ပါဘလစ်ရှာ မောင်ဝါဝါနှင့် နာပြင်ညီး မာကက်တာများ

သူရႆဝါAugust 15, 20121min1718

ပါဘလစ်ရှာ မောင်ဝါဝါနှင့် နာပြင်ညီး မာကက်တာများ
– သူရဿဝါ –

သတင်း ဂျာနယ်နှင့် နည်းပညာ ဂျာနယ်တို့ ခေတ်ကောင်း၍ သတင်း ဂျာနယ်များ၊ နည်းပညာ ဂျာနယ်များ မရေ မတွက် နိုင်လောက်အောင် ထွက်ရှိ နေသော ခေတ်ကြီးတွင် မောင်ဝါဝါ မှာလည်း စာပေ အနုပညာ နှင့် ဆက်နွယ်သည့် စီးပွါးရေး လုပ်ငန်း တစ်ခုကို လုပ်ကိုင်ရန် စိတ်ကူး နေမိသူ ဖြစ်သည့် အလျောက် ခါတော်မီ နည်းပညာ ဂျာနယ် တစ်စောင်ကို ထုတ်ဝေသူ အဖြစ် လုပ်ကိုင်၍ စာနယ်ဇင်း လောက အတွင်း ရပ်တည်ရန် ကြံစည်မိ လေတော့၏။ မောင်ဝါဝါ ထုတ်ဝေမည့် နည်းပညာ ဂျာနယ်ကြီး အောင်မြင် စေရန် အတွက် မောင်ဝါဝါ စဉ်းစား တွေးခေါ် ထားတာတွေ အများကြီး။ ဂျာနယ် အမည်ကို မည်သို့ မည်ပုံ ပေးရ မည်နည်းဟု စဉ်းစားရာ သူများတကာ တွေလို နည်းပညာနှင့် ပတ်သက်သည့် နာမည် လှလှ ကလေးတွေ ပေးလျှင် ရိုးလွန်း သဖြင့် အခြား သင့်တော်မည့် နာမည်ကို ကြိုးစား ပမ်းစား ရှာဖွေ လိုက်လေရာ သုံးမိနစ်ခန့် စဉ်းစား လိုက်ရသည် ရှိသော် နည်းပညာ ဂျာနယ် ဖြစ်သဖြင့် “နာပြင်ညီး” ဟူ၍ တိုတိုနှင့် လိုရင်း ပေး၍ ရနိုင်သော ဂျာနယ် အမည်ကို ရွေးချယ်၍ ရသွား လေ၏။

ထိုသို့ဖြင့် မောင်ဝါဝါ၏ ဂျာနယ် အတွက် အရေးကြီးသော ဝန်ထမ်း များကို အလုပ် ခန့်အပ် လိုပါကြောင်း သတင်းစာ၊ ဂျာနယ် များတွင် ကြော်ငြာ ထည့်လိုက် လေတော့ရာ များမကြာမီ အချိန် အင်တာဗျူး ခေါ်သည့် နေ့တွင် မောင်ဝါဝါ၏ “နာပြင်ညီး” အိုင်တီ ဂျာနယ်တွင် အလုပ် လျှောက်ချင်သူ အများအပြား ရောက်ရှိ၍ နေလေ တော့၏။ ပထမဆုံး တစ်ယောက်ကို အင်တာဗျူးရန် ခေါ်လိုက် သည်တွင် သတင်း လောကမှ နာမည်ကြီး လူငယ် သတင်းထောက် တစ်ဦး ဖြစ်သူ အဘဥက္ကာ ရောက်ရှိ၍ လာလေ၏။

