာခင်းတွေကို ဝင်ရောက်ဖျက်ဆီးတဲ့အတွက် ဒေသခံအမြောက်အများ စားဝတ်နေရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
”ကြွက်တွေအုံလိုက် ကျင်းလိုက် ရွာထဲကို ဝင်လာမှာတော့ ကြောက်တယ်” လို့ မသီတာက ပြောပါတယ်။
နည်းပြကြောင့် ဘရာဇီး ရှုံးတာလား
ရန်ပိုင် Saturday, July 03, 2010
ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အားလုံးက ဗိုလ်စွဲမယ်လို့ ခန့်မှန်းထားတဲ့ နာမည်ကြီး ဘရာဇီး အသင်း ၂ ဂိုး ၁ ဂိုးနဲ့ နယ်သာလန် အသင်းကို ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကို ကျောခိုင်းခဲ့ရပြီ ဖြစ်ပါတယ်။
ဘရာဇီးအသင်းရဲ့ ရှုံးနိမ့်မှုနဲ့ ပတ်သက်ပြီး တချို့ပရိသတ်များက ကံကြမ္မာရဲ့အလှည့်အပြောင်းတခုကြောင့်လို့ တွက်ဆ ကြပေ မယ့် လည်း တကယ်သုံးသပ်ကြည့်ရင်တော့ တာဝန်ရှိတဲ့ သူတွေက နည်းပြနဲ့ ဘရာဇီး ကစားသမားများ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
[နယ်သာလန်အသင်းကို ရှုံးနိမ်မှုကြောင့် ဝမ်းနည်းနေသည့် ဘရာဇီးကွင်းလယ်လူ ကာကာ (ဓာတ်ပုံ – Getty Images)]

နယ်သာလန်အသင်းကို ရှုံးနိမ်မှုကြောင့် ဝမ်းနည်းနေသည့် ဘရာဇီးကွင်းလယ်လူ ကာကာ (ဓာတ်ပုံ – Getty Images)
ပွဲအစမှာ ဘရာဇီး ဟန်ပန်အတိုင်း ဘောလုံးကို တချက်ထိ အပေးအယူ လုပ်ပြီး တဦးချင်း ပင်ကိုစွမ်းရည်နဲ့ တိုက်စစ် ဆင်ကစား ခဲ့တာ ကြောင့်လည်း နယ်သာလန် နောက်ခံလူများ အသည်းအသန် ဖျက်ထုတ် ခဲ့ရပါတယ်။

ပထမပိုင်း ၁ဝ မိနစ်မှာတော့ အလယ်တန်းလူ မယ်လို လွတ်လွတ် ကျွတ်ကျွတ် တင်ပေးတဲ့ ဘောလုံးကို ရှေ့တန်းတိုက်စစ်မှူး ရော်ဘင်ဟိုက ဟော်လန် နောက်တန်း လူတွေကို ဖြတ်ကျော်ပြီး ဂိုးသမားနဲ့ တယောက်ချင်း အတွေ့မှာ အသာအယာပင် သွင်းယူနိုင် ခဲ့ပါတယ်။

ဒီလို နယ်သာလန်အသင်းလို အသင်းကြီး တသင်းကို စောစောစီးစီး ဂိုးသွင်းနိုင်ခဲ့တာဟာလည်း ဘရာဇီးအသင်း ကျဆုံးမှု လမ်း ကြောင်း ရောက်ရှိသွားခြင်းပဲ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဘရာဇီးအသင်းဟာ တဂိုးအသာရပြီးတဲ့နောက်မှာ တိုက်စစ်ဆင်ကစားခြင်းမရှိတော့ဘဲ ကစားအားကို လျှော့ချပြီး မိမိကစားနေကြမဟုတ်တဲ့ ခံစစ်အားပြုတဲ့ ကစားဟန်ကို ပြောင်းလဲခဲ့ပါတယ်၊၊ ဒါဟာ နယ်သာလန်လို ထိပ်သီး အသင်းကြီးကို ခံစစ်ကစားတာဟာ မှားယွင်းတဲ့ အချက်ဖြစ်ကြောင်းကို နောက်ပိုင်းမှာ သိလာရပါတယ်။

