ရဟန်းတော်နှင့်အင်တာနက်

etoneJuly 6, 20101min520

မိတ်ဆက်
ဒီပို့စ်လေးကို ရေးချင်နေတာ ကြာပါပြီ။ ရေးပြန်ရင်လည်း အလွန်ကျယ်ပျံ့သည့်ခေါင်းစဉ်ဖြစ်နေသည် သို့သော် ခြုံမိ ငုံမိအောင်တော့
ရေးရပေအံ့။ သီတဂူစတားကို ကောင်လေးတွေ ကောင်မလေးတွေက မေးတဲ့ မေးခွန်းတွေကို
အခြေခံပြီး ဤပို့စ် ရေးဖို့ စိတ်ကူးရှိခဲ့တာကြာပါပြီ။ သီတဂူစတား ဘလော့ဂ်
မတည်ထောင်ခင်ကထဲက အစပျိုးခဲ့တာဖြစ်ပါတယ်။ သူတို့လေးတွေက ဘုန်းဘုန်းတွေ
အင်တာနက် သုံးကောင်းလားဘုရား? ရဟန်းတော်တွေနှင့် အင်တာနက်
အပ်စပ်ပါသလားဘုရား? သူတို့လေးတွေက သီတဂူစတားဆိုတာကို
ဘုန်းကြီးတစ်ပါးမှန်းလဲ မသိကြပါဘူး၊ သီတဂူစတားက
ဘုန်းကြီးမှန်းသိရအောင်လို့ကို အကောင့်မှာ ဝက်ဘဆိုက်လိပ်စာပါ တင်ထားရတယ်။
ဂျီတော့ G-talk အသုံးပြုခါစဆိုတော့ ချက်ချင်း သို့မဟုတ် ကြူ ချင်တော့
မိတ်ဆွေ ရှာနေချိန်မှာ forward ကနေ အင်ဗိုက် (invite) လုပ်ပြီး
သီတဂူစတားထံ ရောက်လာကြခြင်းဖြစ်ပါတယ်။ ဘောက် (box) ထဲရောက်လာတော့
ဘုန်းဘုန်းတစ်ပါးဖြစ်မှန်း သိတော့၊ ကန်တော့ဘုရား မသိလို့
အင်ဗိုက်လုပ်လိုက်မိတာပါဘုရားတဲ့။ သီတဂူစတားလဲ ဘယ်ရမလဲ ပြန် talk တာပေါ့
ရပါတယ်ဗျာ ရောက်လာတာ ကျေးဇူးတင်ပါတယ်၊ တွေ့ရတာ ဝမ်းသာပါတယ် စသည့်
လောကွတ်လေးတွေ talk လိုက်တယ်။ သိပ်ကြေနပ်ပုံမပေါ်သေးဘူး သူက ဆက်ပြီးတော့
ဘုန်းဘုန်းတွေ ချက်လို့ရလားတဲ့။ ဟားးးးး ရတာပေါ့ မချက်ဘဲ
ဘယ်လိုစားရမှာလဲပေါ့၊ ဟုတ်ဘူးဘုရား တပည့်တော် ပြောတာ ဂျီတော့ ချက်လို့
ရလားဘုရားတဲ့။ အဲဒီတုန်းကတော့ အချိန်သည် ငွေဖြစ်နေ၍ အများကြီး
မပြောလိုက်မိဘူး အနည်းငယ်သာ ပြောလိုက်သည်။ အခုမှ ကိုယ်ပိုင်
ဘလော့ဂ်လေးကလည်း ရှိလာတာက တစ်ကြောင်း၊ စာလည်း ရေးတတ်ချင်တာက တစ်ကြောင်း၊
သင်ရင်းကျင့်ဆိုတာလို လေ့ကျင့်ရင်း ပညာပေးခြင်း ပညာယူလိုခြင်းတို့ကြောင့်
ပို့စ်တစ်ခုအဖြစ် ရေးချင်လာသည်။ ဤပို့စ်လေးကို သီတဂူစတား၏ ဘဝနှင့်ယှဉ်ပြီး
သို့မဟုတ် အတွေ့အကြုံလေးနှင့် ယှဉ်ပြီးဖော်ပြလိုပါတယ်။ အထူးသဖြင့်
