ရထားတဲ့ဘွဲ့က ဓါတ်ပုံချိတ်နိုင်ဖို့ပဲလား

etoneAugust 14, 20121min36238

ပြီးခဲ့တဲ့ ပိတ်ရက်တစ်ရက်က ၊ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတဲ့ ကျွန်မကို ၊ အမျိုးတစ်ယောက်နေမကောင်းတာ သတင်းမေးသွားဖို့ ၊ အိမ်ကလူကြီးတွေတွန်းအားပေးတာကြောင့် မသွားချင်ပဲ သတင်းမေးရောက်ခဲ့ပါတယ် ။  နေမကောင်းတဲ့ လူကို ကြည့်ပြီး ရယ်ပြရမလား ၊ စိတ်မကောင်းပဲဖြစ်ရမလား ၊ သူ့ဝေယျာဝစ္စတွေပဲ ကူလုပ်ပေးရမလားဆိုတဲ့ အတွေးတွေနဲ့ စိတ်ရှုပ်နေတာကြောင့် မသွားချင်ခဲ့တာပါ ။ နေမကောင်းတဲ့ လူဆီသွားတဲ့အခါ ၊ လက်ဗလာနဲ့သွားလို့မဖြစ်တော့ ၊ တစ်ခုခုဝယ်ဖို့တွေးရပြီပေါ့ ။ ဘာရောဂါဖြစ်မှန်းလည်း မသိ ၊ ဘာစားချင်မှန်းလည်းမသိ ၊ ဘာစားလို့ သင့်တော်လဲမသိတော့ ၊ သူ့အတွက် တစ်ခုခုဝယ်ဖို့ တွေးရတာကစပြီး စိတ်ကျဉ်းကြပ်သလို ခံစားရပါပြီ ။

%%%%%%%%%%%%%%

မရောက်ဖြစ်တာ ကြာပေမယ့် ၊ ခပ်ရေးရေးမှတ်မိနေတဲ့ အသိဉာဏ်ထဲကအတိုင်း ၊ တက္ကစီသမားကိုမောင်းခိုင်းတော့ ၊ အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ပါတယ် ။ ဖိနပ်စင်က တောင်တဖက်မြောက်တဖက် ၊ ဗျောက်သောက်ဖြစ်နေတဲ့ ဖိနပ်တွေကို ကြည့်ရုံနဲ့ အိမ်ထဲမှာ ဧည့်သည်တွေရောက်နေတာ အတပ်မှန်းလို့ ရပါတယ် ။ လူတောလည်း မတိုး ၊ စကားရောဖောရောလည်း မကျွမ်းကျင်တော့ ၊ အိမ်ထဲဝင်မယ့်ခြေလှမ်းတွေ နောက်ပြန်ဆုတ်ချင်သလိုလိုဖြစ်မိခဲ့တယ် ။ အကြီးကျယ်ကို … စိတ်အကျဉ်းကြပ်ထဲရောက်ခဲ့ရပါတယ် ….. ။ လိုလိုလားလားနဲ့ … စိတ်ပါလို့ လာခဲ့တာမျိုးမဟုတ်တော့ မြင်သမျှ ၊ ကြုံသမျှအခြေနေတိုင်းက အိမ်ထဲမဝင်ခင်ကတည်းကိုက …… စိတ်ရှုပ်စရာတွေချည်းပဲပေါ့ ။ လာပြီးမှတော့ ဒီအတိုင်းပြန်သွားလျှင် ၊ အိမ်ကလူတွေရဲ့ ပါးစပ်သေနတ်ဒဏ်နဲ့ စကားကြီးစကားကျယ် ၊ နားကြားပြင်းကပ်စရာ စကားသံတွေ ကြားရနိုင်တာကြောင့် …… အသက်ကို အိမ်ဝမှာတင် ဝဝရှုပြီး ၊ မှင်သေသေမျက်နှာနဲ့ အိမ်ထဲဝင်ခဲ့ပါတယ် ။ (လူမမာ လာမေးတာ စပ်ဖြီးဖြီး ဝင်သွားလို့ကလည်း မကောင်း ၊ ငိုမဲ့မဲ့ လုပ်သွားလို့ကလည်း နိမိတ်မရှိဘူးထင်တတ်တာကြောင့် ၊ မှင်သေသေရုပ်နဲ့ သွားရတာပါ 😛  )

အိမ်ထဲလည်းရောက်ရော ၊ လူမမာ အဖွားက ကုတင်အိပ်ယာပေါ် ပက်လက် ၊ ဖုတ်လိုက် ဖုတ်လိုက် အသက်ရှပြီး မှိန်းနေပေမယ့် ဘေးပတ်လည်က အိမ်သားတွေနဲ့ ၊ လူနာသတင်းမေးလာတဲ့ ဆွေးတော်ရှစ်သောင်းမျိုးတော်အပေါင်းက စားလိုက်သောက်လိုက် ၊ ရယ်လိုက်မောလိုက်နဲ့ ၊ အလှူကို မီးခိုးတိတ်လာစားတဲ့ လူအုပ်ကြီးနဲ့တောင် ဆင်တူနေပါတယ် ။ အမျိုးတွေဆို သိပ်ပြီး ရောရောနှောနှော လက်ပွန်း တတီး မနေတတ်တဲ့ကျွန်မအတွက် ၊ မျက်နှာတွေက မြင်ဖူးသလိုလို ရှိပေမယ့် ၊ တစိမ်းတွေလို စိမ်းနေပါတယ် ။ လာသတင်းမေးတဲ့ … အမျိုးဆွေတွေကို ကောင်းကောင်း ဘယ်သူဘယ်ဝှာလို့ မမှတ်မိပေမယ့် အိမ်သားတွေနဲ့တော့ ၊ မေးထူးခေါ်ပြော အဆင့်လောက်ရှိခဲ့တာကြောင့် ၊ ဆက်လျှင်တော်တဲ့ ကြီးတော်ကြီး ဖြစ်သူကပဲ ကျွန်မကို လာနှုတ်ဆက် ၊ စကားထိုင်ပြောဖြစ်ခဲ့ကြတာပါ ။ သွားကတည်းက အပြန်ထိ နေမကောင်းတဲ့ လူမမာကတော့ ….. မှိန်းနေတာကြောင့် စကားမပြောဖြစ်ခဲ့ပါဘူး ။ ကြီးတော်ဆိုသူနဲ့ စကားပြောဖြစ်တော့ ၊ မှတ်မှတ်ရရ အိမ်မှာ ပုံကြီးချဲ ့ချိတ်ဆွဲထားတဲ့ ၊ သူတို့ လင်မယား ဘွဲ ့ဓါတ်ပုံကြီးအကြောင်းကို ရောက်သွားပါတော့တယ် ။

လိုအပ်တာထက်ကို ပိုပြီး အကြီးချဲ ့ထားတဲ့ ဘွဲ့ ဓါတ်ပုံကြီးက အိမ်ဦးခန်းမှာ နေရာယူလို့ပေါ့ ။ အိမ်ထဲဝင်ကတည်းက သတိထားမိ ခဲ့ပေမယ့် ချက်ချင်းကြီးမေးလို့ မကောင်းတာကြောင့် စကားပြောလို့ ၊ ခဏကြာမှ ၊ သိချင်စိတ်ကို ထိန်းမရတာကြောင့် မေးဖြစ်ခဲ့ပါတယ် ။ မိဘအစဉ်ဆက်ချမ်းသာလာတဲ့သူတို့ မျိုး ရိုး ၊ ပညာရေးထက် စီးပွားရေးကိုသာ အလေးပေးခဲ့တာ ၊ ပညာမတတ်ချင်နေ ၊ သချာင်္ တွက်တတ်လျှင်တော်ပြီဆိုပြီး သဘောထားခဲ့တာ ကျွန်မမှတ်မိပါတယ် ။ ဘွဲ့ဓါတ်ပုံသာ ချိတ်ထားတာ ၊ သူတို့ လင်မယားနှစ်ယောက်ပေါင်းလျှင်တောင် ဆယ်တန်းမပြည့်တာကအစ ကျွန်မ ခေါင်းထဲ မှတ်မိနေတုန်းပါ ။ ဒီဘွဲ့ ဓါတ်ပုံကြီး အိမ်ဦးခန်းမှာ နေရာယူတော ့ သိချင်စိတ်ပြင်းပြမိတယ်ပေါ့ ….. ဒါနဲ့ပဲ မေးကြည့်တော့ ….  အခုလို လူမမာ လာမေးတဲ့အချိန် ၊ လူများမှာမို့ …. လူရှိန်အောင် အလှချိတ်ထားတာမှန်း သိခဲ့ရတော့တယ် ။ သူ့ဖြေပုံလေး နားထောင်မိရင်း ၊ စိတ်ထဲ မတင်မကျဖြစ်သွားမိတယ် ။ အိမ်တွေမှာ ဘွဲ့ဓါတ်ပုံကြီးတွေ အကြီးချဲ ့ပြီး ၊ အလှပြချိတ်ထားကြတာ အိမ်အတော်များများမှာ တွေ့ ဖူးပါတယ် ။ အိမ်ရဲ့ ကျက်သရေဆောင်ဓါတ်ပုံလို့ပဲ သတ်မှတ်သလား ၊ လူရှိန်အောင်ပဲ ချိတ်သလား၊ အမှတ်တရအနေနဲ့ပဲ ချိတ်သလားဆိုတာကတော့ ၊ ချိတ်ထားသူတွေကပဲ သိပါလိမ့်မယ် ။ တစ်ချို့ကလည်း ဘွဲ့ရလို့ကို ဘွဲ့ဓါတ်ပုံချိတ်ကြတယ် ၊ တချို့ကလည်း မရပဲနဲ့ ချိတ်ကြတယ် ၊ ဘယ်လိုပဲ ချိတ်ချိတ် ဘွဲ့ဓါတ်ပုံက လောလောဆယ်ထိ  အိမ်တွင်းအလှဆင်ပစ္စည်းတစ်မျိုးလိုမျိုး အသုံးပြုနေကြသေးတာ တွေ့နေရတုန်းပါ ။

ကျွန်မစိတ်ထဲ သိချင်မိတာက ဘွဲ့ ဓါတ်ပုံကပဲ အသုံပြုဖို့သင့်တော်တာလား ၊ ရယူထားတဲ့ ဘွဲ့ကရော အသုံးမတည့်ဘူးလား ၊ ဘွဲ ့ယူထားတာက နောက်ဆုံး ဓါတ်ပုံလေး တစ်ပုံ နံရံပေါ် ချိတ်ဆွဲထားနိုင်ဖို့ အတွက်လားဆိုတာပါ ။ ကျွန်မတို့တွေ ငယ်ငယ်က ပရိုက်ဗိတ်ကျောင်းတွေ မပေါ်သေးတော့ ၊ အစိုးရအသိမှတ်ပြုကျောင်းတွေမှာပဲ အခြေခံပညာကို မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း အဆင့်ဆင့်ခွဲတက်ခဲ့ရပြီး အဲ့ဒီကျောင်းတွေက စစ်တဲ့ စာမေးပွဲကို ဝင်ဖြေခဲ့ကာ ၊ ကိုယ်မှီရာ အမှတ်အလိုက်ရော၊ ဝါသနာနဲ့ ရွေးချယ်မှု အရပါ ၊ သက်ဆိုင်ရာ တက္ကသိုလ်တွေ အသီးသီး တက်ခဲ့ကြရတယ် ။ ယေဘုယျသုံးနှုန်းရလျှင် အဆင့်ဆင့် ပညာသင်ကြတယ်ပေါ ့ ၊ နောင်တချိန်မှာ ပြန်လည်အသုံးချဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုယ်စီနဲ ့ပါ ။ တကယ်တမ်းရွေးချယ်ရာ ဘာသာအလိုက် တက္ကသိုလ်တက်၊ ကျောင်းပြီးလို့ ဒီပညာနဲ့ပြန်အသုံးချနိုင်တဲ့အရေတွက် အတော်လေးနည်းပါးသွားတာ တွေ့ရတယ် ။ ဒါ မဖြစ်သင့်တဲ့ အနေထားမျိုးပါ ။ ကိုယ်သင်ထားတဲ့ ပညာရပ်က အလုပ်ခွင်ဝင်ဖို့အတွက် အထောက်ပံ့မဖြစ်နိုင်ဘူးဆိုလျှင် ၊ ကျွန်မတို့ ပညာသင်ခဲ့တဲ့ အချိန်အား ၊ ငွေအား ရင်းနှီးမှုတွေက ဒီဘွဲ့ဝတ်စုံနဲ့ ဓါတ်ပုံတစ်ပုံ ရိုက်ရဖို့အတွက် ကြီးကြီးမားမား ရင်းနှီးခဲ့ရတာများလား ။

ခေါက်ရိုးကျိုးနေတဲ့ တလမ်းသွား သင်ကြားမှု ပုံစံတွေ ၊ တာဝန်ယူလိုစိတ်ကင်းမဲ့မှူတွေ ၊လက်တွေ့လေ့ကျင့် သင်ကြားပေးမှုလျော့ရဲ တာတွေ ၊  ကျောင်းသားတွေဘက်က နာယူလိုစိတ် ပျက်ကွက်မှုတွေ ၊ အာရုံစူးစိုက်မှုလျော့နည်းမှုတွေ ၊ အရည်ချင်းစစ်ဆေးမှု ညံ့ဖျင်းမှုတွေကြောင့် ၊ သင်ယူခဲ့တဲ့ ဘာသာတွေ တဆင့်ပြန်အသုံး ချနိုင်သူနည်းပြီး ၊ အပြင်အလုပ်ခွင်နဲ့ အံဝင်ခွင်ကျမဖြစ်ရတာလို့ပဲ ဉာဏ်မှီသလောက်တွေးမိပါတယ် ။ တစ်ပွဲထိုး သင်ကြားမှုစနစ်တွေနဲ့ စပေါ့ရိုက် နံကြားထောက်ဖြေနေတဲ့ ကျောင်းသားတွေကြားထဲ ရထားတဲ့ ဘွဲ့ ၊ သင်ထားတဲ့ ဘာသာရပ်နဲ့ ရပ်တည်ဖို့ ၊ နေရာရဖို့ ခက်ခဲလာတဲ့အပြင် ၊ အလုပ်ခွင်ဝင်တဲ့အခါလည်း (ဘယ်အကပ်မှ မပါပဲ) ဝင်ဝင်ချင်း ရာထူးမြင့်နေရာမျိုး ရဖို့ ခဲယဉ်းလာတာ မြင်တွေ့ ရပါတယ် ။ အခြေတကျရပ်တည်နိုင်ဖို့ အတွက်ရည်ရွယ်ပြီး သင်ခဲ့တဲ့ ပညာ ၊ ဘွဲ့လက်မှတ်တစ်ခု ၊ ဓါတ်ပုံလေးတစ်ပုံ ချိတ်ဆွဲထားရုံလောက်နဲ့သာ အဆုံး သတ်သွားမယ်ဆိုလျှင် ပညာသင်နေစဉ်အတွင်း ပေးဆပ်လိုက်ရတဲ့ အချိန်၊ငွေ၊စိတ်… အရာအားလုံး … ပမာဏ များ လွန်းသွားပြီပေါ့ ။

ကျွန်မကိုယ်တိုင်လည်း အခုလိုမျိုး အခြေနေတွေနဲ့ ပညာသင်ခဲ့ပြီးမှ  ၊ သင်ခဲ့တာတွေနဲ့ ဘာမှ မဆိုင်တဲ့ အလုပ်ခွင်တစ်ခုထဲ နေသားတကျဖြစ်လာရတာပါ ။ ကျွန်မတို့ကိုးတန်းနှစ်က ပညာရေး စနစ်သစ်ပြောင်းတဲ့ နှစ်နဲ့ တိုက်ဆိုင်ပြီး ဘာသာတွဲတွေ အမှတ်စဉ် ခုနှစ်မျိုး တွဲပေးထာရာကနေ ကိုယ်ကြိုက်တဲ့ ဘာသာတွဲစဉ်ကို ရွေးချယ်ရတာမျိုးပါ ။အစမ်းသပ်ခံလို့ပြောရမလား ၊ ပညာရေးစနစ်သစ်တစ်ခုကို အကောင်ထည်စဖော်တဲ့ နှစ်လို့ပဲ ပြောရမလား …..ဆယ်တန်းအထိ ဒီပုံစံအတိုင်းသင်ကြားရတာမျိုးပေါ့ ။  ဘာသာတွဲ နံပါတ်ဘယ်လောက်ကို ယူခဲ့သလဲတော့ ကျွန်မမမှတ်မိတော့ပေမယ့် ရွေးချယ်လိုက်တဲ့ ဘာသာတွဲမှာ ဘာသာရပ်ခြောက်မျိုးပါပါတယ် ။ မြန်မာစာ ၊အင်္ဂလိပ်စာ ၊သချင်္ာ ၊ဓါတုဗေဒ ၊ ရူပဗေဒနဲ့ ဘောဂဗေဒပါ ။ အဲ့ဒီဘာသာ တွဲ ရွေးချယ်ခဲ့တဲ့အတွက် ၊ အမှတ်ဘယ်လောက်ကောင်းကောင်း ဆေးကျောင်းတက်ခွင့်မရှိပါဘူး ။ ဒီလိုပဲ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တွေ ၊ ဆေးဝါးနဲ့ ပတ်သတ်တဲ့ တက္ကသိုလ်တွေ ၊ သူနာပြု တက္ကသိုလ်တွေ ဘာကိုမှတက်ခွင့်မရှိတဲ့ ရွေးချယ်မှုမျိုးပါ ။ ကျောင်းသား ဘဝက တစ်ထွာတစ်မိုက်ဉာဏ်နဲ့ ရွေးချယ်ခဲ့မှူကြောင့် ၊ ကျွန်မရွေးချယ်ခဲ့တဲ့ ဘာသာတွဲတွေအရ UFL ,  ကွန်ပျူတာ တက္ကသိုလ်နဲ့ GTC ၊ စီးပွားရေးတက္ကသိုလ် ၊ အခြားသောမေဂျာတွေ ရွေးချယ်ဖို့ ဖြစ်လာခဲ့ပါတယ် ။

လူဆိုတဲ့အမျိုးက ကိုယ်ကသာ ဘာမှ အရည်ချင်းမရှိချင်နေ ၊ အမြင့်ဆုံးကို လိုချင်တတ်ကြတာ သဘာဝဆိုတော့ ၊ ကျွန်မရထားတဲ့အမှတ်နဲ့ ကျွန်မတို့ ဘာသာတွဲမှာ တက်ခွင့်ရှိတဲ့ တက္ကသိုလ်ထဲက ၊ (အမြင့်ဆုံးလို့ ကိုယ့်ဘာသာကိုယ်ထင်တာ) ကွန်ပျူတာ တက္ကသိုလ်ဆိုတာကြီးကို ရွေးချယ်ခဲ့ပါတယ် ။ ဒုတိယ ဦးစားပေးအနေနဲ့  UFL ဂျာမန်ဘာသာ ကိုရွေးခဲ့ပြီး ၊ တတိယဦးစားပေးအနေနဲ့ စီးပွားရေးတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါတယ် ။ အဲ့ဒီအချိန်ထိ ၊ ကိုယ့်ရဲ့ ရွေးချယ်မှု မှန်မမှန် ဆိုတာ ဘယ်လိုမှ ဆုံးဖြတ်လို့ မရတဲ့ အနေထားပါ ။ စနစ်သစ်ရဲ့ ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲ ရွေးချယ်မှူတွေ ဆင့်ကဲ ပြုလုပ်ခဲ့ရတာကြောင့် တိတိကျကျ လိုလိုချင်ချင် ဘာဖြစ်ချင်မှန်း မသိပဲ ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ရတာမျိုးပေါ့ ။