“အဘ .. ထိုင်ပါ .. အဘလို နာမည်ကြီး သတင်းထောက် တစ်ယောက် အနေနဲ့ ကျွန်တော်တို့ အိုင်တီ ဂျာနယ်မှာ အလုပ် လာလျှောက် တဲ့အတွက် ဝမ်းသာပါတယ် .. အဘ ဘယ်ပိုစ့် လျှောက်ချင် လို့လဲ” ဟူ၍ မေးသည်တွင် အဘဥက္ကာ မှာ စကားနည်းသူ ဖြစ်ရကား “မား ကက် တင်း” ဟူ၍ တစ်လုံးချင်း တိုတိုလျားလျား ဖြေလေ တော့၏။ ထိုအခါ မောင်ဝါဝါ အံ့ဩ ရလေပြီ။ သတင်းထောက် အဘဥက္ကာ အဘယ်ကြောင့် သတင်းထောက် ရာထူးကို မလျှောက်ဘဲ မားကက်တင်း သမား လုပ်ချင် ရသနည်းဟု တွေးတော မရသည် ဖြစ်လေရာ အံ့ဩတကြီး မေးမိ လေတော့၏။

“အဘက သတင်းထောက်လေ .. ဒီမှာလည်း သတင်းထောက်တွေ၊ ဘာသာပြန် သတင်းထောက်တွေ၊ စာရေးသူ တွေ လိုနေတာ .. အဲဒါလေးတွေ လျှောက်ပါလား .. ဘာလို့ မားကက်တင်း လျှောက်သတုန်း” ဟု မေးသည့် အခါမှ ဘယ်တုန်းက ခံစားချက်ကို မြိုသိပ် ထားရသည် မသိသော အဘဥက္ကာမှာ ကရားရေလွှတ် တတွတ်တွတ် ပြောချ လေတော့၏။

“မင်းဘာသိ လို့လဲ … သတင်းထောက် လုပ်ရတာ အတိုက် အခိုက် များတယ်ကွ … ဘာရေးရေး ဘာသတင်း လိုက်လိုက် ဆော်မယ် တီးမယ် နှပ်မယ် ဆိုတဲ့ လူတွေက အများကြီး၊ မားကက်တင်း ဆင်းတဲ့ အလုပ်ပဲ လုပ်တော့မယ် .. နာပြင်ညီး ဂျာနယ် အတွက် ကြော်ငြာတွေ အများကြီး ရအောင် လိုက်ပေးမယ် .. ဒါပဲ .. မားကက်တင်းမှ မလုပ်ရရင် မလုပ်ဘူး .. ခန့်ချင်ခန့် မခန့်ချင်နေ”

မောင်ဝါဝါ သနား မိလေပြီ။ သို့ဖြင့် အဘ ဥက္ကာအား အားမငယ်ရန် အားပေး၍ ဂျာနယ်၏ မားကက်တင်း သမား နေရာ အတွက် အလုပ် ခန့်အပ် ဖြစ်လျှင် အကြောင်း ကြားမည် ဖြစ်ကြောင်း ချော့မော့ ပြောဆိုကာ ပြန်လွှတ်ရ လေတော့၏။ နောက်ထပ် အလုပ် လာလျှောက်သူ တစ်ယောက်ကို အင်တာဗျူးရန် ခေါ်သည့် အခါတွင် မောင်ဝါဝါ ထပ်ဆင့် အံ့ဩ၍ ပါးစပ် အဟောင်းသား ဖြစ်ရ ပြန်လေ၏။ ဒီတစ်ခါ လာလျှောက် တာက အဆိုတော် လင်းနစ်။ ဘယ်လို ဖြစ်လို့ မောင်လင်းနစ် နာပြင်ညီး ဂျာနယ်တွင် အလုပ် လာလျှောက် ပါသနည်း။ သေချာအောင် မေးကြည့် ဦးမှဟု ဆိုကာ မေးကြည့် မိလေ၏။

“အလုပ် လာလျှောက် ပါသလား .. မောင်လင်းနစ်”

“ဟုတ်တယ် .. မောင်ဝါဝါရေ .. နာပြင်ညီး ဂျာနယ်မှာ လုပ်ချင်လို့ လာလျှောက်တာ”

