နာရေးကူညီမှုအသင်း (ရန်ကုန်) လူမှုရေးလှုပ်ရှားမှု သတင်းမှတ်စု

zaylayJuly 5, 20101min380

ဆံသပညာရှင်တို့၏ စတုတ္ထအကြိမ်မြောက် ကုသိုလ်ဒါန

Shun Cai (စွင့်ချိုင်) ဆံပင်နှင့် အလှပြုပြင်ရေးမှ စတုတ္ထအကြိမ်မြောက် အဖြစ် ထပ်မံ၍ မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာသို့ ကိုဂျွန်ဆင် ဦးစီးပြီး ဆံသပညာရှင် (၂၅) ဦးတို့မှ ၃.၇.၂၀၁ဝ (စနေနေ့)တွင် နာရေးကူညီမှု လုပ်အားပေး အသင်းသူ/သားများနှင့် အင်္ဂလိပ်စာ အခြေခံ သင်တန်း၊ ပန်းချီသင်တန်း တတ်ရောက်နေကြသော မျိုးဆက်သစ် ကလေးငယ် များတို့ အပြင် နာရေးကူညီမှုအသင်းရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါး ကုသကြသော လူနာများ၊ လူနာရှင်များတို့အား ဆံပင်ညှပ်ခြင်း၊ ဆံပင်ဆေးဆိုးပေးခြင်း၊ ခြေသည်း လက်သည်း ညှပ်ပေးခြင်း စသည်တို့ကို မိမိတို့ တတ်ကျွမ်းသော ပညာရပ်ဖြင့် တကိုယ်ရေ သန့်ရှင်းမှုအတွက် ကုသိုလ်ဒါန ပြုခဲ့ကြပါသည်။

မလွဲမသွေ ထာဝရ ပေးဆပ်မှုများ

မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏ အစဟူသော လူ့လောက သဘာဝတွင် အို နာ သေရေးနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည် ဖြစ်သည်။ ကုသိုလ်ကံ ကောင်းသူများအဖို့ ဘဝနေဝင်ချိန်အထိ မပူမပင် အေးချမ်းစွာ နေထိုင်သွားလာနိုင်သော်လည်း ကုသိုလ်ကံ မကောင်းသည့် မိအို ဖအိုများမှာမူ ဘဝနေဝင်ချိန် မရောက်ခင်ကြား ဘဝကို ပင်ပန်းဆင်းရဲကြီးစွာဖြင့် ဖြတ်ကျော်ခဲ့ရသည်။ ငြူစူမှုမျိုးစုံ အောက်တွင် သိပ်ငယ်စွာ ခံစားနေထိုင် ကြရကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ ထိုကြောင့် ကြင်နာစွာ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ် နွေးထွေးစွာ စောင့်ရှောက်ပေးနိုင်သော “ဆည်းဆာရိပ်” ဂီလာန ဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်း ဟူ၍ ပေါ်ပေါက်လာသည်။

ဂီလာန ဘိုးဘွားများ၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် လှုပ်ရှားနိုင်စွမ်းကို ကြည့်၍ တစ်ဦး ချင်းစီ၏ လိုအပ်ချက်များကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပြုစုစောင့်ရှောက်ရန်၊ ဘိုးဘွားများ၏ ကျန်းမာရေးကို အခါမလပ် ကြည့်ရှုစောင့်ရှောက်၍ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးရန် ဟူသော ရည်ရွယ်ချက်ဖြင့် အသက် (၇၀)နှစ် နှင့်အထက် ဘိုးဘွားများ၊ မျက်မမြင် ဘိုးဘွားများအား နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းမှ အပါတ်စဉ် နွေးထွေးသော လက်များဖြင့် ကြိုဆို ဖေးမ ကူညီကုသ ပေးလျှက်ရှိရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအုန်းမြင့်နှင့် ဆရာဝန်ကြီးများ၊ ဆရာမကြီးများ၊ သူနာပြုဆရာမများ၊ လုပ်အားပေး မျိုးဆက်သစ် လူငယ်များတို့မှ ယခု ဇူလိုင်လ ၂ ရက် သောကြာနေ့တွင် မလွဲမသွေ ထာဝရ ပေးဆပ်လျှက် ရှိပါကြောင်း . . . .

