မောင်မိုးပြာ၏ ဆရာ ဘာ့ကြောင့် ပြာ (၉)

ဒကာမကြီး ပုတီးမပြတ်စိတ်နေတာဟာ စိစိစစ်စစ် လုပ်ဖို့ကောင်းတယ်

‘ ပုတီးစိတ်တာပဲ ဘုရား၊ ဘာစိစစ် နေရဦးမှာလဲ ’

တကယ်ကောင်းရဲ့လား၊ တကယ်မကောင်းများဘဲ နေသလားဆိုတာ သိဖို့ပေါ့ ”

‘ ပုတီးစိတ်တာ ကောင်းတာပေါ့ ဘုရား၊ ဒါများ စီစစ်နေရဦးမှာလား ’

သည်လို ပေါ့ပေါ့ မပြောပါနဲ့

‘ ဒါ- ရှေးအစဉ်အလာကတည်းက သူတော်ကောင်းတွေ လုပ်လာခဲ့ကြပြီးသားပဲ ’

သည်လိုလည်း သူများကို မညွှန်းပါနဲ့ ”

‘ အနည်းဆုံးဘုရား၊ အပြောအဆို၊ အပြုအမူနဲ့ အကြံအစည်တွေ မမှားဘူးပေါ့ ’

ဒါတွေဟာ လွယ်လွယ်ပြောတာတွေပဲ

‘ သည်လိုမပြောလျှင် ဘယ်လိုပြောရမှာလဲ ဘုရား ’

ပညာနဲ့ ပြောပေါ့ ”

‘ ဘာပညာနဲ့ ပြောရမှာလဲ ’

ကိုယ်တတ်တဲ့ ပညာနဲ့ပေါ့ ”

‘ ဒါ – ကိုယ်တတ်တဲ့ ပညာမဟုတ်ဘူးလား ’

မဟုတ်ပါဘူး

‘ ဘာဖြစ်လို့လဲ ’

ဒကာမကြီးကို ဒကာမကြီးဆရာတော်က သင်ပေးလိုက်တာ ပုတီးစိတ်နည်း

ပညာဟုတ်လို့လား

‘ ဒကာမကြီးဆရာတော်က ဒကာမကြီးတို့ကို သင်တာ ပုတီးစိတ်နည်း

မဟုတ်ပါဘူး၊ စာတွေ သင်ပေးလိုက်တာပါ ’

ဒါဆို ဒကာမကြီးတို့ တတ်တဲ့ပညာဟာ စာပေပညာပဲ

‘ ဟုတ်ပါတယ် ’

ဒါဆိုလျှင် အဲ့သည် စာပေပညာနဲ့ ပြောပေါ့

‘ ဘုန်းကြီးကလည်း ပေါက်ပေါက်ရှာရှာ ’

သည်လိုမပြောနဲ့ ဒကာမကြီး

‘ စာထဲမှာ ပုတီးအကြောင်းမှ မပါတာပဲ ဘုရား ’

ဗျာ

‘ ရှေးက ဘုရားစာတွေထဲမှရော၊ အဋ္ဌကထာတွေထဲမှာရော၊ ဋီကာတွေထဲမှာရော

ပုတီးစိတ်အကြောင်း ပါမှ မပါတာပဲ ’

ဒါဆိုလျှင် ဘယ်ကရပြီး ပုတီးစိတ်နေကြတာလဲ ဒကာမကြီး

‘ အဲ့ဒါတော့ မသိပေါင် ဘုရား ’

ဒကာမကြီးကတော့ ပြောပြီ

‘ ဟုတ်ပါ့ ဘုရား ’

ဒကာမကြီးအသက် အခု ရှစ်ဆယ်နားရောက်ပြီနော်

‘ ဟုတ်ပါ့ ဘုရား ’

ငါးနှစ် အရွယ်လောက်က သီလရှင် သူတော်စင်အဖြစ် တောအုံ ကန္နားမှာနေခဲ့တယ်

‘ ဟုတ်ပါ့ ဘုရား ’

စာတွေ၊ ပေတွေလည်း တတ်ကျွမ်းအောင် သင်ယူပြီး၊ သူများတွေကို ပို့ချပြီး

နေခဲ့တယ် ”

‘ ဟုတ်ပါတယ် ဘုရား ’

သည်တော့ ဒကာမကြီးတို့ဟာ ကျောက်စိုင်၊ ကျောက်ခဲ မြဲမြံတဲ့လုပ်ငန်း လုပ်ကိုင်

သူတွေ ဖြစ်ထိုက်တာပေါ့

‘ သည်လိုဖြစ်ဖို့ ပုတီးနာနာ စိပ်နေရတာပဲ ဘုရား ’

သည်လိုသာပြောတယ်၊ အဲသည်ပုတီး ဘယ်ကရလဲ မသိဘူးဆိုတော့ ခက်တာပေါ့ ”

‘ တိပိဋက ဦးဝိစိတ္တတို့လည်း စိပ်တာပဲ ဘုရား ’

ဒကာမကြီးရဲ့ ဆရာတော်က စာပေကို သင်ကြားပေးခဲ့တာလား၊ တိပိဋကလုပ်တာ

လိုက်လုပ်လို့ သင်ကြားပေးခဲ့တာလား

‘ အို – ဘုရား ’

မငြင်းနဲ့ ဒကာမကြီး။ ဒကာမကြီးတို့ သင်ရတတ်ရတဲ့ ပိဋကတ်က တိပိဋကတ်တို့

တတ်တဲ့ ပိဋကတ်နဲ့ တစ်ခြားစီဖြစ်လို့လား

‘ ဘယ် ခြားမှာလဲပေါ့ ဘုရား ’

သည်လိုဆိုလျှင် သူသိတဲ့အတိုင်း ကိုယ်သိတာပဲ၊ သူသိတဲ့အတိုင်းလည်း ကိုယ်

သိတာပေါ့

‘ ဟုတ်ပါတယ် ’