မောင်ဝါဝါ စဉ်းစား ရလေပြီ။ မောင်လင်းနစ် သည်ကား သီချင်းဆို ကောင်းရုံ တင်မက စာရေး ကောင်းသူ တစ်ဦးလည်း ဖြစ်ကြောင်း သူဖေ့ဘုတ် ပေါ်တွင် ရေးသော နုတ်စ်များကို ဖတ်ဖူးသည့် မောင်ဝါဝါ သိရှိ ထားလေ၏။ ယခင်က အွန်လိုင်း မတက်လွန်း သဖြင့် မောင်လင်းနစ် အား ပြူးပြဲ၍ ရှာခဲ့ရ ဖူးသော်လည်း အခုတော့ နည်းပညာ တွေကို စိတ်ဝင် တစား ရှိလာသည်ထင့် … အွန်လိုင်းတွင် အချိန်ပြည့် နီးပါး တွေ့နေ ရသူ ဖြစ်၏။ နာမည်ကျော် အဆိုတော် တစ်ဦးက “နာပြင်ညီး” ဂျာနယ်တွင် အလုပ် လုပ်ချင်သည် ဆိုတော့ ဂျာနယ် အင်းမေ့ချ်လည်း ကောင်းသွား တာပေါ့။ စာရေး ကောင်းသူ မောင်လင်းနစ်အား ဘာသာပြန် နည်းပညာ သတင်းတွေ၊ ဆောင်းပါးတွေ ရေးခိုင်း လိုက်ရလျှင် အလွန့် အလွန် ကောင်းလေစွ ဟူ၍ မောင်ဝါဝါ စိတ်ကူးထဲ ကယ်ကူလေတာ တွက်၍ နေမိချေ တော့၏။

“သီချင်း မဆိုဘဲ ဘာလို့ ဂျာနယ်မှာ အလုပ် လာလျှောက် သတုန်း .. ဘာလဲ စာရေးဖို့ ပိုးလေးဝင် သွားပြီ ဆိုတော့ သတင်းတွေ၊ ဆောင်းပါးတွေ ရေးတော့ မယ်ပေါ့”

“သီချင်း ဆိုရတာ အာပေါက်တယ် .. မဆိုတော့ဘူး စိတ်ကူး ပြောင်းသွားပြီ .. စာလည်း မရေးပါဘူး .. အလကား လက်ညောင်းတယ်”

“ဟင် .. ဒါဖြင့် ဘာလုပ်ဖို့ …”

“မားကက်တင်း လုပ်မှာ … ကြော်ငြာတွေ လိုက်မယ် .. နာပြင်ညီး ဂျာနယ် အတွက် ဝင်ငွေတွေ အများကြီး ရှာပေးမယ် .. အေးအေးလူလူ အလုပ်လေးပဲ လုပ်ပြီး နေတော့မယ် စိတ်ကူးတယ် .. လာပြီးတော့ စာအတင်း မရေး ခိုင်းနဲ့နော် မောင်ဝါဝါ.. အဲဒါဆို မလုပ်တော့ဘူး”

မောင်ဝါဝါ စိတ်ညစ်ရ လေပြီ။ မောင်လင်းနစ် အဘယ်လို့ အဘယ်ပုံ စိတ်ကူး ပြောင်းချေသည် မသိ။ စာရေး ခိုင်း၍လည်း ရမည့်ပုံ မပေါ်။ မားကက်တင်းမှ မားကက်တင်း ဆင်းချင်သည် ဟူ၍သာ ဂျီကျ၍ နေလေရာ မောင်ဝါဝါမှာ ဒီတစ်ခေါက်လည်း အဘဥက္ကာ နည်းတူပင် မောင်လင်းနစ်အား ချော့မော့၍ ပြန်လွှတ်ရ လေသည် ဖြစ်ပြန်၏။ ထို့နောက် အင်တာဗျူး လုပ်ရန် နောက်တစ်ယောက် ဝင်လာတော့ ချေရာ မောင်ဝါဝါ၏ အသိမိတ်ဆွေ ဖြစ်သူ ကြူသာမောင် ဖြစ်၍ နေလေ တော့၏။ မောင်ဝါဝါ အခုမှ ဝမ်းသာရ လေပြီ။ ဘာလို့ဆို အဆိုပါ ကြူသာမောင် သည်ကား ဘာသာပြန် ဂိမ်း ဆောင်းပါးများ ရေးသား ရာတွင် ပိုင်နိုင် ကျွမ်းကျင် လှသူ ဖြစ်သဖြင့် ၎င်းအား မောင်ဝါဝါ၏ နာပြင်ညီး ဂျာနယ်တွင် ဘာသာပြန် အယ်ဒီတာ ခန့်အပ်ရသော် အတိုင်းထက် အလွန် တံခွန်နှင့် ကုက္ကား ရှိလှပေစွဟု တွေးတော မိခြင်းကြောင့် ဖြစ်လေ၏။ မောင်ဝါဝါလည်း ကြူသာမောင်အား ခပ်မြန်မြန်ပင် မေးမိလေ၏။

