အင်တာနက်လိုင်း ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ

kpAugust 13, 20121min995

သမ္မတကြီးအတွက် အင်တာနက်ဆိုင်တွေ ရေးလာတဲ့စာ အင်တာနက်လိုင်း ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ ကျွန်တော်များ အင်တာနက်ကဖီး (ခေါ်) Public Access Centre လိုင်စင်ဖြင့် အင်တာနက်ဆိုင် ဖွင့်လှစ်ထားသော ပိုင်ရှင်များမှ သမ္မတကြီးထံ ရိုသေစွာ တင်ပြတိုင်ကြားအပ်ပါသည်။ ကျွန်တော်တို့ အင်တာနက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူ တော်တော်များဟာ Myanmar Teleport, Yatanarpon Teleport, Redlink, ရွှေသံလွင်, မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စသည့် ဆက်သွယ်ရေးဝန်ကြီး ဌာနရဲ့ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ဌာန လုပ်ငန်းများမှ ADSL, FibreToHome, Wimax, Wireless Broadband, ipstar, Skynet MPS စသည့် ဈေး အလွန်ကြီးမားတဲ့ အင်တာနက်လိုင်းများ တပ်ဆင် အသုံးပြုပြီး ဖွင့်လှစ် လုပ်ကိုင်နေကြရပါတယ်။ ကနဦး တပ်ဆင်ခ ၁၅ သိန်း မှ သိန်း ၂ဝ ခန့် ပေးဆောင်တပ်ဆင်ထားရပြီး လစဉ်ကြေးလည်း အနည်းဆုံး တစ်လိုင်း (၁)သိန်း ခန့် ပေးဆာင်နေရပါတယ်။ ပြီးတော့ ဆိုင်တစ်ဆိုင် ရပ်တည်ဖို့ လိုင်း တစ်လိုင်းတည်းနဲ့ လုပ်ကိုင်ဖို့လည်းမလွယ်ပါဘူး။ ကောင်းတဲ့လိုင်းက ကောင်းချင်တဲ့အချိန် ကောင်းချင်သလိုကောင်းတဲ့ အတွက်ကြောင့် အနည်းဆုံး ၂လိုင်း ၃လိုင်း တပ်ဆင်အသုံးပြုနေရပါတယ်။ အဆိုပါလစဉ်ကြေး ၂ သိန်း ၃သိန်း သာမက နှစ်စဉ်ကြေး ခန့်မှန်းခြေ (၅၀၀၀ဝ မှ ၁၀၀၀၀၀)ခန့် နှင့် PAC လိုင်စင်ကြေး တစ်လ (၅)သောင်း ပါ ပေးဆောင် လုပ်ကိုင်နေရပါတယ်။ အင်တာနက်ဆိုင် တစ်ဆိုင်ရဲ့ ပျှမ်းမျှစရိတ် အခြား ကုန်ကျစရိတ်မပါ လိုင်စင်ကြေး နဲ့ အင်တာနက် လစဉ်ကြေး နှစ်စဉ်ကြေး ခန့်မှန်းခြေ (၃)သိန်း မှ (၅)သိန်းကြားပေးဆောင်နေရပါတယ်။ အဲဒီလောက် လစဉ်ကြေးများ ပေးဆောင်နေရပေမယ့်လည်း ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ဌာန တွေ company တွေအနေနဲ့ အင်တာနက်လိုင်းများ ဝန်ဆောင်မှုပေးရာမှာ မည်သည့် ပြုပြင် ထိန်းသိမ်းမှုမှမရှိဘဲ အမြဲတမ်းလိုလို နှေးကွေးနေပါတယ်။ အင်တာနက်ဆိုင်တစ်ဆိုင်အတွက် ပေးထားတဲ့ လစဉ်ကြေး (၁)သိန်းဝန်းကျင် ပေးဆောင်ရတဲ့ လိုင်းတစ်လိုင်းဟာ 1Mbps ဆိုပေမယ့်လည်း 512Kbps ဝန်းကျင်လောက်သာရရှိပါသည်။ ဒါတောင် အမြဲရရှိတာ မဟုတ်ဘဲ ကောင်းနေတဲ့အချိန်တွေမှာပဲ အဲလောက် အများဆုံး ရရှိနေတာပါ။ အဲဒီအချိန်မှာ WCDMA မိုဘိုင်း အင်တာနက်လိုင်းဟာ 512Kbps မှ 2Mbps လောက်ရပါတယ်။ မိုဘိုင်း အင်တာနက်တွေကို 1Mbps ပေးထားရင် လုပ်ငန်းတွေ၊ အများပြည်သူသုံး အင်တာနက်စင်တာတွေအတွက် ပေးထားတဲ့လိုင်းတွေဟာ 10Mbps ကနေ 20Mbps လောက် အနည်းဆုံးရရှိသင့်ပါတယ်။ဆက်သွယ်ရေးဝန်ကြီးဌာနနေနဲ့ ခေတ်နဲ့အညီ နည်းပညာအသစ်တွေနဲ့ဝန်ဆောင်မှုပေးရန်ဆောင်ရွက်နေတာမှန်ပေမယ့် ပေးထားတဲ့ ဝန်ဆောင်မှုတွေကိုလည်း ပြုပြင်ထိန်းသိမ်းခြင်း ထပ်တိုး ဝန်ဆောင်မှုပေးခြင်းများကို ပြုလုပ်ပေးသင့်ပါတယ်။ အခုတော့ အစုးိရဝန်ကြီးဌာနတစ်ခု အနေနဲ့ ရောင်းထားတဲ့ ဝန်ဆောင်မှုတွေကို ပိုက်ဆံရပြီးသားလို့ သဘောထားပြီး မည်သည့် ပြုပြင် ထိန်းသိမ်းမှုမှ မပြုလုပ်ဘဲ ပိုက်ဆံထပ်ရတဲ့ GSM, CDMA, WCDMA မိုဘိုင်းဖုန်းတွေကိုသာ လုပ်ဆောင်နေတာဟာ ဝန်ကြီးဌာန တစ်ခုအနေနဲ့ အလွန် သိက္ခာမဲ့တဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုပေးတာကို အပြစ်ပြောတာမဟုတ်ပါဘူး။ အခုတော့ ဝန်ဆောင်မှုအသစ် ပေးတော့မယ်ဆိုရင် လူတွေစိတ်ဝင်စားအောင် အသစ်ပေးတဲ့ ဝန်ဆောင်မှုကို ကောင်းအောင် လုပ်ထား ကျန်တာတွေ အကုန်လုံးကို သုံးမရအောင်လုပ်ထားပါတယ်။ ပြည်သူတွေဆီကနေ ရသလောက်အကုန်ယူမယ့် အစီအစဉ်နဲ့ လုပ်ဆောင်နေတာပါ။ လိုင်းနိုင်တာမနိုင်တာ ဘာမှ တွက်ချက်ထားခြင်း မရှိဘဲ ရသလောက်ကိုအကုန်ယူနေတာပါ။ အခုမြန်နေတဲ့ မိုဘိုင်း အင်တာနက်တွေဟာလည်း သူတို့ ပိုက်ဆံ အကုန် ရပြီးရင် အခြားလိုင်းတွေလိုပဲ နှေးကွေးမှာပါပဲ။ နောက်တစ်ခု မပေါ်မခြင်းပေါ့ ကျွန်တော်တို့ အများပြည်သူသုံးဆိုင်တွေမှာ အများပြည်သူ ပြသသုံးစွဲဖို့ တပ်ဆင်ထားတဲ့ အင်တာနက်လိုင်းတိုင်းတွေဟာ တစ်ကိုယ်ရေသုံး မိုဘိုင်းဖုန်း အင်တာနက်လိုင်းလောက်တောင် မြန်ဆန်ခြင်း မရှိပါဘူး။ မိုဘိုင်းဖုန်းတွေမှာလည်း သင့်တော်တဲ့ အမြန်နှုန်း ရှိသင့်ပါတယ်။ ဒါပေမယ့် သဘောအရ တစ်ကိုယ်ရေးသုံး မိုဘိုင်းအင်တာနက် လိုင်းတွေထက် အများပြည်သူသုံးဖို့ ချပေးထားတဲ့ Dedicated Line တွေဟာ အဆပေါင်းများစွာ မြန်ဆန်သင့်ပါတယ်။ အခုတော့ ၁ သောင်း လိုချင်တာနဲ့ မိုဘိုင်း အင်တာနက်တွေကို မြန်ထားပြီး လုပ်ငန်းအတွက် ပေးထားတဲ့ လိုင်းတွေ ADSL, Fibre လိုင်းတွေက မိုဘိုင်းလိုင်းထက်နှေးအောင် လုပ်ထားပါတယ်။ ဘာမှလည်းသုံးမရဘဲ ဝန်ဆောင်ခကိုလည်း တစ်လ ၂သိန်း ၃သိန်း ပေးဆောင်နေရပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ဖြစ်ရေး သွားနေတဲ့အချိန်မှာ အင်တာနက်ကို ဘယ်နေရာမှာမဆို ငွေကြေး သက်သက်သာသာ နဲ့ အလွယ်တကူ ရရှိသင့်ပါတယ်။ နိုင်ငံတကာမှာလည်း မိုဘိုင်းဖုန်းတိုင်းလိုလို ဖုန်းဝယ်လိုက်တာနဲ့ အင်တာနက်လည်း ရပြီးသားပါ။ ဘာ အင်တာနက်ဖိုးမှမသွင်းရပါဘူး။ ဒီလိုပဲ အများပြည်သူသုံး အင်တာနက်စင်တာတွေ လုပ်ငန်းတွေ ကုမဏီတွေ သုံးစွဲဖို့ ဝန်ဆောင်မှုပေးထားတဲ့ အင်တာနက်လိုင်းတွေဟာလည်း အလွန် မြန်ဆန်ပြီး လစဉ်ကြေး သက်သက် သာသာ ပေးထားပါတယ်။ အခုတော့ ကျွန်တော်တို့ အများပြည်သူသုံး အင်တာနက် စင်တာတွေက အများသုံးမယ့် လိုင်းတွေဟာ တစ်ကိုယ်ရေးသုံး မိုဘိုင်း အင်တာနက်လောက်တောင် မမြန်တော့ ဆိုင်တွေမှာ ဘယ်သူက လာရောက်မသုံးကြတော့ပါဘူး။ ကျွန်တော်တို့ဆိုင်တွေ လုပ်ငန်းမကောင်းလို့ တိုင်တာ မဟုတ်ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဝန်ဆောင်မှုတစ်ခု မရရှိလို့တိုင်ကြားတာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း အများပြည်သူသုံး အင်တာနက်စင်တာတွေဟာ မြို့ဖွံ့ဖြိုးမှုရဲ့ ပြယုဂ်တွေပါ။ ဘယ်နေရာမှာမဆို အင်တာနက် လွယ်လွယ်ကူကူ အသုံးပြုနိုင်အောင် ဝန်ဆောင်မှုပေးနေကြတာပါ။ တရုတ်နိုင်ငံမှာဆို အင်တာနက်စင်တာတွေကို ပေးထားတဲ့ အင်တာနက်လိုင်း အမြန်နှုန်းဟာ မိုဘိုင်းဖုန်းတွေ ပုံမှန်လိုင်းတွေထက် အဆပေါင်းများစွာ မြန်ဆန်ပါတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာန အနေနဲ့ ကျွန်တော်တို့ အများပြည်သူသုံး အင်တာနက်စင်တာတွေကို ဝန်ဆောင်မှု ပေးထားတဲ့ အင်တာနက်လိုင်းတွေ ယူထားတဲ့ လစဉ်ကြေးနဲ့တန်ဆောင် ဝန်ဆောင်မှုမပေးဘဲ လစ်လျူရှုထားတာတွေကို သမ္မတ သိအောင် အခုလို တင်ပြ တိုင်ကြားလိုက်ပါတယ်။ http://blog.irrawaddy.org/2012/06/blog-post_1544.html