အတူပဲဆိုလျှင် သူလည်း သည်ပိဋကတ်ပဲ ဆင်ခြင်စရာရှိတာပဲ မဟုတ်လား

‘ ဟုတ်ပါတယ် ’

သည်လိုဆိုလျှင် ကိုယ်က သူ့ကို အားပြုနေဖို့ မဟုတ်ပါဘူး။ ပိဋကတ်ထဲက အတိုင်း

ကိုယ်တိုင်ပဲ ဆင်ခြင်ကြည့်ဖို့ ကောင်းပါတယ်

‘ ဘုန်းကြီးက ပြောလိုက်တာ ’

သူများတွေက ကြီးပေးတာနဲ့ ကိုယ်ကလိုက်ကြီးနေပြီး ကိုယ့်ကိုကိုယ် သိုးကလေးလို

ငယ်မနေဘို့ ပြောတာပါ

‘ ဒကာမကြီးတို့က နောက်လိုက်ပဲ ဘုရား။ သိုးလို့ ဆိုလည်း ခံရမှာပဲ ’

အဲဒါ ခက်တာပဲ

‘ ဘာပြုလို့လဲ ဘုရား ’

ကိုယ်က သိုးမျိုးမှ မဟုတ်ပဲ

‘ ဘာမျိုးမို့လဲ ’

ဘုရားမျိုး ၊ အရိယာမျိုးပေါ့

‘ ဒါတော့ ဒါပေါ့ဘုရား ’

ဘုရားမျိုးဆိုလျှင် ဘုရားလိုပဲ လုပ်ရမှာပေါ့။ ဘုရားဆိုတာ ဘာလဲ၊ ဘုရားဆိုတာ

ခေါင်းဆောင်လို့ အဓိပ္ပာယ်ရတာပဲ။ ဘုရားဆိုတာ ပုရှားက လာတာ၊ ပုရှားဟာ

ပုရုရှပဲ၊ ပုရိသနဲ့ အဓိပ္ပာယ်တူတယ်၊ လူသားရဲ့ ခေါင်းဆောင်ဖြစ်တယ်။ ဒါ့ကြောင့်

ဒကာမကြီးတို့က သိုးစိတ်ဖျောက်ဖို့လိုပါတယ်

‘ ကျေးဇူးတင်ပါတယ် ဘုရား ’

ဒီတော့ ဘယ်သူတော့ ပုတီးကိုင်တာပဲတို့ ဘာတို့ မလုပ်ပါနဲ့ ဒကာမကြီး။ ဘုရား

စာတွေ ကိုယ်တိုင်တတ်နေတာပဲ။ ဘုရားက ပုတီးပေးခဲ့သလားဆိုတာ ကိုယ်တိုင်

ဖတ်ပြီး၊ မပေးခဲ့လျှင် တို့က ဘာ့ကြောင့်သုံးနေရတာလဲ၊ တရားနဲ့ကော ညီရဲ့လား၊

ဒီလို ကိုယ်တိုင် ဆင်ခြင်တာလုပ်ဖို့ ကောင်းပါတယ် ”

‘ ဘုရားဟောထဲမပါရင် မလုပ်ရဘူးလား ’

ဒကာမကြီးက ဒီလိုအမေးမျိုး မမေးစေချင်ဘူး

‘ဘာဖြစ်လို့လဲ ဘုရား ’

ဒကာမကြီးဆရာတော်က ဘယ်သူလဲ ပြန်ဆင်ခြင်ကြည့်ပေါ့

‘ ဒကာမကြီးတို့ဆရာတော်နဲ့ ဘာဆိုင်လို့လဲ ဘုရား ’

ဆိုင်ပြီလား ဒကာမကြီး

‘ လုပ်ပါဦး ဘုရား’

ဒကာမကြီးတို့ ဆရာတော်က နှယ်နှယ်ရရပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဘူး

‘ ဒါက ဒကာမကြီးတို့က ပြောရမယ့်စကားပါ ’

ဟုတ်ပါတယ် မေ့နေမှာစိုးလို့ပါ

‘ဘယ်တော့မှ မေ့လို့မရပါဘူး ’

မမေ့ဘူးဆိုပေမယ့် အခု ကျော်လွှားတဲ့စကား ပြောဖို့ ပြင်နေတာ မြင်နေရပြီ

‘ ဘာပြောလို့လဲ ဘုရား ’

ဘုရားဟောမဟုတ် မလုပ်ရဘူးလားတဲ့

‘ ဒါ- ဘာဆိုင်သလဲ ဘုရား’

ဆရာတော်ကြီးက သံဃာလောကမှ ပါဠိတော်ဂိုဏ်းကြီးဆိုပြီး ဂိုဏ်းသီးခြား

ထောင်ပြီး ကျင့်လာခဲ့သူနော်

‘ ဟုတ်ပါတယ် ’

သပိတ်မှာ အဖုံးကိုပယ်ခဲ့တယ်၊ ပတ္တပိမာန-ကို ဘုရားဟောမှာ မပါခဲ့လို့၊ ဟုတ်

တယ် မဟုတ်လား

‘ ဘုန်းကြီးက ဆရာတော်ကြီးကို မမှီလိုက်ပဲနဲ့’

ဒကာမကြီးတို့လို ဆရာတော်ရဲ့ လက်ရင်းတပည့်တွေကို သတိပေးရတာ အား

နာပါတယ်

‘ ပြောပါဘုရား၊ ဒကာမကြီးတို့ ဆရာတော်ကြီးဟာ ဒကာမကြီးတို့ရဲ့ လမ်းညွှန်

ဆရာတော်ကြီးပါ ’

သူက ဘုရားမဟောပဲ လိုက်လုပ်နေတာတွေကို ငြင်းပယ်ပြနေခဲ့တဲ့ မှတ်တိုင်

ကြီးပဲ

‘ ဟုတ်ပါတယ် ’

သည်လိုဆိုရင် ဘုရားမဟောလို့ မလုပ်ရဘူးလားလို့ မပြောနဲ့ ဒကာမကြီး

‘ မစိစစ်မိလို့ပါ ဘုရား ’