“ဟဲ ဟဲ .. ကိုကြူသာမောင် … ကျွန်တော့်ဆီမယ် .. အယ်ဒီတာ လိုနေတာနဲ့ အတော်ပဲဗျ .. ဂိမ်းဆောင်းပါး လေးတွေ ရေးရင်း အယ်ဒီတာ အလုပ်ကလေး တွဲလုပ် ပေးမယ် မှတ်တယ် ..”

“ဘာဗျ .. ခင်ဗျား လူမိုက်စကား ပြောတာလား … ညစ်နေတာနော် … ကျုပ်ရဲ့ အမာခံ စာဖတ် ပရိသတ်တွေက ပြောတယ် … ကိုကြူသာမောင် အရမ်းတော်တယ်တဲ့ … ဘယ်အချိန် ထဖတ်ဖတ် ဘယ်သူမှ နားမလည်အောင် ရေးတတ်တယ်တဲ့ .. တော်ပြီ ဘာသာပြန် ရတာကို စိတ်နာပြီ .. ဘာဂိမ်း ဆောင်းပါးမှလည်း မရေးဘူး .. ဘာရီဗျူး မှလည်း မလုပ်ဘူး .. အယ်ဒီတာလည်း မလုပ်နိုင်ဘူး … ဘာသာပြန် ရတာ ခေါင်းစားတယ် .. မားကက်တင်းပဲ လုပ်တော့မယ် .. ကိုယ်ကြော်ငြာ ရှာနိုင်ရင် ရှာနိုင် သလောက် ပါဆန့်တေ့ နဲ့လည်း ရသေးတယ် .. လစာနဲ့ ပေါင်းရင် အခုရနေတဲ ့အယ်ဒီတာ လစာနဲ့ မတိမ်းမယိမ်းပဲ .. ဒီတော့ မားကက်တင်းပဲ ဆင်းတော့မယ် .. ခင်ဗျား ကျုပ်ကို အလုပ် ခန့်ဗျာ .. ဒါပဲ ပြောချင်တယ်”

ကြူသာမောင်မှာ မောင်ဝါဝါ၏ အဖြေကိုပင် မစောင့်ဘဲ ပြောချင်ရာ ပြောပြီး ဘောက်ဆတ်ဆတ်နှင့် ပြန်သွား လေ၏။ လူလည်း ကုန်ပြီ။ စာရေး မည့်သူ၊ ဘာသာပြန် မည့်သူ၊ အယ်ဒီတာ လုပ်မည့်သူ တစ်ယောက်မှ မတွေ့။ အကုန်လုံး မားကက်တင်း ဆင်းမယ် ဆိုတာပဲ ပြောသွား ကြလေ၏။ ဂျာနယ် များတွင် ကြော်ငြာ စာမျက်နှာတွေ အဘယ်ကြောင့် အလွန် ပေါများ နေမှန်း အခုတော့ မောင်ဝါဝါ သဘော ပေါက်၍ သွားလေပြီ။ ယခု သုံးယောက် မှာလည်း အလုပ် မခန့်၍ မရပြီ ဖြစ်သလို နောက်ထပ် အင်တာဗျူး ခေါ်လျှင်လည်း မားကက်တင်း လုပ်မည့် သူတွေ ချည်းပဲ ထပ်၍ ရောက်လာမည် စိုးသဖြင့် အင်တာဗျူး မခေါ်ရဲတော့။ မောင်ဝါဝါ ဘာလုပ်ရ မည်နည်း။ အခြေအနေ အရပ်ရပ် ကို အချိန် အတန်ကြာ ကျိုးကြောင်း ဆက်စပ် စဉ်းစား ပြီးနောက် ရဲရဲတောက် ဆုံးဖြတ်ချက် တစ်ခုကို မောင်ဝါဝါ ချမှတ် လိုက်လေ၏။

