14.08.2012
ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြစ်မှု တခုကို အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းရေး ကိစ္စ သာ ဖြစ်တယ်၊ နိုင်ငံတကာ စုံစမ်း ဖြေရှင်းစရာ မလိုဘဲ ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး၊ ဒေသခံတွေရဲ့ အသိပညာ မြင့်မားရေး တို့ကို ဆောင်ရွက်ရင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မေးမြန်းချက် အပိုင်းကို နားဆင်နိုင်ပါတယ်။

မေး။ ။ အခုဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာကနေ မီးမောင်းထိုး ပြီးတော့ ပြောပြလာတဲ့ အရေးကြီး ကိစ္စတစ်ခုအနေနဲ့ ပြောလာတဲ့ကိစ္စတစ်ခုရှိပါတယ်။ အထူးသဖြင့် ရခိုင်ပြည်က ရိုဟင်ဂျာ ကိစ္စပါ။ အခုဆိုလို့ရှိရင် မကြာခင်မှာ လူအခွင့်အရေး ကော်မရှင် အစည်းအဝေးပွဲတွေ လုပ်တော့မယ်။ နောက် ကုလသမဂ္ဂ အစည်းအဝေးပွဲတွေ လုပ်မယ်။ နောက် နိုင်ငံတကာ အစ္စလာမ်မစ် ကောင်စီ အစည်းအဝေးပွဲတွေ လုပ်တော့မယ် ဆိုတဲ့ နေရာမှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ရှိ နေတဲ့ ရိုဟင်ဂျာ လို့ ခေါ်ကြတဲ့ ဒီ မူဆလင်တွေ ပေါ့နော်။ သူတို့ကို ဗမာနိုင်ငံက အများစုက လူအခွင့်အရေး ချိုးဖောက်မူတွေ ရှိနေတယ်ဆိုပြီး စွတ်စွဲမူတွေ ကျနော်တို့ ကြားရပါတယ်။ အဲဒီအတွက်ကြောင့် မကြာသေးခင်ကပဲ ဒီလူနည်းစုတွေကို ကူညီဖို့ ဆိုပြီးတော့ ဆော်ရေအာရေဗီးယားနိုင်ငံက ဒေါ်လာ သန်းငါးဆယ် လှူတာတို့ မကြာသေးခင်ကပဲ တူရကီနိုင်ငံခြားရေးဝန်ကြီးက လာပြီးတော့ အကူအညီတွေ ပေးသွားတာတွေ ရှိနေတယ် ဆိုတော့ မြန်မာနိုင်ငံရဲ့ သမ္မတကြီး ဦးဆောင်နေတဲ့ တိုးတက် ပြောင်းလဲမူတွေရဲ့ အကောင်း သတင်းတွေကြားထဲမှာ ဒီကိစ္စဟာ နိုင်ငံတကာက နေပြီးတော့ လူအခွင့်အရေးဆိုပြီးတော့ ထောက်ပြပြီးတော့ ဒါဟာ လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မူတွေ ရှိနေတယ် ဆိုပြီး ထောက်ပြမှုတွေ ကြားနေရပါတယ်။ အဲ့တော့ အဲ့ဒီ့ ကိစ္စ နဲ့ ပတ်သတ် လို့ သမ္မတကြီးရဲ့ အမြင်ကို ကျနော်တို့ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။

ဖြေ။ ။ ဒီဟာတော့ ကျနော်တို့ ဒီမိုကရေစီ လမ်းကြောင်းကို ချီတက် နေတဲ့နေရာမှာ မမျှော်လင့်ပဲနဲ့ ဒါ တွေ့ကြုံလာတဲ့ အခက်အခဲ တစ်ခုပါ။ ဒီလိုပဲ ချဲလင့်တွေကတော့ ရှိနေမှာပါပဲ။ ဒီရခိုင်မှာဖြစ်ပျက်တဲ့ ကိစ္စ ကလည်း တစ်ကယ်တော့ ဒီလူတစ်စုကနေပြီးတော့ ဒီ ရက်စက်ကြမ်းတမ်းတဲ့ ရာဇဝတ်မူတစ်ခုကို ကျူးလွန်လိုက်တဲ့ အတွက်ကြောင့် ဒီအပေါ်မှာ မခံမရပ်နိုင် ဖြစ်ပြီးတော့ ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စုနဲ့ ဖြစ်ကြပြုကြရင်းနဲ့ နောက်ဆုံးတော့ အုပ်စုကြီးက သိပ်ပြီးတော့ ကြီးထွားလာတယ်။ ကြီးထွားလာပြီးတော့ အချင်းချင်း သတ်တဲ့ ဖြတ်တဲ့ အဆင့်ရောက်လာတယ်။ နောက်တစ်ခါ ဆိုးတာက ခုနကလို တစ်ဘက်နဲ့ တစ်ဘက် မီးရှို့ကြတယ်။ ဒီဘက်ကလည်း မီးရှို့ သူတို့ဘက် ကလည်း မီးရှို့ တစ်ခါ ဆိုရင် ကိုယ်အိမ် ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးပေမယ့် ဒီမီးကနေ ကူးစက်ပြီးတော့ လောင်တာတွေ ရှိတယ်။ ဖြစ်စဉ်ကတော့ ခုနကလို ဒီရာဇဝတ်မူ တစ်ခုပေါ်မှာ အကြောင်းပြုပြီးတော့ မခံမရပ်နိုင်တဲ့ အတွက်ကြောင့် လူအုပ်စုအထိ ကူးစက်သွားပြီးတော့ ဒီလိုဖြစ်ကြ ပြုကြတာပါ။ တကယ်တော့လည်း အဲ့ဒီ့မှာ နေနေကြတဲ့ သူတွေက နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလဲ သိပ်ပြီးတော့ မတွေ့ရပါဘူး။ ကျနော်တို့ သက်တမ်းတစ်လျှောက်ပေါ့လေ မတွေ့ခဲ့ရပါဘူး။ ကျနော် ပြောချင်တာက ဒီလိုဖြစ်ပျက်မူတွေဟာ ဘာသာရေးကြောင့် ဖြစ်တာလဲ မဟုတ်ဘူး။ လူမျိုးရေးကြောင့် ဖြစ်တာ လဲမဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ ရာဇဝတ်မူပေါ်မှာ ခုနကလို မခံမရပ်နိုင်တွေ ဖြစ်ပြီးတော့ တစ်ဘက်နဲ့ တစ်ဘက် ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေ နဲ့ ဒီလိုဖြစ်တာပါ။ အမှန်တော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေက တစ်ကယ့် တစ်ကယ်ကြတော့ လည်း တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေနဲ့ စာရင် ပမာဏအားဖြင့် အင်မတန်မှ နည်းပါတယ်။ အင်မတန်မှ နည်းပါတယ်။ သေဆုံးတာ ဆိုရင်လည်း ရာဂဏန်း တောင်မရှိ ပါဘူး။ နောက်တစ်ခါ ထိခိုက်ဒဏ်ရာရတာ ဆိုတာလည်း တစ်ရာ တစ်ရာပတ်ဝန်းကျင် လောက်ပဲ ရှိတယ်။ သို့သော်လည်း အိမ်တွေကို တစ်ဘက်နဲ့ တစ်ဘက် မီးရှို့ကြတဲ့ အတွက်ကြောင့် အိမ်ပေါင်း ငါးထောင်နီးပါးလောက် မီးလောင်သွား တယ်။ ငါးထောင်နီးပါး လောက် မီးလောင်တဲ့ အတွက်ကြောင့် ဒီအိမ်တွေမှာ နေနေကြတဲ့ ဒီဘက်ကလည်း ရခိုင် တိုင်းရင်းသားတွေပေါ့ ဟိုဘက်ကလည်း ဘင်္ဂလီတွေ ဆိုကြပါစို့လေ။ အိုးမဲ့အိမ်မဲ့တွေ ဖြစ်သွားကြတယ်။ အိုးမဲ့အိမ်မဲ့ တွေက ဘယ်လောက် တောင် ရှိလဲ ဆိုတော့ ဒီကနေ့ ခြောက်သောင်း လောက်ရှိတယ်။ ခြောက်သောင်း လောက်ရှိတဲ့ အတွက် ကျနော်တို့က အခု နှစ်ဘက်ပေါ့ တစ်ဘက်က လည်း ရခိုင်တိုင်းရင်းသား ဒုက္ခသည် ဟိုဘက်ကလည်း ဘင်္ဂါလီ ဒုက္ခသည်တွေ အခုဆိုရင် စခန်း (၅၃) ခု ဖွင့်ပြီးတော့မှ ကူညီတဲ့ လုပ်ငန်းတွေ၊ ကယ်ဆယ်တဲ့ လုပ်ငန်းတွေ နောက်တစ်ခါ ပြန်လည် ထူထောင်တဲ့ လုပ်ငန်းတွေ ဒီလုပ်ငန်းတွေကို ကျနော်တို့ က ဒီမြန်မာနိုင်ငံမှာ ရှိနေတဲ့ UN အေဂျင်စီက အဖွဲ့တွေရှိပါတယ်။ သူတို့နဲ့ လည်း ကျနော်တို့ ပေါင်းပြီး လုပ်နေတာတွေရှိပါတယ်။ နောက်တစ်ခါ NGO တွေ INGO တွေ ဒီအဖွဲ့တွေနဲ့ ကျနော်တို့ ပေါင်းပြီးတော့မှ တစ် အချက်က စားဖို့အတွက် ဒါတွေကို အားသွန် ခွန်စိုက် လုပ်ပေးနေပါတယ်။ နှစ် အချက်ကတော့ ယာယီနေနိုင်ဖို့အတွက် ယာယီနေနိုင်ဖို့ ဆိုတာလဲ တဲထိုးပေးရတာပဲ။ တဲတွေ ဘာတွေကလည်း ကျနော်တို့မှာ လုံလုံလောက် လောက်မရှိတော့ ဒီ UN အဖွဲ့အစည်းတွေက ကူညီတာတို့ ဘာတို့ ဒါတွေလည်း ကျနော်တို့ အများကြီး အကျိုးရှိခဲ့ပါတယ်။ ဒီဒေသဟာ မိုးသိပ်များတဲ့ဒေသတွေ ဖြစ်တယ်။ မိုးသိပ်များတဲ့ ဒေသဖြစ်တဲ့အတွက် ကြောင့် လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့ အတွက် ဒီShelters တွေ လိုအပ်လာပါတယ်။ ဒါကြောင့် အခုဆိုရင် သူတု့ိတွေ နေဖို့ပြုဖို့အတွက် ဒါတွေဆောက်ပေး ဘာပေးနဲ့ နှစ်ဖက်စလုံးကို ကျနော်တို့ လုပ်ပေးနေပါတယ်။ လူမျိုးရေးအရ ကျနော်တို့ ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုန်း သတ်ဖြတ်တာတို့ ဘာတို့ ဒါတွေနဲ့ပတ်သတ်ပြီးတော့ ကျနော်တို့ကြားရတော့ တော်တော်လေး စိတ်မကောင်း ဖြစ်ပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျနော်တို့ ပုံတွေ တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်ပင်ကြီး ဒါတွေဟာ တစ်ခြားနိုင်ငံမှာ ဖြစ်ပျက်တဲ့ဟာတွေကို သက်သက် လုပ်ကြံပြီးတော့ ချဲ့ကားပြီးတော့ လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက်တွေ မဟုတ်ပါဘူး။ အဲတော့ တစ်ဖက်ကလည်း မူဆလင် နိုင်ငံက အကြီးအကဲတွေပေါ့ ဟိုတစ်လောက ဆိုရင် တူရကီနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး လာပါတယ်။ နောက်တစ်ခါ ဝန်ကြီးချုပ်ရဲ့အမျိုးသမီးလဲ ပါလာတယ်။ အင်အားကလည်း လေးငါးခြောက်ဆယ် ခုနှစ်ဆယ်လောက် ရှိပါတယ်။ ဒီမှာ ကျနော်နဲ့လည်း တွေ့တယ် ကျနော်ကလည်း ဒီ ကိစ္စတွေကို ရှင်းပြီးတော့ ပြတယ်။ ပြပြီးတော့ On Ground ကိုလဲ သူတို့ကြည့်ချင်တဲ့အတွက် ပို့ပေးပါတယ်။ ပို့ပေးပြီးတော့ သူတို့ကိုယ်တိုင် သွားပြီးတော့ ကူညီ ကယ်ဆယ်တဲ့ ပစ္စည်း ဘာတွေ ဒါတွေလဲ နှစ်ဖက် မျှမျှတတပါပဲ။ တစ်ဖက်ကလည်း ခုနလို ဘင်္ဂလီ ဒုက္ခ သည်တွေ ကို သွားပြီး တွေ့သလို တစ်ဖက်လည်း ရခိုင် ဒုက္ခသည်တွေကို သူတို့ တွေ့တယ်။ ပြီးတော့ ဟိုဘက်က မူဆလင် ဘာသာကိုးကွယ်တဲ့ သူတွေ၊ ဒီဘက်က ဗုဒ္ဓ ဘာသာ ကိုးကွယ်တဲ့ သူတွေ သွားတဲ့လူ ကိုယ်တိုင်က မူဆလင် ဘာသာဝင် ဖြစ်ပေမယ့်လည်း ဗုဒ္ဓ ဘာသာ ဘုန်းကြီးတွေနဲ့ လေးလေးစားစား တွေ့တာပြုတာ တို့ ဒါမျိုးတွေ တွေ့ပေးတာတို့ ကျနော်တို့ ရှိပါတယ်။ နောက်တစ်ခုက ကျနော်တို့ ဒီရက်ပိုင်းအတွင်းမှာပါပဲ အင်ဒိုနီးရှား ကနေပြီးတော့ အင်ဒိုနီးရှား ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်း ဥက္ကဌ မစ္စတာကာလာ ဆိုတာ ဟိုတုန်းက ဒု သမ္မတ ပါပဲ။ ဟိုတုန်းကတည်းက ဒုသမ္မတကတည်းက ကျနော် အင်ဒိုနီးရှား သွားလည်ပတ် ရင်းနဲ့ Call တွေ ဘာတွေ တွေ့ဖူးတော့ ကျနော်နဲ့ ရင်းနှီးနေပါတယ်။ သူလာတဲ့ အတွက် ကြောင့် ကျနော် ဝမ်းသာသွားတယ်။ ဒါကြောင့်မို့လု့ိ သူ့လဲရှင်းပြတယ်။ သူသွားချင်တယ် ဆိုလို့လည်း မိုးထဲလေထဲမှာ ကျနော် လွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တော့ သူတို့လည်း အကူအညီတွေ ဘာတွေ ဆက်ပြုပြီးတော့ ပေးဖို့အတွက် ဒီလိုတွေ ကျနော်တို့ လုပ်နေပါတယ်။ ဒါတွေဟာ ခုနကလို တစ်ဖက်က လုပ်ကြံ စွပ်စွဲနေတာတွေ မဟုတ်ဘူး ဆိုတာကို သက်သေ သာဓကနဲ့ ပွင့်လင်းမြင်သာ အောင်ပေ့ါလေ လုပ်နေတာတွေရှိပါတယ်။

မေး။ ။ သူတို့ တောင်းဆိုနေတဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့ပေးဖို့ စုံစမ်းမူတွေ လုပ်ပေးဖို့ ဆိုတာရော ဖြစ်လာနိုင်မလား ခင်ဗျာ။

ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ နောက်ဆက်ပြီးတော့ ပြောရမယ်ဆိုရင် ကျနော်တို့ ဒီမှာ Press Conferenceလေး တစ်ခုလည်း လုပ်ပါတယ်။ ရန်ကုန်မှာ ရှိနေတဲ့ နိုင်ငံခြားသံတမန်တွေ ဒါတွေ ကျနော်တို့ အကုန်ဖိတ်ပါတယ်။ ကုလသမဂ္ဂအေဂျင်စီတွေ NGOတွေ ပြီးရင် အဲ့ဒီ့မှာ တိုက်ဆိုင်မူလို့ ပြောရပါ့မယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စ လုပ်နေတဲ့ မစ္စတာကင်တာနား ကလည်း ရောက်နေတယ်။ ရောက်နေတော့ သူ့လည်း ကျနော်တို့ဖိတ်လိုက်ပါတယ်။ သူကိုယ်တိုင် တက်တယ်။ နောက်နေ့မှာ On Ground ကို ပြတယ်။ တစ်ခုကတော့ ဒီဟာက ကျွန်တော်တို့ရဲ့ဒီ ပြည်တွင်းမှာ ဖြစ်ပျက်တဲ့ ကိစ္စလေး တစ်ခုပဲဖြစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း ကူးစက်သွားတာလဲ မရှိဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရန်ကုန်မှာလဲ မူဆလင်တွေ နေတာတွေ အများကြီး ရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေရှိတယ်။ ခရစ်ယာန်တွေရှိတယ်။ ဟိန္ဒူ တွေလဲရှိတယ်။ တခြားမြို့ကြီးတွေမှာလဲ ဒီအတိုင်းပဲ ဘာမှ ဒီနေရာတွေမှာ ဖြစ်တာပြုတာ မရှိပဲနဲ့ ရခိုင်ပြည်နယ်က ဒီကွက်ကွက်လေး