ချက်တင်း (chatting) ဖြင့်သာ အချိန်ကုန်စေပြီး အင်တာနက်၏
ကောင်းကျိုးဆိုးကျိုးကို မသိကျိုးကျွန်ပြုမိနေသော ညီငယ် ညီမငယ်တို့အတွက်
သတိပေးစကားလေးလည်း ဖြစ်နိုင်ပါလိမ့်မယ်လို့လည်း မျှော်လင့်မိပါသည်။

လောကကြီးနဲ့ ဝေးးးးး
အင်တာနက်ခေတ် မြန်မာပြည် စရောက်လာတဲ့အချိန် သီတဂူစတားတို့ လူ့လောကထဲ မရောက်သေးဘူးလို့
ဆိုရပါ့မယ်၊ အဲဒီခေတ် အဲဒီအချိန်ခါက စာသင်သားရဟန်း သာမဏေတို့၏ဘဝက
စာသင်တိုက်ကြီးထဲမှာ စာကျက်၊ စာဝါတက်၊ ဘုရားဝတ်တက်၊ အချိန်ပိုင်း
တရားထိုင်၊ နေ့စဉ် ဩဝါဒ နာကြား စသည့် သာသနာ့ဝန်ထမ်းတို့ရဲ့ အလုပ်တွေနဲ့
ဘဝကို နှစ်မြုပ်ခဲ့ကြရပါတယ်။ ပြင်ပလောကကြီးနှင့် အဆက်အသွယ်မရှိခဲ့၊
လက်နှိပ်စက်ခေတ်ကုန်စ ကွန်ပျူတာ ပေါ်ခါစခေတ်ပေါ့။ ရလဒ်က အပြင်ပက
လူဝတ်ကြောင်တွေနှင့် တွေ့မှာကိုပင် ရှက်သလို ကြောက်သလို ဖြစ်ခဲ့။
သူတို့နှင့်လည်း အံဝင်ခွင်ကျအောင် စကားတွေလည်း မပြောရဲ မပြောတတ်။
သို့သော်လည်း တစ်ခုကောင်းတာက လောဘ ဒေါသတွေ နည်းစေပြီး သမာဓိ ပိုရစေသည်
ထင်ပါသည်။ အကယ်၍သာ အဲဒီခေတ် အဲဒီအချိန်တုန်းက လောကကြီးထဲမှာ ယခုလို
အင်တာနက်ခေတ်ပေါ့ တွေ့ကြုံခဲ့မယ်ဆိုရင် သီတဂူစတား ဘဝသည်လည်း
အပြောင်းအလဲလေး တစ်ခုတော့ ဖြစ်သွားနိုင်ဖွယ်ရှိတယ်၊ ဘယ်လို ဘယ်ပုံစံ
ပြောင်းသွားမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ တစ်ခုခုတော့ ဖြစ်မယ်ထင်သည်။
ယခုတွေ့တော့ကော ဘာမှ ထူးပါဘူး၊ ဟီးးးးးးးး။ ကွန်ပျူတာခေတ်ရောက်လာပါပြီ။

ကွန်ပျူတာ
ကွန်ပျူတာခေတ်ဆိုတာ သီတဂူစတားအတွက်ပြောတာပါ၊ မြန်မာပြည် ခေတ်စားနေတာ ၅ နှစ်လောက်ကြာပြီးမှ
သီတဂူစတား ကွန်ပျူတာ စမြင်ဖူးတာပါ။ မှတ်မှတ်ရရ ၁၉၉၅ ခုနှစ်က ထင်ပါသည်
ဆရာဘုန်းကြီးက ကွန်ပျူတာသင်ခိုင်းတာနဲ့ စာစီစာရိုက်ပညာ တစ်လကျော်ကျော်
သင်လိုက်ရသေးသည်၊ ကွန်ပျူတာသည် မရှိမဖြစ် လိုအပ်တာပါလားဆိုတာ သိလိုက်ရသည်။
အဲဒီအချိန်က ကွန်ပျူတာ မပြောနဲ့ ကွန်ပျူူတာသုံး discard အပြားလေးတောင်
