ဆိုလာ ပါဝါ

thar agAugust 12, 20121min763

အရှိန်အဟုန်မြင့်မားလာတဲ့ ဆိုလာပါဝါ လုပ်ငန်းများ
Sunday, August 12, 2012 zarny win No comments

မောင်ပုဆိုးကြမ်း ~

ဧပြီလမှာ တွေ့ရတဲ့ ရန်ကုန်တိုင်း တွံတေးမြို့နယ်က ကျူရှင်ဆရာ ကိုအောင်ဖေ နဲ့ သူထွင်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး စက်ဘီး (ဓာတ်ပုံ – EPA)

ကမ္ဘာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရဲ့ လေးပုံတစ်ပုံကို သဲကန္တာရတွေမှာရှိတဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေက ၂ဝ၅ဝ ပြည့်နှစ်အရောက်မှာ ဖြည့်ဆည်းပေးနိုင်ဖွယ်ရာ အခြေ အနေရှိတယ်လို့ နေစွမ်းအင်လိုလား သူများအုပ်စုက ခန့်မှန်းထားပါတယ်။ နေစွမ်းအင်လိုလားသူများအုပ်စုမှာ ဂရင်းပိစ်အဖွဲ့၊ ဥရောပ နေစွမ်းအင် အပူသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အဖွဲ့ Estela အနုမြူစွမ်းအင်အေဂျင်စီ IAEA နဲ့ ဆိုလာပိစ်အဖွဲ့တွေ ပါဝင်တယ်လို့ သိရပါတယ်။ နေရောင်ခြည်စွမ်းအင်အသုံးပြုရေးနည်းပညာဟာ ပူပြင်းပြီး မိုးတိမ်ကင်းစင်တဲ့ ဆာဟာရ သဲကန္တာရနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အထူးသင့်လျော်တဲ့ အတွက် အဲဒီဒေသတွေမှာ နေစွမ်းအင် ထုတ်လုပ်နိုင်အောင် ကြိုးစားလာနိုင်ရင် အလုပ်အကိုင်သစ်တွေ ပေါ်ပေါက် လာမယ့်အပြင် ရာသီဥတုပြောင်းလဲမှုကို ပြန်လည်တည့်မတ်ရာမှာလဲ အထောက်အကူပြုလာနိုင်ပါတယ်။

နယူးမက္ကဆီကို ပြည်နယ်ရှိ၊ ဆန်းဒီးယားအမျိုးသား ဓာတ်ခွဲခန်း လုပ်ငန်း Sandia National Laboratories မှ Sun Catchers လို့ အမည်ပေးထားတဲ့ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်တဲ့ ကိရိယာကြီးတွေ များစွာရှိပြီး ညအချိန်မှာ အနားယူပေမယ့် နေရောင်ခြည်ထွက်ပေါ်လာတာ နဲ့ တစ်ပြိုင်နက် အလင်းရောင်ရှိရာဘက်ကို မျက်နှာမူကာ လျှပ်စစ်ဓာတ်အားတွေကို စတင်ထုတ်လုပ်ပါ တယ်။
ယခုအခါ အဲဒီ စက်ရိယာပေါင်းခြောက်သောင်းကို လော့အိန်ဂျလိစ်နဲ့ စန်ဒီယာဂို သဲကန္တာရ အတွင်းမှာ မကြာမီ တည်ဆောက်တော့မယ်လို့ သိရပါတယ်။

၁၉၈ဝ ပြည့်နှစ်လောက်ကတည်းက ရိုလင်ဟူးလ်စထရောင်း Roland Hulstrom ဆိုသူ အင်ဂျင်နီယာတစ်ဦးက နေစွမ်းအင် တစ်ခေတ် ဆန်းလာရင် အမေရိကန်တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အလုံ အလောက် ဖြန့်ဖြူးပေးနိုင်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ သူ့အဆို အရ မိုင် ၁ဝဝ ပတ်လည်ရှိတဲ့ သဲ ကန္တာရလို နေရာမျိုးမှာ မှန်ပြားကြီးတွေ တပ်ဆင်နိုင်ရင် လျှပ်စစ်ဓာတ်အားအတွက် တခြားလောင်စာတွေ သုံးစွဲဖို့ လုံးဝ မလိုအပ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုက ဆေးပေးခန်းတခုမှာလည်း နေရောင်ခြည်စွမ်းအင်ကို ကောင်းကောင်း အသုံးချနေပါတယ်

