ကြောင်ဝတုတ်တစ်ကောင် အသိုက်ပြောင်းမှာမို့ အလုပ်တွေမဟာဒယားရှုပ်တာမို့ ရွာထဲကို မနက်စောစောအိပ်ယာနိုးချိန်လေး ဖုန်းနဲ့ခဏတဖြုတ်ဝင်ကြည့်ရုံကလွဲရင် ကော်မန့်လေးတောင်မပေးနိုင်တဲ့ ဘ၀မို့ မမနောဖြူပြောသလို ကြောင်ဝတုတ်တစ်ကောင်ပျောက်ခြင်းမလှပျောက်နေတာပါ…

သို့ပေသည့် အိတုန်းလေးရဲ့ “ရထားတဲ့ဘွဲ့က ဓာတ်ပုံချိတ်နိုင်ဖို့ပဲလား” ဆိုတဲ့ပိုစ့်ကို ဖတ်ပြီးတော့ ပရောဂအမှန်ဖြစ်သမို့တုန်ဆင်းလာ ရကြောင်းဝန်ခံပါရစေ… အိတုန်းရဲ့ပိုစ့်လေးက ကျွန်တော့်ကိုလွန်ခဲ့တဲ့ ဆယ်စုနှစ်တော်တော်ကျော်ကျော်ကို ပြန်ခေါ်သွားတယ်…

ကျွန်တော် (၁၀)တန်းအောင်တော့ (အခုတက္ကသိုလ်ဝင်တန်းပေါ့) အမှတ်ပေါင်းက အင်ဂျင်နီယာလိုင်းကို (၃)မှတ်လိုနေတယ်… ဆရာဝန်ဖြစ်ဖို့နဂိုကတည်းက ၀ါသနာမပါသူမို့ အင်ဂျင်နီယာမဖြစ်တာကို ၀မ်းနည်းမိပေမယ့် ဘ၀အတွက်တစ်ခုခုကိုရွေးချယ်ဖို့ အချိန်လို့ပြောရမည်မို့ ကိုယ်ဘာလုပ်မလဲကို အရင်ဆုံးစဉ်းစားရပါတယ်…

ဘူမိဗေဒကိုစိတ်ဝင်စားခဲ့ပေမယ့် အဖေဖြစ်သူကိုယ်တိုင် ဂျော်လောဂျစ်မို့သူ့သားကို ဂျော်လောဂျစ်ဖြစ်ဖို့ အားမပေးပါဘူး… အဓိကအကြောင်းအရင်းက ပျက်စီးမှာစိုးလို့၊ ပင်ပန်းမှာစိုးလို့ပါ… မိဘရဲ့မေတ္တာပေါ့…

တကယ်တော့ ဘယ်မှာနေနေ ပျက်စီးချင်သူက ပျက်စီးမှာပါပဲ… ဘယ်အလုပ်လုပ်လုပ် အတိုင်းအတာတစ်ခုအထိတော့ ပင်ပန်းပါတယ်… ဒါကတစ်ပိုင်းပါ… အဲဒီအချိန်မှာ ကျွန်တော်ရွေးချယ်မှုတစ်ခုလုပ်ရပါတယ်… အသင်ဘာလုပ်မလဲ…

ကျွန်တော် အင်ဂျင်နီယာမဖြစ်မယ့်အတူတူ အသုံးတည့်မယ့်အနေအထားကိုစဉ်းစားရပါတယ်… အဲဒီမှာ ကျွန်တော် အင်္ဂလိပ်စာဘာသာကိုယူဖို့စဉ်းစားပြီး English Major နဲ့ ကျောင်းတက်ခဲ့တယ်… ကျောင်းတက်ရင်းအလုပ်လုပ်ချင်တော့ အဝေးသင်ကိုသေချာရွေးလျှောက်လိုက်ပါတယ်…