ရေဆေးကိုင်သည့် မျိုးဆက်သစ် ပန်းချီကလေးငယ်များ

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များအား ပန်းချီသင်တန်းကို ပန်းချီ ဆရာကြီး ဦးဝင်းကြည်မှ သင်ကြားပို့ချခဲ့ရာ ယခုဆိုရင် (၂) လတာ ကာလအတွင်းသို့ ရောက်ရှိ ခဲ့ပြီ ဖြစ်ပါသည်။ သင်တန်းကာလအတွင်း ခဲပန်းချီ ရေးဆွဲနည်း၊ အလင်းအမှောင်၊ လိုင်း၊ မျဉ်းကွေး မျဉ်းကောက် စသည့် အခြေခံ ပန်းချီပညာရပ်ကို သင်ကြားပို့ချခဲ့ခြင်း၊ Morekha ပန်းချီပြခန်းသို့ သွားရောက် လေ့လာခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ယနေ့ ၃.၇.၂၀၁ဝ (စနေ) နေ့တွင် ရေဆေး ပန်းချီ ပညာရပ်ကို တစ်ဆင့်တက်၍ သင်ကြားလျှက် ရှိပါသည်။

မျိုးဆက်သစ် ကလေးငယ်များသည် ပညာရေးကိုလည်း လစ်ဟင်းမှုမရှိစေဘဲ မိမိတို့ ဝါသနာ ပါရာ ပန်းချီပညာရပ်ကိုပါ လေ့လာလိုက်စား ဝါသနာပါခြင်းကို ပံ့ပိုး ဖေးမ ကူညီပေးရမည်မှာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှု တစ်ခုပင် ဖြစ်တော့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အနာဂတ်အတွက် အဖိုးမဖြတ်နိုင်သော လူငယ် မျိုးဆက်သစ် ကလေးများ မွေးဖွားပေးရာ နေရာတစ်ခု ဖြစ်တော့သည်။

“ ရဲဆေး ” တင်ပေးခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများကို ဆောင်ရွက်ရာတွင် ဘဝတစ်ပါးသို့ နည်းအမျိုးမျိုးဖြင့် ပြောင်းလဲသွားကြသော ရုပ်ခန္ဓာများအား သယ်ဆောင်သင်္ဂြိုလ် ပေးရခြင်းများကို ဆောင်ရွက်ပေးရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရေနစ်သေဆုံးသော ပုပ်ပွနေသော အလောင်းများ၊ သစ်တုံးပိခြင်း၊ ဓါတ်လှေကားညှပ်ခြင်း၊ ဆွဲကြိုးချ သေဆုံးခြင်း၊ ရထားကြိတ် သေဆုံးခြင်း စသည့် စသည့် ဦးနှောက်များ ထွက်နေခြင်း၊ ကိုယ်လက် ခန္ဓာ အပိုင်းပိုင်း ပြတ်တောက်နေသော ရုပ်အလောင်းပေါင်း များစွာကို အခမဲ့ ကုသိုလ်ဖြစ် ပို့ဆောင်ပေးလျှက်ရှိပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ပြည်မြို့မှ ၁.၇.၂၀၁ဝ (ကြာသပတေး) နေ့ နံနက် (၉းဝ၀) နာရီတွင် ရန်ကုန်မြို့ မြောက်ဒဂုံရုံး နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ရောက်ရောက်ခြင်း ဈာပနသင်တန်းတွင် လုပ်အားပေး အသင်းသူ/သားများအား ရုပ်အလောင်းများကို သွားရောက် သယ်ဆောင်ရာတွင် ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်းတို့ မဖြစ်ပေါ်စေရန် ဈာပန ပို့ဆောင်ရေး သင်တန်း ၃/၂၀၁ဝ မှ စ၍ မိမိတို့ ကူညီဖေးမခဲ့မှုများ၊ အတွေ့အကြုံများ (ရဲမှုခင်း) လမ်းကြောင်းများကို ပရိုဂျက်တာဖြင့် ပြသ ပို့ချကာ လူမှုရေး ရဲဆေး တင်ပေးခဲ့ပါသည်။

သာသနာပြုမည့် ရေအလှူ

၂၉.၆.၂၀၁ဝ (အင်္ဂါ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ဦးသန်းစိန်နှင့် အဖွဲ့သည် ပြည်မြို့ (ကျူတောရွာ၊ မကျီးစုရွာ၊ ရွှေမုဋ္ဌောကျောင်း၊ ဇီးကုန်းလေးရွာ၊ သက်ကယ်ချင်း ကုန်းရွာ၊ သဲကုန်းမြို့နယ် ပုတီးကုန်းရွာ) တို့တွင် ရေတူးဖော်မှု၊ ရရှိမှုတို့ကို ပြည်မြို့သို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုရာတွင် နယ်ခံ ပြည်မြို့ရှိ ပရဟိတ လူငယ်အဖွဲ့ ခေါင်းဆောင် ကိုညီညီအောင်၊ ကိုမိုးကြီး စသည့် လူငယ်အဖွဲ့များက ကြိုဆို၍ ယင်းကျေးရွာများသို့ လိုက်လံ ပြသခဲ့ပါသည်။ အထူးအားဖြင့် မကျည်းစုရွာတွင် ရေလုံလောက်စွာ ရရှိသည့်အပြင် ယင်းရွာ၏ တောင်ကုန်းပေါ်တွင်ရှိသော ရွှေမုဋ္ဌောဘုရား ကျောင်းဝင်းသို့အထိ သုံးရေ သွယ်တန်းနိုင် ခဲ့ပါဖြင့် ရေလှူဒါန်းမှုသည် ပြည်သူလူထုအပေါ် ကူညီ ပံ့ပိုးပေးနိုင်ခဲ့သလို သာသနာပြုရာ လုပ်ငန်းတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။