၂ဝဝရ ခုနှစ်က လော့စ်အိန်ဂျလိစ်မြို့အနားမှာ Nevada Solar One လို့အမည်ပေးထားတဲ့ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ စီမံကိန်းကြီးကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဧရိယာအကျယ်အဝန်း ဧက ၂၅ဝ ပေါ်မှာ မှန်ချပ်ကြီးပေါင်း ၁၈၂,ဝဝဝ ကို ညီညာဖြောင့်တန်းစွာ စီထားပြီး ထုတ်လုပ်ခဲ့ပါတယ်။ အလင်းရောင်တူးမြောင်းကြီးလို့ တင်စားခေါ်ဆိုကြပြီး ပတ်ဝန်းကျင်ဒေသရှိ နေအိမ်ပေါင်း ၁၄,ဝဝဝ ကို လျှပ် စစ်ဓာတ်အား အလုံအလောက်ပေးနိုင်ခဲ့ပါတယ်။ လော့အိန်ဂျလိစ်မြို့ပြင်မှာရှိတဲ့ ကုန်လှောင်ရုံခေါင်မိုးတွေပေါ်မှာလဲ ပေါ့ပါးခိုင်ခံ့တဲ့ မှန်ချပ်ပေါင်း ၃၃,ဝဝဝ ကို တပ်ဆင်ထားပြီး အိမ်ခြေ ပေါင်း ၁,၃ဝဝ ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတယ်လို့ သိရပါ တယ်။

လော့စ်အိန်ဂျလိစ်မြို့နားက Nevada Solar One နေရောင်ခြည်စွမ်းအင် စီမံကိန်းကြီး

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက လာမယ့် ၂ဝ၂၅ ခုနှစ် ရောက်ရင် တစ်နိုင်ငံလုံးရဲ့ လျှပ်စစ် စွမ်းအင်လိုအပ်ချက် လေးပုံတစ်ပုံခန့်ကို နေရောင်ခြည်မှ ထုတ်လုပ်ပေးနိုင်ရေးအတွက် စီမံချက်ရေးဆွဲနေတယ် လို့ ပြောကြားခဲ့ပါတယ်။ ဂျော့ဝါ ရှင်တန် တက္ကသိုလ်မှပညာရှင် Ken Zweilbel က ”အစိုးရကိုယ်တိုင် ဒေါ် လာဘီလီယံ ၄ဝဝ ခန့် အကုန်အကျ ခံပြီး နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်တဲ့ ကိရိယာကြီးတွေ တပ်ဆင်အသုံးပြု လာနိုင်မယ် ဆိုရင် ၂ဝ၅ဝ ပြည့်နှစ် ရောက်ရင် တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်သုံးပုံ နှစ်ပုံကို ဖြည့်တင်းပေးနိုင်ပါတယ်။ အဲဒီငွေပမာဏဟာ များလွန်းတယ်လို့ထင်ရပေမယ့် ငွေကြေး အကျပ်အတည်း ဖြေရှင်းဖို့ထုတ်ပေးခဲ့တဲ့ ငွေတွေနဲ့စာရင် အများကြီး နည်းပါသေးတယ်” လို့ ပြောပါတယ်။

ယခုအခါ စပိန်နိုင်ငံတောင်ပိုင်း မှာ အိမ်တစ်လုံးလောက် ကြီးမားတဲ့ မှန်ချပ်ကြီးတွေကို ဖန်တီးပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်သန်းပေါင်းများ စွာကို ထုတ်လုပ်အသုံးချနေကြပြီဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာလဲ အစိုးရရဲ့ ပံ့ပိုးမှုနဲ့ အိမ်ခေါင်မိုး၊ စက်ရုံအလုပ်ရုံနဲ့ အားကစားကွင်းအမိုးတွေအပေါ် မကျန် နေရောင်ခြည်စွမ်းအင် ထုတ်လုပ်တဲ့ မှန်ပြားကြီးတွေကို တပ်ဆင် အသုံးပြုလာနေကြတာကို တွေ့ရပါ တယ်။