ထိုသို့ဖြင့် တစ်လခန့် ကြာသည် ရှိသော် နည်းပညာ ဂျာနယ် ထုတ်ဝေရန် ကြံစည် ခဲ့ဖူးသော ပါဘလစ်ရှာ ကလေး မောင်ဝါဝါမှာ ကိုယ်တိုင်ပင် အယ်ဒီတာ အဖြစ် ဦးစီးကာ နာမည်ကျော် မာကက်တာ တစ်သိုက်၏ အစွမ်းကို အသုံးချ၍ ကြော်ငြာများ မဟားဒယား လိုက်ကာ “နာပြင်ညီး” အမည်ရှိ ကမ္ဘာ့ ပထမဆုံး ကြော်ငြာ သီးသန့် မဂ္ဂဇင်း တစ်စောင်ကို ထုတ်ဝေ လိုက်နိုင်သည့် အဖြစ်သို့ ရောက်ရှိ သွားလေ တော့သတည်း။

၁ဝ – ဩဂတ်စ် – ၂၀၁၂
Net Guide Journal

Volume (2), Issue (47)

8 comments

  • အရီးခင်လတ်

    August 15, 2012 at 6:33 pm

    iသံလုံး တော့ ငိုကြီးချက်မ နဲ့ အလုပ်ထွက် တော့ မယ် ထင်ရဲ့။ 😀

  • ကိုသူရဿဝါရေ တခါက 7Days News Journal ့မှာ သံတွဲက အကြီးတန်းသတင်းထောက်တွေဖြစ်တဲ့
    ဥက္ကာကိုကိုတို ့မြတ်ဆုမွန်တို ့ရှိနေသော်လည်း လူဝင်မှုကြီးကြပ်ရေးက သံတွဲခရိုင် လဝကမှူးနာမည် ကို
    မြို ့နယ်မှူးနာမည်တပ် မှားရေးတဲ့အဖြစ်မျိုးတော့ မကြိုက်လှပေဘူး။

  • မောင်ပေ

    August 15, 2012 at 8:21 pm

    ဟိုးတုန်းက ဈေးပေါပေါနဲ ့ဝယ်ဖတ်ခဲ့ရတဲ့ ကြေငြာဂျာနယ်တစ်စောင်ကို ပြန်သတိရမိတယ်ဗျာ..
    ဂျာနယ်က အရွက်ရေများတယ် ထူတယ် ၊ ဒါပေမယ့် ၂မျက်နှာလောက်ပဲ သတင်းတို ့ဆောင်းပါးတို ့ပါတယ်
    ဂျာနယ်နာမည်ကိုတော့မမှတ်မိတော့ဘူး..

  • Liquid_Sn@ke

    August 15, 2012 at 9:04 pm

    TechSpace
    က ဆြာတို့လားဗျ …????