ကိုယ်ရပ်တည်နေခဲ့တဲ့ ဂိုဏ်းရဲ့ ရပ်တည်ချက်တောင် မစိစစ်မိဘူးဆိုလျှင်

မစိစစ်မိတာတွေ ဒုနဲ့ဒေးများ ဖြစ်နေမလား၊ စိုးရိမ်စရာ ဒကာမကြီး

‘ ဘုန်းကြီးက ဒကာမကြီးတို့ကို အထင်သေးပြတာလား’

အဲဒီလိုထင်လျှင်တော့ ဦးဇင်းက ဒီအကြောင်း ဆက်မပြောဖို့ပဲ

‘ ဒကာမကြီးတို့ကို ဘုန်းကြီး အထင်သေးမပြနဲ့နော်’

စိတ်ချ ဒကာမကြီး ဒါပေမယ့် —

‘ ဒါပေမယ့်က ဘာလဲဘုရား’

ရှိတဲ့အတိုင်းတော့ မြင်ပြခွင့် ပေးပါပေါ့။ ဒါမှ ဒကာမကြီးတို့ အကျိုးများမှာပေါ့

‘ ပုတီးစိတ်တာ ဘယ်လိုအကျိုးနဲ့ ဘယ်လို စိစစ်မိလို့လဲ ဘုရား’

အကျိုးနည်းတာတွေက အများကြီး

‘ ဘုန်းကြီးမကြိုက်တာနဲ့ အပြစ်ပြောတာ မလုပ်နဲ့ဘုရား ’

အပြစ်ပြောတာလား၊ အစစ်ပြောတာလား၊ ဒကာမကြီးက စစ်ကြည့်ပါ

‘ စစ်စရာ ပြောဘုရား ’

ကောင်းပြီ၊ ပုတီးအပြစ်တွေ အများကြီးထဲက ထိပ်တန်းကျတဲ့ တစ်ခုကို

ပြောမယ်နော်

‘ ပြော – ဘုရား ’

ဒါ – အတွက် မေးခွန်းနဲနဲ မေးမယ်နော်

‘ မေး – ဘုရား ’

ဒကာမကြီး တရားရပြီလား

‘ မရသေးပါဘူး ဘုရား ’

ကျင့်လာခဲ့တာ ဘယ်လောက်ကြာပြီလဲ ”

‘ အမြဲကျင့်နေတာမှ မဟုတ်တာပဲ ဘုရား၊ ဒါက ပြောလို့မရဘူး ’

တရားမကျင့်လျှင် မတရားကျင့်နေလို့လား ဒကာမကြီး

‘ ဘုန်းကြီးက အဲသည်လို မမေးပါနဲ့ ဘုရား ’

ဒကာမကြီး ခဏခဏ စိတ်တိုတာပဲ

‘ ဘုန်းကြီး သည်လို ဘာပြုလို့ို ပြောသလဲ ’

တရားအကြောင်းပြောတဲ့အခါ မကြွင်းမကျန် ဖြစ်အောင်ပေါ့ ဒကာမကြီး

‘ တရားအားမထုတ်တာနဲ့ မတရားတော့ အားထုတ်နေမလား ဘုရား ’

တရားလည်း အားမထုတ်ဘူး၊ မတရားလည်း အားမထုတ်ဘူးဆိုလျှင် ဘာနဲ့

နေသလဲ ဒကာမကြီး

‘ ကိုယ့်သီလလေးနဲ့ ကိုယ်နေတာပေါ့ ဘုရား ’

ဪ – ဒကာမကြီးကလည်း

‘ ဘာလဲ ဘုရား ’

သီလဟာ တရားမဟုတ်ဘူး ကျနေတာပဲ ”

‘ သီလဟာ ပွားများအားထုတ်ရမဲ့ တရားမှ မဟုတ်တာပဲ ဘုရား ’

လုပ်ပြီ – ပွားများအားထုတ်ရမှာတွေက ဘာတွေမို့လို့လဲ ဒကာမကြီး

‘ အာနာပါနတို့၊ ဝေဒနာနုပဿနာတို့၊ စိတ္တာနုပဿနာတို့ပေါ့ ဘုရား ’

ဒကာမကြီးက ဒေသနာလက်လွှတ် ပြောပြီ

‘ ဒါတွေ ပွားများအားထုတ်ရမှာ မဟုတ်လို့လား ’

မဟုတ်လို့ မဟုတ်ပါဘူး

‘ ဒါလိုဆို ဒေသနာလက်လွတ်တယ်လို့ ဘုန်းကြီးက ဘာ့ကြောင့်ပြောရတာလဲ ’

ပွားများစရာက ဒါပဲ ဖြစ်လို့လား

‘ အများကြီးပေါ့ ဘုရား ’

အဲသည် အများကြီးထဲမှာ သီလ မပါဘူးလား

‘ သီလတော့ သီလပေါ့ ဘုရား၊ ဘာဝနာ ဘယ်ဟုတ်ပါ့မလဲ ’

အဲဒါ ပြောတာပေ့ါ

‘ ဘာလဲ ဘုရား ’

ဒေသနာ လက်လွတ်တယ်ဆိုတာ

‘ ဘယ်လို လွတ်တာလဲ ဘုရား ’

ဘုရားရဲ့ ဒေသနာဟာ သစ္စာလေးပါးပဲ ဟောတာ မဟုတ်ဘူးလား ဒကာမကြီး

‘ ဟုတ်ပါတယ် ဘုရား ’

သစ္စာလေးပါမှာ ဘာဝေတဗ္ဗသစ္စာဟာ မဂ္ဂသစ္စာဖြစ်တယ် မဟုတ်ဘူးလား

ဒကာမကြီး

‘ ဟုတ်ပါတယ် ’

မဂ္ဂသစ္စာမှာ သမ္မာဝါစာ၊ သမ္မာကမ္မန ္တ၊ သမ္မာအာဇီဝ မဂ္ဂင်တွေ မပါဘူးလား

ဒကာမကြီး

‘ ပါတာပေါ့ ဘုရား ’