မသုံးနိုင်ခဲ့။ ကျောင်းတိုက်ကြီးထဲမှာ အင်္ဂလိပ်စာတောင် ခိုးသင်ရတဲ့ခေတ်
ကွန်ပျူတာဆိုတာဝေး တဲ့အချိန်က သီတဂူစတားတို့ ဘုန်းတော်ကြီးက လူကသာ
အလွန်ရိုးတာ ဒီလိုခေတ်ပညာရပ်တွေကိုတော့ အလွန်စိတ်ဝင်စားသည်။ တိုက်ထဲမှာ
သူတစ်ယောက်သာလျှင် ရှိတာလေးတွေ ထုခွဲပြီး ကွန်ပျူတာ
အဟောင်းလေးတစ်လုံးဖြစ်အောင် ဖန်တီးခဲ့သဖြင့် သီတဂူစတားတို့ ကွန်ပျူတာ
စအသုံးပြုခွင့်ရခဲ့သည်။ discard အပြားသေးသေးလဲထဲမှာ စာမျက်နှာ
သောင်းနှင့်ချီရှိတဲ့ ပိဋကတ်စာတွေ ထည့်ထားနိုင်ကြောင်း ဆရာဘုန်းကြီးက
ပြောပြသဖြင့် အံ့ဩခဲ့ရဖူးသည်။ နောက်ပိုင်း စီဒီပြားတွေခေတ်စား ထိုနောက်
rewrite စီဒီပြားတွေ ခေတ်စားလာပြန် အဲဒီနောက်တော့ memory stick
အချောင်းလေးတွေပေါ်လာသဖြင့် နောက်ပိုင်း ကွန်ပျူတာတွေမှာတောင် ထို discard
ထည့်စရာ နေရာတောင် မပါတော့။ အခုတော့ MG ရာနှင်ချီရှိတဲ့ memory stick
တွေပေါ်နေပြန်သည်။ ကွန်ပျူတာတွေလည်း တစ်နှစ်နှင့် အသစ်ဆန်းတွေ ပေါ်နေသည်။
နည်းပညာရပ်တွေက ရှေ့ကပြေးနေသေည် သီတဂူစတားတို့က နောက်ကနေ ဖတ်ဖတ်မောနေအောင်
လိုက်နေရသည်။ ယခုတော့ ကွန်ပျူတာသည် သီတဂူစတား၏ ဘဝဖြစ်နေသည်။ ကွန်ပျူတာ
မရှိရင် မနေတတ် သို့သော်လည်း ကိုယ်တိုင်လည်း မဝယ်နိုင်ခဲ့။ ကွန်ပျူတာပညာ
တီးမိခေါက်မိ ရှိလာတော့ အင်တာနက်ခေတ် ရောက်လာပြန်သည်။

အင်တာနက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရောက်လာတော့မှ ကွန်ပျူတာကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ရသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရောက်လာသူတိုင်း ကွန်ပျူတာပညာသည်
မဖြစ်မနေတတ်ကိုတတ်ရမည်ဟု ဆရာတော် အမိန့်ရှိထားသဖြင့် ကျောင်းသားအားလုံး
ကွန်ပျူတာ အထိုက်အလျောက် ကျွမ်းကျင်ကြသည်။ အချို့လည်း ပညာရှင်အဆင့်အထိ
ကျွမ်းကျင်ကြသည်၊ အချို့ graphic design , Photoshop တွေအထိ
နိုင်နိုင်နင်းနင်းရှိကြသည်သဖြင့် တက္ကသိုလ်အတွက် အားထားရသည်။ နောက်
များမကြာမီမှာပဲ အင်တာနက်ပါ တပ်ဆင်လိုက်သည်၊ အဲဒီခေတ်အခါက အင်တာနက်သည်
