မြန်မာပြည်က Cow Boy

Ko chogyiAugust 15, 20121min12711

၁၉၈ဝ ခုနှစ် ပတ်ဝန်းကျင်လောက်က ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ရှိ အဖိုးဖြစ်သူ(မိခင်၏အဖေ)ထံသို့ အလည်အပတ်သွားရောက်ခဲ့ပါသည်။ ထိုမြို့ငယ်လေးတွင် မိခင်ဘက်မှ အမျိုးတော်တော်များများရှိခြင်းကြောင့် တစ်အိမ်မှတစ်အိမ်ကူးကာ လည်ပတ်စားသောက်ရင်းပျော်ရွှင်ခဲ့ရပါသည်။ ယခုအခါ ထိုမြို့တွင် ကျွန်တော်သွားလာ လည်ပတ်ခဲ့သော နေရာများမရှိတော့ပါ။ နှစ်စဉ် ရေတိုက်စားမှုကြောင့်မြို့ပြောင်းရွှေ့မှုအကြိမ်ကြိမ်ပြုလုပ်ရခဲ့ပြီးမူလနေရာနှင့် အလှမ်းကွာဝေးသည့်   နေရာသို့  ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါသည်။

အဖိုး၏အိမ်မှာ ဘောလုံးကွင်းနှင့် မြို့နယ်ကောင်စီရုံးရှေ့၊ ရဲစခန်းဘေးတွင်ဖြစ်ပါသည်။ နှစ်ထပ်သစ်သား အိမ်ကြီးဖြစ်ပြီး ရေနံများမဲနေအောင်သုတ်ထားပါသည်။ အိမ်အနောက်တွင် နွားတင်းကုတ်ဆောက်ထားပြီး နွားတင်း ကုတ်မှာ အိမ်ထက်ပင်ကြီးမားလှပါသည်။ နွားကောင်ရေ ၅ဝ ကျော်မွေးထားရာ အိမ်တွင်အစာကျွေးရုံဖြင့် မရဘဲ စားကျက်ခင်းများသို့ လွှတ်ကျောင်းရပါသည်။

ကျွန်တော်လည်း ကလေးပီပီ နွားကျောင်းရာသို့ လေးခွတစ်လက်ကိုင်ကာ လိုက်သွားမိပါတော့တယ်။ အဲဒီမှာ နွားကျောင်းသားရဲ့ ဖြစ်အင်ကို  တွေ့လိုက်ရပါတော့တယ်။

နွားအုပ်ထဲမှာ အဖြူ၊ အနီ၊ အနက်၊ အကြားအရောင်အသွေးစုံလင်သလို၊ နွားအို၊ နွာပျို၊ နွားမ၊ နွားပေါက် အရွယ်အစားကလည်း အစုံပါ။  နွားကောင်း၊ နွားဆိုး၊ နွားပေနွားကပ် အကျင့်မျိုးစုံလည်းပါတာပေါ့။ တစ်ချို့နွားတွေ ကလည်း သူတို့ရဲ့ ချိုတွေကိုမြေမှာရှပ်သွေးပြီး ချိုတစ်ကြွကြွနဲ့ တွေ့ရာ လူ၊ နွားမရွေး ဝှေ့မယ်၊ ခတ်မယ် တစ်ပြင် ပြင်နဲ့ပေါ့။

နွားတို့ရဲ့အကြီး အမှူး နွားကျောင်းသားရယ်လို့  ခန့်အပ်ပေးလိုက်ပေမဲ့။  စားကျက်ကွင်းရောက်တဲ့အခါ ဟိုနားကတရုန်းရုန်းဖြစ်လိုက်၊ ပြေးမောင်းလိုက်၊ သူများယာခင်းဝင်စားလိုက် ပြေးခြောက်လိုက်၊ “လုပ်ကြပါဦး၊ ကူမောင်းထုတ်ပေးပါဦး၊ မောင်းမရရင် ရိုက်ထုတ်လိုက်ပါ” ဆိုပြီး ယာရှင်တွေကို အကူညီတောင်းလိုက်၊ မောင်းလိုက်နဲ့ပေါ့။ တစ်ချို့နွားတွေကတော့ အေးအေးဆေးဆေးပါပဲ၊ ကိုယ့်အစာ ကိုရှာစား ပြီး ဗိုက်ဝရင် ပြီးရောဆိုပြီး နေကြတာပေါ့။ နွာကျောင်းသားလည်း မောမောနဲ့ အပင်ရိပ်ခဏနားနေတုန်း တရုန်းရုန်းနဲ့ အချင်းချင်းခွေ့ကြလို့ ပြေးမောင်းရပြန်ပြီ။ ကောက်ရိုးတိုက်၊ ရေသယ်အလုပ်ရှိလို့ နွားတစ်ရှဉ်းလှည်းဆင်ပြီး သွားပြန်တဲ့အခါ နွားကပ်တစ်ကောင်ထည့်ဆင်မိလို့ တော်တော်နဲ့ ခရီးကမပေါက်ပြန်ဘူး။

