ပြီးခဲ့တဲ့ ရက်တွေက ရုံးမှာ နဲနဲအလုပ်များနေလို့ ခုမှ အပိုင်း( ၂ )ကို ဆက်ပါရစေ

 

(မောင်ကျောက် ကြုံခဲ့ရတာကိုပဲ အကျဉ်းချုံး ရေးမှာမို့ လူတိုင်းသိပြီးသားတွေ ချန်ခဲ့ပါရစေ)

 

 

တကယ်တော့ ၈၈၈၈ နေ့ ဟာ ကျောင်းသားများက BBC VOA တို့ကတဆင့် Mandate ပေးပြီးသားမို့ ပြည်သူများက တစ်နေ့လုံး နားတစွင့်စွင့် မျော်တလင့်လင့် နဲ့ပါ။

လက်နက် အပြည့်အစုံနဲ့ စစ်ကားတွေကလဲ ရန်ကုန်မြို့ကိုပါတ် အင်အားပြ၊ လုံထိန်းတွေကလဲ အရေးကြီးတဲ့နေရာတွေမှာ စောင့်ကြပ်လို့ပေါ့ဗျာ……

စစ်သားတွေက တော်လှန်ရေး ပန်းခြံ နဲ့ မြို့တော်ခန်းမ၊ လုံထိန်းတွေက ရန်ကုန်တက္ကသိုလ် ဓမ္မာရုံဝင်းထဲမှာ စခန်းထိုင်ကြပါတယ်။

 

 

ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာတော့ အဖြူအစိမ်းနဲ့ အထက ကျောင်းသူကျောင်းသားများရဲ့ အင်အားကလဲမသေးပါ၊ တစ်ဗိုလ်တက်တစ်ဗိုလ်ဆင်း တရားတွေဟောလို့ လူထုနဲ့ချိတ်ဆက်ဖို့ အသင့်ဖြစ်နေကြပါပြီ။

ဒီလိုနဲ့ နံနက် ၁၁:၃ဝ မှာ လူထုလှုတ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့စပါတယ်။ စ စချင်းတော့ စစ်တပ်က တည့်တည့်မပစ်သေးပါ၊ ဒါပေမည့် ခြောက်ရုံလှန့်ရုံတော့ ပစ်ပါသည်။

 

 

အဲ အဲ G3 နဲ့ ခြောက်ရုံလှန့်ရုံ လေးပစ်တဲ့အကြောင်း ပြောပါရစေအုံး ………

မှတ်မှတ်ရရ ၁၁.၈.၈၈ ပါ။ မောင်ကျောက်က ပြိုင်စက်ဘီးလေးရှိတာမို့ ဟိုပြေးဒီပြေး ဆက်သား သတင်းပို့ တာဝန်ခင်ဗျ။

 

 

အဲသည်မှာ ကြည့်မြင့်တိုင် ဗားကရာချောက်နား ဆန္ဓပြကျောင်းသားအုပ်စုနဲ့ စစ်တပ် ထိပ်တိုက်တွေ့နေတယ် ဆိုလို့ စက်ဘီးလေးအသော့နင်း ကင်းထောက်ဘို့ သွားသပေါ့ဗျာ။

စစ်တပ်က သံဆူးကြိုးခွေနဲ့ လမ်းကိုပိတ်၊ လူစုခွဲဖို့ မိုက်နဲ့အော်၊ ဒီဖက်ကလဲ “ပြည်သူ့စစ်သား၊ ဒို့စစ်သား” “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ၊ ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး” လို့ ပြန်ပြီးကြွေးကျော်…

အ ဟဲ၊ ပြောမရတော့ စစ်တပ်က ခြောက်ရုံလှန့်ရုံ ပစ်လိုက်တာ၊ ကြည့်မြင့်တိုင်ဘူတာထဲက လူတွေလဲမှန်၊ အဲသည့်နား “သံတံတားလမ်း” ထဲက အိမ်ထဲမှာ ထမင်းစားနေတဲ့ အဒေါ်ကြီးလဲ ကျည်ခလို့သေပေါ့

 

ရမ်းကား ရက်စက်လိုက်တာဗျာ

 