ကျွန်တော့်အမှတ်နဲ့ အင်္ဂလိပ်စာကို အခက်အခဲမရှိဝင်ခွင့်ရခဲ့တယ်ဆိုပါတော့… နောက်ပိုင်းမှာတော့ ကျွန်တော့်ရဲ့အသက်မွေးဝမ်းကြောင်းပညာအနေနဲ့ Computer Networking ပိုင်းကို သေချာလေ့လာပြီး (၄)နှစ်လောက်အချိန်ပေးခဲ့ပါတယ်… အခုအချိန်မှာ ကျွန်တော်ဟာ Professional တစ်ယောက်အနေနဲ့ Networking Field မှာအလုပ်လုပ်ကိုင်နေပါပြီ…

အဲဒီမှာ ကျွန်တော်စဉ်းစားမိတဲ့အကြောင်းအရာတစ်ခုပြောပါမယ်… ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ဆိုတာ နိုင်ငံတကာပညာရေးစနစ်နဲ့အလားသဏ္ဍာန်တူပညာရေးပါပဲ… ခေတ်နောက်ကျတာတော့ရှိမှာပေါ့…

ဒါပေမယ့် ကျွန်တော်တို့ရဲ့အဓိကအားနည်းချက်က ဘာသာရပ်တိုင်း ဘာသာရပ်တိုင်းအတွက် ဆိုင်ရာလုပ်ငန်းခွင်တွေဖန်တီးမပေးနိုင်တာပါ… ဥပမာပြောရမယ်ဆိုရင် သာမာန်မေဂျာတွေထဲမှာ အမှတ်အနည်းဆုံးနဲ့ ၀င်ခွင့်ရတဲ့ဘာသာဆိုရင် ဆိုက်ကော်လော်ဂျီကို သာဓကပြရမှာပါ… ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဘယ်လောက် စိတ်ဖိစီးမှုခံစားရ ခံစားရ ဆိုက်ကော်လောဂျစ်နဲ့ပြသတိုင်ပင်တာမျိုးလုပ်လေ့လုပ်ထမရှိပါဘူး… အဲဒီတော့ ဆိုဒ်ကိုလောဂျစ်တစ်ယောက်က အလုပ်အကိုင်အခွင့်အလန်းနဲသထက် နဲလာတာပါ…

အဲဒီလိုပဲ Physic နဲ့ဘွဲ့ရ တဲ့လူတစ်ယောက်ဟာ သူ့အတွက် Physic နဲ့ပတ်သက်တဲ့အလုပ်အကိုင်အခွင့်အလန်းနဲလွန်းလေတော့ နောက်ပိုင်းမှာ Computer အခြေခံသင်တန်းလေးတွေတက်ပြီး၊ လုပ်ငန်းရဲ့သာမာန်ဝန်ထမ်းတစ်ဦးဘ၀ကိုပဲ ရောက်သွားတာပါ… အဲဒီမှာ ပြသနာကစပါတော့တယ်… အင်ဂျင်နီယာဖြစ်ချင်ဖြစ်… မဖြစ်ရင် ဆရာဝန်ဖြစ်.. အဲဒီနှစ်မျိုးမှမဖြစ်ရင် ကျန်တဲ့ဘာသာရပ်ဆိုင်ရာဘွဲ့ပိုင်ရှင်တွေက သာမာန်ဝန်ထမ်းဖြစ်ရပါတော့တယ်…

တကယ်လို့ သာမာန်ဝန်ထမ်းမဖြစ်ချင်သူများကတော့ LCCI လိုမျိုး၊ Business Management လိုမျိုး အပြင်ကျောင်းတွေက သို့တည်းမဟုတ် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တစ်ခုခုကိုယူပြီး ကုမ္ပဏီခပ်ကြီးကြီးမှာ ရာထူးကြီးကြီးရဖို့ကြိုးစားရပါတော့တယ်…

ဒါဆိုရင်ပြသနာအရင်းအမြစ် အမှတ်စဉ်(၁)က အလုပ်အကိုင်နယ်ပယ်ကျဉ်းမြောင်းမှုလို့ဆိုရမကိုး…

နောက်တစ်ခုက ပညာရေးစီမံခန့်ခွဲမှုရဲ့ပြသနာပါ… ပညာရေးအတွက်မွေးထုတ်လိုက်သော ဆရာဆရာမများမွေးထုတ်လိုက်သော