ဒီအချက်ကို သိတဲ့ ဟော်လန်နည်းပြ ဗန်မာဝစ်က ဒုတိယပိုင်းစစချင်းမှာပဲ နယ်သာလန်အသင်းကို တိုက်စစ်တင်ပြီးကစား စေခဲ့ တဲ့အတွက် ဘရာဇီး ခံစစ်ကစားနေရသလိုဖြစ်နေပါတယ်။ ထို့အတူ ဘရာဇီးတို့ အဓိကအားထားကစားနေရတဲ့ ကာကာကို ရှေ့ တန်း တိုက်စစ်မှူးတွေနဲ့ အချိတ်အဆက် ပြတ်တောက်အောင် လုပ်နိုင်ခဲ့အတွက် ဘရာဇီးတိုက်စစ်ပျက်ခဲ့ရပါတယ်။
ဒီနေရာမှာ ကာကာရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ကြိုးစားကစားပေမယ့် ဘရာဇီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်ဆိုတာ ထက် မိမိကိုယ်တိုင် ဂိုး သွင်းတဲ့လူတယောက်လို ကစားနေတာကို တွေ့ရမှာပါ၊ ဒါကလည်း သူ့အပြစ်လို့ ပြောလို့မရပါဘူး၊
ဘာ့ကြောင့်လည်းဆိုတော့ ကာကာဟာ ဥရောပကလပ်အသင်းကြီး အေစီမီလန်မှာကစားကတည်းက ကွင်းလယ်ကစားသမား နေရာမဟုတ်ဘဲ နောက်ချန်တိုက်စစ်မှူး အဖြစ် ကစားခဲ့တဲ့သူပါ။ နောက်ပြီး ရှေ့တန်းမှာ ခြေမပေါ်တဲ့ ဖေဘီယာနိုရဲ့နေရာကို ဖြည့်ပြီး ကစားနေရတဲ့ အတွက်လည်း ဘောလုံးကို ဂိုးဧရိယာထဲ ဆွဲသွင်းရင်း နယ်သာလန် နောက်တန်းလူတွေရဲ့ပစ်မှတ်ဖြစ် ခဲ့ပါတယ်။

ဘရာဇီးအသင်းရဲ့အားနည်းချက်ကတော့ အလွတ်တည်ဘောကန်ရာမှာ ကျွမ်းကျင်တဲ့ နယ်သာလန်အသင်းကို ကန်ခွင့် ပေးခြင်း ဖြစ်ပါ တယ်၊ ဒါကြောင့်လည်း ပထမဂိုးပေးလိုက်ရခြင်းဖြစ်ပြီး ဒုတိယဂိုးကလည်း ထောင့်ကန်ဘောမှတဆင့် ဝင်သွားခြင်း ဖြစ်ပါ တယ်။
နည်းပြဒွန်ဂါရဲ့လူစားလဲပုံ နောက်ကျမှုဟာလည်း ပြောစရာဖြစ်နေပါတယ်၊ ရှေ့တန်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဖေဘီယာနိုကို လူစား လဲသင့်ပါရဲ့ နောက်ကျမှလဲခဲ့ပါတယ်။
ဘရာဇီးကို ရှုံးနိမ့်စေခဲ့တဲ့ အရေးကြီးဆုံး အချက်ကတော့ အလယ်တန်းလူ မယ်လိုပဲ ဖြစ်ပါတယ်၊ မယ်လိုရဲ့ ကြမ်းတမ်းတဲ့ ကစားပုံ ဟာ တချိန်ချိန်မှာ တဘက်အသင်းကို အဝါကတ် သို့မဟုတ် အနီကတ်လက်ဆောင်ပေး နိုင်တယ်ဆိုတာကို နည်းပြဒွန်ဂါ အနေနဲ့ သတိမမေ့သင့် ပါဘူး။
[ဘရာဇီးအသင်းဘက်သို့ နယ်သာလန်အသင်းမှ ဒုတိယဂိုး သွင်းယူလိုက်စဉ် (ဓာတ်ပုံ- Getty Images)]

ဘရာဇီးအသင်းဘက်သို့ နယ်သာလန်အသင်းမှ ဒုတိယဂိုး သွင်းယူလိုက်စဉ် (ဓာတ်ပုံ- Getty Images)
မယ်လိုဟာ ကစားပုံ ကြမ်းတမ်းတဲ့အပြင် အားကစားစိတ်ဓာတ်လည်း မရှိတဲ့အတွက် အနီကတ်နဲ့ ထိုက်တန်သူပါ ၊ ဘာကြောင့်လဲ ဆိုတော့ နယ်သာလန် တောင်ပံကစားသမား အာဂျန်ရော်ဘင် ဘောလုံး ဆွဲလာတာကို ဖျက်ထုတ်ရုံမက ခြေထောက်ကိုပါ ဆောင့် နင်းခဲ့တဲ့ အတွက် ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘရာဇီးအသင်းဟာ လူတယောက်အလျော့နဲ့ တဂိုးရှုံး အနေအထားမှာ နယ်သာလန်အသင်းကို ရင်ဆိုင် နေရတဲ့ အတွက် ချေပဂိုး မသွင်းနိုင်တော့တာဖြစ်ပါတယ်။