တသက်နဲ့တကိုယ် သေနတ် ဆိုလို့ ဓာတ်ရှင်ထဲမှာဘဲ မြင်ဘူးတဲ့ မောင်ကျောက်ခင်ညာ၊ ပထမဦးဆုံး တကဲ့ သေနတ်သံ အနီးကပ်ကြားတော့ ဒူးနှစ်လုံးချောင်ပြီး စက်ဘီးလဲသွားတာ အနားကလူတွေက  သေနတ်မှန်တယ်ထင်လို့။ တကဲ့ကို ကတုန်ကရင်ကြီးဗျာ။

အင်းလေ………. အဖေကလဲ ဗန္ဓုလ မှ မဟုတ်တာ။

 

 

အဲသည်နောက် မဆလ က “တိုက်မည့်ဆင် နောက်တစ်လှမ်းဆုတ်” တော့၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် လမ်းပေါ်ထွက် ဆန္ဓပြကြတာပေါ့။ ဒီအထဲမှာ ရုပ်ပျက်တာက သင်္ကြန်ရေပက်ခံထွက်သလို ကားတွေနဲ့လှည့်ပြီး အပျော်အော်ကြတာပါဘဲ၊ နောက်ဆုံး ဗကသ က ရှုံ့ချမှရပ်တယ်။

 

 

ဒီလိုနဲ့ အရေးတော်ပုံ အရှိန်ရစမှာ မဆလ က တစ်နိုင်ငံလုံးမှာရှိတဲ့ ထောင်တွေထဲက လူဆိုးသူခိုး တွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ပါတယ်။ အကျိုးဆက်ကတော့ လူတိုင်း ကိုယ့်ရပ်ကွက် ကိုယ့်ဘာသာ ကင်းစောင့်ရတော့တာပါဘဲ။ လမ်းတိုင်း ဝါးကဒ်တွေကာ၊ ကင်းတွေချ၊ လူတိုင်း ရှိသမျှလက်နက်တွေနဲ့ ပေါ့ဗျာ။

 

 

ထောင်ထွက် လူမိုက်တွေက ရပ်ကွက်တိုင်းမှာမင်းမူ၊ တရားဥပဒေမရှိ လူတိုင်း ကျီးလန့်စာစား နေရတဲ့ဘဝပေါ့။ ကားရှိတဲ့သူတွေက ကားပေါ် အထုပ်အပိုးတင်ပြီး အရေးဆို ပြေးဘို့ အသင့်လုပ်၊ ရှိသမျှ ကျစ်ကျစ်ထုပ်ပေါ့ဗျာ

 

 

အရေးတော်ပုံကို ဖြိုချင်တော့၊ ထောက်လှမ်းရေးက ကောလဟာလတွေ စလွှင့်ပါတယ်၊ ” အဆိပ်ခပ်မည့်လူတွေ” ” ဗုံးခွဲမည့်လူတွေ”  လူထုကြားထဲလွှတ်ထားတယ် ဆိုပြီး။

ရက်စက်တယ်ဗျာ အဲဒီ ကောလဟာလဒဏ်ကို ခံရတာက အခြေအနေမဲ့ ခြေသလုံးအိမ်တိုင် လူတန်းစားတွေပါဘဲ။ ထောက်လှမ်းရေးက ဆေးကြွေးပြီး မဖြစ်ညစ်ကျယ် ကြမ်းပိုးသတ်ဆေး လောက်နဲ့ လူထုကြားထဲလွှတ်ပြီး အထင်လွဲအောင်လုပ်၊ နောက်ဆုံး ကြောင်စီစီ နဲ့ လည်ပင်း အဖြတ်ခံရတယ်။

 

 

အမှန်ပြောရရင် ဒေါသနဲ့ သွေးဆာနေတဲ့ လူအုပ်ကို ဘယ်ခေါင်းဆောင်မှ မဖျောင်းဖျနိုင်ခဲ့ဘူး၊ ဘေးက လူထုကြားထဲဝင်ပြီး “လှော်” ပေးနေတဲ့ “ငထောက်” တွေ ကြောင့်လဲပါတာပေါ့။ Hysteria ဆိုတဲ့ “သွေးကြွ အသိလွတ်မှု” ဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ်။ အဲဒီအချိန်တုံးက ငယ်ငယ်ရွယ်ရွယ် ချောမောလှပတဲ့ ပညာတတ် ပိုက်ဆံရှိ ကျောင်းဆရာမလေးဟာ ဘေးက ဝိုင်း “လှော်”လို့ Hysteria ဖြစ်ပြီး ဘာမှန်းမသိလိုက်ဘဲ လူတစ်ယောက်ကို ခေါင်းဖြတ်လိုက်တယ် ဆိုရင် ခင်ဗျားတို့ ယုံမှာလား? အဲဒါ အခု “သမ္မတ ဟော်တယ်” နားမှာ တကယ်ဖြစ်ခဲ့တာပါ။