နာ(၃)နာနှင့် လှိမ့်ပိန့်နေ အောင်နာနေကြသူများပါ… တကသိုလ်တစ်ခုမှာ ပါမောက တစ်ယောက်ဖြစ်လာပေမယ့် သူတို့မှာလုံလောက်သောဝင်ငွေမရှိတော့ ကျုရှင်ပြေးသင်ရပါတယ်… စားဝတ်နေရေးအတွက် တခြားအလုပ်တစ်ခုခုကို ရှာကြံလုပ်ရပါတယ်… အဲဒါကြောင့် အခြေခံပညာရေးက ဆရာဆရာမတွေ ကျောင်းမုန့်ဈေးရောင်းတာ ကျူရှင်လုကြတဲ့ကိစတွေဖြစ်မှန်းမသိဖြစ်လာတာပါ… အဲဒီမှာ ဆရာတွေကို သိကာမရှိဘူးလို့ပြောတာထက် ပညာရေးစီမံခန့်ခွဲနေသူအစိုးရတာဝန်မကျေဘူးလို့ပြောတာက ပိုပြီးသဘာဝကျပါလိမ့်မယ်… ဘာပြောပြော ဒီဘူတာကိုဆိုက်နေတယ်မထင်စေချင်ပါ…

ယခင်ပညာရေး ဘတ်ဂျက်ကိုလျော့ချပြီး စစ်ရေးဘတ်ဂျက်ကိုစွပ်သုံးခဲ့တဲ့ ပုန်းရှောင်လေသူဘဘကြီးများကိုပဲ အခုအချိန်မှာအပြစ်ပြောလို့ရမှာပါ… လက်ရှိအစိုးရကိုတော့ စောင့်ကြည့်နေဆဲလို့ပဲပြောချင်ပါတယ်…

အဲဒီတော့ Physic လို၊ Chemistry လို သိပံ္ပဘာသာရပ်တွေကို သင်ကြားနေကြသော ဆရာဆရာမများအပေါင်း ဘယ်လောက်များကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်တီထွင်ကြံဆမှုများနဲ့ ဒီစာတွေကိုသင်ကြားပေးနိုင်မှာလဲ… ရှင်းပါတယ်… သူတို့ သင်ရိုးညွှန်းတန်းက ညွှန်ကြားထားသလိုပဲသင်နိုင်မှာပါ… ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်သည်လဲ စာပဲတတ်ပြီး လက်တွေ့လေ့လာလိုက်စားဖို့အချိန်တွေအစား စားဝတ်နေရေးပြသနာ ဖြေရှင်းဖို့အချိန်တွေကိုပေးလိုက်ရလို့ပါ…

အဲဒီတော့ ဘာနဲ့ပဲဘွဲ့ရရ… လက်တွေ့မှာ အရင်ဆုံးအသုံးချစရာနေရာအခွင့်အလန်းမရှိဘူး…

ပညာပြန်လည်သင်ကြားမျှဝေနေသူများကလဲ သူတို့ယူထားတဲ့ဘွဲ့မှာ Professional တိတိကျကျမဖြစ်ဘူး…

အဲဒါဆို အိတုန်းပြောသလို ဓာတ်ပုံချိတ်ဖို့ဘွဲ့ယူတာလားလို့ပြောရမလိုဖြစ်နေပြီ…

အဲဒီမှာ ပညာရေးကိုထပ်ဖျက်တဲ့နောက်ပြသနာတစ်ခုက ဘွဲ့ရများများရိုက်နှိပ်ထုတ်ရေးစီမံကိန်းဖြစ်တဲ့ UDE ခေါ် အဝေးသင်ပညာရေးစနစ်ပါ… ကျွန်တော်လဲ အဲဒီထဲကသားကောင်တစ်ကောင်…