အဲ့ဒါတွေဟာ သီလတွေ မဟုတ်ဘူးလား ဒကာမကြီး

‘ ဟုတ်တာပေါ့ ဘုရား ’

ဒီတော့ သီလတွေဆိုတာ ပွားရမယ့် တရားတွေဆိုတာ ဘုရားဒေသနာက

ပြနေတယ် မဟုတ်ပါလား၊ သီလတွေဆောက်တည်နေတာဟာ တရားတွေ

ပွားများ အားထုတ်နေတာပဲ မဟုတ်ဘူးလား

‘ ဘုန်းကြီးပြောပုံက သဘောကျစရာပဲ ’

ဘာဖြစ်လို့လဲ ဒကာမကြီး

‘ ဒကာမကြီးတို့က သီလနဲ့ပဲ နေ-နေတာကို တရားအားထုတ်နေတာလို့ မမှတ်ပဲ

အမှုမဲ့၊ အမှတ်မဲ့ ထားကြတာ။ သည်လို စာနဲ့၊ ပေနဲ့ပြောတော့ ဟုတ်တာပဲ – လို့

ကျေနပ်မိလို့ပါ ’

ဒကာမကြီးတို့က စာသမား၊ ပေသမားဆိုတော့ စာနဲ့ပေနဲ့ ပြောရတာပဲ ”

‘ ဘုန်းကြီးက တစ်ပါးတည်းနေပြီး ဒါတွေပဲ စဉ်းစားနေတာ ထင်ပါရဲ့ ’

ဟုတ်တာပေါ့။ အဲ့ဒါဟာ တရားအားထုတ်နေတာပဲ ဒကာမကြီး

‘ လုပ်ပြန်ပြီ ဘုန်းကြီးက ’

တရားတွေကို တရားတွေမှန်းသိအောင် တွေးခေါ်စဉ်းစားတာဟာ မဂ္ဂင်တရား

အလုပ်တွေ မဟုတ်လို့လား

‘ ဟုတ်ပါတယ် ဘုရား ’

မဂ္ဂသစ္စာဟာ ပွားရမယ့် တရားပဲ။ ဒါ – ပွားများတာဟာ တရားအားထုတ်တာ

ပဲပေါ့

‘ ဘုန်းကြီးဟာ အဲသည်တရား အားထုတ်နေတာပဲပေါ့ ’

သိပ်ဟုတ်တာပေါ့ ဒကာမကြီး

‘ သူများတွေကတော့ ဘုန်းကြီးကို သိနေကြတာ တစ်မျိုးပဲ ’

သူတို့က ဘယ်လို သိနေကြလို့လဲ

‘ ဘုန်းကြီးက တရားတွေလည်း မထိုင်ဘူး။ စကားတွေပဲ ကပ်သပ်စဉ်းစား

နေတယ် – လို့ပေါ့ ’

အားထုတ်ရမယ့် တရားကို  ဘာလို့ – မသိသူတွေက တရား အားမထုတ်ဘူး

ပြောတာတွေပဲ ဒကာမကြီး

‘ အဲသည်အထဲမှာ ဒကာမကြီးတို့လည်း ပါ- ပါတယ် ’

အမှားကို ထုတ်ဖေါ်ဝန်ခံခြင်းဟာလည်း တရားအားထုတ် ပွားများမှုထဲက

တစ်ခုပါပဲ

‘ ဒကာမကြီး တရားအားထုတ်တတ်အောင် အကြောင်းသင့်တိုင်း ညွှန်ပြပေးပါ ’

ပုတီးစိပ်တာအကြောင်း ပြန်ဆက်ရအောင်

‘ ဆက်ပါ ဘုရား ’

ဒကာမကြီးဟာ တရားမရသေးဘူး ပြောတယ်၊ ကျင့်လာခဲ့တာ မေးတဲ့အခါ

အဖြေတွေကြောင့် စကားတွေ ရှည်သွားခဲ့တာ

‘ ဟုတ်ပါတယ် ဘုရား ’

အခု သီလတွေလည်း ပွားများရမယ့်တရားဖြစ်တာ သိတော့ သီလရှင် စ- ပြုတာက

စ-ပြီး တရားအားထုတ်သက်တမ်း ရေတွက်ရလိမ့်မယ် ”

‘ ဟုတ်ပါတယ် ဘုရား ’

ဒကာမကြီး တရားအားထုတ်သက်တမ်းဟာ နှစ်ပေါင်းခုနှစ်ဆယ်က အတော်ကြီး

ကျော်လာခဲ့ပြီ ”

‘ သီလရှင် သက်တမ်းအရဆိုလျှင် သည်လိုပဲ ပြောရမှာပေါ့ ဘုရား ’

သည်တော့ တရားဟာ သည်လောက်ကျင့်မှတော့ ရဖို့ကောင်းတယ်

‘ ဘာပြုလို့လည်း ဘုရား ’

ဘယ်ပညာဖြစ်ဖြစ် သည်လောက် လေ့ကျင့်ရတယ်လို့ လောကမှာ မရှိလောက်ဘူး၊

လူ့သက်တမ်းကလေးက ရှည်လှတာမဟုတ်ဘူး၊ သက်တမ်း အခုလောက်ကုန်အောင်

လေ့ကျင့်ရတဲ့ ပညာဟာ မရှိဘူူး

‘ ဟုတ်ပါ့ ဘုရား ’

တရားရဖို့ဟာ သည်လောက်လေ့ကျင့်ရတာ မဖြစ်သင့်ဘူး

‘ မရတာ ဘာတတ်နိုင်မှာလဲ ပေါ့ ’

ဘာ့ကြောင့်မရသလဲ စစ်ဆေးတာ လုပ်ရမှာပေါ့

‘ စစ်ဆေးရကောင်းမှန်းတောင် မသိကြပါဘူး ’

အဲဒါကို ဒကာမကြီးတို့ကိုပြောချင်တာ

‘ ပြောပါဘုရား ’