ပထမဦးစားပေးလျှောက်ထားရွေးချယ်ခဲ့တဲ့ အတိုင်း ကွန်ပျူတာ တက္ကသိုလ်ကို တက်ခွင့်ရခဲ့ပါတယ် ။ တက္ကသိုလ်ရောက်တော့ ရုပ်ရှင်တွေ ၊ ဗွီဒီယိုတွေထဲကလို လွယ်အိတ်တွေလွယ်ပြီး ရှိုးထုတ်ဖလန်းဖလန်းထလို့ရတဲ့ အနေထားမျိုးထင်ထားတာ ၊ တကယ်တမ်းတက်ရတဲ့ တက္ကသိုလ်က လွင်တီးခေါင်ပြင်မှာ ယူနီဖောင်းဝတ်နဲ့ စာခြောက်ရုပ်လိုမျိုးပါ ၊၊  ရှိစုမဲ့စု အပင်လေးတွေက အပင်သားပေါက်လေးတွေမို့ တကိုယ်စာတောင် နေမလုံပါဘူး ။ အပင်ပေါက်ကို သွားမှီလို့ လဲသွားလျှင် ဒဏ်ရိုက်ခံရမှာမို့ ၊ အရိပ်ခိုဖို့ နေနေသာသာ ၊ အနားတောင် မသွားခဲ့ရပါဘူး ။ လေပူတိုက်တိုင်းပါလာတဲ့ ဖုန်မှုန်တွေကလည်း  ပြာနှမ်းနှမ်းအသားရောင်ကို လက်ဆောင်ပေးပါသေးတယ် ။ ကျောင်းအဝေးကိုသွားရလို့ … ကျောင်းသွားကျောင်းပြန် ဖယ်ရီပေါ်မှာပဲ အိပ်ပျော်ခဲ့ဖူးတဲ့ အချိန်တွေက ဘဝမှာအမှတ်တရဆိုပေမယ့် … လမ်းကြမ်းကြမ်းမှာ နွားလှည်း စီးနေရသလိုလို ၊ စကောထဲ ဇီးဖြူသီးလှိမ့်ခံနေရသလိုလို ဖယ်ရီလိုက်စီးရတဲ့ ဒုက္ခတွေကြောင့် ၊ အတိတ်က မုန်းတဲ့ အချိန်တွေထဲ ဖုန်တလုံးလုံးနဲ့ …. ဖယ်ရီစီးခဲ့ရတာလည်း မုန်းမိခဲ့တယ် ။

မှန်းချက်နဲ့ နှမ်းထွက် တက်တက်စင်အောင် လွဲနေတဲ့ တက္ကသိုလ်မျိုးတက်ရတာကြောင့် ၊ အကြီးကျယ် စိတ်ညစ်ခဲ့ဖူးပါတယ် ။ နှမျော တသသုံးကြိမ်ရွတ်ပြီး ရိုးရိုးမေဂျာဖြစ်ဖြစ် ၊ အဝေးသင်ဖြစ်ဖြစ် ပြောင်းမယ်ဆိုတဲ့ အတွေးမျိုးအကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပေမယ့် ၊ မိဘတွေက ဒါကိုပဲ ဆက်တက်ဖို့တွန်းအားပေးတာကြောင့် ၊ လှိမ့်ပိန့်ပြီး တက်ခဲ့ရပြန်တယ် ။ အသိဉာဏ်မရင့်သန်သေးတဲ့ အချိန်က ရွေးချယ်မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးပြစ်တွေကို ခံစားရခြင်းမျိုးပေါ့ ။ တစ်နေ့တော့ … သင်ခဲ့တာလေးတွေနဲ့ ပြန်အသုံးချမယ်ဆိုပြီး ၊ ပင်ပန်းခဲ့သမျှ ၊ ဒုက္ခရောက်ခဲ့သမျှ အဲ့ဒီစိတ်နဲ့ ဖြေဖျောက်ပြီး …. ဟိုလှည့်ဒီလှည့်နဲ့ …. တက္ကသိုလ်သုံးနှစ်ပြီးသွားခဲ့တယ် ။ ကျောင်းတက်နေစဉ်အတွင်း  0 နဲ့ 1 နဲ့ကို ဖင်တပြန်ခေါင်းတပြန်ရေးရင်း ၊ ကျူရှင်ပြေးတက်လိုက် ၊ ဆရာမတွေနောက်ကို လိုက်ပြီး အပူကပ်လိုက် ၊ စပေါ့ရိုက်လိုက်နဲ့ ၊ ကွန်ပျူတာ ထဲမှာ ဘာတွေပါလဲဆိုတာတောင် သေချာ ဂဃနဏမသိပဲ (ကိုယ်အသုံးမကျ ညံ့ဖျင်းတာက 90% ) စာသင်နှစ်တွေ ကုန်ဆုံးသွားတယ် …  နံကြားထောက်ပြီး ဖြေလိုက်တာ … ကံကြမ္မာကိုယ့်ဘက်မှာ ရှိခဲ့တယ်ထင်ပါရဲ့  Hons တက်ခွင့်ရခဲ့ပါတယ် ။ သုံးနှစ်ဆိုတဲ့ အချိန်က ဘာမှ မဟုတ်လောက်ပေမယ့် … အသိပညာ ၊ အတတ်ပညာတစ်ခုခုကို ဖိဖိစီးစီးသာ သင်ကြားနိုင်မယ်ဆိုလျှင် ၊ အလုပ်ခွင်ဝင်လို့ရတဲ့ အနေထားမျိုးဖြစ်မှာပါ ….. အသက်မွေးဝမ်းကျောင်းဖို့ အတော်သင့်ပြည့်ဝနေမယ့် ကာလမျိုးပါ … ။ အခုတော့ ယောင်ချာချာနဲ့ မိဘပိုက်ဆံထိုင်ဖြုန်းရင်း ကျောင်းတက်ခဲ့ပြီး ၊ နောက်ထပ်စာသင်ခွင့်ရှိသေးတယ်ဆိုတော့ …….. ပြတ်ပြတ်သားသား ရွေးချယ်ရမယ့် အချိန်တစ်ခုရောက်ခဲ့ပြီပေါ့ ။ အဲ့ဒီအချိန် ကျွန်မနားလည်လိုက်မိတာက ဘွဲ့ဝတ်စုံ နဲ့ ပခုံးပေါ်က ဘား အပြားသေးပဲဖြစ်ဖြစ် ၊ အပြားကြီးပဲ ဖြစ်ဖြစ် အဓိက မကျတော့ဘူး ။ မိမိခြေထောက်ပေါ် ရပ်တည်ဖို့အတွက် ဝေဝါးပြီးမှိန်းသွားလို့ မရတော့ဘူးဆိုတာပါပဲ ။ ဒါကြောင့် Hons တက်ဖို့ နဲ့ … တက္ကသိုလ်ဆက်တက်ဖို့ အပြီးတိုင် စွန့်လွှတ်လိုက်ပါတယ် ။ ကျွန်မရဲ့ ရွေးချယ်မှုကို မိဘတွေ နှမျောသလိုလို ဖြစ်ကြပေမယ့် ……. ကန့်ကွက်ဝေဖန်တာမျိုးတော့မလုပ်တော့ဘူး ၊ ဖိအားပေးတာမျိုးလည်း မလုပ်ခဲ့တော့ပါဘူး ။  ကျောင်းပြီးတော့လည်း အလုပ်ခွင် ချက်ချင်းမဝင်ဖြစ်သေးပဲ … ကိုယ်လုပ်ချင်တဲ့ အလုပ်တွေမှာ ခဏတာ မျောဝင်ခဲ့မိသေးတယ် ။ သိပ်မကြာပါဘူး  ဦးလေးရဲ့ အဆက်သွယ်နဲ့ တက္ကသိုလ်က သင်ထားတာတွေ ဘာမှ မဆိုင်တဲ့ အလုပ်တစ်ခုမှာ ဝင်လုပ်ရင်း ၊ အလုပ်နဲ့ သက်ဆိုင်တာလေးတွေ ရုံးပိတ်ရက်မှာ သင်တန်းတက်ရင်းနဲ့ …… တဖြည်းဖြည်း အံဝင်ခွင်ကျ နေရာတစ်ခုရအောင် လုပ်ယူခဲ့ရတယ် ။ တက္ကသိုလ်တက်တုန်းက သင်ခဲ့ရတဲ့ 0 နဲ ့ 1 ဂဏန်းတွေကိုတောင် မေ့သလိုလိုဖြစ်နေပြီ ။