5 comments

  • ဝေးလွင့်တိမ်

    August 13, 2012 at 10:16 pm

    ကောင်းပါ၏။ မည်သည့် အင်တာနက်လိုင်းမဆို မြန်နှုန်းမြင့်နေဖို့အရေးကြီးပါတယ်။ ဟုတ်ပ စီးပွားရေးလုပ်တဲ့သူတွေမှာလဲ ဈေးကြီးပေးဝယ်ပြီး လိုင်းကသုံးစားမရဖြစ်နေတာတွေ အများကြီးပဲ ကြားရ၊ မြင်ရပါတယ်။ ခုတောင်းဆိုချက်ကလေးအရမ်းကောင်းပါတယ်။

  • chityimhtoo

    August 13, 2012 at 10:34 pm

    ၁။မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာန internet connection ကိုဒီတိုင်းဘဲထားတော့မှာလား?
    ၂။မလုပ်တတ်ရင်လည်းလုပ်တတ်တဲ့လူကိုခိုင်းပါ။သူများနိုင်ငံတွေရဲ့ bandwidth ရာကျော်နေချိန်မှာမြန်မာနိုင်ငံ
    bandwidth 4GB ဆိုတာမရှက်ကျတော့ဘူးလား?
    ၃။မပြောလို့ မှန်နေပြီမထင်ပါနဲ့ လမ်းပေါ်ထွက်ပြီးဆန္ဒပြမှလုပ်ပေးရမယ်လို့ထင်ထားတာလား?
    ၄။မြန်မာပြည်မှာခုနောက်ပိုင်း facebook တွေတောင် ကောင်းကောင်းသုံးလို့မရတာဘာကြောင့်မသိသလိုနေတာလည်း?
    ၅။အင်တာနက်ဝန်ဆောင်မှူ့တွေတိုးချင်တိုင်းတိုးပြီးနိုင်ငံတကာ Bandwidth ကျတော့မတိုးတာဘာကြောင့်လည်း
    ပိုက်ဆံရတာဘဲလုပ်မယ်ဆိုတဲ့သဘောလား?
    ယနေ့ဖေ့ဘုတ်စာမျက်မှာတွေ့ရသောMPT အားမေးထားသောအချက် ၅ချက်။….

  • P chogyi

    August 14, 2012 at 8:58 am

    အောက်ဆုံးအဆင့် ဝန်ထမ်းတွေက စပြီး၊ လိုင်းလျော့လိုက်၊ ပြန်တင်လိုက်
    complain လုပ်ရင် ဖြေချင်သလိုမဖြေချင်သလို၊ ပေးရင်ပေးသလို၊ မပေးရင်မပေးသလို
    လုပ်နေတော့ ဘယ်မှာလိုင်းကောင်းတော့မှာလဲ။
    သူတို့ဆီက ပြသနာကြောင့် လိုင်းကျတာ၊ ပျက်တာတောင် သွားပြောလို့
    လာပြင်ရင် Service charge ပေးရတယ်။ ရတနာပုံဆိုရင် FEC တောင်သွင်းပေးရသေးတယ်။
    Second Operator စနစ်မြန်မြန်လာပါစေလို့ပဲ ဆုတောင်းရမှာပေါ့။

  • uncle gyi

    August 14, 2012 at 10:54 pm

    ပြောချင်နေတာကိုရေးသွားတဲ့ ကေပီ
    ဘရာဗိုပါပဲဗျာ
    နိုင်ငံတော်ကလည်းတာဝန်မခံ
    လုပ်နေတဲ့ကုန်မနီတွေကလည်းနိုင်ငံတော်လွှဲချ
    ဘယ်သူ့အဖေခေါ်ရမယ်မသိ
    စိတ်ညစ်လာလို့ရှိတဲ့လိုင်းကလေးအရှုံးခံဝဲပလိုက်ပြီ
    အေးရော
    အခုမှစိတ်ချမ်းသာလေစွ

  • ကိုသင်း

    August 15, 2012 at 9:45 am

    လုပ်တတ်တဲ့သူ လုပ်နိုင်မည့်သူ လုပ်ပြမည့်သူကို လွှဲပေးလိုက်တာ
    အကောင်းဆုံးပါပဲ။ ရလိုမှ ု တစ်ခုတည်းကို ကြည့်ပြိး ဆက်ပြိး
    ဖက်တွယ်ထားဥိးမယ် ဆိုရင် ပြည်သူတွေပဲ နစ်နာရမှာပါ။ စနစ်ပြောင်း
    တာတောင် ခေတ်ဟောင်းမှာ ကျန်နေရင် တိုးတက်မှ ုဆိုတာရနိုင်မှာ
    မဟုတ်ဘူး။ဘယ်သူသေသေ ငတေမာရင် ပြိးရော မလုပ်ပါနဲ့။

Leave a Reply