ဒကာမကြီးတို့ တရားမရတာအကြောင်း ပြောမှာနော်

‘ ပြောပါဘုရား ’

တော်ကြာ စိတ်လည်း ဆိုးမနေနဲ့ဦး

‘ စိတ်ဆိုးစရာ မပြောနဲ့ပေါ့ ဘုရား ’

ဟုတ်တာ ပြောရမှာပဲ။ အဲဒါက စိတ်ဆိုးစရာ ဖြစ်ချင်ဖြစ်၊ မဖြစ်ချင်နေ ဖြစ်မှာပဲ ”

‘ ကဲ – ပြောဘုရား ’

သီလပျက်လို့ တရားမရတာပဲ

‘ ဘယ်လို ဘုရား ’

ဒကာမကြီးတို့ သီလ မလုံလို့ တရားမရတာပဲ

‘ အဲဒါ မဖြစ်နိုင်တာပဲ ဘုရား၊ ဒကာမကြီးတို့မှာ တခြား အထွေအထူးတရား

တွေသာ မလုပ်နိုင်ရှိရမယ်၊ သီလ ကတော့ မပျက်ဘူး နေရတာလည်း ကြည့်ပါဦး၊

တောထဲမှာ ဘုရား ’

အဲဒါလည်း ဟုတ်မှာပါ

‘ ဟုတ်လျှင် သည်လို မပြောနဲ့ပေါ့ ဘုရား ’

အဲဒါလည်း ပြောရမှာပဲ

‘ ဘာဖြစ်လို့လဲ ဘုရား ’

ဘုရားက ဟောထားတာ ရှိတယ်

‘ ဘယ်လိုလဲ ဘုရား ’

သီလ ပရိဘာဝိတာ သမာဓိ လို့ပဲ၊ အဓိပ္ပာယ်က သီလကို အထပ်ထပ်ဖြစ်စေတာဟာ

သမာဓိ ပဲ လို့ပေါ့

‘ အဲ့ဒါ ဘာပြောချင်တာလည်း ဘုရား ’

သီလတွေ မပျက်ရှိခဲ့လျှင် သမာဓိတွေ ဖြစ်ထွန်းနေရမယ်၊ နောက်ထပ်လည်း

ဘုရားက ဟောတယ်၊ သမာဓိ ဘာဝိတာ ပညာ – လို့ပဲ။ ပညာဆိုတာလည်း သမာဓိ

တွေ အထပ်ထပ်ဖြစ်စေတာလို့ အဓိပ္ပာယ်ရှိတယ်၊ သည်တော့ သီလဟာ ပညာအထိ

ကျေးဇူးပြုပေးနေတာ ဘုရား ဗျာဒိတ်ပဲ။ သီလကို သည်လောက်အကြာကြီး ဖြည့်ပြီး

လျှင် ပညာအထိ ရောက်ရမယ်။ မရောက်ဘူးဆိုလျှင် သီလမှာ တစ်စုံတစ်ရာ ချို့တဲ့

နေလို့ – ဆိုတာ မှတ်ချက်ထွက်မှာပဲ၊ ဒေသနာအရှိအတိုင်း ဦးဇင်းပြောနေတာ၊ ဘာပြော

ချင်သေးလဲ

‘ ပြောစရာမရှိပါဘူး ဘုရား ’

အဲဒါ ပြောစရာမရှိလျှင် ဒကာမကြီးတို့ သီလအစင်နည်းလို့ – လို့ပြောရတော့မှာပဲ

‘ အဲဒါမှ ခက်တာပဲ ’

မခက်နဲ့

‘ ဒကာမကြီးတို့ သီလ ဒကာမကြီးတု့ိသိတာပေ့ါ ’

ထင်တာများလား

‘ သည်လို မပြောနဲ့ ဘုန်းကြီး ’

မတားနဲ့ ဒကာမကြီး

‘ ဘုန်းကြီးနဲ့ ရန်ဖြစ်ရတော့မယ် ’

ဦးဇင်းက မဖြစ်ပါဘူး

‘ စွပ်စွဲလျှင်တော့ ငြင်းရမှာပဲ ’

အချက်အလက်ဖော်နိုင်လျှင်တော့ စွပ်စွဲတာ မဟုတ်ပဲ ဖြစ်မှာဘဲ ”

‘ ကဲ- ဖေါ်- ဘုရား’

ဒကာမကြီးတို့ ပုတီး မပြတ်ပဲ စိပ်တယ် မဟုတ်လား

‘ စိပ်ပါတယ် ’

ပုတီးစိပ်တာဟာ သီလကို ပျက်စေတယ် ဒကာမကြီး

‘ ဘုန်းကြီးက ကြံကြံဖန်ဖန် ’

အဲဒါ တကယ်ပဲ ”

‘ ပုတီးစိပ်တာ သီလကို ပိုလုံစေတာပဲ ’

အဲဒါ အထင်လွဲတာပဲ ”

‘ ပုတီးစိပ်နေသူဟာ ဘာကို ကျူးလွန်မှာလဲ ’

ဘာမှ မကျူးလွန်တာနဲ့ သီလလား

‘ သီလက ဘာမို့လဲ ဘုရား ’

မကျူးလွန်တာမျှနဲ့ သီလဆိုလျှင် ကျူးလွန်ဖို့ အင်အားမရှိသူတွေလည်း

မကျုးလွန်ကြလို့ သူတို့လည်း သီလကို မဆောက်တည်ပဲ သီလလုံသလို

ဖြစ်နေမှာပေါ့

‘ ဘုန်းကြီးကတော့ ကပ်ကပ်သပ်သပ် စဉ်းစားတယ်နော် ’

အဲဒီလို မပြောပါနဲ့ ဒကာမကြီး

‘ ဘာဖြစ်လို့လဲ ဘုရား ’

အဲဒီစကားက ဂရဟသံ ပါတယ်

‘ ဘယ်လိုပြောရမလဲ ဘုရား ’