ကျွန်မရဲ့ ငယ်ဘဝတွေ့ ကြုံရတဲ့ ပညာရေး စနစ်သစ် နဲ့ စမ်းတဝါးဝါး ရွေးချယ်မှုတွေအပြင် ၊ တက္ကသိုလ်ရွေးချယ်မှုတွေကြောင့် ၊ အပြင်လောကမှာ လေ့လာသင်ယူလို့ ရတဲ့ အခွင့်ရေးတွေ ၊ အချိန်တွေ နှောက်နှေးခဲ့ရတယ် ။ နောက်ပိုင်း ကျွန်မတို့ရဲ့ မောင်တွေ ၊ ညီမတွေ ၊ တူ ၊ တူမတွေ ခေတ်မှာလည်း ဒီလိုစနစ်မျိုး အလားတူ အခြေနေမျိုးဖြစ်နေသေးလျှင် …..  သင်ခဲ့တဲ့ ပညာတစ်ခုနဲ့ ပတ်သတ်လို့ …….. ဘွဲ့ဝတ်စုံဝတ်ပြီး ဓါတ်ပုံရိုက်ခံလိုက်ရတာလောက်ပဲ ၊ ဘဝအတွက် ကျန်ခံလျှင် တိုင်းပြည်ရဲ့ အညွှန့် အဖူးလေးတွေ လောင်းရိပ်မိနေလို့ ကောင်းကောင်းမရှင်သန်နိုင်တဲ့ အခြေမျိုး ရောက်ရဦးမှာပါပဲ ဒါကြောင့် ဘွဲ့ ဓါတ်ပုံ အလှချိတ်ဖို့ ထက် ၊ အလုပ်ခွင်ဝင်နိုင်လောက်အောင် သင်ကြားပေးနိုင်မယ့် ပညာရေး စနစ်မျိုး တည်တံ့ပါစေလို့ပဲ ဆုတောင်းမိပါတော့တယ် ။  ။

38 comments

  • ရဲစည်

    August 14, 2012 at 4:55 pm

    မာမီယောက်ခမသယ်ရင်းပါတနာညမလေး
    …….
    နေရာဦးသွားပါတယ်
    ပြန်လာမယ်
    ခိခိ

  • amatmin

    August 14, 2012 at 5:07 pm

    အိမ်မှာ ချိတ်ထားပါတယ်..
    ဘာကြောင့်ဆို ..အဖေနဲ့ အမေက ဘွဲ့မရပါဘူး..နယ်ကပါ.
    သားသမီးတွေကို ပညာတတ်အောင်သင်ပေးနိုင်ခဲ့တယ်လို့..
    ဂုဏ်ယူချင်ကြတယ် ပြောသကိုး..
    ဂလောက်ပဲ မန့်အုန်းမယ်..
    အပေါ်ကဟိုလူရီးပြောသလို..
    ပြန်လာခဲ့ပါ့မယ်.. 😛

  • mocho

    August 14, 2012 at 5:48 pm

    ညီမ အီတုန်း ရေ
    တိုက်ဆိုင် လိုက်တာ… အစ်မ လည်း တက္ကသိုလ် ဝင်ခွင့် နဲ့ ပတ်သက်တဲ့ ပိုစ့် တခု ရေး နေ တာ အစ ပဲပျိုး ရသေးတယ်။ ကိုယ် တွေ့ နဲ့ ယှဉ်တဲ့ ခံစားချက်တွေ ဖွင့် ချ ပြ ချင် နေတာ …..ဘယ်လို တွေ ဆက်ရေးရ မလဲ စဉ်းစားတုန်း ပဲညီ မရေ။….ညီမ ခံစားချက် အတိုင်း ကွက်တိပဲ။
    အစ်မ လည်း အပြီး သတ် ရေး ဖြစ်အောင် ကြီုး စားလိုက် အုံးမယ် ။

    • etone

      August 14, 2012 at 8:00 pm

      အစ်မမိုချိုရေ
      ပတ်ဝန်းကျင်က ကလေးတွေက လာညည်းပြရင်း အဟောင်းတွေ အသစ်ဖြစ်သွားပါတယ်။
      ကိုယ်ချင်းစာမိလို့ ရေးဖြစ်သွားပါတယ်… အဲ့ပိုစ်ရေးတာ လေးရက်လောက်ကုန်သွားပါတယ်။
      ရေးလိုက်အလုပ်လုပ်လိုက်နဲ့ အာရုံမရလိုက်မို့ပါ။ ခံစားချက်ချင်းတူတဲ့
      အစ်မပို့စ်လေးကိုလည်း စောင့်ဖတ်ပါမယ်နော်။ 😀

    • Nyein Nyein

      August 15, 2012 at 7:04 pm

      မမ မိုချိုရေ……… မမရေးတာကိုလည်း စောင့်နေမယ်နော်……………. ခံစားချက်တွေ တိုက်ဆိုင်မယ်လို့ထင်တယ်။;)

  • Mလုလင်

    August 14, 2012 at 7:44 pm

    Hons: ဆိုလဲ ပုခုံးပေါ်က ဘားက အသေးပါပဲ …. Bachelor နဲ့ တူတူပဲ ဘာမှ မထူးဘူး .. မဟာဘွဲ့ ကျမှ သာ ဘားအပြားကြီးပြီး လက်တို သွားတာ.. ပါ .. အဲဒါလေး …..။

    • etone

      August 14, 2012 at 8:19 pm

      ဟုတ်ပါတယ် ဂိုဏ်းတူစီနီယာ ကိုလုရေ
      ကျွန်မ နှိုင်းယှဉ်ပြထားတာ အဆင့်ဆင့် ကွာခြားသွားတာကို ရည်ရွယ်တာပါ။ ဒီနှစ်ခုထဲကို မဟုတ်ပါဘူး။
      မာစတာဆိုရင် လက်တိုတဲ့အပြင် ph.Dဆိုလျှင် ဦးထုပ်ပါ ကွာသွားပါကြောင်း….. :mrgreen:

      • Mလုလင်

        August 14, 2012 at 8:35 pm

        အမှန်တော့ ဒီ ပိုစ့် နဲ့ ပတ်သက် ပြီးပြောချင်တာတွေ အများကြီး ရှိပါတယ် … အဲဒါ မပြောတော့ပါဘူး ဆိုပြီး ပုံမှန် သာမာန်ညောင်ည အကြောင်းလေးကို အကြောင်းပြ ဖြစ်သွားတာ ပါ ….။ UCSY ကို ၆ နှစ်ကျော် တက်ခဲ့တဲ့ အတွေ့အကြုံ နဲ့ လက်ရှိ စီးပွားရေး လုပ်ဖြစ်နေတဲ့ အတွေ့အကြုံ တွေ ရောသမ မွှေပြီးမှ ပဲ .. မန့်တော့မယ်ဗျာ …။

        • etone

          August 14, 2012 at 10:27 pm

          ဟုတ်ကဲ့ ကိုလုတို့လို စာကြေပြီးသင်ထားတာနဲ့ ပြန်လုပ်စားလို့ရသူ လူတော်လူနည်းစုဆီက မတူညီတဲ့ အမြင်လေးလည်းသိချင်ပါသေးတယ်။အချိန်ရလျှင်ဖြင့် အားမနာတမ်းထောက်ပြဆွေးနွေးနိုင်ပါကြောင်း,….. 😛

  • ko khin kha

    August 14, 2012 at 8:19 pm

    အစိုးရအလုပ်ဘဲဖြစ်ဖြစ်၊ ကုမ္မဏီ-ပုပ္ပလိဂအလုပ်ဘဲဖြစ်ဖြစ် မြန်မာပြည်ကဘွဲ့ဆိုတာ အလုပ်လေးတစ်ခု ဘွဲရအနေနဲ့ တင့်တယ်စွာရဘို့ ထောက်ခံချက်လက်မှတ် တစ်ခု လောက်ပါဘဲ၊ ကျန်တာကတော့ ပြင်ပမှာ မိမိအလုပ်နဲ့သဟဇာသဖြစ်မယ် ထင်တဲ့သင်တန်းလေးတွေပြန်တက်ပြီး အလုပ်ထဲမှာ နေရာပြန်ယူနေရတာ။
    အဲဒါမို့အစိုးရတက္ကသိုလ်ကပေးတဲ့ ဘွဲ့က အသက်မွေးဝမ်းကျောင်း အထောက်အပံ မဟုတ်ဘူးလေ။
    နိုင်ငံခြားမှာလို ဘယ်တက္ကသိုလ် ဘွဲ့ရတာဆိုပြီးဂုဏ်ယူ၍ရသလိုမျိုး မြန်မာပြည်
    ကကျောင်း တွေမှာယနေ့ထိတော့မရှိသေးဘူး၊ အဲလိုဂုဏ်ယူလို့မရတဲ့ ကျောင်းကဘွဲ့ပုံ ကိုတော့ ကျွန်တော်အိမ်မှာတော့ မချိတ်ဖြစ်ဘူးလေ။
    ပညာရေးစနစ်က အမျိုးမျိူးပြောင်းလဲစမ်းသပ်နေတာ အခုထိအတည်မဖြစ်သေး ဘူးလေ၊ အတော်ဆိုးပါတယ်။

  • မောင်ပေ

    August 14, 2012 at 9:29 pm

    ဟဲဟဲ
    ကျုပ်လဲ ပြောပြချင်သေးရဲ ့
    ကျုပ်ညီက MBBS ဘွဲ ့ရပေါ့
    ဆေးမကုဘူး
    ဒါပေမယ့် ဒေါက်တာဘယ်သူ ဆိုပြီး ဆိုင်းဘုတ်တပ်ထားတယ်
    အဲ့လိုအဲ့လို

    • မမအိတုံရေ ကိုပေတို ့များ ညီတော်နာမည်ကို ဒေါက်တာဘယ်သူဆိုပါလား။ဝှက်ထားသဗျာ။
      ကျနော်တို ့လဲ အညာနွေ မကွေးမြေက ဆေးကျောင်းပူပူမှာ တက်ခဲ့ရတဲ့ အကြောင်းပြန်တွေးမိပါ
      တယ်ဗျာ။

  • ကြောင်ကြီး

    August 15, 2012 at 7:53 am

    အီးဒုံးဂျီး မကျေနပ်ရင် ရထားတဲ့ ဘွဲ့လက်မှတ် အိမ်ပြင်ထုတ် မီးရှို့လိုက်ကွာ…။ မီးဒုတ် မီးဒုတ် ရှို့ရှို့…

