အာဂျင်တီးနား ရှုံးနိမ့်၊ မာရာဒိုနာ နုတ်ထွက်နိုင်

zaylayJuly 5, 20101min540

အာဂျင်တီးနား အသင်းနည်းပြ မာရာဒိုနာက ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့သည့် အတွက် နည်းပြအဖြစ်မှ နုတ်ထွက်ရန် စဉ်းစားနေကြောင်း သိရသည်။
ယခု အချိန်သည် မိမိအနာဂတ်နှင့် ပတ်သက်၍ ပြောဆိုရမည့် အချိန် မဟုတ်ကြောင်း၊ သို့သော် နုတ်ထွက်ရန် စဉ်းစား နေကြောင်း၊ မိမိ၏ နေရာကို မည်သူဆက်ခံမည်ကို မသိရသော်လည်း အာဂျင်တီးနားဘောလုံးသမားများ၏ အရည် အချင်းကို ပိုမိုတိုးတက်စေချင်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် နည်းပြမာရာဒိုနာက ပြောဆိုကြောင်း ဗျူနိုအေးရိစ် သံတော်ဆင့်တွင် ရေးသားထားသည်။
[အာဂျင်တီးနား နည်းပြ မာရာဒိုနာ (ဓာတ်ပုံ – Getty Images)]

အာဂျင်တီးနား နည်းပြ မာရာဒိုနာ (ဓာတ်ပုံ – Getty Images)
“ဒီလိုရှုံးနိမ့် ခဲ့ရလိမ့်မယ်လို ့ လုံးဝ မမျှော်လင့် ခဲ့ဘူး။ ကျနော့် အနာဂတ် အတွက် မိသားစုနဲ့လည်း တိုင်ပင်ရဦးမှာပါ။ ဒီအရှုံးဟာ ဘောလုံး သမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့စဉ်က ခံစားရသလိုပါပဲ။ နာကျင် လွန်းပါတယ်”ဟု မာရာဒိုနာက ဆိုသည်။

ယခု အရှုံးသည် နှစ်ပေါင်း ၅၂ နှစ် အတွင်း အကြီးမားဆုံး အရှုံးဖြစ်ပြီး အာဂျင်တီးနား အသင်း၏ မျှော်လင့်ချက်များကို ရိုက်ချိုးပစ်ခဲ့သည်။

ကွာတား ဖိုင်နယ်ပွဲ အထိ လေးပွဲဆက် အနိုင်ရထားသော အာဂျင်တီးနားသည် ဗိုလ်စွဲမည်ဟု ရေပန်းစားသော အသင်း တသင်း ဖြစ်ခဲ့သည်။