နှံ့နှံ့စပ်စပ် စဉ်းစားတယ်လို့ ပြောပါ ဒကာမကြီး

‘ ဟုတ်ပါတယ် ဘုရား ဒီလိုပဲပြောလိုတာပါ ’

ဦးဇင်းက စိတ်မနှံ့သူစာရင်းက လွတ်ကင်းခဲ့ပြီမို့ သည်လို စိတ်ကို နှံ့အောင်

ကူးနိုင်တာပါ

‘ ဟုတ်များ တကယ်ဟုတ်နေသလား မသိပါဘူး ’

သီလဆိုတာ ကျူးလွန်စရာကို မကျူးလွန်ပဲနေတာမျှကို ပြောတာ

မဟုတ်ပါဘူး။ မကျူးလွန်ဘူးဆိုတဲ့ စိတ်စေတနာကို သီလလို့ပြောရတာပါ

 ဟုတ်ရဲ့လား ဒကာမကြီး

‘ ဟုတ်ပါတယ် ဘုရား’

သီလဆိုတာ ရှောင်ကြဉ်ရမယ့် အရာဖြစ်တဲ့ ဝိရမိတဗ္ဗတွေကို အာရုံပြုပြီး

ရှောင်ကြဉ် စောင့်စည်းချင်တဲ့ စေတနာရဲ့ နာမည်ပဲနော် ”

‘ ဟုတ်ပါတယ် ’

“ ကောင်းပြီ ဒကာမကြီး သီလအရကောက်တာကို သေသေချာချာ လုပ်ခဲ့နော်

‘ သေချာပါပြီ ဘုရား ’

ဒါဆိုရင် ဒကာမကြီးကို မေးမယ်

‘ မေးပါဘုရား ’

ပုတီးစိပ်တဲ့အခါ ဒကာမကြီးရဲ့စိတ်ဟာ ဘာကိုအရုံပြုသလဲ၊ ဘယ်မှာ စိတ်ထား

သလဲပေါ့

‘ ကောဋ္ဌာသတွေကို စိတ်တာဆိုတော့ ကောဋ္ဌာသမှာပဲ စိတ်ထားတာပေါ့။

ကောဋ္ဌာသမှာပဲ အာရုံပြုတာပေါ့ ဘုရား’

ဟုတ်ပြီ၊ အသည်စိတ်ဟာ စိတ်အမျိုးအစားအရ ဘာစိတ်ဖြစ်မလဲ

‘ အဲဒါတော့ စစ်မကြည့်မိဘူး ဘူးရား ’

“ ဒီလို တစ်မျိုးပြန်မေးမယ်

‘ မေးဘုရား ’

ဒကာမကြီးအာရုံပြုတဲ့ ကောဋ္ဌာသအာရုံဟာ ကာမအာရုံစရင်းထဲ သွင်းလျှင်

ဝင်မလား၊ မဝင်ဘူးလား

‘ မဝင်ပါဘူး ဘုရား ’

ဟုတ်တယ်နော်၊ ကာမအာရုံဆိုတာ ရယူချင်စရာ အဆင်း၊ အသံ၊ အနံ့၊ အရသာ

အတွေ့ဆိုတဲ့ – အာရုံငါးပါးရဲ့ အမည်ပဲ ”

‘ ဟုတ်ပါတယ်ဘုရား ’

သည်လိုဆိုလျှင် ဒကာမကြီး အာရုံပြုတဲ့ အာရုံဟာ ကာမအာရုံမဟုတ်ဘူးပေါ့

‘ ကာမ အာရုံမဟုတ်ပါဘူး ’

အဲ့သည်အာရုံဟာ လောကုတ္တရာအာရုံကော ဟုတ်ရဲ့လားလို့ မေးရမယ် –

ဘယ်လို ဖြေမလဲ

‘ အဲသည်လိုလည်း မဟုတ်ဘူးပဲ ဖြေရမှာပါ ဘုရား ’

သည်လိုဆိုလျှင် အဲသည်အာရုံဟာ မဟဂ္ဂုတ် အာရုံပဲ ဖြစ်ပါတယ် ”

‘ ဟုတ်တယ်ဘုရား။ သည်အာရုံကို ဘာအာရုံလည်း စစ်မကြည့်မိဘူး ဘုရား ’

မြင်းစီးပြီး အထီးအမ မသိဘူးဆိုတဲ့ စကားဟာ ဒကာမကြီးတို့အတွက် ထားခဲ့တဲ့

စကားပုံလား မသိဘူးနော်

‘ ပြောပေါ့ ဘုရား ’

အဲသည်အာရုံဟာ မဟဂ္ဂုတ် အာရုံဖြစ်တယ်ဆိုလျှင် အဲသည်အာရုံကို အာရုံပြုတဲ့

စိတ်ဟာလည်း မဟဂ္ဂုတ်စိတ်ပဲ ဖြစ်ရလိမ့်မယ် ဒကာမကြီး

‘ ဟုတ်ပါတယ် ဘုရား။ ကိုယ်ဖြစ်တဲ့စိတ်လည်း ဘာစိတ်ဆိုတာ မသိအောင်ပါပဲ

ဘုရား ’

ဦးဇင်းတို့ဟာ စာပေတွေကို သင်ထားပေမဲ့ စာတွေရဲ့ အရကောက်ချက်တွေကို

တကယ်မသိခဲ့ကြဘူး

‘ ဟုတ်တယ်ဘုရား။ စာတွေကို စာလိုပဲ အရကောက်ကြတယ်။ တကယ် အရအထိ

ကောက်နိုင်အောင် မသိခဲ့ကြပါဘူး ’

ကောင်းပြီ၊ ရှေ့ဆက်ပြောရအောင်

‘ ပြောပါဘုရား ’

ဒကာမကြီးတို့ ပုတီးစိပ်တဲ့အခါမှာ ဖြစ်တဲ့စိတ်ဟာ ဘာစိတ်လဲလို့မေးလျှင် အဖြေဟာ

မဟဂ္ဂုတ်စိတ်ဖြစ်တယ် – ဖြေရလိမ့်မယ်။ ဟုတ်ရဲ့လား ဒကာမကြီး

‘ ဟုတ်ပါ့ ဘုရား ’