နေအိမ်အဆောက်အအုံတွေမှာ လက်ရှိအသုံးပြုနေတဲ့ ဆိုလာပြားတွေဟာ စီလီကွန် ဒါမှမဟုတ် ဖန်သားနဲ့ပြုလုပ်ထားပြီး သတ္တုပေါင်နဲ့ ထိန်းထားတဲ့အတွက် သာမန် အိမ်ခေါင်မိုးတွေအတွက် လေးလံနေရုံသာမက ဈေးလဲကြီးမြင့်နေပါသေးတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် အနောက်မြောက် ပစိဖိတ် အမျိုးသား ဓာတ်ခွဲခန်းကနေ ဘီအိုင်ပီဗီခေါ် ပိုတိုဗိုလ်တစ်အပြားငယ်တွေကို တီထွင်ထုတ်လုပ်လာတယ် လို့ သိရပါတယ်။ အဲဒီ ဘီအိုင်ပီဗီ ဆိုလာပြားတွေဟာ ပေါ့ပါးပျော့ပျောင်းတဲ့ အတွက် အိမ်ခေါင်မိုးတွေမှာ လွယ်ကူစွာတပ်ဆင်အသုံးပြုနိုင်တဲ့အပြင် ဈေးနှုန်းလဲသက်သာ၊ သက်တမ်းလဲ ၂၅ နှစ်ကြာ အသုံးခံတယ်လို့သိရပါတယ်။

Nevada Solar One ဟာ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ စီမံကိန်းကြီး ဖြစ်ပါတယ်

ဒါ့အပြင် နေစွမ်းအင်ကို အသုံးပြုပြီး အိမ်အတွင်းမှာ အလင်းရောင်နဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေကို သုံးစွဲနိုင်တဲ့ အထူးနေရောင်စွမ်းအင်ခံပြားတွေကိုလဲ အမေရိကန် စွမ်းအင်သုတေသနပညာရှင်တွေက တီထွင်ထုတ်လုပ်လာခဲ့ပါတယ်။ နေရောင်ခံပြား အကျယ်ဟာ အရှည် လေးပေနဲ့ အနံ နှစ်ပေခန့်သာ ရှိပြီး ဓာတ်အားသုံးမီးဖို၊ အဝတ်လျှော်စက်၊ ကွန်ပျူတာ၊ ရုပ်မြင်သံကြားစက်နဲ့ နေအိမ်အလင်းရောင် ထွန်းညှိဖို့ သုံးစွဲနိုင်တယ်လို့ သိရပါတယ်။

ဒီလိုအရွယ်အစားသေးငယ်ပြီး စွမ်းအင်များများ ထုတ်လုပ်ပေးနိုင်တဲ့ ဆိုလာပြားတွေ တီထွင် အသုံးပြုလာ သလို အခြားတစ်ဘက်မှာလဲ ဘူမိ အင်ဂျင်နီယာပညာရှင် – Geoengineer တွေကလဲ ကမ္ဘာဂြိုဟ်ကြီးရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ပြန်လည် အစီအစဉ်ချတဲ့အနေနဲ့ အာကာသထဲမှာ အလွန်ကြီးမားတဲ့ မှန်ကြီးတွေ တည်ဆောက်ပြီး နေရောင်ခြည်စွမ်းအင်ထုတ်ယူရင် မဖြစ်နိုင်ဘူးလား။ ကမ္ဘာကြီးအေးလာအောင် အထက် ကောင်းကင်အလွှာအတွင်း ဆာလ်ဖာ ဓာတ်တွေ မှုတ်သွင်းလို့မဖြစ်နိုင်ဘူးလား လို့ မေးခွန်း ထုတ်လာကြပါတယ်။

ဂျပန်နိုင်ငံ ကမ္ဘာမြေနဲ့ ပတ်သက်တဲ့ နည်းပညာတက္ကသိုလ်ရဲ့ ညွှန်ကြား ရေးမှူးချုပ် Kaya Yoichi က ”ကာ ဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို လက်ရှိထက် ဆယ်ပုံတစ်ပုံလောက် လျှော့ ချဖို့ဆိုရင် နည်းပညာသစ်တွေကို ရှာ ဖွေ သုတေသနပြုလုပ်ဖို့လိုပါတယ်။ အဲဒီနည်းပညာတွေထဲမှာ အာကာသ ကနေ နေစွမ်းအင် ထုတ်ယူတဲ့ နည်းပညာလဲ ပါဝင်ပါတယ်။