အဝေးသင်ပညာရေးစနစ်လို့ပြောရရင် ကျုပ်တို့တိုင်းပြည်ကမျိုးဆက်သစ်ဆိုတဲ့ သကောင့်သား၊ သကောင့်သမီး တွေက ဘယ်လောက်များ ကိုယ်ပိုင်လေ့လာမှု (Self Study) လုပ်နိုင်လို့ အဝေးသင်ပညာရေးစနစ်လုပ်ရသလဲဆိုတာ… ကျွန်တော်တို့ကရော ဘယ်လောက်များ အခြေခံပညာစနစ်ရဲ့အမှတ်ပေးစည်းမျဉ်းမှာ ကိုယ်ပိုင်အမြင် ကိုယ်ပိုင်အယူအဆကို ထည့်သွင်းလို့ရော ဘယ်နှမှတ်ပေးပါတယ်ဆိုတဲ့ စည်းမျဉ်းပါနေလို့ အဝေးသင်ပညာရေး စနစ်ကြီးနဲ့ ဘွဲ့ရတွေရိုက်ထုတ်ရတာလဲဆိုတဲ့မေးခွန်းကို ဘယ်နိုင်ငံတော်အကြံပေးမှမမေးခဲ့ဖူးပါဘူး…

ဘယ်ပညာရေးဝန်ကြီးမှ အရေးမစိုက်ခဲ့ပါဘူး… အဲဒီတော့ ဓာတ်ပုံချိတ်ပညာရေးစနစ်နဲ့အတူ… မြန်မာနိုင်ငံကဘွဲ့ရပညာတတ်အမည်ခံ လူငယ်တော်တော်များများဟာ ဆိုက်ကားနင်း၊ စပါယ်ယာလိုက်၊ စည်းမျဉ်းမရှိ လုပ်ထုံးလုပ်နည်းမရှိတဲ့လုပ်ငန်းတွေ ကုမ္ပဏီတွေမှာ တောက်တိုမရအဆင့်နဲ့ ဘွဲ့နဲ့အတူ မြောင်းထဲကိုရောက်ရပါတော့တယ်…

ဒါဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ… အလွယ်ဆုံးဖြေရှင်းနည်းတစ်ခုက တစ်နေရာရာမှာ Professional ဖြစ်အောင်ကြိုးစားရပါလိမ့်မယ်… ဘွဲ့တစ်ခုကို အရင်းပြုလို့မရတဲ့အနေအထားမို့ပါ… ဒါပေသည့် အဲဒီလိုဖြေရှင်းနည်းက ခဏတာပဲဖြေရှင်းလို့ရမှာပါ… အချိန်အကြာကြီးဖြေရှင်းလို့ရတဲ့အနေအထားမဟုတ်ပါဘူး…

အဲဒီမှာ ရေရှည်အတွက်တော့ ပညာရေးကောင်းလာအောင် အစိုးရက ပုဂ္ဂလိကကျောင်းတွေကို တရားဝင်လက်ခံပေးပြီး

ဒါကျက်ဒါဖြေစနစ်ကနေ ကိုယ်ပိုင်အတွေးအခေါ်များရှင်သန်လာစေသော အမှတ်ပေးစည်းမျဉ်း စနစ်ကို ပြင်ဆင်ရမှာပါ… သင်ရိုးညွှန်းတန်းပြောင်းဖို့ထက်… သင်ကြားမှုနဲ့ စာစစ်မှုပုံစံကို အရင်ပြောင်းရမှာ အဓိကပါ…

နောက်တစ်ခုက ဥပမာ… တက္ကသိုလ်ဝင်တန်းအဆင့်မှာ အခြေခံဘာသာစုံသင်ကြားရပေမယ့် အားလုံးကို ကျောင်းသားတစ်ယောက်အနေနဲ့ စိတ်ဝင်စားချင်မှစိတ်ဝင်စားမယ်… အဲဒီတော့ တက္ကသိုလ်ဝင်ခွင့်ပုံစံကို ပြောင်းလဲပေးရတော့မှာပါ… စိတ်ဝင်စားသောတက္ကသိုလ်ကိုလျှောက်ထားခွင့် လျှောက်ထားမှုကိုလက်ခံရာတွင်လဲ လျှောက်ထားသူ၏ ဘာသာရပ်အပေါ်အမှန်တကယ်စိတ်ပါဝင်စားမှုကိုအလေးပေးရန်ဆိုတာမျိုးဖြစ်ရမယ်…