ဒါ – မဟဂ္ဂုတ်စိတ်ဖြစ်ပြီဆိုလျှင် ရှေ့ဆက်မေးဦးမယ် ဒကာမကြီး

‘ မေးပါ ဘုရား ’

မဟဂ္ဂုတ်စိတ်ဟာ စေတသိက်အများဆုံး ဘယ်လောက်နဲ့ ယှဉ်နိုင်သလဲ ”

‘ သုံးဆယ့်ငါးပါးနဲ့ပေါ့ ဘုရား ’

ဘာတွေလဲ ”

‘ ဝိရတီကြဉ်တဲ့ အညသမာန်းနဲ့ သောဘဏ စေတသိက်တွေပဲ ဘုရား ’

ဝိရတီ ဆိုတဲ့ စေတသိက်တွေက ဘာတွေလဲ ဒကာမကြီး

‘ သမ္မာဝါစာ၊ သမ္မာကမ္မန ္တ၊ သမ္မာအာဇီဝ စေတသိက်တွေပေါ့ ဘုရား ’

သမ္မာဝါစာ – ဆိုတာ ဘယ်လိုဖြစ်တာကို ခေါ်တာလဲ

‘ မလိမ်၊ မဆဲ၊ မချော၊ အတင်းမပြောတာပေါ့ ဘုရား ’

“ ဒါ – သီလတွေပဲ

‘ ဟုတ်ပါ့ ဘုရား ’

သမ္မာကမ္မန ္တ- ကကော ဒကာမကြီး

‘ မသတ်၊ မခိုး၊ ကာမ မကျူးတာတွေပဲ ’

ဒါလည်း သီလတွေပဲ

‘ ဟုတ်ပါတယ် ဘုရား ’

သည်လိုဆိုတော့ သီလဆိုတာ ဝိရတီစေတသိက်ရဲ့ နာမည်တွေပဲ

‘ ဟုတ်ပါ့ ဘုရား ’

မဟဂ္ဂုတ်ဟာ ဒီ ဝိရတီတွေနဲ့ မယှဉ်ဘူးဆိုတော့ မဟဂ္ဂုတ်စိတ်ဖြစ်တဲ့အခါမှာ

သီလစောင့်စည်းမှု စေတနာတွေ ရှိနိုင်ပါ့မလား ဒကာမကြီး

‘ ဝိရတီနဲ့ မယှဉ်ဘူးဆိုတော့ မဟဂ္ဂုတ်စိတ်ဖြစ်သူမှာ သီလ မယှဉ်ဘူး – လို့ပဲ အဖြေ

ထွက်ပါမယ် ဘုရား ’

သီလဆိုတာ မကောင်းတာတွေကို ရှောင်ကြဉ်တာပဲ ”

‘ ဟုတ်ပါတယ် ’

ရှောင်ကြဉ်တယ်ဆိုတာ ရှောင်ကြဉ်စရာတွေမသိပဲ ရှောင်ကြဉ်လို့ ရပါ့မလား

‘ မရပါဘူး ဘုရား ’

ရှောင်ကြဉ်တယ်ဆိုတာက ရုပ်တွေလား ဒကာမကြီး

‘ မဟုတ်ပါဘူး ဘုရား ’

နာမ်တွေလား

‘ မဟုတ်ပါဘူး ဘုရား ’

ရှောင်ကြဉ်စရာတွေက မှားယွင်းလွန်ကျူးတဲ့ ကိုယ်အမှုတွေ၊ နှုတ်အမှုတွေ၊ စိတ်အမှု

တွေ မဟုတ်ဘူးလား

‘ ဟုတ်ပါတယ် ဘုရား ’

မှားယွင်းလွန်ကျူးခြင်းမရှိတဲ့ ကိုယ်၊ နှုတ်၊ နှလုံး အမှုတွေကို ရှောင်ကြဉ်ဘို့ လိုသ

လား ဒကာမကြီး

‘ မလိုပါဘူး ဘုရား ’

အဲဒီမှာ ရုပ်တွေ၊ နာမ်တွေ မပါဘူးလား

‘ ပါ ပါတယ် ဘုရား ’

သည်တော့ ရုပ်တွေ၊ နာမ်တွေ ရှောင်ကြဉ်ရမှာ ဟုတ်လို့လား

‘ မဟုတ်ပါဘူး ဘုရား ’

မဟဂ္ဂုတ်စိတ်က ရုပ်တွေ၊ နာမ်တွေ အာရုံပြုတယ်၊ သီလက ရှောင်စရာဖြစ်တဲ့

လွန်ကျူးတဲ့ ကိုယ်၊ နှုတ်၊ နှလုံး အမှုတွေကို အာရုံပြုတယ်၊ ဒီလို ဖြစ်မနေဘူးလား

‘ ဖြစ်နေပါတယ်ဘုရား ’

သည်လိုဆိုတော့ မဟဂ္ဂုတ်စိတ်နဲ့ သီလစိတ်ဟာ အာရုံချင်း ခြားမနေဘူးလား

‘ ခြားနေပါတယ် ဘုရား ’

မဟဂ္ဂုတ်စိတ်က ဘာအာရုံလဲ ဒကာမကြီး

‘ ရုပ်၊ နာမ် ပေါ့ ဘုရား ’

သီလစိတ်က ဘာအာရုံလဲ ”

‘ ဝိရမိတဗ္ဗ အာရုံပေါ့ ဘုရား ’

သည်တော့ မဟဂ္ဂုတ်စိတ် ဖြစ်တဲ့အချိန်မှာ သီလ ရှိမနေဘူးဆိုတာ ဒကာမကြီး

ရိပ်မိရမယ်

‘ ဒကာမကြီးတို့က အဲသည်လိုဖြစ်မှ သီလပိုလုံတယ် ထင်မှတ်မှားနေကြတာ ’