တစ်ခုမှာပဲဖြစ်တာဖြစ်ပါတယ်။ အဲ့တော့ ဒါ ကျနော်တို့ ပြည်တွင်းရေး ကိစ္စ သက်သက်ပဲ ဖြစ်တယ်။ အခုလည်း ကျနော် တို့ နိုင်နိုင်နင်းနင်းနဲ့ လုံခြုံရေးအရလဲ ထိန်းသိမ်းထားနိုင်ပြီ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သတ်လို့လည်း တောက်လျောက် ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ပြီးတော့ ကျနော်တို့ဆီမှာလဲ လွတ်လပ်တဲ့ လူအခွင့်အရေး ကော်မရှင် ဖွဲ့ထားတာ ရှိပါတယ်။ လူအခွင့်အရေး ကော်မရှင်ကိုလည်း ကျနော်တို့က ဒါလေးကို စစ်ဆေးပေးပါ ဆိုပြီးတော့ ကျနော်တို့ လုပ်နေပါတယ်။ ဒီလိုလုပ်နေတဲ့ အတွက်ကြောင့် ပြည်ပကနေပြီးတော့ ဒါကို အင်တာနေရှင်နယ် အစ်ရှုး (Issue) တစ်ခုလို ဒီမှာလာပြီး စစ်မယ်ပြုမယ် ဆိုရင်တော့ အမှန်တော့ မလိုအပ်ပါဘူး။ ဒီဟာက ကိုယ်တိုင်းပြည်တွင်းမှာ ကိုယ်ပြည်တွင်းရေး ကိစ္စ လည်းဖြစ်တယ်။ လုပ်သင့် လုပ်ထိုက်တာတွေလဲ ကျနော်တို့ လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်ပအဖွဲ့တွေ ဖွဲ့ပြီးတော့မှ ဒီလို စစ်မယ်ပြုမယ် ဆိုတာတော့ ဒါတော့ မဖြစ်သင့်တဲ့ ကိစ္စ လို့ ကျွန်တော်ထင်ပါတယ်။ မလုပ်သင့်တဲ့ကိစ္စလို့ ကျနော်ထင်ပါတယ်။

မေး။ ။စောစောက သမ္မတကြီး ပြောသလိုပဲ ဒါဟာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း မဟုတ်ဘူး ဆိုပေမယ့် ဒေသထဲမှာ နေနေကြတဲ့ အသိုင်းအဝိုင်း နှစ်ခုကြားမှာ တစ်ဘက်နဲ့ တစ်ဘက် ရေရှည်ဖြစ်နေခဲ့တဲ့ မုန်းတီးမူဆိုတာကတော့ ကျနော်တို့လဲ ငြင်းလို့မရတဲ့ ကိစ္စ ပါ။ အဲ့လို မုန်းတီးမူတွေကို ဒီထက်ပိုပြီး ပြန့်ပွားမလာအောင် သူတို့ နှစ်ဖက် အတူယှဉ်တွဲပြီး နေနိုင်အောင် သမ္မတကြီးတို့ အနေနဲ့ ဘယ်လိုစီမံချက်တွေ ဘယ်လိုဖြေရှင်းမူတွေလုပ်သွားဖို့ ရှိပါသလဲ။

ဖြေ။ ။ မှန်ပါတယ်။ ကိစ္စ က ခုနကလို ရေရှည်လုပ်သွားရမယ့် ကိစ္စ ပါပဲ။ အခုချိန်မှာ တန်းရှင်း Tension က အတော်လေး မြင့်နေတဲ့အချိန်မှာ Cool Down ဖြစ်အောင် တစ်ဖက်ကလည်း ရခိုင်တိုင်းရင်းသားပါတီတွေ ရှိပါတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားပါတီက ပါတီ အကြီးအကဲတွေနဲ့လည်း ကျနော်တို့ တွေ့ပါတယ်။ တွေ့ပြီးတော့မှ ဒီကနေ့ကမ္ဘာကြီးကလည်း ကျဉ်းမြောင်းသွားပြီ ရွာကြီးတစ်ရွာလိုဖြစ်နေတယ်။ ကျနော်တို့က သူ့လူမျိုး ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ လူ့အခွင့်အရေးဆိုတာ ကျနော်တို့ ခုနကလို မထိခိုက်အောင် လုပ်ဖို့လိုပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ကျနော်တို့က စကားဆယ်ခွန်း တစ်ဆယ့်ငါးခွန်း ပြောတာနဲ့ ခင်ဗျားတို့က တစ်ခွန်းပြောတာ ပိုပြီးတော့ ထိရောက်ပါတယ်။ ခင်ဗျားတို့ကလည်း ဒါလေးကိုဝင်ပြီး ခုနကလို သဘောထားတွေ စိတ်ထားတွေ ဒါအမြင်မှန်ရလာအောင် ပြောင်းလဲလာအောင် လုပ်ပေးပါဆိုပြီး တော့ အချိန်ယူပြီးတော့ ပြောင်းရမယ့် သဘောဖြစ်ပါတယ်။