အာဂျင်တီးနား ကစားသမားများက ဂျာမနီ ဂိုးပေါက်ကို ခြိမ်းခြောက် နိုင်ခဲ့သော်လည်း ဂိုးအဖြစ်တော့ မဖန်တီးနိုင် ခဲ့ကြပေ။ ဂျာမနီ အသင်းမှ သောမတ်စ်မူလာက ပွဲအစ ၃ မိနစ်တွင် ဗွေဆော်ဦး ဂိုးကို သွင်းယူပြီးနောက် အာဂျင်တီးနား အသင်းကို ဖရိုဖရဲ ဖြစ်စေခဲ့သည်။
အာဂျင်တီးနားအသင်းအတွက် အဆိုးရွားဆုံး အရှုံးကတော့ ၁၉၅၈ ခု ဆွီဒင် ကမ္ဘာ့ဖလားပွဲတွင် ချက်ကိုစလိုဗေးကီး ယားကို ၆ ဂိုး ၁ ဂိုးဖြင့် ရှုံးခဲ့ခြင်းဖြစ်သည်။
အာဂျင်တီးနားအသင်းသည် ဂျာမနီအသင်းကို၂၀၀၆ ခုနှစ်ကလည်း ကွာတားဖိုင်နယ်အဆင့်တွင် တကြိမ်ရှုံးခဲ့ဖူးသည်။ ထိုစဉ်က ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဂျာမနီနည်းပြ ဂျိုးအာချင်လိုးကမူ လူငယ်များနှင့် ဖွဲ့စည်းထားသည့် ၎င်း၏ အသင်းသည် နှစ်ပေါင်း ၂ဝ ကြာဝေးကွာ နေသည့် ကမ္ဘာ့ဖလားကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ဗျူနိုအေးရိစ် သံတော်ဆင့်၌ ဖော်ပြထားသည်။
“အောင်မြင်မှု အကြီးကြီးကို ရတာပါ၊ နောက်နှစ်ပွဲအတွက်ကတော့ အေးအေးဆေးဆေးပါ၊ ကျနော့် ကစား သမား တွေက အရမ်းမြန်တယ်၊ ငယ်တယ်”ဟု ဂျာမနီနည်းပြက ဆိုသည်။
ဂျာမနီအသင်းသည် ၁၉၅၄၊ ၁၉၇၄၊ ၁၉၉ဝ ခုနှစ်များတွင် ကမ္ဘာ့ဖလား ၃ ကြိမ်ဆွတ်ခူးထားပြီး ယခုနှစ်တွင်လည်း ရယူမည်ဟု မျော်လင့်ထားကြောင်း သိရသည်။
ဂျာမနီ ကမ္ဘာ့ဖလား ကိုင်မြှောက်နိုင်တော့မည်လော
ရန်ပိုင် Sunday, July 04, 2010
အာဂျင်တီးနား အသင်းကို ဂိုးပြတ် အနိုင်ရရှိ ပြီးနောက် ဂျာမနီအသင်း အနေဖြင့် ကမ္ဘာ့ဖလားကို လေးကြိမ်မြောက် ရယူရန် လက်တကမ်းသာ လိုတော့သည်ဟု ဂျာမနီ မီဒီယာများက ပြောဆိုလိုက်သည်။
ယမန်နေ့က ကစားခဲ့သည့် ဂျာမနီအသင်း၏ ကစားဟန်သည် တကမ္ဘာလုံးရှိ ပွဲကြည်ပရိသတ်များ ၏ အာရုံကို ဖမ်းစား ထားနိုင်ကြောင်း၊ နုပျိုသည့် အသင်းသားများနှင့် တည်ဆောက်ထားသည့် ဂျာမန်အသင်းသည် အောင်မြင်မှုကို ရယူ ပေးနိုင်ကြောင်း ဂျာမနီ နိုင်ငံ ထုတ် Welt သတင်းစာမှာ ချီးကျူးရေးသားထားသည်။
[ဂျာမနီ တောင်ပံကစားသမား သောမတ်စ်မူလာ ဂိုးသွင်းအပြီး အောင်ပွဲခံနေစဉ် (ဓာတ်ပုံ- Getty Images)]

ဂျာမနီ တောင်ပံကစားသမား သောမတ်စ်မူလာ ဂိုးသွင်းအပြီး အောင်ပွဲခံနေစဉ် (ဓာတ်ပုံ- Getty Images)
“အဆုံးသတ်မှာ ပျော်ရွှင်ရတဲ့ နွေဦးပုံပြင် တပုဒ်လိုပါပဲ၊ အောင်မြင်မှုက နီးကပ် လာနေပါပြီ”ဟု အဆိုပါ သတင်းစာတွင် ရေးသားထားသည်။

ထို့အပြင် ဘိုင်ယန်မြူးနစ် ကလပ်အသင်းတွင် ကစားနေသည့် ဂျာမန်ကွင်းလယ် ဖန်တီးရှင် ကစားသမား ရှဝိန်း စတိုက်ဂါ သည် လက်ရှိ ကမ္ဘာ့အကောင်းဟု တင်စားခေါ်ဝေါ် နေသည့် အာဂျင်တိုင်းသား မက်ဆီထက် ပိုမို ကောင်းမွန်ကြောင်း နှိုင်းယှဉ် ရေးသားထားသည်။

“မနေ့ကနိုင်ခဲ့တာ ရှဝိန်းစတိုက်ဂါ ရဲ့ ပြောင်မြောက်တဲ့ လုပ်ဆောင်ချက် တွေကြောင့်ပါ၊ သူက အများ ပြောနေတဲ့ မက်ဆီထက် သာပါတယ်”ဟုလည်း ရေးသားထားသည်။

ယမန်နေ့က ပွဲတွင် ကွင်းလယ်ကစားသမား ရှဝိန်းစတိုက်ဂါ၏ ဖန်တီးပေးမှုများ၊ အလွတ်တည် ကန်ဘောများမှတဆင့် ဂိုးများသွင်းယူနိုင်ခဲ့မှုများ၊ စတိုက်ဂါသည် အလယ်တန်းကစားသမား သာမက လိုအပ်လျှင် နောက်တန်းအထိပါ ဆင်း၍ ကစားနိုင်သည့် ကစားသမားတဦးဖြစ်သည်ကို တွေ့ရသည်။