အဲ့ဒါ စိတ်ကို နှံ့စပ်အောင် မထားနိုင်လို့ပေါ့ ဒကာမကြီး

‘ ဒကာမကြီးတို့ကို စိတ်မနှံ့ဘူးလို့ ပြောလိုက်တာပေါ့ ’

ဒကာမကြီးက နာလို့လား

‘ ဘုရားက ပြောပြီးသားမို့ နာရမှာတော့ မဟုတ်တော့ပါဘူး ဘုရား ’

ဘုရားက ဘယ်လိုပြောသလဲ

‘ ပုထုဇ္ဇနော ဥမ္မတ္တကော – လို့ပေါ့ ’

ပုထုဇဉ်ဟာ အရူးပဲ လို့လား

‘ တင်ပါ ဘုရား ’

အရူးလို့ အပြောခံရတာ နာတတ်ဖို့ကောင်းတယ်နော်

‘ အရူးမို့ အရူး – လို့ ပြောတာပဲ၊ ဘာနာစရာလိုသလဲ ’

အရူးဖြစ်ရတာကိုက နာစရာမဟုတ်ဘူးလား ဒကာမကြီး

‘ ကိုယ့်ကို ရူးတယ်လို့ ပြောလို့သာ အရူးလု့ိသိတာ၊ ဘယ်လိုရူးတယ်လို့ ကိုယ်က

သိတာမှ မဟုတ်ပဲ ’

ဒါလည်း ဟုတ်တာပဲ

‘ သည်တော့ အရူးလို့ အပြောခံရပေမဲ့ ကိုယ့်ကိုကိုယ် တကယ်ရူးတယ်လို့မှ

မသိတာဘဲ ’

ဟုတ်တာပဲ

‘ သည်တော့ ကိုယ်ရူးမှန်း မသိပဲ၊ သူများက အရူးလို့ အပြောခံရတာအတွက် နာကြည်း

ရှက်နိုးရကောင်းမှန်းလည်း မသိဘူးပေါ့ ဘုရား ’

ဒကာမကြီးက ဘုရင့် အသုံးစာရေးကြီး သမီးမို့ ထင်တယ်။ ကိုယ့်ကိုယ်ကို ကာကွယ်

ပြောတာ ကောင်းလှချည်လား

‘ တကယ်ဟုတ်တာတွေပါ ဘုရား ’

အခု ကိုယ့်အတွေးမနှံ့တာ ရိပ်မိဖို့လိုပြီနော် ဒကာမကြီး

‘ ဒကာမကြီးတို့ အမြတ်တနိုးကျင့်နေတဲ့ သီလကိုတောင် သည်လောက်ကလေး အသိ

နှံ့အောင် မတွေးနိုင်တာအတွက် ထိတ်လန့်မိပါတယ် ဘုရား ’

ဟုတ်တယ်။ တကယ် လန့်စရာကြီးပေါ့

‘ သီလကို ပိုင်းခြားမိအောင် မသိတော့ သီလပျက်တာလည်း မသိတော့ဘူးပေါ့ ဘုရား ’

ဟုတ်တာပေါ့။ ပုတီးစိတ်လျှင်တောင် သီလလုံတယ်တောင် လွဲပြီးထင်နေတော့

အထင်နဲ့ တကယ့်အဖြစ်က အဝေးကြီးခြားနေတယ်

‘ သီလတွေ စောင့်ကောင်းခြင်းကြီး စောင့်လာခဲ့ရပြီး၊ ကိုယ့်သီလကို နင်းခြေဖျက်တဲ့

လုပ်ငန်းကို သီလဖြည့်တဲ့ လုပ်ငန်းလိုထင်ပြီး၊ ပွားမိတဲ့အဖြစ် ရောက်ရတာဟာ

အတော် နစ်နာပါတယ် ဘုရား ’

နစ်နာတဲ့ အတိုင်းအထွာကတော့ အကြီးကြီးပဲ

‘ ဘယ်လို ဘုရား ’

သည် သီလကလေးကို နှစ်ပေါင်းခုနှစ်ဆယ်ကျော် ဖြည့်ကျင့်တာ မပြည့်ဘူးဆိုတဲ့

အဖြစ်ဟာ၊ ကျော်မကောင်း ကြားမကောင်း ဖြစ်လှပြီ

‘ မပြည့်ဘူး ဘယ်သူပြောလို့လဲ ဘုရား ’

ဒကာမကြီးတို့ တရားမရသေးဘူး ဆိုတာက ပြောနေတာပဲ ”

‘ ဒါနဲ့ ဘယ်လို ပတ်သက်မှာလဲ ’

တရား ရတယ်ဆိုတာ ‘ဝုသိတံ ဗြဟ္မစရိယ’ – ဆို – မဟုတ်လား။ ဖြည့်ကျင့်စရာ

အကျင့်မြတ်တွေ ဖြည့်ပြီးသွားတာပဲ။ ဒါ မပြီးသေးဘူး ဆိုတော့

‘ သည် သီလကလေးကို နှစ်ပေါင်းခုနှစ်ဆယ်ဖြည့်တာ မပြည့်ဘူးဆိုတဲ့ဆီ

ရောက်တာပေါ့ ’

ဟုတ်ပါ့။ နစ်နာတာ အဆုံးအစ မရှိပါပဲ။ အကျင့်လွဲလို့ အကျိုးနဲတာပါ

 

One comment

  • realman

    August 13, 2012 at 10:00 am

    ပုတီးစိတ်လျှင်တောင် သီလလုံတယ်တောင် လွဲပြီးထင်နေတော့ ဒီနေ့ခေတ်ရိပ်သာယဉ်ကျေးမှုမှာလည်း ရုပ်၊ အာရုံတွေနဲ့နေထိုင်နေကြခြင်းကိုလည်း စဉ်းစားမိနေပါတယ်။

    ဘာမှ မလုပ်၊ ဘာမှ မပြော၊ ဘယ်သူတွေနဲ့မှ မဆက်ဆံမိအောင်နေနေတာကို သီလလုံတယ်လို့ ပြောလို့ သင့်ပါ့မလား။

Leave a Reply