မယ်လိုဟာ ဂျူဗင်တပ်စ် အသင်းမှာ ကစားကတည်းက ခြေစွမ်းမပြနိုင်ပါဘူး၊ ဒါပေမယ့် နည်းပြဒွန်ဂါက ကြိုက်နှစ်သက်တဲ့ အတွက် အေစီမီလန်က ခြေစွမ်းပြကစားနေတဲ့ ရော်နယ်ဒင်ဟို နဲ့ ပါတို တို့ကို ကျော်ပြီးတော့ မယ်လိုကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးအသင်းအနေနဲ့ တဦးချင်းစွမ်းရည်ကစားကွက်အစ အစစအရာရာ နယ်သာလန်အသင်းထက် သာလွန်သော်လည်း အသင်း လိုက်စွမ်းရည်မှာ ဟော်လန်အသင်းကို မမီပါဘူး။
ဟော်လန်အသင်းကတော့ ရှုံးနိမ့်နေပေမယ့် ချေပဂိုးရရှိဖို့အတွက် တသင်းလုံးကြိုးစားကစားသွားပြီး အထူးသဖြင့် တောင်ပံ ကစားသမား အာဂျန်ရော်ဘင်၊ အလယ်တန်းလူ ရှနိုက်ဒါ နဲ့ ဗန်ဘွန်မဲလ်တို့က ချေပဂိုးအတွက် ကြိုးစားအားထုတ်ခဲ့တယ်။
နယ်သာလန်အသင်းရဲ့ တောင်ပံကစားသမား အာဂျန်ရော်ဘင်ရဲ့ ထိုးဖောက်မှုကို ဘရာဇီး နောက်တန်းလူ ဘက်စတာ မထိန်းနိုင်ခဲ့ ပါဘူး။ ဘရာဇီးနောက်တန်းက အနည်းဆုံး သုံးယောက်လောက်က ရော်ဘင်ကို ထိန်းနေရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကွက်လပ် ကို နယ်သာလန်ကွင်းလယ်ကစားသမား ရှနိုက်ဒါက ကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်။

ဒီနေရာမှာ ထောက်ပြချင်တာကတော့ ဒိုင်လူကြီးတွေပါပဲ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ဥက္ကဌ ကလည်း ဒိုင်လူကြီး တွေနဲ့ ပတ်သက်ပြီး တောင်းပန်စကားလည်း ပြောပြီးပါပြီ။ ဒါပေမယ့်လည်း မှားနေဆဲပါပဲ။
နယ်သာလန်နောက်တန်းလူတွေ ကြမ်းတမ်းစွာ အသားလွတ်ကစားနေခြင်းကို ဒိုင်လူကြီးတွေက ပြစ်ဒဏ်ဘော မပေးတဲ့အတွက် တခြားအသင်းတွေလို စောဒကမတက်တတ်တဲ့ ဘရာဇီးအသင်းသားတွေဟာ မနေ့ကတော့ ဒိုင်လူကြီး အပြစ်တွေကို အမြဲတမ်း ပြေဆိုထောက်ပြနေတာကို တွေ့ရမှာပါ၊ ဒီနေရာမှာ အင်္ဂလန်တိုက်စစ်မှူး ရွန်နီသာဆိုရင် ပြဿနာတက်သွားနိုင်ပါတယ်။
ဝါရင့်အားကစားကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား)က“ဘရာဇီးက ပထမပိုင်းအရမ်းကောင်းတယ်၊ သရေကျသွားတော့ ပျက်တာပဲ၊ အရှုံးကို ကြောက်လို့ ဖိအားဝင်သွားတာ”ဟု သုံးသပ်ပြောဆိုပါတယ်။
နောက်ဆုံးတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဘရာဇီးအသင်းဟာ ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရသလို နည်းပြ ဒွန်ဂါလည်း နုတ်ထွက် သွားခဲ့ရပါပြီ။