ငြင်းလို့ မရအောင် တစ်ဘက်နဲ့တစ်ဘက် ပြသနာမဖြစ်အောင် ဥပဒေနဲ့ ကျနော်တို့က ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ ၁၉၈၂ခုနှစ် ဥပဒေဆိုတာရှိပါတယ်။ ၁၉၈၂ခုနှစ် ဥပဒေဆိုကလည်း ဒီမှာနေထိုင်နေကြတဲ့ လူတွေနဲ့ပတ်သတ်ပြီးတော့ အကာအကွယ်ပေးထားတာ တွေရှိပါတယ်။ အကြမ်းဖျဉ်း ကျနော်သိရသလောက် ဆိုရင် ၄၈ခုနှစ်မတိုင်ခင်က ဒါ ဟိုတုန်းကတော့ လယ်လုပ်ဖို့ ဆိုပြီးတော့ ခေါ်ပြုလာကြတာပဲ။ ခေါ်လာရင်းနဲ့ မပြန်ပဲ ဒီမှာသောင်တင်ပြီးတော့ နေကြတာပေါ့။ ၄၈ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့ မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ ရောက်လာတဲ့အခါမှာ နိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့ အသုံးချပြီးတော့ အနာဂတ်မှာ လူအဖွဲ့အစည်းတွေဟာ ခုနကလို သင့်သင့် တင့်တင့်ဖြစ်အောင် နောက်တစ်ခုကလည်း လူသားတွေဆိုတဲ့ အမြင်မျိုးရှိလာအောင် လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီး စဉ်းစားတတ်လာအောင် ဒါတွေက ကျနော်တို့ အချိန်ယူပြီးတော့ လုပ်သွားရမှာဖြစ်တယ်။ ဒီအပိုင်းမှာ ဘာအရေးကြီးလဲဆိုတော့ ပညာရေးက အရေးကြီးတယ်။ ဘင်္ဂလီတွေနဲ့ ပတ်သတ်ပြီးတော့ စာသင်ကျောင်းတို့ဘာတို့ ထိထိရောက်ရောက်မရှိဘူး။ များသောအားဖြင့် ဘာသာရေးတွေနဲ့ ပတ်သတ်ပြီးတော့ သင်တဲ့ကျောင်းတွေပဲရှိတယ်။ အဲ့တော့ အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေးကို ကျနော်တို့ ထိထိရောက်ရောက် နဲ့ ခေတ်မှီတဲ့ ပညာရေးစနစ်ကို ကျနော်တို့က ထူထောင်ပေးမယ်။ ပညာတတ်တယ်ဆိုရင် အတွေးအခေါ်ရှိလာမယ်။ မှားတယ်မှန်တယ် ဆိုတာကို သူတို့စဉ်းစားဆုံးဖြတ်တတ်လာမယ်။ ဟိုမှာ တိုးလာတဲ့ လူတွေထက် လက်ရှိလူက ပေါက်ဖွားတဲ့ နူန်းက ပိုများပါတယ်။ ကျနော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ်။ ဒါပေမယ့် ဟိုးတုန်းကရှိနေတဲ့ သူတွေက ပေါက်ဖွားမူတွေ သိပ်များတယ် ။ အိမ်ထောင်စုတစ်စု ဆိုရင် တချို့ဆို ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိပါတယ်။