စစ်ကိုင်းမြို့မှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာပဲ ရှိသည်။ အခုတော့
မြို့ထဲမှာ cybercafe တစ်ခု ရှိနေပြီဟု သိရပါသည်။ အင်တာနတ်
သီတဂူကမ္ဘာ့တက္ကသို်လ်တွင် မတပ်ဆင်မီက အင်တာနက်ဆိုတာ ဘာမှန်းမသိခဲ့၊
မသိလို့ပဲ အသုံးပြုရကောင်းမှန်းမသိခဲ့။ ကွန်ပြူတာသည်လည်းအင်တာနက်ဖြင့်
တွဲအသုံးပြုကာမှ သူ့ရဲ့တံဖိုးက ပိုမြင့်လာသည်။ အင်တာနက်ကို
အသုံးပြုလာသောအခါမှ အော်–ကမ္ဘာကြီးက အတော်ကို ကျဉ်းသွားတာပါလား၊ ကမ္ဘာကြီး၏
အရှေ့ အနောက်၊ တောင်နှင့်မြောက်သည် ရွာတစ်ရွာလောက်တောင် မကျယ်တော့ပါလား။
အင်တာနက်ကနေ ချက်ချင်း လူလူချင်းမျက်နှာချင်းဆိုင် စကားပြောလို့ရသည်။
လူလူချင်းတစ်ယောက်နှင့်တစ်ယောက် ကြည့်၍ မျက်နှာချင်းဆိုင် ပြောလို့ရသည်။

အွန်လိုင်းမိတ်ဆွေ
အရင်တုန်းကလို စာတိုက်ပုံးတွေ သုံးစရာမလိုတော့ဘဲ စက္ကန့်ပိုင်းအတွင်း တစ်ယောက်နှင့်
တစ်ယောက် ထိထိရောက်ရောက် ဆက်သွယ်လို့ရသည်။ အချို့သိပ်ကျွမ်းကျင်သူတော့
အွန်လိုင်းကနေပဲ အဖော်ကောင်းတွေဘာတွေရလို့။ သီတဂူစတားတော့ မဟုတ်ဘူးနော်
သို့သော်လည်း သီတဂူစတားအတွက် ညီအစ်ကို မောင်နှစ်မလို ခင်ရသည့် မိတ်ဆွေတော့
ရလာပါသည်။ ဒါကိုကြည့်ပြီး အချို့ကလေးမလေးတွေက မေးသည်မှာ ဘုန်းဘုန်းတွေ
အွန်လိုင်း သုံးလို့ရလားဘုရား? အပ်စပ်ပါသလားဘုရား?တဲ့။ အော်– ဟုတ်မှာပဲ
သူ့အတွေးက အင်တာနက်ကို နှစ်ယောက် ချက်တင်း (chatting)
စကားပြောလို့ပဲရတယ်လို့ထင်ပုံပဲ၊ သူသင်ထားတဲ့ အင်တာနက်ကလဲ gtalkနှင့်
chatting လောက်ပဲ တတ်ထားပုံပဲ၊ အင်တာနက်ကို
ကျယ်ကျယ်ပျံ့ပျံ့ အသုံးမပြုနိုင်တော့ ဤကဲ့သို့ပဲ တွေးဟန်တူပါသည်။
ကိုယ့်ရဲ့ အိပ်ခန်းထဲကနေပဲ့ အင်တာနက်ကို အသုံးပြုခါ ကမ္ဘာနှင့်ချီပြီး
စီးပွားရှာလို့ရတယ်ဆိုတာ သိဟန်မတူ။ ယနေ့ခေတ် ပြည်ပမှာ
ခရီးသွားတဲ့အခါမှာတောင် ရထားလက်မှတ်၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်နှင့်
ဟိုတယ် ဘုတ်ကင် လက်မှတ်တို့ကို ရုံးတွေမှာ အချိန်အကြာကြီးစောင့်ပြီး
သွားတိုးနေစရာမလို၊ တန်းစီနေစရာမလိုဘဲ အင်တာနက်ကနေ e-ticket တွေအလွယ်တကူ
ဝယ်ယူနုုုုုုုုုုုုုုုုုိုင်သည်၊ ပိုက်ဆံကဒ်စနစ်ရှိဘို့တော့လိုသည်၊
အင်တာနက် အွန်လိုင်း ဈေးကွက်သည် ကဒ်ကို အသုံးပြုရပါသည်၊
ကဒ်စနစ်အသုံးမပြုနိုင်သော နိုင်ငံတွေအဖို့ အွန်လိုင်းဈေးကွက်စနစ်ကို
အသုံးမပြုနိုင်တဲ့အတွက် အင်တာနက်သည်လည်း သူတို့အတွက် အသုံးဝင်မှု
နည်းပါးသည်။ တကမ္ဘာလုံး အင်တာနက်စနစ်ကို ကျယ်ကျယ်ပျံ့ပျံ့ သုံးနိုင်ပေမဲ့
အချို့နိုင်ငံတွေအတွက် အင်တာနက်အခန်းက နည်းပါးနေသဖြင့် ပြည်သူတွေလဲ
အင်တာနက်ကို ကောင်းကောင်းအသုံးမပြုနိုင်ဘဲရှိနေသည်။

ရဟန်းတော်များနှင့်အင်တာနက်
အင်တာနက်သည် မီးနှင့်တူပါသည်။ မီးသည် သုံးသူအပေါ်မှာမူတည်ပြီး အကောင်း အဆိုး
အကျိုး၂မျိုးကို ပေးနိုင်သလို အင်တာနက်သည်လည်း အကောင်း အဆိုး
နှစ်မျိုးကိုပေးနိုင်ပါသည်။ အဆိုးကျိုးကိုသာ ပေးနိုင်သည့် အင်တာနက်ကိုတော့
ရဟန်းတော်များ မအပ်စပ်ဘူးလို့ဆိုနိုင်ပါသည်။ ကောင်လေး ကောင်မလေးတွေ
အွန်လိုင်းက သမီးရီးစားပြောသလို၊ ဒါတင်မကသေးဘူး အွန်လိုင်းကနေ အမနာပ
စကားတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ပြောခြင်း၊ ဆဲဆိုခြင်း၊ ကိုယ်ကျင့်တရားကို
ပျက်ပြားစေသည့် ဆိုက်တွေကို ကြည့်ခြင်း၊ အွန်လိုင်းကနေ လိမ်လည်
လှည့်ပတ်ခြင်း စသော အကျိုးမများတဲ့ အင်တာနက်ကိုတော့ ရဟန်းတော်များ
မသုံးအပ်ဟူ၍ယူဆပါသည်။ ဘုရားလက်ထက်တော်က အင်တာနက်မပေါ်သေး၍
အင်တာနက်နှင့်ပက်သက်ပြီး ဝိနည်းမှာတော့ ပညတ်ထားသည့်
သိက္ခာပုဒ်များမရှိသော်လည်း အပြောအဆိုနှင့်ပတ်သက်၍၎င်း (ဝစီကံ) ကြည့်ရှုခြင်း
(ကာယကံ) စသည်တို့နှင့်ဆက်နွယ်သော စည်းကမ်းဥပဒေတော်တွေအရသော်၎င်း အင်တာနက်ကို
ပြဆိုခဲ့သည့် အကျိုးမဲ့စေသည့် အသုံးပြုနည်းကိုတော့ ရဟန်းတော်များ
အပ်စပ်ဟန် မတူ။

တစ်ဖက်ကကြည့်ပြန်ရင်တော့ အင်တာနက်သည် အလွန်အကျိုးများပါသည်။ သီတဂူစတား အသုံးပြုတာကိုပဲ ထောက်ပြပါ့မယ်၊