 

 

အရေးတော်ပုံကို အပြီးသတ်အောင်ပွဲ မဆင်နိုင်တော့၊ လူထုက ငတ်လာပါတယ်။ အဲသည်မှာ စစ်တပ်က အစိုးရပိုင် ဂိုထောင်တွေ စက်ရုံတွေ ကိုဖွင့်တယ်၊ သူတို့အတွက် လိုတာယူပြီး ဂိုထောင်တံခါး ဖွင့်ခဲ့တယ်။ ဒီတော့ လူထုက လွယ်လို့ဝင်ယူတယ်။ သူတို့ဆင်တဲ့ အကွက်ထဲဝင်သွားပြီမို့ ဂိုထောင်ဖောက်တယ် စက်ရုံဖျက်တယ် ဆိုပြီး ပစ်တော့တာဘဲဗျာ။ တနိုင်ငံလုံးက စက်ရုံတွေ ဂိုထောင်တွေလဲ ကုန်ရော။ ကွန်မြူနစ်တွေရဲ့ လူထုတိုက်ပွဲပုံစံမျိုး နှပ်ကြောင်းပေးသွားတာလေ။ ပြီးတော့ သူတို့ မနိုင်ရင်လဲ မြေလှန်ပြီးသားပေါ့။

 

 

စစ်တပ်က လူထုခေါင်းဆောင်များမှာ ပွဲသိမ်းတိုက်ကွက် မရှိဘူးဆိုတာ သဘောပေါက်သွားတော့ (တနည်း) နိုင်ငံရေးဂုရု ဦးနု ရဲ့ အကွက်ကို လန့်သွားတော့ ၁၉၈၈ စက်တင်ဘာ ၁၈ မှာ နဝတ အမည်ခံပြီး အာဏာသိမ်းပါတော့တယ်။

 

ဒီနောက်ပိုင်းတော့ အားလုံးသိကြတဲ့ အတိုင်းပါဘဲ………

ရိုးသားတဲ့ တောက ကရင်မကြီးပြောသလို (ကရင်သံ ဝဲဝဲလေးဖြင့် ဖတ်ပါရန်)

” ဗိုလ်ကြီးတို့လာမှ ကျွန်မတို့ ရွာကလေးလဲ ပြာ ဖြစ်၊ ကျွန်မသမီးလေးလဲ _ ာ ဖြစ်၊ ကျေးဇူးကြီးတယ် ဝေး” လို့

 

 

မောင်ကျောက် လေ ဖြစ်နိုင်ရင် အရင်က TV မင်းသားကြီးကို မေးချင်တယ် နောက်တနေ့ ၁၉၈၈ စက်တင်ဘာ ၁၉ မှာ ဘယ်နှစ်ယောက် အသတ်ခံရသလဲလို့!

………

……………

……………….

ခုတော့ ….. လူထုခေါင်းဆောင်များ ကို မှာချင်တာက တမတ်သားလွှတ်တော်ထဲမှာ ကာ/လုံ မငြိုညင်အောင် စကားပြော ဆင်ချင်ကြပါလို့

 

 

 

 

 

 

စကားချပ်:

ဦးနု ဟာ တကယ်ခေါင်းမာတဲ့ ဘိုးတော်ကြီးပါ။ အားလုံးကို သူ့လောက် ဘယ်သူမှမသိဘူး (ဒါလဲဟုတ်တာဘဲ) လို့ အထင်သေးတတ်သူပါ။ ဒေါ်စု ကို ချာတိတ်၊ ဦးအောင်ရွှေ တို့ ဆမူဆာ အောင်ကြီး တို့ ကို ကမ႓ာ့ရန် လို့သဘောထား ပုံရပါတယ်။ သူသာ အားလုံးနားလည်အောင် ရှင်းပြခဲ့ရင် ………………………………..

 

 

About ဦးကျောက်ခဲ

ဦး ကျောက်ခဲ has written 55 post in this Website..