တစ်ကယ်တော့ စဉ်းစားကြည့်မိတယ် နွားကျောင်းသားရယ်လို့ ကြိမ်တုတ်တစ်ချောင်းနဲ့ ပါဝါအပြည့်ရထား ပေမဲ့၊ ဒီလောက်အရောင်အသွေး၊ အရွယ်အစား၊ အကျင့်မျိုးစုံတဲ့ နွားအုပ်ကြီးကိုငြိမ်အောင် တစ်ယောက်တည်း ဘယ်လုပ်နိုင်ပါ့မလဲ။ နွားတွေလဲ အစာမြန်မြန်ဝ နေလည်းမြန်မြန်ကျ၊ အိမ်ပြန်ချိန်ရောက်ပါစေလို့ ဆုတောင်းပြီး ရင်တမမဖြစ်နေရတဲ့ ဘဝကို စာနာသနားမိပါတယ်။

11 comments

  • ko khin kha

    August 15, 2012 at 1:30 pm

    လုပ်ရတဲ့အလုပ်တိုင်းမှာ သူအခက်ခဲနဲ့သူ ရှိတာပါဘဲနော်။

  • etone

    August 15, 2012 at 2:49 pm

    မြန်မာပြည်က ကောင်းဘွိုင်သေနတ်မပစ်ပါ … ဒါပေမယ့် သူ့အထာနဲ့သူပဲပေါ့ ….. ။
    လေးခွလေး အသာဆွဲမကာပစ်လိုက်လျှင် ကောင်းကင်က ပျံခဲ့သမျှဟာကျလာမယ် … ။
    အနောက်တိုင်းသားတွေ မြင်းစီးကောင်းသလို .. သူ့အတတ်နဲ့သူပေါ့ ။
    တို့လည်း ကျွမ်းတယ် .. နွားလှည်းစီး အတတ်မှာ .. တဖက်ကမ်းခတ်သူပါ ……….

    ဟီးဟီး ။ 😀

    နွားကျောင်းရတာ .. မလွယ်တဲ့ အလုပ်လို့ ……. ကျွန်မတို့ အဖိုးက ပြောခဲ့ဖူးပါတယ် ။ နွားကလည်း ကျောင်းတဲ့ လူရဲ့ အထာကို လိုက်ပြီး …. ပြေးတာမျိုး စကား နားမထောင်တာမျိုးပေကပ်ကပ် လုပ်လေ့ရှိသတဲ့ …. ။ လက်မှု လယ်ယာကနေ ..စက်မှုလယ်ယာခေတ်ပြောင်းသွားလို့ …. နွားတွေ … နည်းနည်း သက်သာသွားပေမယ့် ….. ၊ သားသတ်စားတဲ့ လူတွေရှိနေသေးလို့ ….. ပုံမှန်အတိုင်းသတ်ခံနေရတုန်းပဲ … ။
    ဒါတောင် တလောက … export ပို့တဲ့ အမဲသားတင်ခွင့်ပိတ်ခံလိုက်ရတယ်ကြားတယ် …… ။ နွားတွေအတွက်တော့သတင်းကောင်းပဲ …
    ကျားသနားမှ နွားချမ်းသာရာ ရမှာပါ … 😀

  • kai

    August 15, 2012 at 2:59 pm

    အယ်လ်အေကနေ..ဆန်ဖရန်ကို.. ၅ ဖရီးဝေးနဲ့တက်သွားရင်.. လမ်းခုလတ်မှာ..ဧရာမနွားခြံကြီးတွေကို မြင်ရတယ်..။
    အဲဒီနားနီးလာရင်.. အနံ့ဆိုးတာမို့.. ကားတခါးပိတ်.. ဂျိတ်ပေါ့..

    ဘယ်သူမှနွားကျောင်းနေပုံမရပါဘူး..။ အမေရိကန်ကောင်းဘွိုင်ဆိုတာ.. ပုံပြင်ထဲကျန်ခဲ့ပြီထင်တာပဲ.. :mrgreen:


    နွားတွေ..ဒီအတိုင်း ကွင်းပြင်ထဲလွှတ်ထားတာပါ..။
    ခြံစည်းရိုးတော့..မျက်စိတဆုံးကာထားပါတယ်..။

    သတ်စားမဲ့နွားတွေဆိုလည်း.. တကောင်သွားလမ်းကလေးလုပ်ပေးထားပြိး.. လျှောက်ရင်း…လျှောက်ရင်း.. ကားပေါ်မောင်းတင်လိုက်ပုံရပါတယ်..
    ပြောရရင်.. ယူအက်စ်က.. တရက်အကောင် ၉သောင်းသတ်နေပါသတဲ့..
    အနိစ္စ… 😕