တခြား ဂျာမနီသတင်းစာတစောင်ဖြစ်သည့် Suddeutsche Zeitung သတင်းစာကြီးတွင်လည်း ရှေ့တန်း တိုက်စစ်မှူး ကလိုဆေးနှင့် ပိုဒေါ့စကီးကိုလည်း ချီးကျူးရေးသားထားသည်။
အဆိုပါ ဘောလုံးသမား နှစ်ဦးသည် ၎င်းတို့ကစားးနေသည့် ဘန်ဒက်စ်လီဂါ ဂျာမန်ဘောလုံးပြိုင်ပွဲ တွင် ဂိုးအနည်း ငယ်သာ သွင်းယူနိုင်ခဲ့သော်လည်း လက်ရွေးစင်အသင်းကြီးတွင် အရွေးခံခဲ့ရ ကြောင်း၊ သို့သော် ဘန်ဒက်စ်လီဂါတွင် ဂိုး အများဆုံးသွင်းယူခဲ့သည့် ကူရန်ညီ ကိုချန်လှပ်ပြီး နည်းပြက ၎င်းတို့နှစ်ဦးကို ရွေးချယ်ခဲ့သည်မှာ မှန်ကန်ကြောင်း ရေးသားဖော်ပြသည်။
Frankfurter Allgemenie Zeitung သတင်းစာကြီးတွင်လည်း ဂျာမနီအသင်းနည်းပြ ဂျိုးအာချင် လိုး ကလည်း အသင်းကို အဆင့်မြင့်မြင့် တည်ဆောက်ခဲ့သည့်အတွက် မယုံကြည်နိုင်လောက်သည့် အောင်ပွဲများ ရရှိခဲ့သည်ဟု ရေးသားထားသည်။
ဂျာမနီအသင်းသည် ယမန်နေ့က အာဂျင်တီးနားအသင်းကို လေးဂိုး ဂိုးမရှိဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်း ဖြစ်ပြီး ပွဲစလျှင်စချင်း ၃မိနစ်တွင် တောင်ပံကစားသမား သောမတ်စ်မူလာက ပြစ်ဒဏ်ဘောကို ခေါင်းဖြင့် ရှပ်တိုက်ပြီး ဗွေဆော်ဦး ဂိုးသွင်းယူပေးခဲ့သည်။

ဒုတိယပိုင်း ၆၈ မိနစ်တွင် မီလိုဆလပ် ကလိုဆေးကလည်းကောင်း၊ ၇၄ မိနစ်တွင် တောင်ပံကစားသမား သောမတ်စ် မူလာ ဂိုးဧရိယာ ပြင်ပတွင် လဲကျနေရင်း ကန်တင်ပေးသည့် ဘောလုံးကို နောက်ခံလူ ဖရက်ဒရစ်က တတိယဂိုး သွင်းယူပေးခဲ့ခြင်းဖြင့်လည်းကောင်း၊ ပွဲပြီးခါနီး ၈၉ မိနစ်တွင် မီလိုဆလပ် ကလိုဆေးက ပွဲသိမ်းဂိုးကို သွင်းယူခြင်းဖြင့်လည်းကောင်း မာရာဒိုနာ၏ အာဂျင်တီးနား အသင်းကို ပြိုင်ပွဲမှ ထွက်စေခဲ့သည်။
ထိုသို့ ဂျာမနီအသင်း အာဂျင်တီးနာအသင်းကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်ခြင်းသည် ပြီးခဲ့သည့် ရှုံးထွက်အဆင့် အင်္ဂလန်နှင့် ပွဲ၌ ဖရန့် လမ်းပတ် သွင်းယူခဲ့သည့် ဂိုးနှင့် ပတ်သက်၍ သံသယများကို ပြတ်ပြတ်သား ချေဖျက်နိုင် ခဲ့ သည်။
ဂျာမနီအသင်းသည် ဩစတြေးလျအသင်းကို လေးဂိုး ဂိုး မရှိ၊ အင်္ဂလန်အသင်းကို လေးဂိုး ၁ ဂိုး၊ ယခုအာဂျင်တီးနား အသင်းကို ၄ ဂုိုးပြတ် အနိုင်ယူခဲ့သည်။
ယခုလာမည့် ဇူလိုင် ရ ရက်နေ့တွင် ဥရောပအင်အားကြီး စပိန်ဘောလုံးအသင်းနှင့် ဆီမီးဖိုင်နယ် အဆင့် ကစားရ မည်ဖြစ်သည်။