ရေရှားပါးသည့်အချိန်တွင် ထို ရွှေမုဋ္ဌောဘုရားဝင်းရှိ သံဃာတော်များ ဆရာတော်ကြီးများသည် ရေသုံးစွဲရန်အတွက် ဧရာဝတီတစ်ဖက်ကမ်းသို့ ကူးကာ ခက်ခဲစွာ ရေသုံးစွဲခဲ့ရသည်။ ယခုဆိုလျှင် ဘုရားကျောင်းဝင်းအတွင်း လွယ်ကူချောမွတ်စွာ ရေသုံးစွဲ နိုင်ပြီဖြစ်ပါသည်။ ဒေသခံ ပြည်သူလူထုများမှလည်း ကျေးဇူးတင် ဝမ်းသာအားရ သာဓု ခေါ်ဆိုကြ ပါသည်။

ထပ်မံ၍ ပြည်မြို့ ရွှေပေါက်ပင် ဆရာတော်ကြီး၏ ရွှေပေါက်ပင် ကျောင်းတိုက်အတွင်း တွင်လည်း သာသနာပြုသည့် ကုသိုလ်ရေး ကိစ္စရပ်များအတွက် လိုအပ်နေသော ရေတွင်းတူးဖော်ရန် အတွက် ဦးကျော်သူနှင့်အဖွဲ့သည် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့နှင့် ပူးပေါင်း၍ စတင် တူးဖော်ရန် လုပ်ဆောင်လျှက် ရှိပါသည်။

အနာဂတ်အတွက် Beginner သင်တန်း

စနေ၊ တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များအား သင်ကြားပို့ချလျှက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီသင်တန်း၊ အင်္ဂလိပ်စာ အခြေခံသင်တန်းများတွင် ကလေးငယ်များ၏ ဆန္ဒအတိုင်း ပန်းချီသင်တန်း တက်လိုသူ တို့သည် ပန်းချီသင်တန်း တက်ခြင်း၊ အင်္ဂလိပ်စာ အားနည်းသော ကလေးငယ်များက အချိန်ပို အင်္ဂလိပ်စာ Beginner သင်တန်း တက်ရောက်ခြင်းတို့ကို မိမိတို့၏ စိတ်ဆန္ဒအတိုင်း မိမိတို့ အားနည်းသော ပညာရပ် ဘာသာရပ် အသီးသီးကို အထူးကြိုးစား သင်ယူလျှက်ရှိရာ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ တတ်သိပညာရှင် အသီးသီးတို့မှ နွေးထွေးစွာ သင်ကြားပေးလျှက် ရှိပါသည်။

မိမိတို့၏ အားနည်းချက်၊ အားသာချက်တို့ကို မိမိတို့၏ ကိုယ်ပိုင် ဦးနှောက်နှင့် ခွဲခြမ်း သုံးသပ် ဖော်ထုတ်နိုင်ခြင်းသည် မျိုးဆက်သစ် ကလေးငယ်တို့၏ အဖိုးမဖြတ်နိုင်သော အသိဉာဏ်ပင် ဖြစ်တော့သည်။

ဘဘ ဦးတင်ဦး၏ ညီမ ကွယ်လွန်

ဒေါ်မြမြခိုင် (ခ) Violet ဖေ (ဘဘ – ဦးတင်ဦး၏ ညီမ) အသက် (၇၀) နှစ်သည် ၂၈.၆.၂၀၁ဝ (တနင်္လာ) နေ့တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရာ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၃၀.၆.၂၀၁ဝ (ဗုဒ္ဓဟူး)နေ့ နံနက် (၁ဝးဝ၀) နာရီတွင် ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ ယင်း အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများက မိသားစုနှင့် အတူ လိုက်လံပို့ဆောင် မီးသဂြိုင်္လ် ပေးခဲ့ကြပါသည်။

ယင်း နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ရေအလှူကိစ္စ များဆောင်ရွက်ရန် ပြည်မြို့သို့ ရောက်ရှိနေ၍ ဈာပန အခမ်းအနားအတွက် နာရေးကူညီအမှုအသင်း (ရန်ကုန်)မှ အသင်းသူ/သားများအား ဈာပန အခမ်းအနားတွင် စည်းကမ်းရှိစွာ ဆောင်ရွက်ပေးရန် အတွက် တယ်လီဖုန်းဖြင့် ပြည်မြို့မှ စီစဉ် ဆောင်ရွက်ပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များကို ကျေးဇူးတင်သည့် အနေဖြင့် အလှူငွေ လှူဒါန်းခဲ့ရာ ဂုဏ်ပြုကဒ်ပြားအား ရေဝေးသုဿန် ဈာပနအခမ်းအနားတွင် ဘဘ – ဦးတင်ဦး လက်ထဲသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်ပေးအပ် ခဲ့ပါသည်။