    • etone

      August 15, 2012 at 10:52 am

      ဦးကြောင် …. တမီးဘွဲ ့ရပြီး …. မပုတင်နံပါတ်လက်မှတ်မှာ မှားရိုက်လို့ ပြင်ပြီးကတည်းက .. အဲ့ဒီလက်မှတ်ကို ထုတ်မကြည့်ဖြစ်တာ …. ဘယ်နေရာရောက်နေသလဲတောင် … မေ့တော့တော့ …. ခွိခွိ …. ။ တွေ့တော့မှ .. ပြာချပြီး ရေစိမ်သောက်တော့မယ် … အဟစ်ဟစ် … :mrgreen:

      အလုပ်ဝင်တော့ … မပုတင်လည်း မလိုဘူး ….. ဘွဲ့လက်မှတ်လည်း မလိုဘူး …… ပါးစပ်တစ်ခုပါတာနဲ့ … မေးသမျှဖြေပေးခဲ့ရုံပါ ။ 🙄

  • pan pan chit

    August 15, 2012 at 8:56 am

    လိုင်းချော်ကောင်းချော်မယ်နော် မမတုံ 🙂
    အဘူဂျိကလည်း ရထားတဲ့ဘွဲ့လေးနဲ့ ဂုအလုပ်ကိုလုပ်နေဒါဘာ
    အိုမားတုန်းကတော့ ရထားတဲ့ဘွဲ့ကလေးနဲ့လုပ်ခဲ့လားဘာလားမသိ (ကလေးမွေးပီးမကြာခင် အလုပ်ထွက်လို့)
    အနော်ကလည်း ရထားတဲ့ဘွဲ့လက်မှတ်မိတ္တူလေးရယ် မပုတင်မိတ္တူလေးရယ်၊ အဲ့၂ရွက်နဲ့ပဲ လုပ်စားနေရဒါဘာ
    မမတုံပြောလို့ ပြန်တွေးကြည့်တာရယ်
    အိမ်ကမောင်လေးကလည်း သင်းလေးသာဘွဲ့ရခဲ့ရင် အဲ့ဘွဲ့နဲ့ဆိုင်တဲ့အလုပ်ပဲ လုပ်ဖြစ်မယ်ထင်ပါတယ်
    မမတုံရဲ့ တစ်ယောက်သောသူလိုပေ့ါ (ခလက်ဒစ်တူ မမပင်)
    မမတုံရေ……..ပြောရရင်
    တစ်ယောက်တစ်မျိုး သုံးမျိုးတစ်ထောင် အဲ့လေ….ဟုတ်ပါဘူး
    တစ်ယောက်တစ်မျိုး အမျိုးမျိုးရှိကြပါတယ်
    ဘွဲ့ကတော့ တချို့ရထားတယ်ဆိုပေသိ
    အဲ့ဘွဲ့နဲ့ လုပ်စားကြတာတော့မဟုတ်
    နို့ပေသိ ဘသူမဆို ဆာတီဖီကိတ် ဘွဲ့လက်မှတ်လေးရထားတော့ “ဘွဲ့ရပီးသား” “ဘာနဲ့ကျောင်းပီးထားတယ်” အဲ့လိုလေးပေ့ါ
    များသောအားဖြင့် ဘွဲ့လေးတစ်ခုမှမရရင် လူစဉ်မမှီသလိုလို
    တစ်ခုခုလိုနေသလိုလို ဖြစ်တတ်ကြတာဆိုတော့လေ
    လိုအပ်ရင်ကြွားရန်၊ လုပ်စားရန်၊ ဂုဏ်ရှိရန်၊ ဘာရန် ညာရန်ဆိုတာတွေက အများကြီးကျန်ဦးမှာပါ
    တစ်ယောက်တစ်မျိုး သုံမျိုးတစ်ထောင်ပါလို့ 😀
    ———————————————————————-
    ကိုလုင်ပြောတဲ့အတိုင်း Hons: နဲ့ Master ပဲကွာပီး Hons: နဲ့ Bechelor မကွာလို့ Hons:ဘွဲ့ကို ငွေကုန်ခံပီး တက်မယူခဲ့ပါ
    (ဘက်ချလာဘွဲ့ယူတုန်းက ရီဟာဇယ်နေ့ အနော်တြောက်တည်း သွားရတာ အစ်…အစ်…မှတ်ချက်၊၊ ကြော်ငြာ :mrgreen: )
    ရထားတဲ့ဘွဲ့က ဒတ်ပုံချိတ်ဖို့ရယ်..မင်ဂါဆောင်ရင် အမြီးတပ်ဖို့ရယ်….အသုံးဝင်ပါတယ်လို့
    အဲ့မှာမှ ပီအိတ်ပီတို့၊ အမ်ဘီဘီအက်စ်တို့ ရထားတဲ့လူတွေဆို နာရေးကြော်ငြာမှာပါ ဒေါက်တာတပ်လို့ရပါအိ 🙄
    ———————————————————————-
    မမတုံပြောမှပဲ အိမ်မှာချိတ်ထားတဲ့ ဘွဲ့ဒတ်ပုံကြီး ထပ်ချဲ့လိုက်အုံးမယ် (လူရှိန်အောင်ရို့) ခိခိ 😆

    • etone

      August 15, 2012 at 9:53 am

      ပန်ပန်ရေ … လူက နေလို့သိပ်မကောင်းလို့ .. မရယ်နိုင်ဘူးဖြစ်နေတာ …. ဒီကော့မန့်လေးဖတ်ပြီး ရယ်လိုက်ရလို့ ကျေးဇူးပါနော် … ။ စကားတတ်ခါစ ကလေးတစ်ယောက်လို တတွတ်တွတ်ပြောတဲ့ အမူယာနဲ့ ပန်ပန်လေးကို တွဲမြင်လိုက်ရလို့ပါ …….. ။ 😛

      ရွာထဲက UCSYဂိုဏ်းတူ စီနီယာတစ်ယောက် ၊ ဂျူနီယာတစ်ယောက်က …. သင်ထားတဲ့ ပညာနဲ့ ပြန်လုပ်စားနိုင်နေပြီ …… နာက .. ယောင်တောင်ပေါင်တောင်နဲ့ …… ငပေါကြီးကိုဖြစ်လို့ …….. ဟီးဟီး ။ ဒါကိုပဲ ပညာရေးစနစ်မကောင်းဘူး ဘာဘူးဖြစ်သေးတယ် … ခွိခွိ ။ သေချာတာတော့ .. လူအသုံးမကျတာပါပဲ … ဟီး 😀 …… ပြောမယ့်သာ ပြောတာ … အိမ်မှာလည်း ဥပဓိရုပ်မကောင်းတဲ့ မျက်နှာနဲ့ ပြူးတူးပြဲတဲ.. နာ့ပုံကြီး အဒူချိတ်ထားမှန်း မသိဘူး 😛 😛 😛

      • pan pan chit

        August 15, 2012 at 10:24 am

        ဗမာပြေမှာ ပုံသေကားချပ် မှတ်လို့မရတာတွေ တပုံကြီး
        ဆြာဝန်လည်း ပလိုရလမ်ရေးချင်ရေးတယ်
        အင်ဂျင်နီယာလည်း ဒတ်ပုံရိုက်တယ်
        ကွန်ပျုတာကျောင်းဆင်းလည်း စာရင်းကိုင်(စာရင်းကိုင် သီးသန့်)လုပ်ချင်လုပ်တယ်
        လောနဲ့ပီးတဲ့လူက စာသင်ချင်သင်နေရော
        ပုံသေကားချပ်ဖြစ်နေတာက အကျင့်တွေပဲ :mrgreen:
        ——————————————————–
        ဒါနဲ့ အိမ်ကမောင်လေးဘွဲ့ရရင် ဒတ်ပုံချိတ်ဖို့ နေရာလွတ်တောင်ချိတော့ဝူးးး
        ပုံကကြီးကြီးချဲ့မှာဆိုတော့ ဟီးးးဟီးးးး 😀 :mrgreen:

  • ကြောင်လေး

    August 15, 2012 at 10:02 am

    ဒေါ်အိတုန်ပြောမှပဲ အိမ်မှာချိတ်ထားတဲ့ လင်မယားနှစ်ယောက်ရဲ့ ဘွဲ့ဓါတ်ပုံ ပြန်ဖြုတ်ရတော့မယ်။
    မိန်းမက ဘွဲ့ရဈေးသယ်လေ၊ ပန်ပန်ကသာ ပုံကြီးချဲ့ဖို့စဉ်းစားနေတာ၊ ကြောင်လေးက ပြန်ဖြုတ်ရင်ကောင်းမလားလို့…ခွစ်ခွစ်

  • surmi

    August 15, 2012 at 10:29 am

    ဒေါ်အိတုန်ရေ

    ကျနော်တို ့ပြောချင်တာလဲဒါဘဲဗျာ
    ကျနော်တို ့ကလေးတွေလဲဒီလိုဘဲလာမယ်ထင်တယ်
    ပညာရေးကလူတွေ သိသင် ့နေပြီနော
    ကွန်မကောင်းဘူးဗျာ သုံးခါမန် ့တာပျောက်သွားတယ်
    ဘာပြောရမှန်းတောင်မသိတော ့ဘူး ညမှပြန်မန် ့တော ့မယ်

  • weiwei

    August 15, 2012 at 10:51 am

    တက္ကသိုလ်ဆိုတာကိုတော့ လူတိုင်းတက်သင့်ပါတယ် … အသက်မွေးဝမ်းကြောင်းလုပ်တဲ့အခါ ပညာအနေနဲ့ မဟုတ်ရင်တောင်မှ ဘဝတက္ကသိုလ်လို ပေါင်းသင်းဆက်ဆံခြင်းနဲ့ ပညာရပ်တစ်ခုကို ဆည်းပူးချဉ်းကပ်နည်း အခြေခံလောက်တော့ လူတိုင်းရကြပါတယ် … သတိမထားမိခဲ့လို့ပါ …
    ဈေးထဲမှာ ဈေးရောင်းတာခြင်းအတူတူတောင်မှ တက္ကသိုလ်တက်ခဲ့တဲ့သူနဲ့ ဆယ်တန်းအောင်ပြီး ကျောင်းဆက်မတက်ပဲ ဈေးရောင်းနေတဲ့သူ နှစ်ဦး နှိုင်းယှဉ်ကြည့်လိုက်ရင် အရမ်းကွာပါတယ် …