သီတဂူစတားတို့လို ပြည်ပကျောင်းတက်နေသူတွေအတွက်ပဲဖြစ်ဖြစ် အလုပ်နဲ့
ပြည်ပရောက်နေသူပဲဖြစ်ဖြစ် အလွန် လိုအပ်သည့် မီဒီယာတစ်ခုဖြစ်ပါသည်။
တိုင်းတပါးကေနေ ကိုယ့်ရဲ့ မိဘဆွေမျိုး သူငယ်ချင်းတွေနဲ့ နေ့စဉ်
ဆက်သွယ်လို့ရသည်။ တိုင်းပြည်ခြားနားပေမဲ့ မိသားစုနှင့် မျက်နှာချင်းဆိုင်
စကားလက်စုံပြောလို့ရသည်။ ပြည်ပကျောင်းသွားတက်ချင်သူတွေအတွက် ဘယ်တက္ကသိုလ်က
ဘယ်လိုအခြေအနေရှိတယ်၊ ကုန်ကျစရိတ်နှင့် တက္ကသိုလ်နှင့်ပတ်သက်သည့် သတင်း
အင်ဖော်မေးရှင်း(information) တွေကို အင်တာနက်ကနေပဲ ရှာနိုင်သည်။
နောက်တစ်ခုက ကျောင်းသားတစ်ယောက်ဖြစ်ဖို့ ပြည်ပတက္ကသိုလ်တွေစီ
ကိုယ်တိုင်သွားစရာမလိုတော့ဘဲ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလတ်တွေကို စကန်
(scan) ဖတ်ပြီး ကိုယ့်သူငယ်ူချင်း (ကို်ယ့်တက်မည့်တက္ကသိုလ်တွင် ရှိနေသူ)
ထံ မေးလ်ကနေ ပို့လိုက်ရုံဖြစ်ပါသည်။ အရင်ခေတ်က စာတိုက်ကို
အသုံးပြုရသဖြင့်၎င်း လူကြုံနဲ့ပို့ရသဖြင့်၎င်း ကြာလည်းကြာသည်၊ တခါတရံ လမ်းမှာပဲ
ပျောက်သွားသည့်အတွက် စိတ်မချရပေ။ ကိုယ်ကိုတိုင် သွားပြန်ရင်လည်း
အပြန်အသွား ၁ဝ သိန်းလောက် ပိုကုန်လိမ့်ဦးမည်။ ဤကား အင်တာနက်၏ မီဒီယာအဖြစ်
အသုံးဝင်နေသည်အတွက် ရဟန်းတော်များအတွက် မရှိမဖြစ်လိုအပ်နေပြန်သည်။ တောထဲ
တောင်ထဲ၊ ကျေးရွာ သို့မဟုတ် အေးအေးဆေဆေး နေချင်သူတွေအတွက်တော့ လိုဟန်မတူ။

အွန်လိုင်း ပညာရေး
ပညာရေးကို လိုက်စားနေသူတွေအတွက် အလွန်တန်ဖိုးရှိပါသည်။ အွန်လိုင်းကနေပဲ
ဘွဲ့ယူတဲ့အထိရအောင် ဖန်တီးပေးထားသည်။ ဘာသာစကား အမျိုးမျိုး သင်နိုင်သည်။
အထူးသဖြင့် စီးပွာရေးပညာ professional subject ပဲဖြစ်ြဖြစ်
non-professional subject နှင့် ပဲဖြစ်ဖြစ် သုတေသန လုပ်နေသူတွေအတွက်
အင်တာနက်သည် မရှိမဖြစ်လိုအပ်နေသည်။ သုတေသန ကျောင်းသား ဖြစ်စ သီတဂူစတား M.A
ကျောင်းသားဘဝက ကျောင်းစာတွေအတွက် အင်တာနက်ကို ပယ်ပယ်နယ်နယ်
အသုံးပြုခဲ့ရသည်။ သီတဂူစတား ယူထားသော ဘာသာရပ်သည် non-professional subject