မေး။ ။ ဒီပေါက်ဖွားလာတဲ့ တိုးပွားလာတဲ့ အင်မတန်ကို ဆင်းရဲနေတဲ့ လူစုလူဝေးအတွက်ကို ဖွံ့ဖြိုးရေးတွေ လုပ်ပေးဖို့အတွက်ကို ရန်ပုံငွေတွေလိုတာလည်း အမှန်ပါပဲ။ ဒီနေရာမှာ အစောက ကျနော်ပြောခဲ့သလို ဆော်ဒီအာရေဗီးယားနိုင်ငံက နေပြီးတော့ ဒေါ်လာသန်းငါးဆယ် လှုမယ်ဆိုတဲ့ ကိစ္စမျိုးဟာ နိုင်ငံတော်အစိုးရဆီက နေပြီးတော့ တဆင့် အဲဒီလိုဒေသတွင်းမှာသွားပြီးတော့ ဖွံ့ဖြိုးမှုတွေလုပ်ပေးဖို့ ဖြစ်လာရင်တော့ ကောင်းမှာပေါ့ ဒါ သမ္မတ ကြီးတို့လည်း ကျေနပ်စရာ ဖြစ်ပါလိမ့်မယ်။ အဲဒီ့လိုမဟုတ်ပဲနဲ့ ဒီနိုင်ငံတကာမှာ ဒီ လူ့အခွင့်အရေးအတွက် ဆိုပြီးတော့ ဒီလူတွေအတွက် အပြင်ဘက်မှာရှိနေတဲ့ အဖွဲ့အစည်းတွေကို တဆင့် ထောက်ပံ့ ပေးတဲ့ အနေအထားမျိုးကို ရောက်သွားမှာရော သမ္မတကြီးတို့အနေနဲ့ မစိုးရိမ်ဘူးလား။

ဖြေ။ ။ စိုးရိမ်ပါတယ်။ ကျနော်တို့ကလည်း သူတို့ကိုချဉ်းကပ်ပြီးတော့ လာသမျှတွေကိုပြောနေတာပါ။ ခင်ဗျားတို့ ကူညီမယ်ပြုမယ် ဆိုရင်တော့ နှစ်ဘက်မျှမျှတတနဲ့ ကူညီပါ လက်တွေ့ ခုနကလို ဒုက္ခ ခံစားနေတဲ့သူတွေကို ထိထိရောက်ရောက်နဲ့ ကူညီပေးဖို့လိုပါတယ်။ ကျနော်တို့လည်း ခင်ဗျားတို့ ကူညီပေးတဲ့ ဟာတွေကို ထိထိရောက်ရောက်နဲ့ ဒီလူတွေလက်ထဲ ကိုရောက်သွားအောင်လုပ်ပေးမယ်ဆိုပြီးတော့ ကျနော်တို့က သူတို့နဲ့တွေ့တိုင်း၊ တွေ့တိုင်း ဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောပါတယ်။ မသက်ဆိုင်တဲ့ သူတွေဆီကို ရောက်သွားမှာလည်း ကျနော်တို့ စိုးရိမ်ပါတယ်။

မေး။ ။ အဲ့ဒီ့ဒေသတွင်းက အခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနဲ့ ပြည်ပမီဒီယာတွေရဲ့တင်ပြမှုတွေမှာ တော်တော်များများ ကွဲလွဲမှုတွေ ရှိနေပါတယ်။ ပြည်တွင်း မီဒီယာတွေက အမျိုးသားရေးစိတ်ဓာတ် အမျိုးသားရေး အခြေအနေကို အကြောင်းပြုပြီး တော်တော်လေး ပြင်းပြင်းထန်ထန် ဖော်ပြတာရှိတယ်။ ပြည်ပမီဒီယာတွေကတော့ ထုံးတမ်းစဉ်လာအတိုင်းပဲ လူ့အခွင့်အရေးကို အခြေပြုပြီးတော့ ဖော်ပြတယ်ဆိုတော့ နောက်ဆုံးမှာ ပြည်ပမီဒီယာတွေကို တောင်မှပဲ တစ်ဖက်က ကျူးကျော်လာတဲ့ သူတွေကို မြှောက်ပေးတယ်ဆိုတဲ့ ပုံစံမျိုး စွပ်စွဲခံရတာတွေရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ရော သမ္မတကြီးအနေနဲ့ ပြင်ပမီဒီယာတွေ ပြောကြားမူကို တစ်စုံတရာများ စိတ်အနှောက်ယှက် ဖြစ်ရတာတွေ ရှိခဲ့လားခင်ဗျ။

ဖြေ။ ။ ကျနော်တို့က စိုးရိမ်ရတယ်။ ဒီကိစ္စတွေနဲ့ ဆက်နွယ်ပြီးမှ အကြမ်းဖက်မှုတွေ ဒီလောက်ထိ ကိုယ့်နိုင်ငံပေါ်မှာ ကူးစက်လာမှာတို့ ဘာတို့ တော်တော်လေး ကျနော်တို့က စိုးရိမ်မိပါတယ်။ တစ်ချို့ သတင်းတွေဟာ လုပ်ကြံဖန်တီးပြီးတော့မှ တစ်ဖက်က ခုနလို မူဆလင်ဘာသာ ကိုးကွယ်တဲ့ သူတွေကို နှိုးဆွပေးတဲ့ သတင်းတွေ အင်တာနက် သတင်းတွေလည်း