  • shwe kyi

    August 15, 2012 at 10:56 am

    မအိတုံရေ ရေးထားတာလေး၊ တွေးထားတာလေးသိပ်ကောင်းပါတယ်။
    မြန်မာပြည်ပညာရေးဆိုတာက အစမ်းသပ်ခံဘဝကနေမတက်သေးဘူးထင်ပါတယ်။
    ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) အောင်တာချင်းအတူတူတောင်ရွှေကြည်တို့ခေတ်မှာ
    တိုင်းနဲ့ပြည်နယ်တွေမေးခွန်းတွေမတူတဲ့အခါ နင်တို့တိုင်းကမေးခွန်းလွယ်လို့ပါလို့အပြောခံထိတယ်လေ။
    ဘွဲ့ရပြီးရန်ကုန်မှာတွေ့ကြုံခင်ရတဲ့နယ်ပေါင်းစုံကသူငယ်ချင်းတွေပြောကြတဲ့အခါ အဲဒီမေးခွန်းမတူတာက
    ထောက်စရာဖြစ်နေခဲ့တယ်။

    ဘွဲ့ဓါတ်ပုံကိစ္စကတော့လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့ကာရည်ရွယ်ချက်ချင်းကွဲပြားနိုင်ပါတယ်။
    လိမ်ညာတယ်ဆိုတာကတော့မကောင်းဘူးပေါ့။ အမှန်တကယ်ဆိုရင်တော့ချိတ်သင့်ပါတယ်လေ။
    မိဘတွေအနေနဲ့ဒီဓါတ်ပုံလေးချိတ်နိုင်ဖို့ဘယ်လောက်ရင်းနှီးခဲ့ရမလဲ ဘယ်လောက်မျှော်လင့်ခဲ့ရှာမလဲ။
    ငါ့သားသမီးတွေကဘွဲ့ရပညာတတ်တွေလို့အိမ်ကိုလာလည်တဲ့သူတွေကိုပြောတဲ့နည်းတနည်းပေါ့။
    ဘွဲ့တခုတောင်ရပြီးထားတဲ့လူတယောက်ရဲ့အတွေးအခေါ်ဆင်ခြင်တုံတရားတွေတော့ရှိရမှာပေါ့နော်။
    ရွှေကြည်တို့ဆို တက္ကသိုလ်တက်ရင်းဆရာ/မတွေရဲ့ အတွေးအခေါ်တွေကိုအမြင်တွေကြားသိခွင့်ရခဲ့တယ်။
    အရာရာကိုဝေဖန်ပိုင်းခြားတတ်လာတယ်။ ကိုယ်မသိသေးတဲ့နယ်ပယ်တွေကိုလေ့လာခွင့်ရလာတယ်။
    နိုင်ငံရေး၊ လူမှုရေးတွေတစတစနားလည်လာခဲ့တယ်။ သင်တဲ့ပညာရပ်အပြင်ဘွဲ့ရတယောက်ဟာ
    အနေအထိုင်၊ အပြောအဆို၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေပါ တိုးတက်လာသင့်တယ်လို့မြင်မိပါတယ်။
    ရွှေကြည်ကိုယ်တိုင်လည်းရတဲ့ဘွဲ့နဲ့ ခေါင်းစဉ်တူပေမယ့်၊ သဘောသဘာဝမတူတဲ့နယ်ပယ်ထဲကျင်လည်နေရဆဲပါပဲလေ။

    မအိတုံပြောသလို လောင်းရိပ်မိနေတဲ့အခြေအနေတွေအမြန်ပြောင်းလဲနိုင်ပါစေလို့လဲ
    ထပ်တူဆုတောင်းမိနေမိပါတယ်။ မျှော်လည်းမျှော်လင့်နေမိပါရဲ့။

  • yadanar nwe

    August 15, 2012 at 11:29 am

    ကွင်းပြင်ကျယ်ကျယ်ကြီးထဲက လွင်တီးခေါင်ပြင် ထဲမှာ ကျောင်းတက်ခဲ့ရတာ တစ်ကယ့် အမှတ်တရပေါ့
    ဂုဏ်ထူးတန်း တက်ခွင့်ရခဲ့ပေမယ့် နည်းနည်းနားလည်လာတဲ့အချိန်မှာ အသုံးမဝင်ဘူးဆိုပြီး ပြန်သုံးသပ်ပြီး
    နိင်ငံခြား က ဈေးကြီးကြီးပေးရတဲ့ Apply စာမေးပွဲ တွေ ဖြေပြီး သက်ဆိုင်ရာ အလုပ်ခွင်မှာ အသားကျနေပါပြီလေ —–

  • မောင်ဘလိူင်

    August 15, 2012 at 11:32 am

    ကျုပ်တော့ ဘွဲ့ ဓာတ်ပုံ ချိတ်ဖို့တောင် စိတ်မကူးမိခဲ့ပါဘူးဗျာ..
    အမေကတော့ ချိတ်ချင်သလား မပြောတတ်ဘူး..။ ကျုပ်ညီမ
    ကလွဲလို့ ကျန်တဲ့လူ ဘွဲ့ဓာတ်ပုံ မချိတ်ဘူးဗျ..။ညီမကတော့
    ဓာတ်ပုံကို အသေအချာ ပုံကြီးချဲ့ပြီး အိမ်မှာ ချိတ်ထားတာ
    ဘုရားစင်နဲ့ အပြိုင်လောက်ဖြစ်နေလို့ နည်းနည်း အောက်
    နှိမ့် ခိုင်းလိုက်ရသေးတယ်။ ကြွားဝါချင်လို့လား..အမှတ်တရ
    အနေနဲ့ ချိတ်ချင်တာလား…ဝါသနာအရ ချိတ်ချင်တာလား
    ဘာလား ညာလားတော့ ကျုပ်ညီမလည်း အသေချာမဖြေတတ်
    ဘူး…သူများတွေလည်း ချိတ်တာပဲ…ကိုယ့်ဘာသာချိတ်တာ
    ဘာဖြစ်လဲ ဆိုပြီး ပြန်ဖြေတယ်လေ။

  • ဦးဦးပါလေရာ

    August 15, 2012 at 12:56 pm

    အိတုန်ရေ-
    ဦးလေးကတော့ တက္ကသိုလ်က သင်ပေးတဲ့ ပညာနဲ့ လုပ်စားခွင့်မကြုံပါဘူး၊။
    ဘွဲ့ကတော့ တက်လဲမယူဖြစ်၊ ဓါတ်ပုံလဲ မရိုက်ဖြစ်လို့ အစကတည်းက ဘွဲ့ရဓါတ်ပုံရယ်လို့ မရှိခဲ့ပါဘူး။
    (ချိတ်ချင်စိတ်ပေါက်လာရင်တော့ ဖိုတိုရှော့နဲ့ လုပ်လို့ရမလားမသိ..)

    ဒါပေမယ့် တက္ကသိုလ်တက်ရင်း တတ်လာတဲ့ပညာ၊ စုဆောင်းလာခဲ့တဲ့ အခြားအကြောင်းအရာလေးတွေကို အမှီပြုပြီး အခုထိ အသက်မွေးဝမ်းကျောင်းနေဆဲ ဆိုပါတော့…။

    ဆိုတော့…
    အစိုးရ ပညာရေးစံနစ် အားကိုးမရမချင်းတော့လဲ
    (လိုအပ်တာ ကိုယ်တိုင်လေ့လာတဲ့) ကိုယ်ပိုင် ပညာရေးစံနစ်ကိုသာ အားကိုးနေရဦးမှာပေါ့….

  • ကိုရင်စည်သူ

    August 15, 2012 at 1:11 pm

    ဒေါ်အိတုန်ရေ… ရေးထားတာ ဒတ်ထိ ကွက်တိ မြက်မိ အပြတ်ရှိလှတယ်ဗျာ
    ယခုခေတ် တက်ကသိုလ်ပညာရေးကို ကွက်ကွက်ကွင်းကွင်းကြီး ပြလိုက်တာပါ။ စိတ်ထဲဖတ်ရတာရှင်းနေတာပဲ
    ကျနော်လည်း ရေကြောင်းယူနီဖောင်း ဆင်းပြီးမှ
    အိမ်က မိဘတွေက မသေခင် ဘွဲ့ဓါတ်ပုံလေးနဲ့ ရန်ကုန်တက္ကသိုလ်ကံကော်ပင်ကြီး
    အောက်မှာ အမှတ်တရ ဓါတ်ပုံရိုက်ချင်တယ်ဆိုလို့ သူရို့စိတ်ချမ်းသာအောင် သုံးနှစ် အဝေးသင် Physics ထပ်တက်ပြီး
    ကမ်းပေါ်တက်လာလိုက် ကျူရှင်တလ အမြန်သင် ရသလောက်နဲ့ ဓါတ်ပုံလေးတော့ ချိတ်ခဲ့ရပါဒယ်… 😳 😳
    အဲ… ဒါနဲ့စကားအတင်းစပ်
    ကွင်းပြင်နေပူကျဲတဲထဲမှာ ယူနီဖောင်းနဲ့ မဲခြောက်ခြောက်လည်း သူလေးတွေက တမျိုးလှပါတယ်အေ… ဟိဟိ.. 😛 😛
    ကွန်ပြူတာကျောင်းကို ကိုရင် ဖွန်ခဏခဏလာကြောင်တုန်းကလေ အမှတ်တရအနေနဲ့
    ဂျင်နီကိုလည်း အပျင်းပြေရည်းစားစာပေးဖူးဒယ်… ရထားထဲမှာလဲ ဖဲလာရိုက်ဖူးတယ်..
    မာရှီကိုလည်း ဇာခြည်နဲ့ တွဲကစ်ဖူးတယ်.. ဖူးတယ်… ဖူးတယ်… 😳 😳
    တချိန်ကအမှတ်တရတွေပေါ့ဗျာ… 🙂