(philosophy) ဖြစ်သည်။ သို့သော်လည်း ထိုဘာသာရပ်သည်ပင် အင်တာနက်နှင့်
ကင်း၍မရပါ။ ဆရာ ဆရာမတွေသည်ပင် သူတို့၏ topic များကို သင်သည့်အခါ
အင်တာနက်ကို ညွွှန်းလေ့ရှိသည်၊ လေ့လာရန် လင့်ခ် link များ ပေးလေ့ရှိသည်။
ကိုယ်လိုချင်သော ခေါင်းစဉ်ကို စာအုပ်တွေမှာ ရှာလို့ကော
မရနို်င်ဘူးလားဆိုတော့ ရနိုင်ပါသည်၊ သို့သော် စာအုပ်သည်
အလွန်ကျယ်ပြန့်သလို စာအရေးအသားတွေလည်း နားလည်ဘို့ အရမ်းခက်ခဲပါသည်။
အင်တာနက်ကပေးသော explanation များသည် တိုတိုနှင့်
ရှင်းရှင်းလင်းလင်းရှိသည်၊ ကျောင်းသားတစ်ယောက်အဖို့ နားလည်ရန် လွယ်ကူသည်။
စီးပွားရေးပညာနှင့် သိပ္ပံပညာရပ်များ ယူသော ကျောင်းသားများသည်ကား
အင်တာနက်ကို လုံးဝကို အားကိုးရတော့သည်။ အင်တာနက်မှာ စာရှာရတာ
အရမ်းလွယ်ကူပါသည်။ ကိုယ်လိုချင်တဲ့ စာလုံး သို့မဟုတ် article ဆောင်းပါးကို
Google search ကနေ အလွယ်တကူ ရှာနိုင်ပါသည်။ အဲဒီတော့ အမ်အေ
ကျောင်းသားတစ်ယောက်သည်ပင် အင်တာနက်သည် ဤမျှလောက် လိုအပ်နေပါလျှင်
အရေးပါနေပါလျှင် သုတေသန ကျောင်းသားတစ်ယောက် အတွက် ပြောပြဘွယ်ပင်
မလိုတော့ပေ။ အင်တာနက်အကြောင်းကား အရမ်း ကျယ်ပြန့်ပါသည်။
အင်တာနက်နှင့်ပတ်သက်သည့် အကြောင်းအရာများကို အင်တာနက် သို့မဟုတ် internet
ဆိုပြီ Google Search မှာ ရိုက်ထည့်ပြီး ရှာနိုင်ပါသည်။ သီတဂူစတားတင်ပြသော
အင်တာနက်ကား ရဟန်းတော်များနှင့် အင်တာနက်ဖြစ်ပါသည်၊ နည်းပညာ၊ စီးပွားရေး၊
နိုင်ငံရေးနှင့် ပတ်သက်သည့် အင်တာနက်ကိုကား နားမလည်ပါ။

နိဂုံး
အချုပ်အားဖြင့်ပြောရလျှင် အင်တာနက်ဟူသည် အကောင်းရော အဆိုးတွေပါ ရရှိနိုင်တဲ့ ရွာကြီးတရွာဖြစ်ပါသည်၊
ရဟန်းတော်များသည် မြို့ထဲ ရွာထဲ ရပ်ကွက်ထဲတွင် မသွားကောင်းသော နေရာ
သွားကောင်းသော နေရာများ ရှိသလို အင်တာနက်တည်းဟူသော ထိုရွာတွင်လည်း
မသွားသင့်သောနေရာ သွားသင့်သော နေရာများ ရှိပါသည်။ user တွေရဲ့
ရည်ရွယ်ချက်နှင့် အသုံးပြုမှုပေါ်မှာ အခြေခံပြီး အကောင်း
အဆိုးရလာဒ်များလည်းဖြစ်နိုင်ပါသည်။