အဲဒါဆိုရင် တကသိုလ်ဝင်ခွင့်ရသူနဲလာမယ်… ဘွဲ့ရသူအရေအတွက်နည်းလာမယ်…

ဒါပေမယ့်ဘွဲ့ရသူအရည်အချင်းတက်လာမယ်… တကယ်လို့များ အရည်အချင်းတက်လာပြီဆိုရင်…

အဲဒီလူတွေကို အလုပ်ပေးဖို့ ချစ်သောအစိုးရလုပ်ရတော့ပါမယ်… အဲဒီအချိန်မှာလဲ မြန်မာနိုင်ငံကဘွဲ့လေးတွေ တန်ဖိုးရှိလာမယ်လို့ထင်ပါတယ်… ကိုယ်ပိုင်အတွေးအခေါ်တစ်ခုပါ…

အဲဒီတော့ အခုနောက်ပိုင်းမြင်တွေ့ရတဲ့တလွဲဆံပင်ကောင်းမှုတွေကို ပြောရပါဦးမယ်…

ဘွဲ့ရလူငယ်တော် တော်များများ အိမ်စရိတ်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်၊ ဘီယာဆိုင်ထိုင်လုပ်နေကြပါတယ်…

အလုပ်ရှားလို့ အလုပ်မရ… ခက်တာက ဘယ်နေရာမှ Professional မဖြစ်… Professional ဖြစ်အောင်လဲမကြိုးစား…

နဲနဲ အလုပ်မှာအဆင်မပြေရင် အနှိမ်ခံရတယ်လို့ခံစား… အော်…

မြန်မာစကားပုံရှိပါတယ်… ပညာရဲရင့်ပွဲလည်တင့် အဲဒီခေါင်းစဉ်နဲ့ ငယ်ငယ်တုန်းက စာစီစာကုံးအနဲဆုံး အခေါက် ၂၀ လောက်ရေးခဲ့ဖူးပါတယ်… သို့ပေမယ့် တကယ့်အနှစ်သာရကို မသိခဲ့ဘူး…

Professional ဖြစ်ပြီး ကိုယ့်ရဲ့ပညာကို မစော်ကားနိုင်တဲ့အနေအထား မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့လူကို ဘယ်သူမှမစော်ကားရဲပါဘူး… စော်ကားသူကိုလဲ ပြတ်ပြတ်သားသားတုံ့ပြန်သင့်၊ တုံ့ပြန်ရမှာပါ… ဒါပေမယ့် တုံ့ပြန်နိုင်ဖို့ ကိုယ့်မှာအင်အားရှိရမှာပါ…

အဲဒီတော့ လူငယ်တွေဘာလုပ်ကြမလဲ… မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့ တစ်နေရာရာမှာ Professional ဖြစ်အောင်ကြိုးစားရပါမယ်… ဘ၀ရပ်တည်ဖို့ ဘွဲ့တစ်ခုထက် Professional တစ်ခုခုတတ်မြောက်နေဖို့ ပိုပြီးအရေးကြီးပါတယ်…

မဟုတ်ရင်တော့ Generalize ပတ်ဝန်းကျင်မှာ တောက်တိုမရလုပ်ရင်း ဘ၀ကိုတောက်တိုမရဖြတ်သန်းကြရတော့မှာဖြစ်ပါကြောင်း…

အဓိကပြောချင်တာကတော့ ဓာတ်ပုံချိတ်ဖို့ရိုက်ထားသောဘွဲ့ဖြစ်နေပြီ… မှားတဲ့ကိစ္စလဲမှားခဲ့ပြီ တစ်နေရာရာမှာ Professional ဖြစ်အောင် မိမိကိုယ်ကိုထိန်းကြောင်းရင်း လူ့စွမ်းအားအရင်းအမြစ်လေးများကို တိုးတက်စေချင်ပါသည်…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...

   Send article as PDF