အာကာသထဲမှာ နေစွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံကို တည် ဆောက်နိုင်ရင် နေရာအကျယ်အဝန်းလဲ အကန့်အသတ်မရှိ ရနိုင်ပါတယ်။ နေရောင်ခြည်ကို တိုက်ရိုက်ရရှိတဲ့ အတွက် စွမ်းအင် ထုတ်လုပ်မှု ပိုမို မြင့်မားစေနိုင်ပါတယ်။ အာကာသ အတွင်း တည်ရှိတဲ့ ဂြိုဟ်တုမှာတပ်ဆင်ထားတဲ့ အလွန်ကြီးမားတဲ့ နေစွမ်းအင်ပြားကတစ်ဆင့် နေရောင်ခြည်တွေကို မိုက္ခရိုလှိုင်း Microwaves ပုံစံနဲ့စုစည်းကာ ကမ္ဘာမြေပြင်မှာရှိတဲ့ စက်ရုံကို ပေးပို့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့နည်းပဲဖြစ်ပါတယ်။ ဒီနည်းပညာကိုသာ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရင် စွမ်းအင်ပြဿနာ အတော်များများကို ဖြေရှင်းပေးနိုင်စရာရှိပါတယ်။

ကုန်ကျစရိတ် အလွန်များတဲ့ ပြဿနာနဲ့ အာကာသအတွင်း စက်ရုံ တည်ဆောက်တဲ့ နည်းပညာကြံဆ ဖော်ထုတ်ဖို့ ဆိုတဲ့ ပြဿနာတွေလဲရှိနေပါတယ်။ အဲဒီ စိန်ခေါ်မှုတွေကို လာမယ့် ဆယ်စုနှစ်အတွင်း ဖြေရှင်းသွားနိုင်ဖို့ရှိတယ်” လို့ပြောကြောင်းပါ ခင်ဗျား။

ညွှန်း – ဈေးကွက်ဂျာနယ် – zaygwet.com

3 comments

  • ဦးဦးပါလေရာ

    August 12, 2012 at 11:03 pm

    ဆိုလာပါဝါ တခေတ်ဆန်းလောက်မယ့် ၂၀၂ဝ လောက်မှာ မြန်မာပြည်က အရည်အသွေးအကောင်းဆုံး ပင်လယ်ကမ်းခြေသဲ (စီလီကွန်ကုန်ကြမ်း)တွေလဲ ကုန်လောက်ပြီ..။

  • kai

    August 13, 2012 at 2:15 am

    အမေရိကန်တွေက.. ဆိုလာနဲ့.ဘတ်ထရီတွေဟာ.. ကမ္ဘာ့စွမ်းအင်မှာအင်မတန်အရေးကြီးနေရာရောက်လာမယ်.. အင်မတန်ကြီးတဲ့ဈေးကွက်ကြီးဖြစ်လာမယ် ကြိုမြင်ပါတယ်..
    ၁ဝစုနှစ်၁ခုလောက်ကြိုမြင်တာပါ..
    အဲဒီလိုနဲ့.. အိုဘားမားအစိုးရဖြစ်တော့..အဲဒီဆိုင်ရာလုပ်ငန်းတွေဆီ.. ငွေတွေသန်းရာချီ ရင်းနှးိမတည်ပေးပါတယ်…

    ချိုင်းနားကလည်း..ကြိုမြင်ပြီး… ခိုးလုပ်နေခဲ့ပုံရပါတယ်.
    စာရင်းချုပ်တော့..
    အဲဒီဈေးကွက်.. ချိုးင်းနားက..အုပ်မိသွား(အသာစီးရသွား)လို့.. အိုဘားမားအစိုးရ ပက်လက်လန်နေပါကြောင်း..။ 🙂
    အိုးဘားမားငွေထုတ်ပေးပြီး.. မတည်ပေးတဲ့..ဆိုလာစက်ရုံလည်း ဒေဝါလီခံလိုက်ရလို့.. လွှတ်တော်က.. အစိုးရကို..စစ်ဆေးမေးမြန်းရေးလုပ်နေကြောင်း..
    အစိုးရကို.. လွှတ်တော်က.. ကြားနာစစ်ဆေးခွင့်ရှိတယ်လေး.. မြင်အောင်ကြည့်ကြစေလိုကြောင်း:mrgreen:

    House investigating bankrupt solar company backed by Obama bundler and DOE loan
    July 3, 2012 | 3:20 pm
    5Comments
    Joel Gehrke

    House investigators have asked executives and former executives at Abound Solar, a now-bankrupt solar company that received a $400 million loan guarantee from the Department of Energy, to testify before Congress about the DOE subsidy.

Leave a Reply