    • ကြောင်ဝတုတ်

      August 15, 2012 at 3:29 pm

      အိမ်က မိဘတွေက မသေခင် ဘွဲ့ဓါတ်ပုံလေးနဲ့ ရန်ကုန်တက္ကသိုလ်ကံကော်ပင်ကြီး
      အောက်မှာ အမှတ်တရ ဓါတ်ပုံရိုက်ချင်တယ်ဆိုလို့ သူရို့စိတ်ချမ်းသာအောင် သုံးနှစ် အဝေးသင် Physics ထပ်တက်ပြီး
      ကမ်းပေါ်တက်လာလိုက် ကျူရှင်တလ အမြန်သင် ရသလောက်နဲ့ ဓါတ်ပုံလေးတော့ ချိတ်ခဲ့ရပါဒယ်…

      သုံးနှစ်သုံးမိုး မြို့ပြင်ထုတ်ထားပြီးမှ ကွန်ဗို့မှာပေးတဲ့ဘွဲ့ကို မယူဘူးဆိုပြီး အဝေးရောက်တင်ခဲ့တဲ့ကျွန်တော့မှာ အဲဒီဓာတ်ပုံမျိုးမရှိဘူးဗျ… စိတ်တော့မကောင်းဘူး… ဒါပေမယ့် ခေါင်းမာခဲ့တယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • ကြောင်ဝတုတ်

    August 15, 2012 at 3:25 pm

    ဒီအထဲမှာ ကော်မန့်မပေးဘဲ ပိုစ့်တစ်ခုအနေနဲ့ ခံစားရတာလေးကို ရေးလိုက်တယ်နော်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • myanmarcitizen

    August 15, 2012 at 3:52 pm

    “ရထားတဲ့ဘွဲ့က ဓါတ်ပုံချိတ်နိုင်ဖို့ပဲလား”
    ခုနောက်ပိုင်းက စပြီးတော့ကောင်းလာလိမ့်မယ်လို့မြင်ပါတယ်။ ဒီနှစ်ကစပြီး Computer University (YGN, MDY) မှာ ရမှတ် ၄၅ဝ ကျော်တဲ့သူတွေကိုပဲလက်ခံမယ်ပြောပါတယ်။ အယောက် ၂၀ဝ လက်ခံမယ်။ ၂၀ဝ ထက်ကျော်နေရင် အင်တာဗြူးလုပ်ပြီး ထပ်ရွေးမယ်လို့ သိပ်မကြာသေးခင်က ဆရာဦးသိန်းဦး က seminar တစ်ခုမှာပြောသွားပါတယ်။ နောက်ပြီး ၅နှစ် သင်တန်းဖြစ်သွားပါပြီ။
    နည်းပညာတက္ကသိုလ်ကြီးကလဲပြန်ဖွင့်တော့မယ် ဆိုတော့ နောက်ပိုင်းအရမ်းကောင်းလာမယ်လို့မျော်လင့်မိ ပါတယ်။ ဆရာတွေကလဲ တကယ်အားကြိုးမာန်တက်၊ ကျောင်းသားတွေကလဲ ကြိုးကြိုးစားစားဆိုရင်ပေါ့။
    စစ်အစိုးရ လက်ထက်မှာကြီးပြင်းလာခဲ့ရတဲ့ကိုယ့်ကိုယ့်ပဲ … 🙁

  • Moe Z

    August 15, 2012 at 4:03 pm

    မမအိတုံရေ သူများတွေ ပညာရေးအကြောင်းဆွေးနွေးနေတာကို နည်းနည်းပေါက်ကရပြောဦးမယ်
    မိန်းကလေးဆိုရင် အဲဒီပုံတစ်ပုံရဖို့ကုန်ကျစရိတ်က အများသား
    ဝတ်စုံ၊ ပန်း၊ မိတ်ကပ် ဘလာ ဘလာတွေအများကြီး
    ဒါကြောင့် တန်ဘိုးကြီးတဲ့ပုံပါနော့ :mrgreen:
    ကိုယ်တိုင်တော့ ဒီနေရာမှာ အနောက်တိုင်းစတိုင်ကို ပိုသဘောကျတယ်
    ပခုံးကျော်နေတဲ့ဆံပင်ပါညှပ်ပြီး မိတ်ကပ်လည်းမလိမ်းပဲ ဒီအတိုင်းဦးထုပ်ဆောင်းပြီးယူခဲ့တာ
    ဘာမှမကုန်ဘူးဆိုတော့ မိုးစက်ရဲ့ဘွဲ့ဓာတ်ပုံက တန်ဖိုးမရှိဘူးပေါ့နော် 😀

    • ကိုရင်စည်သူ

      August 15, 2012 at 4:52 pm

      အဲ.. ထင်တော့ ထင်သား… ကိုရင် အဲ့တုန်းက ကံကော်ပင်အောက်မှာ
      ဂိုက်ပေးကြမ်းပီး ဓါတ်ပုံအရိုက်ခံနေတုန်း ဘေးနားမှာ မိဘတွေနဲ့အတူ
      ဘာမှမပြင်မဆင်ထားတဲ့ ဆံပင်တိုတိုနဲ့ကောင်မလေးကို တွေ့လိုက်တော့..
      အထူးအဆန်းတော့ဖြစ်နေသား …
      လတ်စသတ်တော့… မိုးZ ဖြစ်နေတာကိုး… ။ ။ 😳 😳
      မိုးလေး ဓါတ်ပုံက ဘွဲ့ဓါတ်ပုံမှာဟုတ်ဝူး.. အဗေတာ ဒေါင်းမလေး ပုံလေးတောင်…
      တားတားအတွက် တန်ဖိုးရှိနေဒါ… သူမသိလို့.. မသိလို့… သိလို့… လို့.. 😳 😳

  • အရီးခင်လတ်

    August 15, 2012 at 4:05 pm

    ကြုံတုန်းဝင်ကြွား လိုက် ဦးမယ် တုံတုံလေး ရေ။
    ဘွဲ့နှင်းသဘင်တွေ မှာ ဘယ်တော့မှ အလှ ပုံ မရိုက်ပါ။
    ထို့ကြောင့် အဲဒီမှာ အမှတ်တရ ရိုက်တဲ့ ပုံတွေ ကို အယ်လဘန် ထဲ ထည့် ထားတာက လွဲလို့ ချိတ်ထားစရာ အလှ ပုံ မရှိပါ။
    ထို့ကြောင့် အရီး မိဘ များမှာ အိမ်သို့ လာလည် သော ဧည့်သည်များ ကို ကြွား လိုပါက အယ်လဘန် များ ကို ထိုးပြပါသည်။
    ဧည့်သည်များ မှာလဲ သူ့ အိမ်ရောက် နေမှ တော့ ငြင်းမရဘဲ ကြည့်ချင်ချင် မချင်ချင် ဟန်လုပ် ပြီး ကြည့်ရပါသည်။
    တစ်ချို့ မှာ စက္ကန့်ပိုင်း အတွင်း မှာ ပင် အယ်လဘန်အထူ ကြီးကို ကြည့် နိုင်စွမ်း ရှိကြပါသည်။ ဟိ ဟိ။ 😉

    တစ်ခါတစ်ခါ လဲ မိဘများ မှာ အယ်လဘန် တွေကို ပြပြီးသောသူ ဖြစ်သော်လည်း ထပ်ခါထပ်ခါ ပြပါသည်။
    ဤသည်မှာလဲ ဧည့်နှင် နည်း တစ်မျိုး ပေလောဟု ပင် တွေးမိပါသည်။ 😀

  • kyeemite

    August 15, 2012 at 4:07 pm

    ရခဲ့တဲ့ ဘွဲ့ကိုတော့ အပြစ်တင်မနေတော့ပါဘူးဗျာ…
    ကိုယ်ညံ့လို့ လို့ပဲခံယူပါတယ်..တကယ်ကတော့
    စဉ်ဆက်မပြတ် ဆည်းပူးလေ့လာနေမှသာ
    လက်တွေ့မှာလုပ်ကိုင်စားလို့ရတာပါ..
    ဆည်းပူးလေ့လာမှု့ ရပ်သွားတာနဲ့ ကိုယ်က..လမ်းခုလပ်မှာ..
    ကားပေါ်ကဆင်းကျန်ခဲ့သလိုပဲ အဲဒီမှတ်တိုင်မှာကျန်ခဲ့တော့တာလေ..
    သူများတွေ အဝေးကြီးရောက်သွားမှ သတိဝင်လို့ ထလိုက်မယ်ကြံတော့
    မမှီနိုင်တော့ဘူး..ဒီတော့..အချိန်ရှိသေးသူများ..ဦးပါလေရာပြောသလို..

