ကြံ့ဖွံ့မှထွက် ကချင်ပါတီထောင်

True FaithJuly 6, 20101min620

ဖနိဒါ | တနင်္လာနေ့၊ ဂျူလိုင်လ ဝ၅ ရက် ၂၀၁ဝ ခုနှစ် ၂၁ နာရီ ဝဝ မိနစ်

ချင်းမိုင် (မဇိ္ဈမ)။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဘက်ပြောင်းလာသော ကချင်တိုင်းရင်းသားများက ကချင်ပါတီ အသစ်တခု ဖွဲ့စည်း၍ ယခုလ ၂ ရက်နေ့က နေပြည်တော်၌ ပါတီတည်ထောင်ခွင့် လျှောက်ထားလိုက်ပြီ ဖြစ်သည်။

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်-စဒက (Unity and Democracy Party of Kachin State – UDPKS) ကို စစ်အစိုးရ၏ ပါတီဖြစ်သော ကြံ့ဖွံ့ပါတီမှ အမတ်လောင်းအဖြစ် ဝင်ပြိုင်ရန် လျာထားသူ ဒူဝါ ခက်ထိန်နန်က ဥက္ကဌ တာဝန်ယူမည်ဖြစ်ကြောင်း သူနှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။

ခက်ထိန်နန်သည် မြစ်ကြီးနားမြို့ မြောက် ဘက် ၈ မိုင်အကွာရှိ နောင်နန်းကျေးရွာမှ ဆွမ်ပရာဘွမ် မြို့နယ်အတွင်း ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်သည်။

သို့သော် လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် ဦးစီးသော ကြံ့ဖွံ့ပါတီနှင့် UDPKS တို့၏ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ကချင်ပါတီများကို ထူးကဲစွာပင် ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် မပြုသေးချိန်မှာ နောက်ထပ် ပါတီတခု ထပ်ထွက်လာခြင်းလည်းဖြစ်ရာ ယခုအခါ ကချင်လူမျိုးပါတီ ၄ ခုရှိသွားပြီ ဖြစ်သည်။

ကေအိုင်အို အဖွဲ့ဝင်ဟောင်းများ ဦးဆောင်သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုးတက်ရေးပါတီ တို့မှာမူ ယခုနှစ် ဧပြီလကတည်းက ပါတီထူထောင်ခွင့် လျှောက်ထားသော်လည်း ယနေ့အထိ ထူထောင်ခွင့် မပြုသေးပေ။

UDPKS ပါတီတွင် ခေါင်းဆောင်ပိုင်း၌ပါဝင်သူ ကြံ့ဖွံ့ဟောင်းများမှာ ဒု ဥက္ကဌ ဖောင်လာ ဂမ်ဖန်နှင့် အကြံပေးအရာရှိ မဒိန်ဇုံးတိန့်တို့ ဖြစ်သည်။ မဒိန်ဇုံးတိန့်သည် ကချင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဖြစ်သည်။ ၎င်းနှင့်အတူ ရှေ့နေ ဒွဲဘူ၊ ရှေ့နေ လမြဂမ် တို့ ပါဝင်ကာ ယခင်လ လယ်ပိုင်းက ပါတီကို စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ရှေ့နေ ဒွဲဘူသည် စစ်အစိုးရက ကျင်းပခဲ့သည့် “ညောင်နှစ်ပင် အမျိုးသား ညီလာခံ” သို့ ကချင်ပြည်နယ် မြို့မိမြို့ဖ အနေဖြင့် တက်ရောက်ခဲ့ဖူးသူ ဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

UDPKS ပါတီ၏ မူဝါဒများကို မေးမြန်းချက်ကိုမူ ပြောဆိုရန် အချိန်စောသေးကြောင်း ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသူ ဒု ဥက္ကဌ ဖောင်လာ ဂမ်ဖန်က ဖြေသည်။

“ပြောဖို့ နည်းနည်း အချိန်စောပါသေးတယ်ဗျာ။ ကချင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၈ မြို့နယ်လုံးမှာ ပေါ့နော်။ ကချင်ပြည်နယ် အတွက်ဆိုတော့ ပြည်နယ်သူ ပြည်နယ်သားတွေ အားလုံးအတွတ် ပါတီကြီး ဖြစ်လာမှာပါ” ဟု သူက မဇ္ဈိမကိုပြောသည်။

ပါတီ ဥက္ကဌ ဒူဝါ ခက်ထိန်နန် အား ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ သို့သော် သူသည်လည်း ကချင်ပြည်နယ်အတွင်း၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြ သည်။

ဒူဝါ ခက်ထိန်နန် သည် မြစ်ကြီးနားအခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီဝင် တဦးဖြစ် ပြီး ရွှေနှင့် ကျောက်စိမ်းတူးဖော်ရေး “အောင်ရွှေကမ္ဘာကုမ္ပဏီ” ပိုင်ရှင်ဖြစ်သည့်ပြင် ရွှေတူးဖော်ရေး အခြားကုမ္ပဏီ Myu Gin Dai ကိုလည်း အစုစပ်ပိုင်ကြောင်း သူနှင့် နီးစပ်သူများထံမှ သိရသည်။

ကချင်ပြည်နယ်နေ့ အထိန်းအမှတ် ၅၆ ကြိမ် မှ ၅၉ ကြိမ်အထိ မနော်ပွဲ တာဝန်ခံအဖြစ် ၄ ကြိမ်နှင့် ယခင်နှစ် ၆၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိန်းအမှတ်တွင်လည်း မနောပွဲ တာဝန်ခံအဖြစ် ထပ်မံတာဝန်ယူခဲ့သူဖြစ်သောကြောင့် ကချင်လူထု၏ ယုံကြည်မှုကို ရခဲ့သည်ဟု သူနှင့် ရင်းနှီးသူ မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

“သူ ဦးဆောင်တဲ့ အချိန်မှာ စည်းရုံးမှုကို တော်တော့်ကို ရခဲ့တယ်။ အခုလိုမျိုး စစ်အစိုးရ အသုံးချတာ ကိုလည်း သိတယ်။ သူက တော်တော် အရေးပါတယ်။ လူတွေကို စုရုံးနိုင်ခဲ့တယ်” ဟု မြို့ခံက မဇိ္ဈမကို ပြောသည်။

ယခင်လကုန်ပိုင်းက ဆက်သွယ်/စာတိုက်နှင့် ကြေးနန်း ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်နှင့် အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းတို့က ကချင်ပါတီအသစ်တခု ထူထောင်ရန်အတွက် တိုက်တွန်း ပြော ဆိုခဲ့ပြီးနောက် UDPKS ပါတီ ဖြစ်ပေါ်လာသည်ဟု လေ့လာသူများက ပြောသည်။