    Short list: What’s Wrong with Factory Farming?
    http://www.organicconsumers.org/foodsafety/shortlist031604.cfm
    Number of cows and calves slaughtered every 24 hours in the US: 90,000. Number of chickens slaughtered every minute in the US: 14,000. Food animals (not …

      • kai

        August 15, 2012 at 11:21 pm

        သားသတ်တာ.. လူတွေလည်းကူပါတယ်ဗျ..။
        ယူအက်စ်.. တော်တော်များများနေရာတွေက.. အဖြူအမေရိကန်တွေထက်.. တခြားနိုင်ငံကလာတဲ့.. အမေရိကန်တွေလုပ်ကြတယ်ထင်တာပါပဲ..။
        တလောကတင်.. ဝက်သတ်တဲ့စက်ရုံမှာ မြန်မာတိုင်းရင်းသားကယားတွေ.. ၅၀ဝလောက် အလုပ်လုပ်နေတဲ့အကြောင်း..သိရသေးတယ်..။

        ဆိုတော့..
        တကယ်အပြစ်ပေးစတန်းဆို.. အပြစ်ရှိတဲ့ကောင်က.. “Mr.ပိုက်ဆံ”ဖြစ်မယ်ထင်တယ်ဗျ..

        ကွိကွိ..

  • ပန်းစံပါယ်

    August 15, 2012 at 4:22 pm

    ဒီကြားထဲ နွားသိမ်းချိန်မှာ ဘယ်သူ့နွားမှန်းမသိ ရောပြီးပါလာလို့ နွားအချင်းချင်း ခွေ့ကြလို့ခွဲဖို့ကြိုးစားရတာကတစ်မျိုး၊ ဒါနဲ့မပြီးဘူး အဲဒီပါလာတဲ့နွားနဲ့ပတ်သက်ပြီး စွပ်စွဲခံရလို့ ဖြေရှင်းရတာကတစ်မျိုးပေါ့။ ကိုယ်တိုင်နွားမကျောင်းဖူးပေမယ့် ငယ်ငယ်က နယ်မှာနေခဲ့တာဆိုတော့ မြင်ရကြားရ သိရတာတွေပေါ့။

    • P chogyi

      August 15, 2012 at 5:08 pm

      ဖြည့်စွက်ပေးတာကျေးဇူးပါ။

  • မောင်ပေ

    August 15, 2012 at 8:48 pm

    နွားကျောင်းတဲ့ ချာတိတ်တွေ တစ်ရက်ကို ဝင်ငွေဘယ်လောက်ရှိတယ်ဆိုတာကို ပြောပြပါဦးဗျို ့

  • အလင်းဆက်

    August 15, 2012 at 9:08 pm

    ဟုတ်တယ်နော ်။ ကိုယ်တိုင် နွားတစ်ကောင်လောက်ကို… ထိန်းကျောင်းကြည့်ချင်စိတ်ပေါ်မိတယ် ။
    ဒါပေမယ့်……

  • ကြောင်ကြီး

    August 16, 2012 at 10:36 am

    အချင်းချင်းခွေ့ကြလို့ ပြေးမောင်းရပြန်ပြီ။ ကောက်ရိုးတိုက်၊ ရေသယ်အလုပ်ရှိလို့ နွားတစ်ရှဉ်းလှည်းဆင်ပြီး သွားပြန်တဲ့အခါ နွားကပ်တစ်ကောင်ထည့်ဆင်မိလို့ တော်တော်နဲ့ ခရီးကမပေါက်ပြန်ဘူး။…………..
    အဲလိုမတရား မလုပ်ပါနဲ့ဗျ..သူတို့ အားချိန် စားချိန်မှာ အဲသလို အပိုခိုင်းလို့ ရမလား… မှောက်ကွာ အဲဒီနွားကျောင်းသားကို သပိတ် သပိတ်…. 😡

  • si tone

    August 16, 2012 at 11:34 am

    ဒီလိုပါပဲ…… နွားကျောင်းသားတစ်ယောက် ဖြစ်ခဲ့ရင် ကိုယ့်ကို ကိုလဲ ဂရုစိုက်တက်သလို.. အများသူတွေကိုလဲ ဂရုစိုက်တက်သွားတယ်…….
    ဘယ်လိုပဲဖြစ်ဖြစ်.. နိုင်ငံခြားမှာလဲ cowboy ရှိသလို.. မြန်မာနိုင်ငံမှာလဲ cowboyရှိတာပဲ…..
    ဘာမှအားငယ် စရာမလိုပါဘူး……. ဟုတ်တယ်မဟုတ်လာ…….

Leave a Reply