    (လိုအပ်တာ ကိုယ်တိုင်လေ့လာတဲ့) ကိုယ်ပိုင် ပညာရေးစံနစ်

    ကိုသာ အားကိုးပြုပြီး စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေဖို့ လိုတယ်ထင်မိပါဂျောင်းးး

  • pooch

    August 15, 2012 at 4:51 pm

    တုန်တုန်ရေ ဟိုအရင်က ၃ ပုဒ်အပြင် ဒီအပုဒ်ပါ ထပ်တိုးရင် ၄ ပုဒ်မြောက်နှစ်ခြိုက်မိတဲ့စာပါ။
    ပြောချင်တာတွေက များနေလို့ ဘယ်ကနေ စပြီး ပြောရမယ်တောင် မသိတော့ပါဘူး။

    အမှန်ကတော့ ဘယ်သူဘာဘွဲ့ရထားတယ် ဆိုတာထက် အဲဒီလူ လက်ရှိအချိန်မှာ ဘာလုပ်နေသလဲ ဆိုတာကသာ အခရာကျပါတယ်။

    နောက်လူတယောက်ကို ပညာတတ်တယ် မတတ်ဖူး ကိုယ်ကျင့်တရားကောင်းသူ မကောင်းသူ စသဖြင့် တံဆိပ်တပ်ဖို့ရာအတွက် ဆိုရင်တော့ အဲ့ဒီသူသေမှသာ ပြောလို့ရမယ် လို့ ဆရာတယောက်က ပြောဖူးပါတယ်။
    ကိုယ်တွေက လူတယောက်ကို မှတ်ချက်ရမ်းသမ်းပြီး ပေးတတ်လွန်းလို့ ဆရာကဥပမာတော်တော်များများ ပြောပြပြီး ဆုံးမခဲ့တာပါ။

  • Shwe Ei

    August 15, 2012 at 4:52 pm

    အင်း ဘွဲ့ ဘွဲ့ ၊ ချစ်သူငယ်ချင်းမစာဥတို့နဲ့ တွေ့ချင်လွန်းလို့သာ မွေးရပ်ဌာနေပြန်ပီး ဘွဲ့ယူလိုက်တာ။ အဲဒီ ဘွဲ့လက်မှတ်ကို ကိုယ့်ကျောင်းတက်ဖေါ် ကျောင်းပြေးဖေါ် များလောက်တောင်စိတ်မဝင်စား။ ဒါပေမဲ့ သင်ထားတဲ့ပညာကို upgrade လုပ်ပြီး ရှာစားနေရတာ အဆင်တော့ပြေသား 😛

    • Shwe Ei

      August 15, 2012 at 4:54 pm

      အော် upgrade လုပ်တယ်ဆိုလို့ ဟုတ်လှဘီတော့ မထင်ပါနဲ့ certificate ၃၊၄ ခုလောက်ထပ်ယူလိုက်တာကို ပြောတာပါ အဟိ။

  • Nyein Nyein

    August 15, 2012 at 7:02 pm

    မမအိတုန်ရေ……….. မမပြောမှပဲ ကိုယ့်ကျောင်းရဲ့ မြေမျက်နှာသွင်ပြင်အနေအထားနဲ့ ပတ်ဝန်းကျင်လေးကို ပြန်သတိရမိပါတယ်။ ကျောင်းပြီးလို့ ဒီပညာနဲ့ပဲ ဆက်ပြီး အသက်မွေးနေတာပေါ့။ (မှတ်ချက်။ ။ သင်တန်းတစ်ခုတော့ တက်လိုက်ရပါသေးတယ်။) ကိုMလုလင်တို့၊ မပန်တို့လောက်တော့ လုပ်သက်မရင့်သေးဘူးပေါ့လေ။ :mrgreen: မမအိတုန်ပြောသလို ဘွဲ့ဓာတ်ပုံကို လူရှိန်အောင်၊ လူအထင်ကြီးအောင် ချိတ်ထားတာတွေကို တွေ့ဖူးပါတယ်။ အခုခေတ်ခါမှာက ကိုယ်ဘွဲ့မရလည်း ဘွဲ့ဓာတ်ပုံချိတ်ဖို့က သိပ်ပြီးရှက်စရာ၊ ကြောက်စရာမလိုဘူးလို့ ထင်ကြပုံပဲနော်။ ဘွဲ့ရထားတဲ့လူအားလုံးနီးပါးလောက်က ကိုယ်ရထားတဲ့ဘွဲ့နဲ့ပတ်သက်ပြီးမကျွမ်းကျင်တဲ့လူတွေကများတော့ အတုအယောင်ဆောင်ဖို့ဆိုတာလည်း သိပ်ကြောက်စရာမလိုတော့သလိုပေါ့နော်။

  • အလင်းဆက်

    August 15, 2012 at 9:15 pm

    မမတုန်ရေ…
    ပြောသင့်..ရေးသင့်တဲ ့..အကြောင်းအရာပါပဲ..။ လက်မ တစ်ချောင်း….ထောင်လိုက်ပါတယ်

  • ဘွဲ့ရဓါတ်ပုံလေးချိတ်နိုင်ဘို့က အခုခေတ်မှာမခက်ခဲသော်ငြားလည်း ရှေးကတော့ ခက်ခဲခဲ့ကြပါ၏
    ပညာ အချိန် ငွေကြေး အားလုံးပြည့်စုံမှဘွဲရနို်င်ပါ၏
    (1 973-74)ပညာသင်နှစ်၏ရှေ့ပိုင်းမှ နောင်တော်အမတော်များခေတ်ကဆယ်တန်းအောင်ဘို့ရာပင် အတော်ခက်ခဲ့ကြပါ၏။
    သို့သော် ကျနော်တို့ ဆယ်တန်းအောင်သောနှစ်(ဦးသန့်အရေးအခင်းပြီးသောနှစ်)မှစ၍ ဆယ်တန်းအောင်ဘို့လွယ်ကူလာ၏။
    ယခုအဝေးသင် ယခင်စာပေးစာယူ စတင်သောအချိန်မှစ၍ ဘွဲ့ရသူပို၍ပေါလာပါ၏။
    ထို့နောက် 8888မဟာအရေးအခင်းအပြီးတွင် တက္ကသိုလ်များပိတ်ထားသောအခါ
    တက္ကသိုလ်ကို ကျည်ဆံရထားမောင်းနှင်သည့်အသွင်ဖြင့် သင်ကြားအောင်မြင်ပေးလို်က်သောအခါ
    ဘွဲ့ရ ပညာမတတ်များ ပေါများ၍လာလေသတည်း။
    ထိုအထဲတွင်ကျွန်ုပ်လည်းပါဝင်ပါ၏။
    (2)အမြန်နူန်းဖြင့်မွေးထုတ်ပေးလိုက်သော ဘွဲ့ရအရေအတွက်များလာသော်လည်း
    တိုင်းပြည်ကထူထောင်ထားသော စက်ရုံအလုပ်ရုံ ရုံး အစရှိသောနေရာဌာနများတွင်
    ဘွဲ့ရပညာမတတ်များအားအလုပ်ပေးရန် နေရာလွတ်မရှိချေ။
    ဘွဲ့မရသောလည်း ပညာတတ်သောသူများက နေရာဦးထားသောကြောင့်ပေတည်း။
    ထို့ကြောင့် ကျွန်နုပ်တို့ကဲ့သော ဘွဲ့ရ ပညာမတတ် အကပ်မရှိသော သူများသည်
    ထမင်းစားနိုင်ရေးအတွက် ကိုယ်သင်သောပညာဖြင့်ဆိုင်ဆိုင် မဆိုင်ဆိုင် ရရာအလုပ်ကို
    ဝင်လုပ်ရပေတော့၏
    သမိုင်း ဖြင့်ကျောင်းပြိးသူကာ း စာရင်းကိုင်ဖြစ်၏။
    သချင်္ာဖြင့်ကျောင်းပြိးသူကား အရောင်းစာရေးဖြစ်၏
    နည်းပညာကောလိပ်မှ ဆင်းလာသူက မြန်မာစာ သင်သောဆရာဖြစ်၏။
    ဆရာဝန်များက ဂိုက်လုပ်၏
    ရေကြောင်းသိပ္ပံ ကျောင်းဆင်းက ကုန်စည်ဒိုင်ဆင်း၍ ကောက်ပဲသီနှံအဝယ်တော်လုပ်၏။
    ပထဝီဖြင့်ကျောင်းပြီးထားသူက ဆီစက်တွင် မန်နေဂျာလုပ်၏
    ဘဝပေး သမိုင်းပေးတာဝန်အရတည်း။

    သို့သော်ငြားလည်း လူတကာရသောဘွဲ့ကို ကိုယ်မရလျှင် ညံ့ရာ ကျမည်စိုး၍
    မရရ ရအောင်ယူထား၏။

    ရှေးက တက္ကသိုလ်များတွင် နယ်ပေါင်းစုံ နေရာပေါင်းစုံမှ ခန့်ငြားသော တက္ကသိုလ်များတွင်ပညာသင်ကြားခွင့်ရသောကြောင့်
    မိတ်ဆွေတိုး၏။
    မြန်မာပြည်အနှ့အပြားမှ လူများဆုံကြရ၏။
    လေးစားအားကျလောက်သောဆရာများနှင့်ဆုံကြရ၍ ဘဝအတွေးအမြင်များပြောင်းလဲတိုးတက်ကုန်၏။

    ယခုခေတ်မူကား ငွေကုန်၏။
    ပညာတတ်ဆိုကာ ဂိုက်ပေး၍ အလုပ်ရှိနေချိန် လေးတန်းပင်မအောင်သောသူက
    ဂွင်မိသွား၍ ကြီးပွားသည်ကို မြင်တွေ့ကြရသူအပေါင်းသည်
    ပညာတတ်ဘို့မလိုဟူသော အတွေးအခေါ်ကိုရိုက်သွင်းကြကုန်၏။
    ဘယ်လိုဖြစ်ဖြစ် အိမ်ဝင်လာသူရှိန်စေရန်အလို့ငှာ ဘွဲ့ဓါတ်ပုံကိုတော့ အိမ်မှာချိတ်သင့်ပေ၏။

    အီသည်ကား မြန်မာပြည်လိုအပ်ချက်တည်း

Leave a Reply