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 15, 2012 at 10:49 pm

    အလျှင်တုန်းက ဆြာ သူရဿဝါ ဆိုတာကို
    ပိဋကတ် စောင့်တဲ့ မယ်ဒေါ်ဂျီးမှတ်ဒါ 😀
    သူရဿဝတီ နန်းဘုံဒေဝီ မဟေသီ ဘာညာဘာညာကွိကွကွိကွ အဲ့သည်ဂါထာတွေ ကျုပ်က လွှတ်ရသဂိုး
    ကြာခဲ့ပါဘီ
    ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး လာင်းလောင်းစဂိုး
    ကျုပ် နှပ်တွဲလောင်းလေးနဲ့တုန်းကပါ အဲ့သည်တုန်းက ကျုပ်က ခပ်ငယ်ငယ်ပါ ( အသက် )
    ဒီဆိုဒ်ထဲ ဆြာသူရဿဝါ ( မောင်ဝါဝါ )
    ( ကွယ်လွန်သူဂို ဂွင်းဇဂွင်းပိတ်ရေးဂျလေသတတ် 😀 ) ( ဤဂါးဇဂါးချပ်မည်တည့်ဟု့မှတ်သားဂျလေဂုဏ် )
    ရေးတဲ့ သရော်ကင်ပွန်းလို ချွဲကျိကျိစာတွေ ဖတ်ရတာ အကြိမ်ပေါင်းမနည်းလှပါဘူး
    ရံခါ ဘာကော်မန့်ပေးရမှန်းတောင်မသိလို့ ဘာမှမရေး ( ကော်မန့်ပေး ) ဖြစ်ခဲ့ပါဘူး
    ခုဒေါင် သူ့စာဂို
    ကျုပ်ရေးတဲ့ကော်မန့် လိုက်ဖက်ပါ့မလားသိခြင်ဇမ်းဘာဘိဒေါ့
    ဘာဘဲဖြစ်ဖြစ်ပါ
    ( ဂေဇက်ထဲမှာ ဒီလို ပုဂ္ဂိုလ်တစ်ယောက် ရေးနေဖတ်နေတယ်ဆိုတာကို မန်ဘာတစ်ယောက်အနေနှင့်
    ဂုဏ်ယူမိပါသည် )

    • Thu Ra Tha Wah

      August 16, 2012 at 9:08 am

      ကို် (မိုက်ကယ်ဂျော်နီအောင်ပု) [သွားလေသူအား ကွင်းစကွင်းပိတ်နှင့်ရေးရသည်ဆိုသဖြင့် .. :P]
      ယခုပေးထားတဲ့ Comment မှာကိုက ဆက်တိုင်ရာဆန့်စ် ပါနေတာ .. 😀

  • ရဲစည်

    August 15, 2012 at 11:12 pm

    မဖတ်တာတော့ သေချာတယ်ဗျို့
    သူရေးနေကျ နက်ဂိုက်က ကျုပ်တို့ဆီ ဝယ်ဖတ်မရတော့
    သူ့စာ ဖတ်ချင်ရင် ဂေဇက်ထဲမှာ တင်ထားပေးတာကိုက
    ရိုသေတတ်ရင် ထိုင်တောင် ရှိခိုးရမယ်
    ကျေးဇူးဘါ အဘဝါဝါရယ်
    တခါတလေများ အထက်က အဘဆြာပု ပြောသလို မန့်မိ မေးမိတာလေး ရှိချင်တောင်
    ကိုယ့်ဆြာက အလုပ်များလေတော့ …

    ဪ အောင်မြင်သူများကျတော့
    မနာလိုဖွယ်ပါတကား

    • Thu Ra Tha Wah

      August 16, 2012 at 9:11 am

      thurathawah.ptk@gmail.com
      ကိုရဲစည်ခင်ဗျား .. ပြောချင်တာ မေးချင်တာရှိရင် အထက်ပါ မေးလ်အတိုင်း ပြောလို့ရပါတယ်ခင်ဗျာ .. ခင်ဗျားတို့စာဖတ်ပရိသတ်တွေ မေးတာ ပြောတာ ဝေဖန်တာကို ဂရုတစိုက်ပြန်နားထောင်တာဟာလည်း ကျွန်တော့်အတွက် အရေးကြီးတဲ့အလုပ်တစ်ခုလို့
      သတ်မှတ်ပါတယ် .. း-)

Leave a Reply