ကျွန်တော်တို့ အများကြီးတွေ့ရပါတယ်။ ဒီအတွက် ကျနော်တို့မှာ အတော်လေး စိတ်ပူခဲ့ရပါတယ်၊ ဘာကြောင့်လဲဆိုလို့ရှိရင် ပြည်ပမှာနေနေတဲ့ ကျနော်တို့သံရုံးတွေပေါ့။ သံရုံးတွေထဲက အီဂျစ်မှာ ရှိနေတဲ့ သံရုံးဆိုလို့ရှိရင်လည်း ဆန္ဒပြတာတို့ဘာတို့လုပ်ပါတယ်။ သာမာန် ဆန္ဒ ပြတာတော့ လူ့အခွင့်အရေးပါပဲ ပြသာနာမရှိပါဘူး သို့သော်လဲ သံရုံးထဲဝင်ပြီးတော့ နိုင်ငံတော်အလံတွေ ဘာတွေဖြုတ်ချ ဘာညာ ဒါမျိုးတွေ ဖြစ်တဲ့အခါ အဲ့မှာရှိတဲ့ မိသားစုတွေ သံရုံးဝန်ထမ်းတွေအတွက် စိုးရိမ်ရတဲ့အခြေအနေမျိုးတွေ ဖြစ်လာပါတယ်။ နောက်တစ်ခါ အင်ဒိုနီးရှားမှာလဲ အလားတူပါပဲ ကျနော်တို့ စိုးရိမ်ရပါတယ်။ ဒီကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ သိအောင်ဆိုပြီး ကျနော်တို့အနေနဲ့ အကြီးအကဲတွေဆီ ကျနော်ကိုယ်တိုင် စာရေးပါတယ်။ ကုလသမဂ္ဂ မစ္စတာ ဘန်ကီမွန်းထံကိုလဲ ကျနော်စာရေးပါတယ်။ ဖြစ်စဉ်အမှန်က ဒီလို ဒီလိုဖြစ်တာပါ။ ဒါဟာ လူမျိုးရေး ဘာသာရေး မဟုတ်ပါဘူး။ အင်ဒိုနီးရှားက သမ္မတကလဲ ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့ ကျနော်စာရေးပါတယ်။ မလေးရှားက ဝန်ကြီးချုပ်ဆိုလဲ ဒီအတိုင်းပဲ ကျနော်တို့ဆီ အလည်အပတ်လာသွားတာ သိပ်ပြီးမကြာသေးပါဘူး။ အဲဒီတော့ ဒီပြသနာတွေကို ကျနော်တို့ ကြီးထွားပြီးတော့ မလာစေချင်ပါဘူး။ ပြဿနာအစတုန်းကတော့ လူမျိုးရေး စိတ်ဓာတ်နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ် သို့သော်လဲ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေက သူတို့သိလာပါတယ်။ ဒါတွေက လူသားချင်းအနေနဲ့မြင်ရမယ်။ လူ့အခွင့်အရေးကို ကျွန်တော်တို့ ထိခိုက်လို့မရဘူး ဆိုတဲ့ အမြင်တွေ သူတို့ရှိလာပါတယ်။ ဒီလိုအမြင် ပြောင်းတဲ့ တချိန်ထဲမှာပဲ ပြည်ပကအမြင်တွေကတော့ ကျနော်တို့နဲ့ ပြောင်းပြန်ဖြစ်လာတယ်။ ပြောင်းပြန်ဖြစ်လာတဲ့အတွက် ကိုယ့်နိုင်ငံ အတွက်တော့ ကျနော်တို့ စိုးရိမ်မိပါတယ်။ စိုးရိမ်မိတဲ့အတွက် နောက်ဒါမျိုးတွေ မဖြစ်ရအောင် ခုနကလို ကျနော်တို့ ဖိတ်ခေါ်တယ်။ ပြတယ်။ အခုဆိုရင်လဲ OIC တို့ဘာတို့က အတွင်းရေးမှူးလဲ ကျနော် ဖိတ်ထားပါတယ်။ လာပါ ခင်ဗျားတို့ လာကြည့်ပါ ကျနော်တို့ရှင်းလင်းပြ ပါမယ်။ On Ground လဲလိုက် ပြပါမယ်။ ဘာဖြစ်လို့ ဒါမျိုးတွေ ဖြစ်မှာစိုးတဲ့ စိုးရိမ်မှုတွေလဲကျနော်တို့ စိတ်ထဲမှာ ရှိပါတယ်။

ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

About kai

Kai has written 1006 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.